၁၉၆၄ ခုနှစ်တွင် စနစ်သစ် ပညာရေးကို ပြဌာန်းလိုက်သောကြောင့် လွတ်လပ်ရေးရသည့် ၁၉၄၈ မှ ၁၉၆၃ ခုနှစ်အထိ ကျင့်သုံးခဲ့သော ပညာရေးစနစ်သည် စနစ်ဟောင်း ဖြစ်သွားရပါတော့သည်။
အခြေခံအဆင့်ကပင် မြှင့်ထား၍ စနစ်ဟောင်း ပညာရေးတွင် မူလတန်းအောင်ပြီးက စာတတ်သူဟု ပြောနိုင်ပါသည်။ သင်ကြားရသည့် ဘာသာရပ်များမှာ မြန်မာစာ၊ ဂဏန်းသချၤာ၊ ပထဝီ၊ သမိုင်း၊ Hygiene ခေါ် တကိုယ်ရည် သန့်ရှင်းရေး၊ ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ ကျန်းမာရေးပညာနှင့် Civics ၊ ပြည်သူ့နီတိတို့ ဖြစ်သည်။ ပြည်သူ့နီတိသည် လူတယောက်၏ ကိုယ်ကျင့်တရား၊ ရပိုင်ခွင့်နှင့် ဝတ္တရားများကို သင်ပေးသည်။ ကျန်းမာရေးနှင့် ပြည်သူ့နီတိ ဘာသာရပ်များသည် လူ့ဘဝ၌ တန်ဖိုးရှိစွာ နေထိုင်တတ်အောင် သင်ကြားပေးသော ဘာသာရပ်များ ဖြစ်သည်။
စာသင်ကျောင်းများမှာ မစ်ရှင်ကျောင်းနှင့် အစိုးရပိုင်ကျောင်းဟူ၍ နှစ်မျိုးရှိ၏။ မစ်ရှင်ကျောင်းများတွင် အင်္ဂလိပ်စာကို သူငယ်တန်းမှ စတင်ပြီး အစိုးရကျောင်းများ၌ ပဉ္စမတန်းမှ စသင်သည်။ အစိုးရပိုင် ကျောင်းများကို အစိုးရ မူလတန်းကျောင်း၊ အစိုးရ အလယ်တန်းကျောင်း၊ အစိုးရ အထက်တန်းကျောင်းဟူ၍ ခေါ်သည်။ ပဉ္စမတန်းမှစ၍ အင်္ဂလိပ်စာ သင်သည် ဆိုသော်လည်း တက္ကသိုလ်ဝင်တန်းသို့ ရောက်လာကြသော ကျောင်းသားများသည် အင်္ဂလိပ် စာစီစာကုံးကို ကောင်းမွန်စွာ ရေးနိုင်ပြီ ဖြစ်သည်။ အင်္ဂလိပ်စာကို တတ်ကျွမ်းသော ဆရာများ၏ သင်ကြားမှုကြောင့် ဖြစ်သည်။
အလယ်တန်းမှ အထက်တန်းအထိ ပြဋ္ဌာန်းထားသော ဘာသာရပ်ဆိုရင် သင်ရိုးများနှင့် ကျောင်းသုံးစာအုပ်များကို ကျောင်းသားများ တတ်သိနားလည်အောင် ကျောင်းသုံးစာအုပ် ပြုစုရေးကော်မတီက ဘာသာရပ်အလိုက် ကျွမ်းကျင်သော ဆရာကြီး၊ ဆရာမကြီးများအား တာဝန်ပေး၍ ပြုစုစေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘာသာစုံ သင်ရိုးများ အဆင့်မြင့်ပါသည်။ ဥပမာ အလယ်တန်းကျောင်းသင် ပထဝီဝင် ဘာသာရပ်ဆိုပါက မြန်မာနိုင်ငံ၏ မြေပြင် ပထဝီနှင့် ဒေသန္တရ ပထဝီဟူ၍ ရှိ၏။
