၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) သည် မြန်မာနိုင်ငံ၏ လေကြောင်း လောကတွင် သက်တမ်းရင့် လေကြောင်းလိုင်း တခု ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘောဇ လုပ်ငန်းစု သည် လေကြောင်းလိုင်း၏ ရှယ်ရာ ၈၀ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် MAI လုပ်ငန်း တခုလုံး ကို ပိုင်ဆိုင်ခဲ့သည်။ MAI သည် နိုင်ငံတကာ ခရီးစဉ်များဖြစ်သည့် ထိုင်း၊ စင်ကာပူနှင့် မလေးရှား သို့လည်း ပြေးဆွဲ လျက် ရှိပြီး ထပ်မံ၍ တိုးချဲ့ပြေးဆွဲသွားရန် ရှိကြောင်း သိရသည်။
MAI ၏ အကြီးတန်း အမှုဆောင် ဒေါ်အေးမရသာကို ကုမ္ပဏီ၏ အနာဂတ် အစီအစဉ်များနှင့် အခြားပြည်တွင်း လေကြောင်းလိုင်းများနှင့် မည်သို့ ယှဉ်ပြိုင်မှုများ ပြုလုပ်သွားမည် ကို ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းထောက် ကျော်ဆုမွန်က မေးမြန်းခဲ့ပါသည်။
မေး။ ။ မြန်မာနိုင်ငံနဲ့ ထိုင်းက အခုဆို ဗီဇာကင်း လွတ်ခွင့်နဲ့ လွတ်လွတ်လပ်လပ် သွားလို့ရပြီ။ တခြား အာဆီယံ နိုင်ငံတွေ ထဲမှာလည်း စင်ကာပူနဲ့ ထိုင်း ကလွဲရင် ကျန်တာတွေလည်း ဗီဇာ မလိုတော့ဘူး ဆိုတော့ ခရီးသွားတွေ ပိုများလာမယ် လို့ မျှော်လင့် ရပါတယ်။ ဒီအချိန်မှာ ဘယ်ဒေသတွင်း နိုင်ငံတွေက လေကြောင်းလိုင်းတွေ မြန်မာနိုင်ငံ ကို ဝင်လာမယ့် အလားအလာရှိတယ် လို့ မြင်ပါသလဲ။
ဖြေ။ ။ အခုဆို ဒေသတွင်းနိုင်ငံတွေက မြန်မာပြည်ကို လာဆွဲနေပြီ။ ဥပမာ ထိုင်းမှာ ရှိတဲ့ လေကြောင်းလိုင်း တော်တော် များများက မြန်မာပြည်ကို ဝင်လာ နေပြီလေ။ ဗီယက်နမ် လေကြောင်းလိုင်းသစ် ဆိုလည်း ဝင်လာပြီ။ ဒီတော့ ဒေသတွင်းနိုင်ငံတွေက လေကြောင်းလိုင်းတွေက ဒီဘက်ကို ဝင်လာနေပြီ။
မေး။ ။ မြန်မာနိုင်ငံက ခရီးသွားတွေ အများဆုံး သွားနိုင်တဲ့ နိုင်ငံတွေနဲ့ ဒီဘက်ကို ပိုပြီး ဝင်လာနိုင်ခြေရှိတဲ့ ခရီးသွားတွေနဲ့ လေကြောင်းလိုင်းတွေကကော ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ပြည်ပခရီးသွား အများစုကတော့ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ထရန်စစ်အနေနဲ့ ဝင်လာကြတာ များပါ တယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး ဝင်လာသူ တွေကလည်း ထိုင်းနဲ့ စင်ကာပူကနေ ဝင်လာကြတာ များတာပဲ။ များသော အားဖြင့်တော့ ဒီနိုင်ငံနှစ်ခုကနေ ဝင်လာတာတော့ အများဆုံးပါပဲ။
