စာရေးသူသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုလားထောက်ခံသူမဟုတ်ကြောင်း၊ မည်သည့်အကြောင်းများကြောင့် မထောက်ခံနိုင်ကြောင်း နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာပါတီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များထံ ၂၆.၄.၂၀၁၂ နေ့က ဗဟိုစာတိုက်ကြီးမှ တရားဝင်မှတ်ပုံတင်၍ စာပေးပို့ခဲ့သူ ဖြစ်ပါသည်။
ယင်းစာရေးသားပေးပို့ဖြစ်ခဲ့ရသည့် အကြောင်းရင်းမှာ NLD ပါတီက လွှတ်တော်နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့မှုနှင့် အဓိကသက်ဆိုင်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သတ်ကွင်းအတွင်း ဝင်ရောက်ယှဉ်ပြိုင်သူအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း ဂဃနဏ သိထားရန်လိုပါသည်။
NLD သည် ကြားဖြတ်ရွေးကောက်ပွဲဖြင့် အမတ် ၄၀ ကျော် အရွေးခံပြီးမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျူရှင်သင်တန်းတက်နေကြောင်း ထိုကာလ သတင်းဂျာနယ်အချို့၏ ဓာတ်ပုံများကို စာရေးသူမြင်ရသောအခါ ယိုသူမရှက်၊ မြင်သူရှက်ရသကဲ့သို့ ပြိုင်ပွဲစည်းကမ်းမသိဘဲ ဝင်ပြိုင်ခဲ့သော မျက်မမြင်ပုဏ္ဏား ၆ ယောက်အလား NLD တို့ ဆုံးဖြတ်ချက်မမှားစေရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားနည်းချက်များကို စာရေးသူသည် အထောက်အထားနှင့်တကွ တင်ပြခဲ့ပါသည်။
ဉာဏ်ရှိသူကတော့ မြင်နိုင်ပေမည်။ ဉာဏ်မွဲသူများအတွက်မူ ကျောက်စရစ်ခဲနှင့် ပတ္တမြားခဲသည် ထူးမခြားနားသာ ဖြစ်ချိမ့်မည်။ NLD အမတ်များ လွှတ်တော်အတွင်းရောက်ရှိချိန် ၂၇.၈.၂၀၁၂ တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ လိပ်မူပေးပို့၍ လွှတ်တော်မှ တရားဝင်ပြဋ္ဌာန်းပေးပါရန် အကြောင်းကြားစာကို စတင်ပေးပို့ခဲ့ပါသည်။ ယင်းကိစ္စဆောင်ရွက်ရန် ကြန့်ကြာနေသဖြင့် ၂၈.၈.၂၀၁၃ နှင့် ၃.၇.၂၀၁၅ တို့တွင် ထပ်မံ၍ ကော်မရှင်မှ လွှတ်တော်အနေဖြင့် ဆောလျှင်စွာ အတည်ပြုပြဋ္ဌာန်းပေးပါရန် အကြိမ်ကြိမ်တင်ပြခဲ့ကြောင်း သတင်းမှတ်တမ်းများအရ စာရေးသူ သိရှိခဲ့ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံတော်အခြေခံမူများဆိုင်ရာ ပုဒ်မ ၃၈(ခ) တွင် ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်များနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟူ၍ လည်းကောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များဆိုင်ရာ ဥပဒေပုဒ်မ ၃၆၉(ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည် ဟူ၍လည်းကောင်း၊ နိုင်ငံသား အခွင့်အရေးကို အလေးထားပြဋ္ဌာန်းကို တွေ့မြင်နိုင်ပါသည်။
ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၉၆(က) တွင် လွှတ်တော်ကိုယ်စားလှယ်တဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည့် အကြောင်း ၅ ချက်အား အတိအကျပြဋ္ဌာန်းထားပါသည်။ ၎င်းတို့မှာ လွှတ်တော်ကိုယ်စားလှယ်တဦးသည်
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊
(၅) ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း စသည့်ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းကြောင်း တွေ့ရှိလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အခန်း ဥပဒေပုဒ်မ ၃၉၆(ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဟု ဥပဒေက ပြဆိုထားပါသည်။
