ပြီးခဲ့တဲ့အပတ် ဘဏ်က စုဆောင်းငွေတွေ ပြန်ထုတ်ကြပြီး အရင်ကတည်းကမှ ဝန်ပိနေတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကိုလည်း ထပ်ဖိစီးလာလို့ တိုင်းပြည်ရဲ့ စီးပွားရေးကို ဂယောက်ဂယက်ဖြစ်လာစေခဲ့တာ နေပြည်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ သန်းခေါင်ယံ အာဏာသိမ်းပွဲကြောင့်လို့ အကြမ်းအားဖြင့် သိကြပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ရာထူးက ဖြုတ်ချခံရပြီးနောက်ပိုင်း သူ့မိသားစုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ ချယ်ရီ FM ရေဒီယိုနဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာတွေကို အစိုးရက ရပ်ပစ်ခဲ့တာကို လူတွေသိကြပေမယ့် သိပ်အာရုံစိုက် မခံရတာက ကြံ့ခိုင်ရေးပါတီရဲ့ ဘဏ္ဍာရေးကဏ္ဍပါ။ ပါတီအာဏာသိမ်းအပြီး ပါတီဘဏ္ဍာကို စီမံခန့်ခွဲမှုက ပါတီခေါင်းဆောင်သစ်တွေရဲ့ လက်ထဲရောက်လာခဲ့ပါတယ်။ ပါတီခေါင်းဆောင်သစ်တွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သူရဦးရွှေမန်းဟာ ပါတီရန်ပုံငွေတွေကို မိသားစု စီးပွားရေးတွေနဲ့ မကင်းမရှင်း သုံးစွဲမှုတွေ ရှိတယ်လို့ ပြောဆိုကြပါတယ်။ အသေးစိတ်ကိုတော့ မပြောပြပါဘူး။
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေ လိုအပ်တဲ့ ကျပ် ၃ သိန်းကို ကိုယ်စားလှယ်အားလုံးကို ပါတီက ထုတ်ပေးမယ့်အပြင် ရွေးကောက်ပွဲအောင်နိုင်ရေး လှုံ့ဆော်မဲဆွယ်ရာမှာလည်း ကုန်ကျစရိတ်ကိုလည်း ထုတ်သုံးရပါဦးမယ်။ ဒါပေမယ့် ကြံ့ခိုင်ရေးပါတီရဲ့ ဘဏ္ဍာရေးဟာ ဘယ်တုန်းကမှ ရှင်းလင်းမှု မရှိခဲ့ပါဘူး။ ၂၀၁၀ ခုနှစ် နိုင်ငံတော်က ထောက်ပံ့မှုနဲ့ ရပ်တည်ခဲ့တဲ့ လူမှုရေးအသင်းကနေ ပါတီအဖြစ် အသွင်ကူးပြောင်းရာမှာ စာရင်းရှင်းခဲ့တယ်ဆိုပေမယ့် ကြံ့ခိုင်ရေးပါတီရဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာ ဒီနေ့ထိ အများပြည်သူ မသိရှိရသေးပါဘူး။ ခေါင်းဆောင်တဦးကတော့ ပါတီရန်ပုံငွေ “အမေရိကန် ဒေါ်လာ ဘီလီယံ ချီရှိတယ်”လို့ ပြောပြပါတယ်။
ဒီလို များပြားလှတဲ့ ပါတီရဲ့ ဘဏ္ဍာရေးကို ခေါင်းဆောင်မှုဟောင်းလက်ကနေ ခေါင်းဆောင်မှုသစ်က လွှဲပြောင်းရယူရာမှာ ဘဏ်တွေကနေ အထုတ်အသွင်း အနှုတ်အသိမ်းတွေ လုပ်ခဲ့ပါတယ်။ အဲဒီမှာတင် ကောလာဟလက တောမီးလိုပြန့်ပါတော့တယ်။
