၁။ မြန်မာနိုင်ငံမှာ ဒေါ်လာဈေးက တလလောက်တည်ငြိမ်နေခဲ့ပြီး သြဂုတ်လလယ်လောက်က စကာပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ပထမ Effect ကတော့ တရုတ်ယွမ်ဈေးပြုတ်ကျတာနဲ့ ပတ်သက်ခဲ့ပါတယ်။ တရုတ်ယွမ်ဈေးပြုတ်ကျတဲ့ Effect ကို နိုင်ငံအတော်များများ ခံရပါတယ်။ အခံရဆုံးထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ ပါဝင်တာကို တွေ့ရပါတယ်။ ဒုတိယ Effect ကတော့ နိုင်ငံရေးနဲ့ အတူတွဲပါလာတဲ့ ကောလာဟလကြောင့် ဖြစ်ပါတယ်။ ဘဏ်အချို့ကို ပိတ်သိမ်းမယ်ဆိုတဲ့ ကောလာဟလကနေစပြီး အဲဒီဘဏ်တွေမှာ ငွေသားအများအပြား ထုတ်ယူမှုတွေ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုမှာ Portfolio investment management ဆိုတာ ရှိပါတယ်။ အဲဒါကတော့ မတူညီတဲ့ စတော့ရှယ်ယာတွေကို တစ်ပေါင်းတည်းရင်းနှီးမြုပ်နှံပြီး ကိုယ်လိုချင်တဲ့ ရင်းနှီးမြုပ်နှံမှု ဗျူဟာ (ဥပမာ- Market timing ဗျူဟာ၊ Tactical assets allocation ဗျူဟာ စသဖြင့်) ကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အချို့ရှယ်ယာတွေကို ရောင်းချပြီး အချို့ရှယ်ယာတွေကို ဝယ်ယူ အစားထိုးကာ Portfolio rebalancing ပြုလုပ်တဲ့ ရင်းနှီးမြုပ်နှံမှုပုံစံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း Portfolio investment ပုံစံနဲ. ငွေတက်ရင်ငွေဝယ်၊ ရွှေတက်ရင် ငွေရောင်းပြီးရွှေဝယ်၊ မြေတက်ရင် ရွှေရောင်းပြီး မြေဝယ် စတဲ့ဆောင်ရွက်ချက်တွေကို တွေ့နိုင် ပါတယ်။ အခုမှာလည်း ဘဏ်တွေက ငွေသားတွေ အများအပြားထုတ်ပြီးတော့ ငွေနဲ့ရွှေဖက် လှည့်လာတာမို့ ငွေဈေးနဲ.ရွှေဈေးတွေကလည်း လှုပ်ရှားသွားပါတယ်။
၂။ မြန်မာနိုင်ငံဟာ Current account ကို လွှတ်ပေးထားပေမယ့် Capital account ကိုထိန်းချုပ် ထားသေးတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ASEAN Economic Community (AEC) မှာပါတဲ့ အချက် တွေထဲကမှ Capital account ကိုဖွင့်ပေးရမယ်ဆိုတဲ့အချက်ကို ASEAN နိုင်ငံတိုင်းလိုလိုက စိုးရိမ်ကြပါတယ်။ Capital account ကိုဖွင့်ပေးလိုက်ရင် Capital flows တွေ အမြောက်အများဟာ အလွယ်တကူ ဝင်ထွက်နိုင်မှာဖြစ်တဲ့အတွက် အဲဒီ Capital flows အဝင်အထွက်တွေရဲ့ Effects တွေကို ထိန်းနိုင်တဲ့ ငွေရေးကြေးရေးဆိုင်ရာ ကိရိယာတွေ စုံလင်စွာ မရှိသေးရင် နိုင်ငံရဲ့ Macroeconomic တည်ငြိမ်မှုကို ထိန်းဖို့ အလွန်ခက်ပါတယ်။ အာဆီယံနိုင်ငံအများစုရဲ့ ငွေရေးကြေးရေးဈေးကွက်တွေက ရင့်ကျက်မှုမရှိသေးသလို ငွေရေးကြေးရေးဆိုင်ရာ ကိရိယာတွေ စုံလင်စွာ မရှိသေးတဲ့အတွက် အာဆီယံ နိုင်ငံအများစုက Capital flows တွေကို အကုန်လွှတ်ပေးဖို့ မရဲကြသေးပါဘူး။ အဲဒါကြောင့် AEC ဖြစ်လာရင် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုစီးဆင်းမှု၊ ရင်းနှီးမြုပ်နှံမှု စီးဆင်းမှုနဲ့ ကျွမ်းကျင်လုပ်သား စီးဆင်းမှုတွေကို Free flows လုပ်ဖို.သဘောတူညီထားကြပေမယ့် Capital စီးဆင်းမှုကိုတော့ Free flow လုပ်မယ်လို့ အာမခံမှု လုံးဝမရှိဘဲ လက်ရှိထက် ပိုလွတ်လပ်တဲ့ Freer flow of capital လို့ပဲ ပြောထားတာကို တွေ.ရပါတယ်။ Capital account ကို လွှတ်ပေးလိုက်ရင်တော့ အခြားနိုင်ငံတွေရဲ့ Effects တွေဟာ မိမိနိုင်ငံကို ချက်ချင်းရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဥပမာ အမေရိကန်နိုင်ငံမှာ Bonds တွေ အလွန်အမင်း ဝယ်ယူပြီး Monetary stimulus ပြုလုပ်တာတွေကို လျော့ချလိုက်တဲ့အခါမှာ Capital account ကို လွှတ်ပေးထားတဲ့ အခြားနိုင်ငံတွေက ရင်းနှီးမြုပ်နှံမှုတွေ ချက်ချင်းထွက်သွားတဲ့အတွက် အဲဒီနိုင်ငံတွေမှာ ငွေကြေးဂယက်တွေ အများအပြား ကြုံခဲ့ရပါတယ်။ အဲဒီအချိန်မှာ အမေရိကန်နိုင်ငံ ဗဟိုဘဏ်ဟာ (မိမိလုပ်ရပ်ကြောင့် ဖြစ်ပေါ်လာမယ့် ဂယက်တွေကို မကြည့်ဘဲ) လုပ်ချင်တာလုပ်တယ်လို့ နိုင်ငံအတော်များများက အပြစ်တင်ဝေဖန်ကြပါတယ်။ အမေရိကန်နိုင်ငံ ဗဟိုဘဏ်ကလည်း အခြားနိုင်ငံများမှာဖြစ်ပေါ်လာမယ့် ဂယက်တွေထက် မိမိနိုင်ငံရဲ့ပြဿနာတွေကို ဦးစားပေးဖြေရှင်းနေရပါတယ်လို့ တုံ.ပြန်ခဲ့ရပါတယ်။
၃။ မြန်မာနိုင်ငံမှာ Capital account ကို ထိန်းချုပ်ထားသေးတဲ့အတွက် နိုင်ငံတကာရဲ့ ဂယက်တွေကို မခံစားရသင့်ပါဘူး။ ဒါပေမယ့် အလွန်ကြီးထွားလာတဲ့ “အဝေး” လို့ ခေါ်တဲ့ Informal ဈေးကွက်ကြီးကနေတဆင့် Capital flows တွေဟာ အရှိန်အဟုန်နဲ့ စီးဆင်းလျက်ရှိတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အဲဒီ Capital flows တွေဟာ အီလက်ထရောနစ်ပုံစံနဲ့ တရားဝင် စီးဆင်းနေတာမဟုတ်ဘဲ Informal ဈေးကွက်ကြီးကတဆင့် စီးဆင်းနေတာဖြစ်တဲ့အတွက် ပိုပြီး ခန့်မှန်းရခက်ပါတယ်။ စီးဆင်းတဲ့ Patterns တွေ၊ Seasonal factors တွေ၊ သက်ရောက်မှုရှိနိုင်တဲ့ အခြားကိန်းရှင်တွေ၊ သက်ရောက်တဲ့ အတိုင်းအတာတွေ စတဲ့ Analyses တွေ ဘာမှလုပ်လို့မရနိုင်ပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ငွေရေးကြေးရေးဆိုင်ရာ ကိရိယာတွေကလည်း ပြည့်စုံမှု မရှိသေးတဲ့အတွက် နိုင်ငံတကာရဲ့ဂယက်တွေကို ထိန်းနိုင်ဖို့ မလွယ်နိုင်ပါဘူး။ မြန်မာနိုင်ငံတွင် မကပါဘူး၊ အခြားနိုင်ငံကြီးများဖြစ်တဲ့ သြစတြေးလျနိုင်ငံနဲ့ ဥရောပနိုင်ငံများမှာတောင် နိုင်ငံတကာရဲ့ ဂယက်တွေကဖြစ်ပေါ်လာတဲ့ Effects တွေကို လွယ်လွယ်နဲ့ မထိန်းနိုင်ကြပါဘူး။ အဲဒီကြားထဲမှာ အခြားပြည်တွင်း Factors တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဂယက်တွေလည်း ရှိနေပါသေးတယ်။
၄။ အခုတလောမှာလည်း ဘဏ်အချို့ကို ပိတ်သိမ်းမယ်ဆိုတဲ့ ကောလာဟလကနေတဆင့် ဘဏ်ပြဿနာတွေကို ကြုံတွေ.လာခဲ့ပါတယ်။ ဗဟိုဘဏ်က ငွေရေးကြေးရေးတည်ငြိမ်ဖို. ဘဏ်တွေ အားလုံးကို ကြီးကြပ်စိစစ်ရပါတယ်။ အဲဒီလိုစိစစ်တဲ့နေရာမှာ ဘဏ်တခုချင်းစီရဲ့ ကျန်းမာရေး အခြေအနေတွေကို Liquidity ratio, capital adequacy ratio စတဲ့ အချိုးတွေနဲ့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် စစ်ဆေးရပါတယ်။ ရှိသင့်တဲ့ အချိုးမရှိရင် ချက်ချင်းခေါ်ယူသတိပေးပြီး ပြည့်မှီအောင် ချက်ခြင်း ဆောင်ရွက်ခိုင်း ရပါတယ်။ မဆောင်ရွက်နိုင်ရင် ဒဏ်ငွေများ ပေးဆောင်စေပါတယ်။ ဒါကလည်း နိုင်ငံတကာမှာ ဆောင်ရွက်တဲ့ Basel requirements တွေနဲ.အညီ ဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲဒါတွေကို ရှင်းရင်းနဲ့ လွဲသွားတာတွေကိုလည်း တွေ.ရပါတယ်။ ဥပမာ ပုဂ္ဂလိကဘဏ်တွေက ဗဟိုဘဏ်မှာ Deposit တင်ပြီး အာမခံထားရပါတယ်လို့ ပြောတာတွေ ရှိလာပါတယ်။ အဲဒီမှာ Deposit insurance နဲ့ မှားကုန်ကြတာတွေကိုလည်း တွေ.ရပါတယ်။ ဘဏ်တိုင်းဟာ Settlement ပြုလုပ်ဖို့အတွက် ဗဟိုဘဏ်မှာ Current account ထားရှိရပါတယ်။ နောက်ပြီး Monetary policy အတွက် သတ်မှတ်တဲ့ Reserve requirement ကို ငွေသားအနေနဲ့ ဗဟိုဘဏ်မှာ ထားရှိရပါတယ်။ ဗဟိုဘဏ်မှာ Deposit တင်ထားတာ မဟုတ်သလို ဗဟိုဘဏ်မှာ Deposit တင်ထားတဲ့အတွက် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေအတွက် အာမခံတာ မဟုတ်ပါဘူး။ ပုဂ္ဂလိကဘဏ်တွေ ငွေကြေး အကျပ်အတည်းဖြစ်လာပြီး Interbank market ကတဆင့် ငွေချေးလို့ မရတော့တဲ့ အချိန်မှာ ဗဟိုဘဏ်က Lender of last resort အနေနဲ. ၎င်းတို့ပြိုလဲမသွားအောင် ငွေထုတ် ချေးပေးမယ်ဆိုတဲ့ အာမခံချက်ကို ပေးတာဖြစ်ပါတယ်။ အဲဒီတော့ ငွေကြေးအကျပ်အတည်းကြုံပြီး ဘဏ်ပျက်တဲ့အဖြစ်မျိုး ဖြစ်စရာ မရှိနိုင်ပါဘူး။