ပုဒ်မ ၃၉၆(ဂ) တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရမည်ဟု လည်းကောင်း၊
ပုဒ်မ ၃၉၆(ဃ) တွင် လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင် (သို့) ၎င်း၏ကိုယ်စားလှယ်အား ချေပခွင့်ပေးရမည်ဟု လည်းကောင်း၊
ပုဒ်မ ၃၉၆(င) တွင် စွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း သဘောရရှိလျှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ လွွှတ်တော် ကိုယ်စားလှယ်အား တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သည့် အကြောင်းအချက်များနှင့် ရုပ်သိမ်းရန် နည်းလမ်းအစီအစဉ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ တွင် အတိအကျ လမ်းညွန်ထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ က လမ်းညွန်ချက်ကို အတိအကျ အကောင်အထည်ဖော်ရန် လိုအပ်သောဥပဒေများကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၇ တွင် ညွှန်ပြထားပါသည်။
ယနေ့ ပြည်ထောင်စုလွွှတ်တော် ဥပဒေပြုအမတ်များအတွင်း ပြဿနာဖြစ်နေသည်မှာ မူလမဲဆန္ဒရှင် အနည်းဆုံး တစ်ရာခိုင်နှုန်းက ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်အား ပုဒ်မ ၃၉၆(က) ပါ အကြောင်းအချက်များနှင့် စွပ်စွဲမှုကို လက်ခံဖြေရှင်းလိုစိတ် မရှိခြင်းပင်ဖြစ်ပါသည်။
အလွန်နည်းသော အရည်အတွက်ရှိသူက ကော်မရှင်ကို တိုင်တန်းတိုင်း မိမိတို့ ခုခံဖြေရှင်းနေရလျှင် လွှတ်တော်တာဝန် အချိန်ပြည့်မထမ်းဆောင်နိုင်ပဲ လွှတ်တော်ပျက်သွားနိုင်ပါသည်၊ ထိုမှတဆင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါ ပျက်သွားနိုင်သည်ဟု အကြောင်းပြပါသည်။
ယင်းကိစ္စကို အချိန်ယူပြီး အကျယ်တဝင့် ဆွေးနွေးသုံးသပ်ရန်လိုသည်ဟူသော အကြောင်းပြချက်ဖြင့် ၂၀.၈.၂၀၁၅ ပြည်ထောင်စု လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးပွဲကို ဆိုင်းငံ့ရန် လွှတ်တော်တက်ရောက်သည့် မဲပေးခွင့်ရှိသူ ၅၂၄ ဦးအနက် ၅၁၁ ဦးက မဲပေးခဲ့ရာ ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက်မဲ ၂၃၅ မဲနှင့် ကြားနေမဲ ၁၂ ဖြင့် ဆုံးဖြတ်ခဲ့သည်ဟု သိရပါသည်။
အထက်ပါ အကြောင်းအချက်များကို ခြုံငုံသုံးသပ်ကြည့်လျှင် ပြည်ထောင်စုလွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈(ခ)၊ ၃၆၉(ဂ)၊ ၃၉၆(င) တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သောဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပေးရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၇ အရ တာဝန်ပေးအပ်ခံရသော အဖွဲ့အစည်းဖြစ်ကြောင်း ထင်ရှားသည်။
ယင်းတာဝန်ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားခဲ့သည်မှာ ကြံ့ဖွံ့ပါတီအတွင်း ဦးရွှေမန်း ပြဿနာမပေါ်ခင် လွန်ခဲ့သော ၃ နှစ်၊ ၂၇.၈.၂၀၁၂ ကပင် စတင်ခဲ့ခြင်းဖြစ်ပါသည်။ မနေ့တနေ့က စတင်ခဲ့သည့်ပြဿနာ မဟုတ်ပါ။ ယခုမူ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးမှုမပြုတော့ပဲ ဆိုင်းငံ့ထားလိုက်ပြီဟု ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ကြပါသည်။
