နိုင်ငံခြားငွေ ယူရိုဖြင့် ရောင်းချသည့် ၅၂ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်က နေပြည်တော်မှာ ကျင်းပပြီးစီးခဲ့ပါတယ်။ ကျောက်စိမ်းရောင်းရငွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်နှုန်း တိုးမြှင့် ကောက်ခံမယ်ဆိုတဲ့ သတင်းကြောင့် ၅၂ ကြိမ်မြောက်ပြပွဲဟာ သွေးအေးသွားခဲ့ပါတယ်။
ဒါကြောင့် သတ္တုတွင်းဝန်ကြီးဌာနက မူလပေးထားတဲ့ ကတိအတိုင်း ယခင်က ကောက်ခံခဲ့တဲ့ ရတနာခွန် ၁၀ ရာခိုင်နှုန်းအား သြဂုတ် ၈ ရက်မှ စတင်ကင်းလွတ်ခွင့် ပြုလိုက်ပါတယ်။
တရုတ်ဈေးကွက်ကို အဓိက မှီတင်းထားရသည့် ကျောက်စိမ်းဈေးကွက်ဟာ တရုတ်အစိုးရ၏ မူဝါဒ အပြောင်းအလဲ ရိုက်ခတ်မှုကြား အခွန်နှုန်းထား မတည်ငြိမ်သည့်အတွက် သက်ရောက်လာမည့် အကျိုးဆက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးမြင့်ဟန်ကို ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ လက်ရှိ မန္တလေး ကျောက်စိမ်းဈေးကွက် အခြေအနေ သိပါရစေ။
ဖြေ။ ။ တရုတ်ကုန်သည်တွေတော့ လာတယ်၊ ဒါပေမယ့်ဈေးကွက်အေးတယ်၊ နိုင်ငံရေး အခြေအနေကြောင့်လည်း ပါသလို တရုတ်ငွေဈေး အတက်အကျကြောင့်လည်း ပါတယ်။ ပြီးခဲ့တဲ့လက တရုတ် စတော့ရှယ်ယာဈေးတွေ ထိုးကျသွားတဲ့အကြောင်းတွေလည်း ရှိနေတယ်။
မေး။ ။ ကျောက်စိမ်းကို ပြည်တွင်းဈေးကွက်တခုအဖြစ် ဖြစ်ထွန်းလာအောင် အစိုးရအနေနဲ့ ဘာတွေ ပံ့ပိုးပေးသင့် ပါသလဲ။
ဖြေ။ ။ ပြတ်သားတဲ့အခွန်၊ တိကျတဲ့ ဥပဒေတွေ ရှိဖို့၊ ပေးဖို့လိုပါတယ်၊ နိုင်ငံခြားက ရင်းနှီးမြှပ်နှံကြပါ၊ လာပါဆိုပြီး တာဝန်ရှိတဲ့ သူ တွေက ပါးစပ်ကြီးနဲ့ အော်နေကြတယ်၊ တကယ့်လက်တွေ့မှာ ပါမလာဘူး၊ အလုပ်တခုလုပ်ရင် လချီကြာနေတယ်၊ ကျောက်စိမ်း အချောထည်ဈေးကွက်ဆိုရင် သမ္မတကြီးက အရမ်းဖြစ်ထွန်းစေချင်တယ်။
မေး။ ။ နိုင်ငံတော်က တနှစ်မှာ ကျောက်မျက်ရတနာပြပွဲ ဘယ်နှပွဲလောက် စီစဉ်ပေးသင့်လဲ။