၅။ နိုင်ငံတကာရဲ့ ငွေရေးကြေးရေးကဏ္ဍမှာ စိန်ခေါ်မှုတွေ ပိုများလာသလို မြန်မာနိုင်ငံမှာလည်း စိန်ခေါ်မှုတွေ များလာပါတယ်။ အဲဒီစိန်ခေါ်မှုတွေကို မဖြေရှင်းနိုင်သေးတဲ့ ဗဟိုဘဏ်ကိုလည်း ဝိုင်းပြီး အပြစ်တင်ကြပါတယ်။ အဆိုးထဲက အကောင်းတခုကတော့ နိုင်ငံတကာက ဗဟိုဘဏ်တွေလို မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ်ကရော လွတ်လပ်မှု ရှိရဲ့လားဆိုတဲ့ မေးခွန်းတွေ ထွက်လာပါတယ်။ ဒါပေမယ့် ဘာကြောင့် ဗဟိုဘဏ်က လွတ်လပ်မှုရှိဖို.လိုတာလဲဆိုတာကို ဆွေးနွေးတဲ့သူ နည်းပါတယ်။ ဗဟိုဘဏ်တွေရဲ့ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေ အတော်များများက Popular မဖြစ်တဲ့အတွက် အဲဒီလိုဆုံးဖြတ်ချက်တွေကို ဝင်ရောက်မစွက်ဖက်နိုင်အောင် ဗဟိုဘဏ်တွေကို လွတ်လပ်ခွင့် ပေးထားသင့်တာ ဖြစ်ပါတယ်။ စီးပွားရေးကပ်ဆိုက်ပြီး နလံပြန်ထအောင် ဆောင်ရွက်တဲ့ဗဟိုဘဏ်တွေရဲ့ Expansionary policy ဆုံးဖြတ်ချက်တွေကို လူကြိုက်များနိုင်ပေမယ့် စီးပွားရေးတိုးတက်မှု အရှိန်အဟုန်များပြီး ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုတွေ ထိန်းချုပ်ဖို့ ဆောင်ရွက်တဲ့ ဗဟိုဘဏ်တွေရဲ့ Contractionary policy တွေကို ဘယ်သူမှ မကြိုက်ကြပါဘူး။ အဲဒီအချိန်မှာ အချို့ဗဟိုဘဏ်တွေရဲ့ မူဝါဒဆုံးဖြတ်ချက်တွေဟာ Politically costly တောင်ဖြစ်နိုင်ပါသေးတယ်။ အဲဒီလိုအချိန်တွေမှာ ဗဟိုဘဏ်ရဲ့ မူဝါဒဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက်လို့ မရနိုင်အောင်လို့ ဗဟိုဘဏ်တွေကို လွတ်လပ်ခွင့်ပေးထားရတာဖြစ်ပါတယ်။ ဒါပေမယ့် လုံးဝအလုံးစုံ လွတ်လပ်တဲ့ ဗဟိုဘဏ်ဆိုတာလည်း မရှိသေးပါဘူး။ သို့သော် လွတ်လပ်စွာ ဆုံးဖြတ်ခွင့် အတော်များများကို ပေးထားကြရပါတယ်။ အများလက်ခံနိုင်တဲ့ အများကြိုက်တဲ့ မူဝါဒတွေကို ချမှတ်နိုင်ဖို့ ဗဟိုဘဏ်ကို လွတ်လပ်ခွင့်ပေးသင့်တယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။
၆။ နိုင်ငံတနိုင်ငံမှာ တည်ငြိမ်တဲ့ Macroeconomic environment ကို ရရှိနိုင်ဖို့ ထိန်းချုပ်သင့်တာတွေကို ထိန်းချုပ်ကြပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ထိန်းချုပ်တယ်ဆိုတာကို ကြိုက်မှာ မဟုတ်ပါဘူး။ ဥပမာ မြန်မာနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံခြားငွေကြေးဈေးကစားမှုတွေ မဖြစ်ပေါ်ဖို့ ထိန်းချုပ်မှုတွေ အခုအချိန်အထိ ရှိနေပါတယ်။ ထိုင်းလူမျိုးတွေရဲ့ FCD လို့ခေါ်တဲ့ Foreign Currency Deposit တွေထဲမှာ ပြည်ပက ဝင်တဲ့ နိုင်ငံခြားငွေကိုပဲ သိမ်းထားနိုင်ပြီး ပြည်တွင်း Account transfer နဲ.