မြန်မာနိုင်ငံ ပထဝီတွင် မြန်မာနိုင်ငံ၏ မြေပြင် ပထဝီအကြောင်းကို စုံလင်စွာ ပြုစုရေးထားသည်။ ကမ္ဘာ့သဘာ၀ အပိုင်းအခြား စာအုပ်ကို ပြုစုသူကလည်း မူလတန်းအောင်ပြီးသော ကျောင်းသားများ ၎င်းတို့၏ ပညာအရည်အချင်းနှင့် ကိုက်ညီမည့် အကြောင်းအချက်များကို ရွေးချယ်ပြုစုထားသဖြင့် အလယ်တန်းအဆင့် ပြီးဆုံးသော ကျောင်းသားများ မြန်မာ့ပထဝီနှင့် ကမ္ဘာ့သဘာ၀ အပိုင်းအခြားကြီးများ အကြောင်းကို နားလည်အောင် ပြုစုထားခြင်း ဖြစ်သည်။
သမိုင်း ဘာသာရပ်ကို မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းဟူ၍ ခွဲထားသည်။ အလယ်တန်းကျောင်းသုံး မြန်မာ့သမိုင်းတွင် ပုဂံ မတိုင်မီခေတ်မှ အင်္ဂလိပ်လက်အောက်သို့ ကျရောက်သည့် ကိုလိုနီခေတ်အထိ အလွန်ရှည်လျားသော သမိုင်းစဉ်ကြီးကို ကျောင်းသားများ အလွယ်တကူ သိရှိနားလည်ရန် အဖြစ်အပျက် အကြောင်းအရာများကိုသာ အဓိက ထား၍ ပြုစုထားပါသည်။
ကမ္ဘာ့သမိုင်းတွင် ခရစ်တော် မပေါ်မီက ပေါ်ထွန်းခဲ့သော ရောမအင်ပါယာအကြောင်း၊ ဧကရာဇ်များအကြောင်း၊ အေဒီ ၂ ရာစုမှ အေဒီ ၃ ရာစု အတွင်း အထွတ်အထိပ်သို့ ရောက်၍ အင်ပါယာကြီး အလွန်ကျယ်ပြန့်လာသဖြင့် အရှေ့ရောမ အင်ပါယာနှင့် အနောက်ရောမ အင်ပါယာဟူ၍ ၂ ပိုင်းခွဲ၍ အုပ်ချုပ်ရကြောင်း၊ အေဒီ ၄၇၆ တွင် အနောက် ရောမ အင်ပါယာ ကျဆုံးသွားသော အခါ အရှေ့ရောမ အင်ပါယာကို ဘိုင်ဇင်တိုင်း အင်ပါယာဟု ခေါ်ပြီး အေဒီ ၁၄၅၃ တွင် တူရကီတို့၏ အော်တိုမင် အင်ပါယာ လက်အောက်သို့ ကျရောက်ခဲ့ကြောင်းတို့ကို ပြုစုထားပါသည်။
မြန်မာစာတွင် စကားပြေနှင့် ကဗျာလင်္ကာ ဟူ၍ ရှိပြီး စကားပြေအတွက် မဟောသဓ ဇာတ်တော်ကို ပြဋ္ဌာန်းထားသည်။ ကဗျာအလင်္ကာတွင်မူ ဦးကြင်ဥ၏ ပဒေသာသီချင်းများ လဘွဲ့၊ တန်ခူး၊ ကဆုန်၊ တပို့တွဲ၊ တပေါင်း၊ လဘွဲ့များ၊ မိုးဘွဲ့၊ တောဘွဲ့၊ တာရာဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ သံဝေဂဘွဲ့ စသည်တို့ဖြစ်သည်။
ဖော်ပြပါ သမိုင်း၊ ပထဝီ၊ မြန်မာစာ ဘာသာရပ်များကို ကျောင်းသားများ နားလည် သဘောပေါက်အောင် သင်နိုင်ရန် ဆရာများသည် ဗဟုသုတနှင့် ပြည့်စုံရန် လိုပါသည်။ မူလတန်းမှ အထက်တန်းအထိ သင်ကြားသော ဆရာများသည် မိမိတို့၏ စာပေတတ်မြောက်မှု၊ ကျွမ်းကျင်မှု၊ နှံ့စပ်မှု အစွမ်းကို ထုတ်ဖော်ပြသ သင်ကြားပေးရသော ဆရာများ ဖြစ်ပါသည်။ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများနှင့် ဆရာတို့၏ အရည်အချင်းကြောင့် သတ္တမတန်း အောင်မြင်ပြီးသော ကျောင်းသားများသည် အခြေခံနှင့် အလယ်တန်းအဆင့် ပညာရေးကို ကောင်းမွန်စွာ တတ်မြောက်ကြပါသည်။