ဖြေ။ ။ တနှစ်ကို သုံးပွဲ၊ အနည်းဆုံး နှစ်ပွဲလောက်တော့ လုပ်ပေးသင့်ပါတယ်၊ အရင်တုန်းက (၂၀၁၁ ခုနှစ် ရှေ့ပိုင်း) ရန်ကုန် ကမ္ဘာအေးမှာ ကျင်းပတုန်းကဆိုရင် တနှစ်မှာ နိုင်ငံခြားငွေနဲ့ သုံးပွဲလောက် ကျင်းပခဲ့တာ။ မတ်လမှာက ပွဲကြီး တပွဲ၊ ဇွန်၊ ဇူလိုင်မှာ ကြားဖြတ် အထူးရောင်းချပွဲနဲ့ အောက်တိုဘာမှာ နှစ်လည်ရတနာပြပွဲဆိုပြီး ကျင်းပခဲ့တာ၊ ဒီကြားထဲမှာ ဦးပိုင်က စီစဉ်တဲ့ ပြပွဲတွေရှိသေး တယ်။
ကျောက်ပွဲတပွဲပြင်ဆင်ဖို့က တလလောက်ကြိုပြင်ရတာ၊ နိုင်ငံခြားကလာရင်လည်း နိုင်ငံခြားကုန်သည်က ရက် ၂၀၊ ၂၅ နေရ တယ်။ ရှင်းရှင်းပြောရင် လူက ပြတ်စရာမရှိဘူး။ တခြားလုပ်ငန်းတွေလည်း အဆင်ပြေတယ်။ အခုတော့ တနှစ်ကို တပွဲတောင် အနိုင် နိုင်ရယ်၊ အဲဒီတော့ ရောင်းရတဲ့အခါ သွေးအေးတာပေါ့။ တနှစ်မှာ တပွဲတည်းကျတော့ ရောင်းတဲ့သူ ရောဝယ်တဲ့သူ အတွက်ရော အဆင်မပြေဘူး။ ၂၀၁၄ စက်တင်ဘာကတည်းက ဖားကန့်မှာ တရားဝင်ပြန်တူးခွင့်ပေးလိုက်တယ်။ ကျောက်ကတော့ တူးလို့ရလာပြီ၊ ရောင်းစရာ နေရာမရှိဘူး၊ အရင်းတွေက တဖြည်းဖြည်းကြီးလာတယ်။
မေး။ ။ ဖားကန့်က ကျောက်စိမ်းထွက်ရှိမှုအခြေအနေကိုရော ပြောပြပေးပါ။
ဖြေ။ ။ ထွက်နှုန်းအားကတော့ မဆိုးပါဘူး၊ ဒါပေမယ့် အရင်တုန်းကလောက်တော့ မလွယ်တော့ဘူးပေါ့။ အရင်က ပေ ၁၀၀ ဆို ကျောက်ထွက်ပေမယ့် အခု ပေ ၃၀၀၊ ၄၀၀ တူးမှ ကျောက်ရတာဆိုတော့ ကုန်ကျစရိတ်လည်း မြင့်လာတယ်၊ ပြီးတော့ နယ်မြေ မအေးချမ်းတော့ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး လုပ်ငန်းရှင်တွေပဲ ထိခိုက်နစ်နာတာလေ။
မေး။ ။ ၂၀၁၅- ၂၀၁၆ ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ ကျောက်စိမ်းကျောက်မျက်အရိုင်းထည်ကို ကုန်သွယ်လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်းကောက်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်လိုက်တယ်။ အဲဒီ အခွန်နှုန်းထားကြောင့် ဈေးကွက်မှာ ဘယ်လောက် ထိခိုက်မှုဖြစ်သွားမလဲ။
ဖြေ။ ။ ဈေးကွက်ကောင်းနေတဲ့အချိန်မှာ Control လုပ်တာ အရေးမကြီးပါဘူး။ အခုက ဈေးကွက်ကလည်း အေးနေချိန် အခွန် တက်လိုက်ရင် ဈေးကွက်အရောင်းအဝယ်ရဲ့ တဝက်လောက်က ကျိုးသွားမယ်၊ ဆိုင်းသွားမယ်ပေါ့။ အခွန်မြှင့်လိုက်မယ်ဆိုရင် ကျောက်လုပ်စားတဲ့သူတွေက တရုတ်ပြည် မှောင်ခိုပဲရောင်းကြမှာလေ။ အမှောင်ထဲက လူတွေက အမှောင်ထဲကို ပြန်သွားဖို့ ဝန်မလေးကြ ဘူးလေ။
