နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး စာချုပ်တခုဖြစ်သော Single Convention on Narcotic Drugs တွင် ၁၉၆၁ ခုနှစ်ကတည်းက အရှေ့တောင်အာရှ နိုင်ငံများအနက် အစောဆုံး လက်မှတ်ရေးထိုးခဲ့သော နိုင်ငံတနိုင်ငံဖြစ်သည့် မြန်မာတွင် မကြာသေးမီက ကမ္ဘာ့ ဒုတိယ အများဆုံး၊ အာရှတွင် ပထမ အများဆုံး စံချိန်တင် စိတ်ကြွမူးယစ်ဆေးပြားများ တန်နှင့်ချီ၍ ဖမ်းဆီးရမိခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ရာဇဝတ်မှုများ စာရင်းတွင်လည်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများက ထိပ်ဆုံးက ဖြစ်သည်။ အသေးအဖွဲ အနည်းအကျဉ်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများကို ရဲတပ်ဖွဲ့၏ လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ချက်တွင် အများအပြား တွေ့ရသော်လည်း ကျပ် ဘီလီယံများစွာ တန်ဖိုးရှိသည့် စုစုးပေါင်း ဆေးပြား သိန်း ၃၀၀ ကျော် ကို ရှေ့ဆင့်နောက်ဆင့် ပိုင်ရှင် တဦးမျှ မမိဘဲ သိမ်းဆည်းရမိသည့် ဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်မှုကို မေးခွန်းထုတ်စရာ ဖြစ်စေသည်။
ပို၍ ဆိုးသည့်အချက်မှာ ဤ အလေးချိန် တန်နှင့် ချီသည့် မူးယစ်ဆေးဝါးများ စီးပွားရေးအချက်အချာ ရန်ကုန်မြို့သို့ မည်သို့မည်ပုံ ရောက်ရှိလာသနည်းဆိုသော အချက်ဖြစ်သည်။ ထို့အပြင် အာရှတွင် ပဏာမ အများဆုံး မူးယစ်ဆေးဝါးများအတွက် လက်သည်တရားခံများ၏ အမည်ကိုသာ ရဲတပ်ဖွဲ့က စုံစမ်းနိုင်သေးပြီး တဦးတယောက်ကိုမျှ ဖမ်းဆီးရမိခြင်း မရှိသေးပေ။
၂၀၂၀ ပြည့်နှစ် အလွန်တွင် မူးယစ်ကင်းစင် နိုင်ငံဖြစ်ရမည်ဟူသော ရည်မှန်းချက်မှာ လိုရင်းသို့ရောက်ရန် အလွန် ဝေးနေသေးကြောင်း အဆက်မပြတ် ဖမ်းဆီးရမိနေသည့် မူးယစ်ဆေးဝါးများ၊ တိုးပွားလာနေသည့် မူးယစ်ဆေးစွဲသူများက ညွှန်ပြနေသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) တွင် အဖွဲ့ပေါင်း ၅၀ ကျော် တိုးချဲ့၍ နှိမ်နှင်းခြင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNDOC)၊ NGO များနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေးမှုများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်နေသော်လည်း မူးယစ်ဆေးဝါးသည် ကြီးမားသော ခြိမ်းခြောက်မှုတခု ဖြစ်နေဆဲဖြစ်သည်။
လာဘ်ပေးလာဘ်ယူမှုများ ရှိနေခြင်း၊ နယ်စပ်ဒေသများတွင် ထိန်းချုပ်ရန် ခက်ခဲခြင်း၊ သက်ဆိုင်ရာ အာဏာပိုင်များက ထိရောက်စွာ မကိုင်တွယ်နိုင်ခြင်း၊ တချို့သော မူးယစ်ဆေးဝါးကိစ္စများတွင် အာဏာရှိသူများ၊ သြဇာရှိသူများ၏ အသိုင်းအဝိုင်းတချို့ ပါဝင် ပတ်သက်နေခြင်းတို့က မူးယစ်ဆေးဝါး နှိမ်နင်းမှုကို အားပျော့စေသည်။ စစ်အစိုးရ လက်ထက်တွင်ရော ယခု အစိုးရလက်ထက်တွင်ပါ သြဇာ အာဏာရှိသူများနှင့် ပတ်သက်၍ ထိရောက်စွာ အရေးမယူခဲ့သောကြောင့် မေးခွန်းထုတ်ခံရသော မူးယစ်ဆေးဝါးမှုများ ရှိခဲ့ဖူးသည်။
တိုင်းရင်းသား ဒေသများတွင် မူးယစ်ဆေးစွဲမှု များပြားလာခြင်း၊ လူငယ်ထုအကြား မူးယစ်ဆေး အလွယ်တကူ ပျံ့နှံ့နေခြင်းတို့နှင့် ပတ်သက်၍ ထိရောက်သော ပညာပေးမှုများ၊ ကျောသားရင်သား မခွဲခြားဘဲ အရေးယူမှုများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးတွဲလုပ်ဆောင်မှုများ အစိုးရက စူးစူးစိုက်စိုက် ပြုလုပ်မှသာ မူးယစ်ဆေးဝါး အန္တရာယ်ကို လျှော့ချနိုင်မည်ဖြစ်ပြီး မူးယစ်ဆေးဝါး အန္တရာယ်၏ ခြိမ်းခြောက်မှုမှ လွတ်မြောက်ရာလမ်းစကို ရှာတွေ့နိုင်မည် ဖြစ်ပေသည်။