ပြည်ထောင်စုလွှတ်တော်၏ အထက်ပါဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆(က) (၂) နှင့် (က) (၅) အရ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း စသည့် ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းနေသောကြောင့် နိုင်ငံတော်သမ္မတ သို့မဟုတ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်တွင် ယခု လုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ မညီ အဆုံးအဖြတ်ပေးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းခဲ့ပါက ပြည်ထောင်စုလွှတ်တော်၏ လုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အရေးယူခံရနိုင်သော လုပ်ရပ်ဖြစ်နေပါသည်။ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည် ပြစ်မှုကို ကျူးလွန်ရာရောက်ပါသည်။
အကယ်၍သာ ဥပဒေကြမ်း ဆွေးနွေးပွဲကို ဆိုင်းငံ့ရန် ထောက်ခံမဲပေးသူ လွှတ်တော်အမတ်များအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက စစ်ဆေးအရေးယူမှုပြုခဲ့လျှင် ၎င်းလွှတ်တော်အမတ်များ၏ ၂၀၁၅ ရွေးကောက်ပွဲဝင်မှုကိုပင် အဟန့်အတား ဖြစ်သွားနိုင်ပါသည်။
ဥပဒေပြုခွင့် အာဏာကိုင်စွဲထားသော ပြည်ထောင်စုလွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းရန် တွန့်ဆုတ်နေခြင်းမှာ ဥပဒေပြု လွှတ်တော်အမတ်များတွင် ဥပဒေဆိုင်ရာ အမြင်ဗဟုသုတများ အားနည်းမှုကြောင့် ဖြစ်လေရော့သလားဟု စာရေးသူ ထင်မြင်မိပါသည်။
လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်၍ မူလမဲဆန္ဒရှင်ထဲမှ မကျေနပ်၍ တိုင်ကြားလာသူ အရေအတွက် နည်းခြင်း များခြင်းသည် အရေးမကြီးပါ။ တိုင်ကြားသည့်အကြောင်းအရာ တိုင်ကြားသူ၏ စိတ်စေတနာ မှန် မမှန် ဆန်းစစ်သည့်ကိစ္စသာ အရေးကြီးပါသည်။
လွှတ်တော်ကိုယ်စားလှယ်တဦးအား တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သော အကြောင်းအချက် ၅ ချက်တွင် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်မှုသည် ထိပ်ဆုံးမှ ပါဝင်ပါသည်။ ထိုအမှုများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ နှင့် ငြိစွန်းသော အမှုများဖြစ်ပါသည်။
နိုင်ငံတော်သစ္စာဖောက်မှုကို တဦးတယောက်သောသူက –
-ပြုရန်ကြံရွယ်ကြောင်း သို့တည်းမဟုတ်
-ပြင်ဆင်ကြောင်း သို့တည်းမဟုတ်
-ပြုဆဲဖြစ်ကြောင်း သို့တည်းမဟုတ်
ပြုပြီးဖြစ်ကြောင်းကို
သိလျက်နှင့် မည်သူမဆို မိမိသိသမျှကို ခရိုင်တရားသူကြီး (သို့) ရဲအရာရှိ (သို့) နိုင်ငံတော် ငြိမ်ဝပ်ပိပြားရန် တာဝန်ဝတ္တရား ဆောင်ရွက်နေသူထံ ချက်ချင်းဖွင့်ဟပြောဆိုခြင်း မပြုလျှင် ထိုသူသည် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီး၊ ထိန်ချန်မှုကို ကျူးလွန်ရာရောက်သည်။
ထိုသူအား ခုနှစ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
Whoever knowing that any act, the commission of which would be High Treason, is intended or proposed to be, or is being, or has been committed, does not forthwith disclose the same, together with all particulars therof known to him, to a Magistate, or to any police-officer, or some other person lawfully engaged on duties srelating to the preservation of peace and order shall be guilty of the offence of misprision of High Treason and shall be punished with rigorous imprisonment which may extend to seven years, and shall also be liable of fine.