ဝယ်ယူ ထည့်သွင်းထားလို့ မရပါဘူး။ နိုင်ငံခြားငွေကို ကြိုက်သလောက်ထည့် သိမ်းထားခွင့်လည်း မရှိပါဘူး။ နိုင်ငံခြားငွေနဲ့ ပြည်ပကို ပေးချေစရာ Obligations တွေရှိရင် အထောက်အထားတွေတင်ပြပြီး အဲဒီပမာဏထက်ပိုတဲ့ နိုင်ငံခြားငွေကို FCD ထဲမှာ ထားလို့မရပါဘူး။ တကယ်လို့ နိုင်ငံခြားငွေနဲ့ ပြည်ပကို ပေးချေစရာအတွက် အထောက်အထားမပြနိုင်ရင် ဒေါ်လာ ၅ သန်းထက် ပိုပြီးမထားရပါဘူး။ ၂၀၁၀ ခုနှစ်အထိ အထောက်အထားမပြနိုင်ရင် ဒေါ်လာ ၅ သိန်းထက် ပိုပြီးမထားရပါဘူး။ ၂၀၀၇ ခုနှစ် အထိ အထောက်အထားမပြနိုင်ရင် (တဦးချင်းဆီရဲ့ ငွေစာရင်းမှာ) ဒေါ်လာ ၅ သောင်း (ကုမ္မဏီတခုချင်းဆီရဲ့ငွေစာရင်းမှာ) ဒေါ်လာ ၂ သန်းထက် ပိုပြီးထားလို့ မရပါဘူး။ စတော့ဈေးကွက်တွေမှာ နိုင်ငံခြားသားတွေက ဝင်ရောက်ဈေး မကစား နိုင်အောင်လို့ Non Resident FCD တွေအပေါ် ထိန်းချုပ်မှုတွေလည်း အများကြီးရှိပါတယ်။
၇။ မြန်မာနိုင်ငံမှာတော့ အဲဒီလို ထိန်းချုပ်မှုတွေ မရှိတဲ့အတွက် “အဝေး” လို့ခေါ်တဲ့ Informal Hundi transfer တွေ၊ နိုင်ငံခြားငွေစာရင်းရှင် တဦးနဲ့တဦး အပြန်အလှန်ရောင်းဝယ်တဲ့ Account transfer ဈေးကွက်တွေက ကြီးထွားလာပါတယ်။ အဲဒီစနစ်တွေကနေ Capital flows တွေ အရှိန်အဟုန်နဲ့ ဝင်ထွက်နေတာကိုလည်း တွေ့ရပါတယ်။ အဲဒီ Capital flows တွေကဖြစ်ပေါ်လာတဲ့ Effects တွေကို ထိန်းနိုင်ဖို့လည်း ငွေရေးကြေးရေးဆိုင်ရာကိရိယာတွေ မစုံလင်သေးပါဘူး။ ဥပမာ မိုးရွာတဲ့အချိန် ခေါင်မိုးပေါက်နေပြီး ရေမစိုအောင် သေသေချာချာ ကာနိုင်တဲ့ထီးတွေ မရှိသေးဘဲ ရှိတဲ့ပစ္စည်းအချို့နဲ့ မိုးကာနေရသလို ဖြစ်နေပါတယ်။ ခေါင်မိုးလုံအောင်လုပ်ဖို့က အဓိကဆိုပေမယ့် အဲဒီ ခေါင်မိုးပြင်ဖို့အတွက် ကိရိယာ အနည်းငယ်သာရှိပြီး အိမ်သားအချို့ကလည်း ခေါင်မိုးရဲ့အချို့နေရာတွေကိုဖောက်ပြီး ရေခံနေတာနဲ့ တူနေပါတယ်။ အဲဒီအချိန်မှာ ရေမစိုအောင် ထီးလိုက်ရှာရ၊ ပေါက်နေတဲ့ခေါင်မိုးကို ရှိတဲ့ပစ္စည်းနဲ့ ပြုပြင်ရ၊ ခေါင်မိုးဖောက်နေတဲ့ အိမ်သားတွေကိုလည်း ပြောလို့မရ၊ အိမ်ထဲက အခြားအိမ်သားတွေကလည်း မိုးရေစိုလို့ ဝိုင်းဆဲနေတဲ့ အခြေအနေဆိုရင် နီးစပ်မယ်လို့ ထင်ပါတယ်။