မေး။ ။ သတ္တုတွင်းဝန်ကြီးဌာနကို ဆောင်ရမယ့်ရတနာခွန် ၁၀ ရာခိုင်နှုန်းကို သြဂုတ် ၈ ရက်က လျှော့ပေးလိုက်ပြီဆိုတော့ ကျောက် ဈေးကွက် အလားအလာ ပြန်ကောင်းလာနိုင်မလား။
ဖြေ။ ။ လျှော့ပေးမယ်လို့ အန်ကယ်တို့ သိထားတာ ကြာပြီ။ စောစောကတည်းက လုပ်ပေးသင့်တာပါ၊ သူတို့ဘက်က ကြန့်ကြာနေ ပေမယ့် လုပ်ငန်းရှင်ဘက်မှာကျ တလဆိုတဲ့အချိန်ကလည်း တန်ဖိုးရှိတယ်လေ။ ဈေးကွက်အလားအလာ ဆိုရင်တော့ ၂၅ ရာခိုင်နှုန်း ထက်စာရင်တော့ ၁၅ ရာခိုင်နှုန်းက ခံသာတာပေါ့လေ။ ကျောက်မျက်လုပ်ငန်းရှင်တွေ အတွက် အရင်က မနိုင်ဝန်ထမ်းရမလိုဖြစ် တာ၊ အခုတော့ နည်းနည်းထောင်းသာတာပေါ့။ လုပ်ငန်းရှင်တွေဘက်က ဆက်လုပ်မယ်ဆို လုပ်ပျော်တဲ့ အနေအထားတခုတော့ ဖြစ်သွားတာပေါ့။
မေး။ ။ လက်ရှိ ကျောက်စိမ်း အချောထည်အနေနဲ့ မန္တလေးက ဘာတွေထုတ်လုပ်ပါသလဲ။
ဖြေ။ ။ အချောထည်ဆိုရင် ဒီမှာက ပုတီးတို့ လက်ကောက်တို့ ထုတယ်၊ စစ်ကိုင်းမှာ ပိုများတယ်၊ စစ်ကိုင်းမှာဆို အချောထည်ဈေးဆိုပြီး ပုတီး၊ လက်ကောက်၊ ပန်းပုတို့ရောင်းတယ်။ ဒါပေမယ့် မန္တလေးက တဆင့် One Stop Service နဲ့တရုတ်ကိုပဲ ပို့တယ်။ One Stop Service မရှိခင်တုန်းကတော့ မှောင်ခိုပို့ကြတယ်၊
မေး။ ။ မြန်မာနိုင်ငံမှာ ကျောက်စိမ်း အချောထည်ဈေးကွက်တခု ဖွံ့ဖြိုးလာဖို့ အဓိကလိုအပ်ချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ အချောထည်ဈေးကွက်ဖြစ်လာဖို့က ပစ္စည်းကောင်းဖို့ လိုတယ်။ ပစ္စည်းကောင်းချင်ရင် နည်းပညာကောင်းမှ ရမယ်။ နည်း ပညာ ကောင်းက ကိုယ့်ဆီမှာ မရှိတဲ့အတွက် နိုင်ငံခြားနဲ့ ပူးပေါင်းမှ ရမယ်၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုလာရင် ကြိုဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီမှာ နည်းပညာပါတယ်။ ခဏလေးတော့ အနစ်နာခံရမှာပေါ့၊ အချောထည် ဈေးကွက်ဖြစ်ထွန်းလာမှ အခွန် ကောက် ပါ။ တရုတ်နဲ့ဆို နည်းပညာ အပြတ်အသတ်ကွာတယ်လေ၊ ကောင်းရင် ပိုက်ဆံရမှန်းသိတော့ ကောင်းအောင် လုပ်ကြ တယ်။ ဒီက အခုထိ ဘာမှ မသိကြဘူး၊ သမ္မတကြီးကလည်း အချောထည် ဈေးကွက်ကို ဖြစ်ထွန်းစေချင်တယ်။ နေပြည်တော်မှာ ရွှေကြာပင် အချောထည်ဈေးဆိုပြီး လုပ်ပေးထားတယ်၊ ဆိုင်ခန်း ၁၀၀ ကျော်ပေးထားတယ်။ ဒါပေမယ့် ရောင်းမယ့်သူ မရှိဘူး။