ဟု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ တွင် ပြဋ္ဌာန်းထားသည်ဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ် တဦးအနေဖြင့် နိုင်ငံတော်၏သစ္စာကို ဖောက်ဖျက်ကြောင်း သိရှိမြင်တွေ့သူတဦးသည် မူလမဲဆန္ဒရှင် တစ်ရာခိုင်နှုန်းပြည့်အောင် စောင့်ဆိုင်းစရာမလို ချက်ချင်းပင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ သတင်းပေးတိုင်ကြားရန် ဥပဒေအရ တာဝန်ရှိပါသည်။
ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ်တဦး၏ နိုင်ငံတော်သစ္စာဖောက်မှုအား တိုင်ကြားသူ တစ်ရာခိုင်နှုန်းပြည့်မီအောင် စောင့်ဆိုင်းစရာမလို ချက်ချင်း သက်ဆိုင်ရာသို့ ထပ်ဆင့်သတင်းပေး တိုင်ကြား အရေးယူရန် ဥပဒေအရ တာဝန်ရှိပါသည်။
ချက်ချင်းမဆောင်ရွက်သူသည် ထိန်ချန်မှုဖြင့် အရေးယူခံရမှာ သေချာလှပါသည်။ ယခင် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ယခု NLD နာယက သူရဦးတင်ဦးသည် ဗိုလ်ကြီးအုန်းကျော်မြင့်၏ နိုင်ငံတော်သစ္စာဖောက်မှု၌ ထိန်ချန်မှုဖြင့် ထောင်ကျခဲ့သည့်သာဓက အထင်အရှား ရှိပါသည်။
ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆(က) ပါ မှုပြစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် တဦးအား အရေးယူရာတွင် တိုင်ကြားသူ အရေအတွက် နည်းခြင်း များခြင်းကို အဓိကပြဿနာတရပ်အဖြစ် လွှတ်တော်ကိုယ်စားလှယ်များ ရှုမြင်သုံးသပ်နေခြင်းသည် လွဲမှားနေသည်ဟု စာရေးသူအနေဖြင့် ရိုးရှင်းစွာ ရှုမြင်သုံးသပ်ပါသည်။
နိုင်ငံတော်သစ္စာဖောက်မှုနှင့် ငြိစွန်းပါက သိရှိမြင်တွေ့သူ တဦးတည်းကပင် ချက်ချင်းတိုင်ကြားရန် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ က ပြဋ္ဌာန်းထားပြီးဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းရှိမှ အရေးယူခွင့်ရှိသည်ဆိုသော အချက်သည်ပင် တည်ဆဲဥပဒေကို ကျော်လွန်၍ ပိုပိုသာသာ အခွင့်အရေးယူသလို ဖြစ်နေပါသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တိုင်ကြားသူ မဲဆန္ဒရှင် အနည်း အများအပေါ် စောဒကတက်နေမည့်အစား လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သော တိုင်ကြားချက်များနှင့် တိုင်ကြားသူကိုသာ မှန်ကန်ခိုင်မာမှု ရှိ မရှိ ပဏာမ စုံစမ်းစစ်ဆေးမှု အဆင့်ဆင့်ပြုလုပ်စေပြီး ထုချေရန် တာဝန်ထင်ရှား ပေါ်ပေါက်မှသာ လွှတ်တော်ကိုယ်စားလှယ်ကို ခုခံဖြေရှင်းခွင့်ပေးခြင်း၊ ပြစ်မှုထင်ရှား၍ လွှတ်တော်ကိုယ်စားလှယ်အား အရေးယူရန် အခြေအနေ အခိုင်အမာပေါ်ထွန်းလာပါက မည်သို့မည်ပုံ အရေးယူသင့်သော လုပ်ထုံးလုပ်နည်းများအား မိမိတို့စိတ်တိုင်းကျ ရေးဆွဲပြဋ္ဌာန်းခွင့်ကိုသာ အမိအရ ဆုပ်ကိုင်ပြုကျင့်ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းသောတာဝန်ကို ကျေပွန်စွာထမ်းဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် ဂုဏ်ပုဒ်ကို စောင့်ရှောက်ရာရောက်မည်ဟု အကြံပြုအပ်ပါသည်။