၈။ ဘယ်လိုအခြေအနေပဲ ရောက်နေပါစေ ရှိတဲ့ပစ္စည်းနဲ့ မိုးကိုပိုပြီးလုံအောင်ကာနိုင်ဖို့နဲ့ ရှိတဲ့ ပစ္စည်းနဲ့ ခေါင်မိုးကို ပြုပြင်နိုင်ဖို့က အရေးကြီးပါတယ်။ အဲဒါကြောင့် Deposit auction, Reserve requirement စတဲ့ ရနိုင်တဲ့နည်းလမ်းပေါင်းစုံနဲ့ ဗဟိုဘဏ်က Contractionary monetary policy ကို ကျင့်သုံးနေပါတယ်။ မြန်မာငွေ ကျပ်လာတော့မှ မြန်မာငွေတန်ဖိုး အရမ်းကျဆင်းခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ Secondary bond market မရှိသေးတဲ့အတွက် နိုင်ငံတကာမှာ ကျင့်သုံးတဲ့ Open Market Operations (OMO) နည်းလမ်းကိုတော့ မသုံးနိုင်သေးပါဘူး။ Secondary bond market ဖြစ်လာနိုင်ဖို့ အရင်ဦးဆုံး Market driven interest rates တွေရှိဖို့ လိုပါတယ်။ အဲဒါကြောင့် Treasury bills တွေကို Scriptless လို့ခေါ်တဲ့ အီလက်ထရောနစ်ပုံစံပြောင်းပြီး Treasury securities auction ကို စလုပ်ရတာဖြစ်ပါတယ်။ နောက်ပြီး Bonds တွေကိုလည်း အီလက်ထရောနစ် ပုံစံပြောင်းဖို့ လုပ်နေပါတယ်။ Treasury security auction ကနေတဆင့် သက်တမ်းအမျိုးမျိုးရှိတဲ့ Market driven yields တွေကို ရရှိနိုင်မှာဖြစ်ပြီး Yield curve ကို ဆွဲနိုင်မှာ ဖြစ်ပါတယ်။ Yield curve ရလာမှသာ Currency forward ဈေးကွက် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Currency forward ဈေးကွက်ဟာလည်း နိုင်ငံခြားငွေကြေးတည်ငြိမ်ရေးမှာ အဓိက ကျပါတယ်။ အဲဒီအချိန်ကျမှ Repo (Repurchase Agreement) ဈေးကွက်ပေါ်လာပြီး အဲဒီ Repo တွေကတဆင့် Interbank money market တွေ ကျယ်ပြန်.လာကာ OMO ကိုလည်း တွင်ကျယ်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
၉။ အဲဒါတွေအပြင် အခြားဆောင်ရွက်စရာတွေ အများကြီး ရှိနေပါသေးတယ်။ တနိုင်ငံလုံး ဘဏ်စနစ်ကို လွယ်ကူစွာသုံးစွဲနိုင်ဖို့၊ ဘဏ်စာရင်း ရှိတဲ့သူတွေရော မရှိတဲ့သူတွေပါ ငွေသားတွေ အများကြီး သယ်ယူစရာမလိုဘဲ အီလက်ထရောနစ်မြန်မာကျပ်ငွေ ပိုက်ဆံတွေကို ပြည်တွင်းမှာသာမက ပြည်ပမှာပါ အဆင်ပြေချောမွေ.စွာ အသုံးပြုနိုင်ဖို့၊ တရားမဝင် ဈေးကွက်တွေနေရာမှာ လွယ်ကူ ချောမွေ.