ဇူလိုင်လက မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မြန်မာနိုင်ငံက ဒေသအနှံ့အပြားတွင် ရေကြီးခြင်း၊ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအခြေအနေမှာလည်း တချို့ဒေသတွေဟာ သဘာဝဘေးဒဏ်ကို ဆက်လက်ခံစားနေရဆဲဖြစ်ပါတယ်။
သဘာဝဘေးကျရောက်လာသည့်အခါ ဘေးဒဏ်သင့်ပြည်သူများအား ရုပ်ပိုင်းဆိုင်ရာ ကူညီကယ်ဆယ်ရေးများ အသီး သီးရောက်ရှိကူညီကြသော်လည်း လူအများစုသတိမထားမိနိုင်တဲ့ သဘာ၀ ဘေးဒဏ်သင့်သူများအတွက် အရေးပေါ် စိတ်ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေဟာလည်း အမှန်တကယ်လိုအပ်တဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။ သဘာ ဝဘေးဒဏ်ကြောင့် စိတ်ဒဏ်ရာရရှိသူများအတွက် စိတ်ကျန်းမာရေး ပြန်လည်ပြုစုစောင့်ရှောက်မှုများနဲ့ ပတ်သက်တဲ့ အကြောင်းအရာများအား မန္တလေးစိတ်ကျန်းမာရေးဆေးရုံမှ စိတ်ကျန်းမာရေး အထူးကုဆရာဝန် ဒေါက်တာ ဘိုဘို ဉာဏ်နဲ့ ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ သဘာဝဘေးအန္တရာယ် ခံစားရတဲ့သူအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဘာဖြစ်နိုင်မလဲ။
ဖြေ။ ။ သဘာဝဘေးအန္တရာယ်ကြုံတွေ့ပြီး ၂၄ နာရီအတွင်း ဖြစ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကတော့ အလွန် အမင်း ထိတ်လန့်တာ၊ စိုးရိမ်စိတ်လွန်ကဲတာ၊ စကားမေးမရဘဲ ငေးငိုင်သွားတာ၊ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ပေါ် လက်မခံနိုင်၊ မယုံကြည်နိုင်တာ၊ ဂဏာမငြိမ်ဖြစ်တာ၊ ငိုကြွေးတာ၊ လူအများနဲ့ ရောနှောမနေတော့ဘဲ တသီးတခြား နေ ထိုင်လာတာ၊ စိတ်တင်းကျပ်လာတာတွေစတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပျက်စီးဆုံးရှုံးမှု တခုခုနဲ့ ကြုံ တွေ့ရတဲ့အခါမှာ အဲလိုခံစားချက်လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်၊ ဒါပေမယ့် အများအားဖြင့် အဲဒီလို လက္ခဏာ တွေဟာ ၁ လလောက်ကြာရင်တော့ လျော့ပါးသွားတတ်ပါတယ်။
မေး။ ။ အဲဒီလို ခံစားရတဲ့ဝေဒနာရှင်ကို ဘယ်လိုပြန်လည်ကုစားပေးသင့်ပါသလဲ။
ဖြေ။ ။ အဓိကကတော့ သူပြောချင်တာကို ပြောချင်တဲ့ပုံစံအတိုင်း နားထောင်ပေးဖို့ပါပဲ၊ သူစိတ်သက်သာရလာအောင် နားထောင်ပေးပါ၊ အဲလိုမှ Support မရရင် စိတ်ကျန်းမာရေးချို့တဲ့မှု ဖြစ်နိုင်ပါတယ်။
မေး။ ။ အဖြစ်အပျက်ကို တွေ့ကြုံပြီး ၁ လကြာတဲ့အထိ ရောဂါလက္ခဏာက မလျော့သွားသေးရင် ဘာဆက်ဖြစ်နိုင် မလဲ။