ဥပဒေပြု လွှတ်တော်အမတ် တယောက်သည် မိမိ၏ လွှတ်တော်နိုင်ငံရေး ဘဝခရီးလမ်း လျှောက်လှမ်းရာတွင် အန္တရာယ်အသွယ်သွယ်ကို ဆီလိုအပေါက်ရှာမရအောင် မိမိအား အကာအကွယ်ပေးသည့် ဥပဒေကိုလည်း ရေးဆွဲတတ်ရပါမည်။ အလားတူ မိမိလိုချင်သော အခွင့်အရေးအတွက် လျှောက်လှမ်းရမည့် အောင်မြင်ရေးလမ်းကြောင်းသည် ဆင်အုပ်ကြီး ဖြတ်မောင်းလို့ရလောက်သည့် အကျယ်အဝန်းမျိုးရစေမည့် ဥပဒေကိုလည်း ရေးဆွဲတတ်ရပါမည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် လွှတ်တော်အမတ်သည် မိမိအား အကျိုးယုတ်စေမည်ဟု ယူဆရသော ဥပဒေအား မိမိအကျိုး ကာကွယ်စောင့်ရှောက်ရာရောက်သည့် ဥပဒေမျိုး ရေးဆွဲတတ်ရပါမည်။ ဥပဒေကိုမပြုတတ်၊ မပြုရဲသဖြင့် ၃ နှစ်ကျော် အချိန်ဆွဲခဲ့ပြီး၊ နောက်ဆုံးတွင် ဆိုင်းငံ့ရန် ဆုံးဖြတ်ချက်ချ၍ ဥပဒေရေးဆွဲရမည့်တာဝန်ကို ရှောင်တိမ်းခြင်းသည် ရှက်ဖွယ်ကောင်းပါသည်။
ထို့ပြင် အရည်အချင်းပြည့်မီသော ဥပဒေရေးဆွဲမှု ကျွမ်းကျင်သူ ပညာရှင်များကို လွှတ်တော်များတွင် အဆင့်မြင့်လစာပေး၍ ခန့်ထားမှု အားနည်းနေသလား စဉ်းစားစရာရှိသည်။
ဥပဒေမပြုတတ်ပဲ ဥပဒပြေု လွှတ်တော်အမတ်လုပ်ရန် မသင့်လျော်သလို၊ ဥပဒေရေးဆွဲသူ ပညာရှင် မလုံအလောက်မရှိပဲ ဥပဒေပြုလွှတ်တော် တည်ဆောက်မှုမှာ နိုင်ငံတော်ဘတ်ဂျက်ကို ဖြုန်းတီးရားရောက်နေပါသည်။
ပြည်သူ့ဘဏ္ဍာငွေကို တလ ဆယ်သိန်း ထုတ်ယူပြီး လွှတ်တော်ကြီးကို ရပ်နားထားမည်ဆိုလျှင် ပြည်သူ့အသံ လွှတ်တော်အသံ ဆောင်ပုဒ်နှင့်လည်း မညီမညွတ် ဖြစ်စေပါသည်။ လွှတ်တော်နှစ်ရပ်လုံးသည် ပြည်သူ့အသံကို လေးစားသင့်ပါသည်။
ယနေ့ကြုံတွေ့နေရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရာတွင် အထက်ဖော်ပြပါ ဖြေရှင်းနည်းထက် ပို၍ကောင်းသော နည်းလမ်းများရှိခဲ့လျှင် ဥပဒေပညာရှင်များအနေဖြင့် ထုတ်ဖော်တင်ပြကြပါရန် စာရေးသူက မေတ္တာရပ်ခံပါသည်။
ဒီမိုကရေစီလမ်းကြောင်းကို လွှတ်တော်နိုင်ငံရေးဖြင့် ဖြေရှင်းလျှောက်လှမ်းရာ၌ အကျအဆုံးမရှိဘဲ အောင်မြင်စွာ ပန်းတိုင်သို့ စနစ်တကျ သယ်ဆောင်ပေးနိုင်မည့် ခေါင်းဆောင်ကောင်းကို မြန်မာ့လူ့အဖွဲ့အစည်းက မျှော်လင့်နေပါသည်။ ဝေလေလေ ခေါင်းဆောင်မျိုးနှင့်တော့ အလုပ်မဖြစ်ပါ။ ရွှေပြည်တော် မျှော်တိုင်းဝေးရခြင်းမှာ ယနေ့ လူထု၏ နိုင်ငံရေးရေချိန် အတက်အကျနှင့် ခေါင်းဆောင်ရွေး အမှန်အမှားသည် အဓိကကျသည်ဟု စာရေးသူက ထင်မြင်ယူဆပါသည်။
(စာရေးသူသည် ရှေ့နေတဦးဖြစ်ပြီး ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံးအကြိမ် ထောင်မှ ပြန်လွတ်လာသည်)