ဆရာသည် ပညာရေးတံခါးကို ဖွင့်ပေးသောသော့ ဖြစ်ပါသည်။ ဆရာဆိုသူများသည် အလယ်တန်းပြ ဖြစ်ပါက တက္ကသိုလ် ဝင်တန်းအထိ ကျောင်းတက်ခဲ့ပြီး တက္ကသိုလ် ဆက်မတက်ဘဲ အလုပ် ဝင်လုပ်ကြ၏။ ထိုမှ ကျောင်းဆရာ ဖြစ်လာသူများလည်း ရှိ၏။ တချို့မှာ ဥပစာ (ခ) တန်းကို နှစ်ခါပြန် ကျရှုံးသဖြင့် အလယ်တန်းပြ ဆရာအဖြစ် ဝင်ရောက် လုပ်ကိုင်သူများ ဖြစ်သည်။ ရင့်ကျက်သောသူများ ဖြစ်နေကြပါသည်။
မြန်မာနိုင်ငံ ပညာရေးစနစ်ရဲ့ ၁၉၆၀ ခုနှစ်အထိ အထက်တန်း ပညာရေးတွင် နဝမတန်း (၉ တန်း) မရှိ၊ ၈ တန်း အောင်ပြီးက Matric Class တက္ကသိုလ်ဝင်တန်းသို့ တက်ရ၏။ Matric Class ကို ၁၀ တန်း ဟုလည်း အလွယ်ခေါ် ကြသည်။ ထိုအခါမှ အထက်တန်းပြ ဆရာကြီး၊ ဆရာမကြီးများနှင့် သင်ရပါသည်။ ၎င်းတို့သည် အသက် ၃၀ ကျော် အရွယ် တက္ကသိုလ်ဘွဲ့ရ၊ အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြသည်။
၉ တန်း မရှိသော်လည်း ၁၉၆၁ ခုနှစ် ၁၀ တန်း စာမေးပွဲ အောင်စာရင်းကို ထူးဆန်းစွာ နှစ်သုတ်ခွဲကာ ကြေညာ၏။ ပထမအသုတ် အောင်စာရင်းတွင် ပါဝင်သူများသည် Matriculation တက္ကသိုလ်ဝင်တန်းကို အောင်ခြင်း မဟုတ်။ School Leaving Certificate (SCL) ကျောင်းထွက် လက်မှတ်ရ အတန်းကို အောင်ခြင်းဖြစ်ပြီး တက္ကသိုလ် တက်ခွင့် မရှိ။ ၎င်းအတန်းကို High School Final ဟုလည်းခေါ်၍ အထက်တန်း နောက်ဆုံးစာမေးပွဲကို အောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့နှစ်သက်ရာ အလုပ်များ သို့မဟုတ် အသက်မွေးဝမ်းကျောင်း ဒီပလိုမာ သင်တန်းများကို ဆက်တက် နိုင်သည်။
ကျနော် မှတ်မိသရွေ့ ကျနော်၏ ကျောင်းနေဖက် သူငယ်ချင်းတယောက်သည် ပထမအကြိမ် ကြေညာသော အောင်စာရင်း၌ ပါခဲ့ပြီး တက္ကသိုလ်တက်ခွင့် မရသောကြောင့် ဝန်ထမ်းအဖြစ် အလုပ်လျှောက်ရာ လူဝင်မှုကြီးကြပ်ရေး ဌာန၌ အရာရှိ ဖြစ်သွား၏။ မြို့နယ်မှူးကြီး အဆင့်အထိ ရာထူးတိုးခဲ့ပြီး အငြိမ်းစားယူသွားပါသည်။ ပထမအသုတ်၌ ပါသော ကျောင်းသားများ တက္ကသိုလ်တက်လိုက နောက်တနှစ် ပြန်ဖြေရပါသည်။