မေး။ ။ ဒီနှစ်ကုန်ပြီးတာနဲ့ အာဆီယံနိုင်ငံတွေကြားမှာ လွတ်လပ်သော လေကြောင်းပျံသန်းမှု ပေါ်လစီ “Asean open skies policy” က အသက်ဝင်လာ တော့မှာ ဆိုတော့ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ပြည်တွင်း လေကြောင်းလိုင်း တွေ အနေနဲ့ ဘယ်လို ပြဿနာတွေ ရင်ဆိုင်ရဖို့ ရှိလာပါမလဲ။ ဘာတွေ ပြင်ဆင်ထားဖို့ လိုပါမလဲ။
ဖြေ။ ။ အခုချိန်မှာ ဒီပေါ်လစီကို အကောင်အထည် ဖော်ဖို့ အခုပြောနေကြပေမယ့် နောက်ထပ် ၂ နှစ် လောက် တော့ အချိန်ရဦးမယ် ထင်ပါတယ်။ ဒီလို စပြီး ကျင့်သုံးလာပြီ ဆိုတာနဲ့ ကိုယ့်ပြည်တွင်းက လေကြောင်းလိုင်းတွေက ခုကတည်းက ပြင်ဆင်ထားဖို့ လိုအပ်နေပြီ။ အခုဆို ပြည်တွင်းက လေကြောင်းလိုင်းတွေ ဆိုရင်လည်း နိုင်ငံတကာ လေကြောင်း လိုင်းတွေနဲ့ ပြိုင်ဆိုင်မှုတွေ ကြုံနေရပြီ။ လွယ်တော့ မလွယ်ဘူး။ ဒီဟာ စတာနဲ့ နိုင်ငံတကာ လေကြောင်းလိုင်း အမြောက်အမြား ဝင်လာမယ်။ ဒီအချိန်မှာ ပြည်တွင်း လေကြောင်းလိုင်းတွေ ကတော့ ဈေးကွက်ထဲမှာ တော်တော်လေးကို ပြိုင်ဆိုင်မှု ပြင်းထန်လာလိမ့်မယ်။
အခုတောင် MAI အနေနဲ့ တော်တော် ပြိုင်ဆိုင်နေရပြီ။ လိုင်းတိုင်းကလည်း ခုချိန်မှာ ပရိုမိုးရှင်းတွေ အရမ်းလုပ်နေရ တယ်။ လက်မှတ်ဈေးတွေ ချတာမျိုး၊ ဝန်ဆောင်မှုကို ပိုမြှင့်ရတာမျိုးတွေ လုပ်နေရပြီ။ ကိုယ့်နိုင်ငံက လူတွေ ဆိုရင် လည်း လက်မှတ်ဈေး သက်သက်သာသာနဲ့ သွားချင်ကြသူတွေ များတယ် လေ။ အခုဆို ဈေးနည်းတဲ့ လေကြောင်း လိုင်းတွေနဲ့ အပြိုင် လက်မှတ်ဈေးတွေ ချပေးနေရတယ်။ အခုဆို ဒီဘတ်ဂျက် လေကြောင်းလိုင်းတွေ ကလည်း ဝန်ဆောင်မှုတွေကို ပိုပေးနေတယ်။ ဈေးကွက်ကို အပြိုင်အဆိုင် လုနေကြတဲ့ အနေအထားမှာ ရှိနေပါတယ်။
မေး။ ။ အမ်အေအိုင် အနေနဲ့လည်း ဘတ်ဂျက်လေကြောင်းလိုင်း အသွင် ပုံစံပြောင်းဖို့ကော အစီအစဉ်ရှိပါသလား။
ဖြေ။ ။ အဲလိုတော့ မရှိသေးပါဘူး။ ဒါပေမယ့် ဝန်ဆောင်မှုတွေ ကိုတော့ ပိုပြီးကောင်းအောင် လုပ်နေပါတယ်။ MAI က regional point to point ပျံတာ ဆိုတော့ ကိုယ့်နိုင်ငံသားတွေ စီးနင်းတာ များပါတယ်။ ဈေးကို တတ်နိုင်သမျှ ချပါတယ်။ ခုဆို ဘန်ကောက်ကို ၉၃ ဒေါ်လာနဲ့ သွားနိုင်အောင် ချထားတယ်။