ဖြေ။ ။ PTSD (Post traumatic Stress Disorder) လို့ခေါ်တဲ့ ပြင်းထန် စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ၊ Depression လို့ ခေါ်တဲ့ စိတ်ကျရောဂါမျိုးတွေ ဖြစ်နိုင်ခြေပိုများပါတယ်။ ပြင်းထန် စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာမှာဆိုရင် ရောဂါ လက္ခ ဏာသုံးမျိုးရှိပါတယ်။
(၁) “ပြန်လည်တွေးတောခံစားခြင်း” ကိုယ်ကြုံရတဲ့ အဖြစ်ဆိုးကို အိပ်မက်အဖြစ် ပြန်မက်တာ၊ အတွေးထဲမှာ အဲဒီ အဖြစ်အပျက်ကို ပြန်ခံစားနေရတာ၊ အဲ့အခြေအနေတွေကို ပြန်တွေးရင်း စိတ်ဖိစီးမှုဖြစ်ပွားတာ၊ အဲဒါ လက္ခဏာတွေ ကတော့ သဘာဝဘေးအန္တရာယ်ကြုံတွေ့သူတွေမှာ အဖြစ်များပါတယ်။
(၂) “အဖြစ်အပျက်တွေကနေ ရှောင်ဖယ်နေတတ်ခြင်း” ၊ ကိုယ်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို လက်မခံနိုင်ဘဲ ရှောင်ဖယ်နေတာပါ၊ အဲဒီရဲ့အကျိုးဆက်က မှတ်ဉာဏ်ထိခိုက်လာမယ်၊ ကိုယ့်လုပ်ရမယ့် လုပ်ငန်းတာဝန်တွေမှာ စိတ် ဝင်စားမှုတွေ လျော့ကျလာမယ်၊ လူအများနဲ့ ပတ်ဝန်းကျင်နဲ့ ရောနှောတာ မရှိတော့ဘဲ သီးခြားနေထိုင်လာမယ်၊ မျှော် လင့်ချက် ကင်းမဲ့သလို ခံစားရလာမယ်၊
(၃) “သတိကြီးစွာ ထိတ်လန့်နေတတ်ခြင်း”၊ ဘယ်အရာမဆို အမြဲ ထိတ်ထိတ်ပျာပျာဖြစ်နေမယ်၊ အိပ်ပျော်ဖို့ ခက်လာ တယ်၊ စိတ်တိုစိတ်ဆက်လာမယ်၊ ဒေါသထွက် လွယ်လာတယ်၊ အာရုံစူးစိုက်နိုင်စွမ်းတွေ လျော့ကျလာမယ်၊ အဲဒီ ဝေဒ နာကို ခံစားရတာကြာလာရင် အချိန်မီ ကုသမှုမရှိရင် စိတ်ကျရောဂါနဲ့ တွဲဖြစ်လာနိုင်ပါတယ်။ နောက်တခု စိတ်ကျရော ဂါကတော့ စိုးရိမ်ရပါတယ်၊ စိတ်ကျရောဂါဆိုရင်တော့ စောစောက ပြောတဲ့ လက္ခဏာတွေအပြင် လိင်စိတ်လျော့ပါး လာမယ်၊ အအိပ်အစားပျက်လာမယ်၊ ကိုယ်အလေးချိန်ကျလာမယ်၊ ရောဂါလက္ခဏာပြင်းထန်လာရင် ရှေ့အနာဂတ် ကို မကောင်းတဲ့အမြင်တွေမြင်လာမယ်၊ သူများမမြင်နိုင်တာ၊ မကြားနိုင်တာတွေ ကြားလာ၊ မြင်လာတယ်လို့ ခံစားရ မယ်၊ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်လာမယ်၊ နောက်ဆုံးမှာ သေကြောင်းကြံဖို့အထိ စဉ်းစားအား ထုတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ အဲလိုဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသပြီး သေချာဆေးကု သမှု ခံယူသင့်ပါတယ်။
မေး။ ။ အဲလို စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနာဖြစ်လာတဲ့ လူနာအနေနဲ့ ဘယ်လိုဆေးကုသမှု ခံယူသင့်ပါသလဲ။