ပထမအသုတ် အောင်စာရင်း ကြေညာပြီးနောက် တလခန့်အကြာ ထိုအောင်စာရင်းမှ ရမှတ်များကို ပြန်စိစစ်၍ တက္ကသိုလ်ဝင်ခွင့် အောင်စာရင်းကို ကြေညာပါသည်။ မြန်မာ့အသံမှ ကြေညာခြင်း ဖြစ်သည်။ ဒုတိယအသုတ် ကြေညာသောအခါ အောင်စာရင်းတွင် ပါသည့် ကျောင်းသားများသည် တက္ကသိုလ်ဝင်ခွင့် ရရှိသူများ ဖြစ်သည်။
ဤသို့ အောင်စာရင်းကို နှစ်ခါပြန် ကျေညာသည်မှာ ၁၉၆၁ ခုနှစ် တနှစ်တည်းသာ ဖြစ်ပါသည်။ ထိုနှစ်မှစ၍ ၈ တန်း အောင်ပြီးနောက် Matric စာမေးပွဲကို SLC (ကျောင်းထွက် လက်မှတ်ရ) နှင့် တက္ကသိုလ်ဝင်ခွင့် ဖြစ်သွားရသည်ဟု ထင်ပါသည်။ နောက်ပိုင်းနှစ်များတွင် ၈ တန်းအောင်ပြီးပါက ၉ တန်းသို့ တက်ရ၍ ၉ တန်းအောင်ပြီးမှ ၁၀ တန်းသို့ ရောက်ပါတော့သည်။ တက္ကသိုလ်ဝင်တန်းကို ၁၀ တန်းအထိ မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
ထိုစဉ်က တက္ကသိုလ်ဝင်တန်း ပြဌာန်းထားသော ဘာသာရပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီ၊ သချၤာ ဘာသာရပ်များ ဖြစ်၍ သချၤာဘာသာရပ်ကို Math I နှင့် Math II ဟူ၍ ခွဲခြားထားပါသည်။ Math I ရှိ ဈေးကွက် စတော့ရှယ်ရာ ထွက်နည်းများ Math II တွင် Algebra (အက္ခရာသချၤာ) နှင့် Geometry ဘာသာရပ်များ ပါဝင်သည်။
ဆရာ ဦးပန်းရည်၏ သချၤာစာအုပ်မှာ ကျောင်းသုံး ပြဌာန်းစာအုပ် ဖြစ်သည်။ ဤဘာသာရပ် ၅ ခုကို တတ်ကျွမ်း နားလည်သောသူသည် တက္ကသိုလ်၌ ပညာ ဆက်လက်ဆည်းပူးရန် အရည်အချင်း ပြည့်မီသည်ဟု သတ်မှတ်သည်။ ၎င်းတို့သည် တက္ကသိုလ်ဝင်တန်းတွင် မသင်ခဲ့ရသော စီးပွားရေးပညာ၊ ဥပဒေပညာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘူမိဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ စသော ပညာရပ်များကိုလည်း တက္ကသိုလ်၌ သင်ယူနိုင်ရန် အရည်အချင်း ပြည့်မီသူများ ဖြစ်လာကြသည်။