မေး။ ။ မြန်မာနိုင်ငံထဲကို ဘတ်ဂျက် လေကြောင်းလိုင်းတွေလည်း အများကြီးဝင်လာတယ် ဆိုတော့ အမ်အေအိုင် အနေနဲ့ကော တခြား ဘယ်နိုင်ငံတွေကို ပိုပြီး ပျံသန်းဖို့ အစီစဉ် ရှိပါသလဲ။
ဖြေ။ ။ လတ်တလောမှာဆို ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို ပျံနေတယ်။ ၂၀၁၃ ခုနှစ် ကတည်းက စပြီးတော့ ချာတာ ဖလိုက်တွေလည်း စပျံခဲ့တယ်။ တခြား လေကြောင်းလိုင်းတွေနဲ့ code share လုပ်ပြီး network တွေချဲ့ဖို့ အစီအစဉ် ရှိပါတယ်။ လေကြောင်းလိုင်းတွေ ကတော့ တကိုယ်တည်း ရပ်တည်လို့ မရဘူး။ အားလုံးနဲ့ ရသလောက် လုပ်ရပါတယ်။ အခုဆို ကိုးရီးယားလေကြောင်းလိုင်း၊ မလေးရှား လေကြောင်း လိုင်းနဲ့ အင်ဒိုနီးရှားက Garuda လေကြောင်းလိုင်းတွေနဲ့ သဘောတူ code share လုပ်ထားတာ ရှိပါတယ်။ ဒီလေကြောင်း လိုင်းတွေနဲ့ အပြန်အလှန် ခရီးသည်တွေ သယ်နိုင်အောင် လုပ်ထားတာတွေ ရှိပါတယ်။ ဒါမှ ရေရှည် ရပ်တည်နိုင်မှာ ပါ။ ချာတာဖလိုက် အနေနဲ့တော့ ခုဆို ဂျပန်၊ကိုးရီးယားတွေ အပြင် ကျောက်မျက်ပွဲတွေ ရှိတယ်ဆိုရင် ဟောင်ကောင် ကိုလည်း ဆွဲပေးပါတယ်။ လောလောဆယ် လေယာဉ် ၄ စီးနဲ့ ပြေးဆွဲ နေပါတယ်။
မေး။ ။ အချို့ လေကြောင်းလိုင်းတွေဆိုရင် အမြတ်အစွန်း မရှိဘူး၊ အရှုံးပေါ်ကြောင်း ကြေညာကြတာတွေ ရှိတယ်။ အမ်အေအိုင် အနေနဲ့ကော ၂၂ နှစ်တာ ကာလအတွင်း ခြုံပြောရရင် ရပ်တည်နေနိုင်တဲ့ အဆင့်မှာ ရပ်တည်နေတာ လား။
ဖြေ။ ။ ပြောရရင်ဒါကတော့ စီမံခန့်ခွဲမှု အပိုင်းနဲ့ ဆိုင်တာပေါ့နော်။ လေကြောင်းလိုင်းတွေက ပြောရရင်တော့ စပြီး ထူထောင်ကတည်းက ထည့်ရတဲ့ အရင်းအနှီးက များသလို၊ ထပ်ပြီး ရင်းနှီးရတာတွေလည်း ရှိတယ်။ အခုပြိုင်ဆိုင်မှု တွေကလည်း များလာတော့ တော်ရုံ ရပ်တည်ဖို့က မလွယ်လှပါဘူး။ အဘက်ဘက်က ငွေတွေ အများကြီး ထည့်ဝင်မှ သာ လေကြောင်းလိုင်းက ရေရှည် ရပ်တည်နိုင်မှာပါ။ နည်းလမ်းမျိုးစုံနဲ့ ကိုယ့်ခရီးသည်တွေကို ဆွဲဆောင်ထားရတာ တကယ်တော့ မလွယ်လှပါဘူး။ ဝန်ဆောင်မှုကော ငွေကြေးကော များစွာ လိုလှပါတယ်။ ။