သူရဦးရွှေမန်း ပါတီဥက္ကဌရာထူးက ဖယ်ရှားခံလိုက်ရပြီး ချယ်ရီ FM ရေဒီယိုနဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာတွေလို တခြား သူ့မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွေကိုလည်း ပိတ်သိမ်းခံကြရလိမ့်ဦးမယ်လို့ တွက်ချက်စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ ၂၀၀၄ ခုနှစ် စစ်အစိုးရရဲ့ ဝန်ကြီးချုပ်လည်းဖြစ် ထောက်လှမ်းရေးမှူးချုပ်ဟောင်းလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အာဏာပြန်ရုပ်သိမ်းခဲ့စဉ်ကလည်း ကျူပင်ခုတ်ကျူငုတ်မကျန် သက်ဆိုင်ရာ နီးစပ်ပတ်သက်သူတွေကိုလည်း ဖမ်းဆီး၊ ပိုင်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေလည်း သိမ်းဆည်းခံခဲ့ရတာကို ပြန်ပြေးမြင်လာစေပါတယ်။ အခုတကြိမ် သူရဦးရွှေမန်းအလှည့်ပဲလို့ လူတွေကြား ပြောဆိုလာခဲ့ကြတယ်။
ဦးရွှေမန်းရဲ့ သား ၂ ယောက်ဟာ လူသိများတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေပါ။ သားကြီး ဦးအောင်သက်မန်းက ဧရာဝတီမြစ်ဝကျွန်းပေါ်က တောင်သူလယ်သမားတွေအတွက် ဓာတ်မြေသြဇာများ တင်သွင်း ရောင်းချဖို့ ကန်ထရိုက် အမြောက်အများ ရရှိခဲ့သူဖြစ်ပြီး သားငယ် ဦးတိုးနိုင်မန်းက ဆက်သွယ်ရေး ကုမ္ပဏီ Red Link ကို ပိုင်ဆိုင်ပါတယ်။ ပတ်သက်ရာ ပတ်သက်ကြောင်း စီးပွားရေးသမားတွေအဖို့ ရှေ့ရေးစိုးရိမ်ပြီး သူတို့ပိုင်ဆိုင်မှုတွေကို မြန်မာပြည်ပြင်ပ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြပြီလားလို့ သံသယ ဖြစ်လာရလောက်အောင်လည်း ရွှေနဲ့ ဒေါ်လာ ဝယ်ယူမှုက ဈေးကွက်ထဲမှာ မြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်း ငွေလဲနှုန်း အမေရိကန် ၁ ဒေါ်လာကို ၁၃၁၀ ကျပ်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး ညနေပိုင်းမှာ အနည်းငယ်ပြန်ကျပြီး ၁၂၉၂ ကျပ်ဖြင့် ဈေးပိတ်ခဲ့တယ်။ သြဂုတ် ၂၁ ရက် မနက်ပိုင်း အဖွင့်ဈေး အနည်းငယ်ပြန်ကျသွားပြီး အရောင်း ၁၂၉၀ ကျပ်၊ အဝယ် ၁၂၈၈ ဈေးပေါက်ခဲ့တယ်။ ရွှေဈေးကလည်း သြဂုတ် ၁၉ ရက်နေ့ အခေါက်ရွှေ ၁ ကျပ်သား ၇၆၀၀၀၀ ကျပ်က နောက်တရက် သြဂုတ် ၂၀ မှာ ၇၇၅၀၀၀ ကျပ်ဆီ ခုန်တက်ခဲ့တယ်။ ဒီလို ရွှေနဲ့ ဒေါ်လာ ဝယ်ယူမှု မြင့်တက်လာမှုနဲ့အတူ ဘဏ်စုဆောင်းငွေ ပြန်လည်ထုတ်ယူမှုတွေကလည်း အရှိန်တက်လာခဲ့ပါတယ်။
ဩဂုတ်လ ၁၇ ရက် တနေ့လုံး AGD ဘဏ်၊ AYA ဘဏ်၊ CB ဘဏ်နဲ့ KBZ ဘဏ်ကနေ အပ်နှံငွေ ထုတ်ယူနေတယ်လို့ ဆိုရှယ်မီဒီယာ ဖေ့ဘွတ်မှာ ရေးသားပြောဆိုခဲ့ကြတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်အနေနဲ့ ဩဂုတ်လ ၁၇ ရက်မှာ ဒီလို ကောလာဟလတွေကို ဖြေရှင်းကိုင်တွယ်ဖို့ အစည်းအဝေးထိုင်ခဲ့ပြီး ဩဂုတ်လ ၁၈ ရက်နေ့ထုတ် အစိုးရသတင်းစာ ကြေးမုံမှာ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဆက်အောင်က နိုင်ငံ့စီးပွားတည်ငြိမ်ရေး လိုအပ်ရင် ပုဂ္ဂလိကဘဏ်တွေကို အကာအကွယ်ပေးမယ်လို့ ထွက် အာမခံပါတယ်။