ထိုခေတ် ဆရာဝန်၊ အင်ဂျင်နီယာ၊ ဥပဒေပညာရှင်၊ စီးပွားရေးပညာရှင်၊ ဘူမိဗေဒပညာရှင်နှင့် သစ်တော၊ စိုက်ပျိုးရေး အရာရှိများ စသည်တို့သည် တက္ကသိုလ်ဝင်တန်း၌ အထက်ဖော်ပြပါ ဘာသာရပ် ၅ ခုကို နားလည် တတ်ကျွမ်းခဲ့သောကြောင့် ဖြစ်သည်။ ဤသို့ ကျွမ်းကျင်ခဲ့ခြင်းမှာ တနှစ်ပတ်လုံး အပြင်ကျူရှင်ပေါင်းစုံ တက်ခဲ့ရသောကြောင့် မဟုတ်၊ ထိုခေတ်က ကျူရှင်ပညာရေး စနစ် မထွန်းကားသေး၊ အတန်းထဲ၌ ဆရာသည် ကျူရှင်ယူစရာ မလိုအောင် ပြည့်စုံစွာ သင်ကြားပေးခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ကျူရှင် လုံး၀ မလိုခြင်းတော့ မဟုတ်၊ အင်္ဂလိပ်စာ သို့မဟုတ် သချာၤဘာသာရပ်ကို အတန်းထဲ၌ မလိုက်နိုင်သော ကျောင်းသားသာ ကျူရှင်ယူသည်။ သင်ပေးသော ဆရာများမှာလည်း အငြိမ်းစား ဆရာအိုများသာ ဖြစ်သည်။ သင်တန်းတခုတွင် ကျောင်းသား ၁၀ ယောက်ထက် မပိုပါ။ ကျူရှင်လစာက ၁၀ ကျပ်သာ ဖြစ်သည်။ ဆိုလိုသည်မှာ ၁၉၅၀-၆၀ နှစ်များက ဆရာတို့သည် ဆရာအမည်ခံနိုင်အောင် တော်ကြသောကြောင့် ဖြစ်သည်။
ပညာရေးစနစ်၌ အခြေခံပညာရေး ကျောင်းများသည် ကျောင်းသားများ စာတတ်ရန် သင်ကြားပေးရပြီး တက္ကသိုလ်များက နိုင်ငံတည်ဆောက်ရာ၌ အသိပညာရှင် အတတ်ပညာရှင်များကို မွေးထုတ်ပေးရပါသည်။ ဆရာသည် ကျောင်းသားများ စာ၌ စိတ်ဝင်စားအောင် နားလည် သဘောပေါက်အောင် သင်ကြားခြင်းနှင့်အတူ သရုပ်ဆောင် အတတ်ကိုလည်း တတ်ရပါမည်။
ဤသို့သင်နိုင်ရန် ဆရာသည် မိမိသင်ကြားရသည့် ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ရမည် သာမက သင်ကြားရေး၌ စိတ်ပါဝင်စားဖို့ လိုပါသည်။ စာသင်သည်ဟု ဆိုရာ၌ ဆရာသည် ကျောင်းသားများကို ဦးဆောင်ညွှန်ကြားနေခြင်း ဖြစ်သည်။ ကျနော်တို့ အထက်တန်း ကျောင်းသားဘဝ၊ ကြုံတွေ့ခဲ့ရသော ဆရာများသည် မိမိတို့ တာဝန်ယူ သင်ကြားရသော ဘာသာရပ်ကို ဦးဆောင်ညွှန်ကြား သင်နိုင်ကြသော ဆရာများ ဖြစ်သည်။
အခြေခံအဆင့်၌ မူလတန်းပြ ဆရာများသည် ကျောင်းသားများ စာပေတတ်မြောက်အောင် သင်ကြားရန် တာဝန်ရှိပြီး အလယ်တန်းလွန်၊ အထက်တန်းပညာရေးသည် ကျောင်းသားများ၏ ဘဝရှေ့ရေးကို အဆုံး အဖြတ်ပေးသဖြင့် သင်ကြားသူ ဆရာ အရေးကြီးပါသည်။ တက္ကသိုလ် ပညာရေး၌ ဌာနဆိုင်ရာ ပါမောက္ခများသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာရေး အဆင့်အတန်းမြင့်ရန် အသိပညာရှင်၊ အတတ်ပညာရှင်များကို မွေးထုတ်ပေးရန် အဓိကကျသူများ ဖြစ်နေပါသည်။
အရင်ခေတ်က ပညာရေးစနစ်ရဲ့ အုတ်မြစ်၊ အပိုင်း (၁) ဖတ်ရန်။