တဲ့ တရားဝင်ဈေးကွက်တွေ ဖြစ်လာနိုင်ဖို. စတဲ့ ဆောင်ရွက်စရာတွေ အများကြီး ရှိနေပါသေးတယ်။ အဲဒါတွေဆောင်ရွက်နိုင်အောင်လည်း Mobile banking စနစ်၊ Mobile payment စနစ်၊ Debit and credit card payment စနစ်၊ e-commerce စနစ် တွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အခုဆိုရင် Mobile banking တွေသုံးလို့ ရနေပါပြီ။ မိုဘိုင်းဖုန်း ဒါမှမဟုတ် Cyber banking စနစ်ကတဆင့် ငွေလွှဲတာတွေ ဘဏ်အချို့မှာ လုပ်လို့ ရနေပါပြီ။ မတူညီတဲ့ ဘဏ်စာရင်း အချင်းချင်း အပြန်အလှန် Cyber banking နဲ့ လွှဲ နိုင်အောင်လည်း Payment switch တွေလုပ်နေပါပြီ။ Real time gross settlement system (RTGS) ကိုလည်း ဒီနှစ်ကုန်မှာ စတင်သုံးနိုင်မှာ ဖြစ်ပါတယ်။ ကျပ်ငွေနဲ. Debit card တွေအပြင် Credit card တွေကိုပါ ထုတ်ခွင့်ပြုထားပါပြီ။ JCB, CUP, Visa, Master တွေနဲ့ ချိတ်ဆက်ပြီး ကျပ်ငွေနဲ့ အသုံးပြုတဲ့ Debit card တွေ Credit card တွေကို နိုင်ငံတကာမှာ သုံးလို့ ရနိုင်အောင်လည်း ဆောင်ရွက်နေပါတယ်။ E-commerce စနစ်တွေကိုလည်း ခွင့်ပြုဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အခုဆိုရင် အခွန်အခအတွေကို မိုဘိုင်းဖုန်းနဲ့ပဲ ဖြစ်ဖြစ် ကွန်ပြူတာနဲ့ပဲ ဖြစ်ဖြစ် e-commerce စနစ်နဲ့ Electronically ပေးလို့ ရနေပါပြီ။ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ပထမဦးဆုံးအဖြစ် Commercial tax ကျပ် သိန်းပေါင်း တစ်သောင်းနှစ်ထောင်ကျော်ကို အီလက်ထရောနစ် e-commerce စနစ်ကိုသုံးပြီး သြဂုတ်ဆန်းမှာ ပေးခဲ့ပါတယ်။
၁၀။ မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍကြီး တခုလုံး အလုံးစုံတိုးတက်သွားနိုင်ဖို့လို့ ချက်ခြင်း ဆောင်ရွက်လို့ မရနိုင်သေးပေမယ့် ဆောင်ရွက်သင့်တာမှန်သမျှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ကျနော့်ရဲ့ အညတရသဘောထား (Humble opinion) လေးကို ကြိုးစားဖော်ပြထားခြင်းသာ ဖြစ်ပါတယ်။ ကျနော့်ကို သင်ကြားခဲ့ဘူးသော ဆရာ၊ဆရာမများ၊ မသင်ကြားခဲ့ဘူးသော်လည်း မြင်ဆရာ၊ ကြားဆရာအဖြစ် ကျနော်က မှတ်သားနာယူခဲ့ရဘူးသော ဆရာ၊ ဆရာမများ အားလုံးဟာ ကျနော့်ထက် အဆပေါင်းမြောက်များစွာ ပိုပြီး နားလည်တတ်ကျွမ်းတဲ့အတွက် ကျနော့်ဖော်ပြမှုမှာ အမှားများရှိလျင် ဆက်လက်သင်ကြားထောက်ပြပေးပါခင်ဗျား။
(စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကထုတ်ဝေသော Commerce ဂျာနယ် Volume 15 No 33 တွင် ဖော်ပြပါရှိသည့် မြန်မာနိုင်ငံ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဆက်အောင်၏ ဆောင်းပါးကို ပြန်လည်ကူးယူဖော်ပြပါသည်)