မေး။ ။ ရွှေကြာပင် ကျောက်စိမ်းအချောထည်ဈေး အောင်မြင်ဖို့ ဘာတွေလိုအပ်မလဲ။
ဖြေ။ ။ တရုတ်ပြည် ကြယ်ဂေါင်မှာဆို Duty Free Zone (အခွန်ကင်းလွတ်ခွင့်) ပေးထားတယ်၊ ကြိုက်သလောက် ဝယ်၊ ဘာအခွန်မှ မဆောင်ရဘူး၊ ပြီးတော့ အချောထည်ဈေးတွေ အများကြီးဖွင့်ခွင့်ပေးထားတယ်၊ ကြိုက်တဲ့ဈေးမှာ ကြိုက်သလိုရောင်း၊ အဲဒီလိုရောင်း လာတဲ့အတွက် အပြိုင်အဆိုင်များလာတယ်။ ကိုယ့်ပစ္စည်းကို ကောင်းသထက်ကောင်းအောင် ဈေးကွက်ဝင်အောင် လုပ်လာကြ တယ်။ ဒီမှာကျတော့ ကန့်သတ်ချုပ်ချယ်မှုတွေ အရမ်းများတယ်၊ တခုခုဆို အခွန်ကောက်ဖို့ ချောင်းနေတယ်၊
မေး။ ။ အသင်းအနေနဲ့ရော အချောထည်လုပ်ငန်းရှင်တွေကိုယ်စား ရွှေကြာပင်ဈေးကို Duty Free Zone ပေးဖို့ တောင်းဆိုဖူးပါလား။
ဖြေ။ ။ အစတုန်းကတော့ Duty Free Zone လိုလို နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလာရင် ဖွင့်ပေးတော့မလိုလိုနဲ့ လက်က ပါမလာဘူး။
မေး။ ။ ကျောက်စိမ်းဈေးကွက် ပြည်တွင်းမှာ မအောင်မြင်တာ ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။
ဖြေ။ ။ အဓိကကတော့ ကိုယ့်နိုင်ငံက ကြိုက်တဲ့ရတနာမဟုတ်ဘူး၊ မကြိုက်တော့ နားမလည်ဘူး။ မြန်မာတွေကို မေးရင် စိန် ယူ မလား၊ ကျောက်စိမ်းယူမလားဆိုရင် စိန်ကိုပဲ ရွေးကြမှာပဲလေ၊ ဒါကိုဝတ်တဲ့ ဓလေ့ထုံးစံလည်း မရှိဘူး၊ တရုတ်မှာကျတော့ ယုံကြည် မှု ဓလေ့ရိုးရာကြောင့် ဝတ်ကြတယ်၊ ဒါကြောင့် တန်ဖိုးထားတာချင်းလည်း ကွာတယ်။
မေး။ ။ ဥက္ကဋ္ဌ တာဝန်ယူထားစဉ် အသင်းအတွက် ဘာတွေ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ လက်ရှိအသင်းတည်နေရာက အငှားဖြစ်တဲ့အတွက် အသင်းပိုင်အဆောက်အအုံ ဆောက်ဖို့စီစဉ်နေပါတယ်၊ မြေနေရာလည်း ရထားပြီးပါပြီ။ ကျောက်မျက်အသင်းချုပ်ကလည်း အဆောက်အအုံ ဆောက်လုပ်ဖို့အတွက် ငွေကြေး ထောက်ပံ့ထားပါတယ်။ ။