ဖြေ။ ။ အဓိကကတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်၊ စိတ်ကျန်းမာရေး ဆရာဝန်မှ မဟုတ်ပါ ဘူး၊ အထွေထွေရောဂါကုဆရာဝန်နဲ့ပြလို့ရပါတယ်၊ ဒါပေမယ့် ကျနော့်ဆီမှာ ပညာရေးပြသနာတွေကြောင့် မသိနား မလည်တဲ့ တောရွာတွေမှာ ဒီလိုရောဂါခံစားရတဲ့သူတွေကို ပယောဂဆိုပြီး ကုပေးကြတာတွေ ရှိတယ်၊ အဲလို ကုသရင် လည်း လူနာအနေနဲ့ သူ့စိတ်ထဲမှာ ခံစားနေရတာကိုဖွင့်ပြောလိုက်ရင် ပေါ့သွားပြီး ပြန်ကောင်းမွန်လာတာတွေ ရှိသလို၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ပြီး ကုသတာမျိုးဆိုရင်တော့ လူနာအတွက် အန္တရာယ်ရှိနိုင်ပါတယ်။
မေး။ ။ သဘာဝဘေးဒဏ်သင့်ဒေသတွေကို သွားပြီး ကယ်ဆယ်ရေးလုပ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သူတွေနဲ့ ကြုံ တွေ့ရရင် ဘယ်လိုအချက်တွေကို ရှောင်ရှားသင့်ပါသလဲ။
ဖြေ။ ။ မလိုချင်ဘူးလို့ ငြင်းတာကို အကူအညီအထောက်အပံ့တွေ အတင်းအကျပ်ပေးတာမျိုး၊ သူတို့ရဲ့ စိတ်ခံစားချက် တွေ ထုတ်ဖော်ပြောဆိုချိန်မှာ ဟန့်တားတာတွေ၊ ဝေဖန်အကြံပြုတာတွေ မလုပ်ရပါဘူး၊ သနားကရုဏာသက်လွန်း တာ၊ စိတ်ရောဂါရှိနေတယ်လို့ သတ်မှတ်တာ၊ သူတို့ပြောနေတဲ့အချိန်မှာ အတွင်းရေးကိစ္စတွေ ပါလာရင်လည်း လျှို့ ဝှက်ပေးထားရပါမယ်။ သူတို့ကို နှစ်သိမ့်ဆွေးနွေးတဲ့အခါမှာလည်း မဖြစ်နိုင်တဲ့အရာတွေကို ကတိပေးတာမျိုး၊ တိုက် တွန်းတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်နှုတ်အပြုအမူကအစ သူတပါးသိက္ခာကျစေမယ့်ပုံစံမျိုးကို သတိပြုဆင်ခြင်သင့်ပါ တယ်။
မေး။ ။ အစိုးရအနေနဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ အရေးပေါ် စိတ်ကျန်းမာရေးပြုစုစောင့် ရှောက်မှုတွေပြုလုပ်ဖို့ ဆရာတို့ဌာနကို စေလွွှတ်တာမျိုးရှိပါသလား။
ဖြေ။ ။ နာဂစ်ဖြစ်ပြီး တလခွဲလောက်နေတော့ ကျနော့်ဆရာတို့ သွားရပါတယ်၊ ပြီးတော့ သပိတ်ကျင်းငလျင်တုန်းက လည်း သွားရပါတယ်။ အခုတခေါက်တော့ ခုလောလောဆယ်ထိ ဘာညွှန်ကြားချက်မှ မလာသေးပါဘူး။
မေး။ ။ အဲလိုအရေးပေါ် စောင့်ရှောက်မှုလုပ်ရတဲ့အခါ ဘယ်လိုလူတွေက စိတ်ပိုင်းဆိုင်ရာ ပိုထိခိုက်ခံစားရတာများ ပါ သလဲ။