ဦးဆက်အောင်ကို ပုဂ္ဂိုလ်ရေးအရ လေးစားကြပေမယ့် ဗဟိုဘဏ်မှာရှိတဲ့ အရန်ငွေဟာ ၂၀၁၄ ခုနှစ် အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အဆို အမေရိကန် ဒေါ်လာ ၄ ဘီလီယံကျော်သာ ရှိတာကြောင့် နည်းတယ်လို့ ထင်မြင်တာတကြောင်း၊ ကုန်သွယ်ရေးလိုငွေကလည်း နှစ်စဉ်ပြနေပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ လိုငွေပြခဲ့တာအပြင် ယခုဘဏ္ဍာနှစ်မှာလည်း လိုငွေပြမှုကို အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် မှန်းထားပေမယ့် လတ်တလော ရေကြီးတာတွေကြောင့် လယ်ယာပို့ကုန်ဝင်ငွေ ထိခိုက်ပြီး ကုန်သွယ်ရေးလိုငွေ ပိုပြတော့မှာတကြောင်းတို့ကြောင့် ဗဟိုဘဏ်ရဲ့ အာမခံနိုင်မှုအပေါ် သံသယရှိခဲ့ကြပါတယ်။ ဒါကြောင့် ဩဂုတ် ၁၈ နဲ့ ၁၉ ရက်တွေမှာလည်း စုဆောင်းငွေ ထုတ်ယူမှု ဆက်ဖြစ်နေခဲ့ပြီး အထူးသဖြင့် KBZ ဘဏ်ကနေ ထုတ်ယူမှုဟာ ကျပ်ငွေ ဘီလီယံ ၂၀၀ ထိ ရောက်ခဲ့တယ်လို့ အတွင်းသတင်းတရပ်က ဆိုပါတယ်။
ကံကောင်းတယ် ပြောရမလား။ ဩဂုတ် ၂၀ နဲ့ ၂၁ မှာ ဘဏ်စုဆောင်းငွေ ထုတ်ယူမှုတွေ ရပ်ဆိုင်းသွားပြီး ထုတ်ယူသွားတဲ့ အပ်နှံငွေ တချို့တောင် ပြန်ဝင်လာခဲ့ပါတယ်။ ရွှေနဲ့ ဒေါ်လာဈေး ထောင်တက်နေတာတွေလည်း ပြန်တန့်သွားခဲ့တယ်။ ဒါကလည်း နိုင်ငံရေးနဲ့ တိုက်ရိုက်သက်ဆိုင်ပြန်ပါတယ်။ သူရဦးရွှေမန်းနဲ့ သူ့မိသားစုကို အဖမ်းအဆီး မခံရဘဲ ပတ်သက်ရာ စီးပွားရေးလုပ်ငန်းတွေကို လက်လွတ်စပယ် ပိတ်သိမ်း မခံရတာကြောင့် လူတွေက ဒီတကြိမ် နန်းသိမ်းပွဲဟာ ၂၀၀၄ တုန်းကလို ကျူပင်ခုတ်ကျူငုတ်မကျန် ရှင်းမပစ်ဘူးလို့ ယုံကြည်ယူဆလာတာကြောင့် စီးပွားရေး ပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်။ တကယ်တမ်းလည်း အခုတကြိမ် “နန်းသိမ်းပွဲ”ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ထိန်းကွပ်မှုအောက်က လုပ်ကိုင်ရတဲ့ခေတ်ဖြစ်နေပါတယ်။ ဒီသန်းခေါင်ယံ အာဏာသိမ်းပွဲဟာ အခြေခံဥပဒေနဲ့ ညီ မညီတောင် နေပြည်တော်နိုင်ငံရေးအသိုင်းအဝိုင်းမှာ မေးခွန်းထုတ်နေကြပါတယ်။
စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ဒီဖြစ်စဉ်ကို ခြုံငုံပြီး အခုလို မှတ်ချက်ပေးပါတယ်။ “လူတွေရဲ့ လက်တွေ့ဆန်တဲ့ ဆုံးဖြတ်မှုတွေပေါ့။ သတင်းအချက်အလက်တွေ ကောလာဟလတွေပါ်မှာ မူတည်ပြီး သူတို့ရဲ့ စိုးရိမ်မှုပေါ့။ ဒါကနေမှ ဖြစ်ပေါ်လာတဲ့ ရှေ့တိုးရမလား၊ ရပ်နေရမလား၊ နောက်ဆုတ်ရမလား ဆိုတာမျိုးကို ဆုံးဖြတ်တာပေါ့။ အဲ့ဒီမှာ ရွှေ့ပြောင်းမှုတခုပေါ့။ ဒေါ်လာနဲ့ ရွှေဆီကို ရွှေ့ပြောင်းတယ်ဆိုတဲ့သဘောပေါ့။ ဒါကပြောခဲ့သလို စိုးရိမ်မှုတွေကနေ ဖြစ်တယ်ဆိုတော့ ဒီစိုးရိမ်မှုက ဘယ်ကလာလဲဆိုရင် နိုင်ငံရေးအခြေအနေကနေ လာတာပဲလေ။ ဒါကြောင့် အခု နိုင်ငံရေးအခြေအနေနဲ့ စီးပွားရေးအခြေအနေက ခွဲလို့မရဘူး”။