ဖြေ။ ။ ကျနော်ရဲ့ဆရာ နာဂစ်ဖြစ်ပြီး တလအကြာမှာ အဲဒေသကို စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေသွားလုပ်ရတဲ့အချိန်မှာ ဆေးခန်းကိုလာပြတာ အမျိုးသားထက် အမျိုးသမီး ဦးရေက သုံးဆကျော်များပါတယ်။ အဲလိုပြောလို့ အမျိုးသမီးတွေ က အဖြစ်များတာလား ဆိုတော့လည်း မဟုတ်ဘူး၊ အမျိုးသားတွေက မပြောတာများတယ်၊ စိတ်ထဲမှာ ခံစားနေရတာ ကို ကျိတ်ခံစားကြတယ်၊ အပြင်ကို ထုတ်မပြောကြဘူး၊ မပြောတဲ့သူက ဖြစ်နိုင်ခြေပိုများပါတယ်။ အဲလိုဝေဒနာက ကိုယ့်စိတ်ထဲ ခံစားနေရတဲ့ဟာကို ဆရာဝန်မှ မဟုတ်ဘူး ကိုယ်ယုံကြည်စိတ်ချရတဲ့သူတစုံတယောက်ကို ဖွင့်ပြော လိုက်ရင် သက်သာနိုင်ပါတယ်။
မေး။ ။ သဘာဝဘေးအန္တရာယ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တဲ့အခြေအနေတခုခုနဲ့ကြုံတွေ့လာရင် ဘယ်လိုလူ တွေကို အထူးစောင့်ရှောက်ဖို့ လိုအပ်ပါသလဲ။
ဖြေ။ ။ အားလုံးကတော့ စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်၊ အထူးသဖြင့်ဆိုရင် မိဘမဲ့ကလေးငယ်များ၊ အမျိုးသမီး များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်၊ အသက်အရွယ်ကြီးရင့်သူတွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ စိတ်ဝေဒနာရှင် တွေ ခန္ဒာကိုယ်မှာ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားသူတွေ၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို အနီးကပ် ကြပ် မတ်စောင့်ရှောက်ပေးသင့်ပါတယ်။ အရက်သမားမို့ ၊ ဆေးသမားမို့ ဂရုမစိုက်ဘဲ ပစ်ထားရင် အရက်ငမ်း ဖမ်းတဲ့အချိန်၊ ဆေးစွဲလက္ခဏာတွေ ပြလာတဲ့အချိန်ကျ ကာယကံရှင်အတွက်လည်း အန္တရာယ်ရှိသလို ပတ်ဝန်းကျင်အတွက် လည်း အန္တရာယ်ပြုနိုင်ပါတယ်၊ ဒါကြောင့် သူတို့ကိုလည်း သေချာပြုစုစာင့်ရှောက်ပေးသင့်ပါတယ်။
မေး။ ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ရော လက်ရှိဖြစ်ပွားနေတဲ့ သဘာဝဘေးအန္တရာယ်အပေါ် စိတ်ပိုင်းဆိုင်ရာ ကျန်း မာရေးရှုထောင့်ကနေ ဘာတွေဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ မန္တလေးမှာ အခုလာမယ့် စက်တင်ဘာ ၂၁၊ ၂၂ ရက်မှာ ရေဘေးကယ်ဆယ်ရေးသွားမယ့် လူမှုရေးအဖွဲ့တွေ၊ NGO တွေကို အရေးပေါ် စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ သင်တန်းပေးဖို့ ရှိပါတယ်၊ နေရာက တော့ စီစဉ်နေဆဲပါ၊ ရေဘေးသင့်ပြည်သူတွေအတွက် ဘယ်လိုစိတ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်ပေးနိုင်မလဲဆိုတာ စိတ်ကျန်းမာပညာဌာနက ဆရာဝန်တွေက သင်တန်းပို့ချပေးသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာလည်း စက်တင်ဘာ ၁၅၊ ၁၆ ရက်နေ့ ပန်ဒါဟိုတယ်မှာ ပြုလုပ်မှာပါ။