လောလောဆယ် မီဒီယာလောကမှာတော့ ချူမေး မေးထားတဲ့ စကားတွေရယ်၊ အားမလိုအားမရ ဆန္ဒစောတဲ့ မေးခွန်းတွေ၊ ပုဂ္ဂိုလ် ရေး ခင်တွယ်မှုနဲ့ မိမိတို့ဆန္ဒနဲ့ မကိုက်ညီတဲ့အခါ ဖြစ်ပေါ်လေ့ရှိတဲ့ မကျေနပ်သံတွေ အားလုံး ကြဲပျံ့ဟိန်းညံနေတာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဆီ ဦးတည်ရိုက်ခတ်လာနေတဲ့ ပဲ့တင်သံတွေကို ကျနော်တို့ NLD အဖွဲ့ဝင်တွေ အားလုံးကြားသိ နားထောင်လျက် ရှိပါတယ်။
ဒီမှာပြောလိုတာကတော့ ဒီမိုကရေစီနိုင်ငံဖြစ်လာရင် ပြည်သူလူထုဆီက ဟိန်းညံထွက် ပေါ်လာမယ့် အသံအားလုံး ကျနော်တို့ နားထောင်ရင်း၊ ပြည်သူ့ဆန္ဒကို ဘယ်လို ဖြည့်ဆည်း ပေးရမလဲ ဆိုတဲ့ အဖြေမှန် ရလဒ်ကောင်းတွေ ဖန်တီးဖြေရှင်းပေးဖို့ ဦးတည် ထားသူများ အတွက် ပထမဦးဆုံးသော ပြည်သူတို့ရဲ့အသံကို နားထောင်ပေးခြင်းနဲ့ ဒီမိုကရေစီအသံကို အပြုသဘော ဖြေရှင်းချက် ပေးဖို့ ကျနော်တို့မှာ ဆန္ဒအပြည့် ရှိနေပါတယ်။ ဘယ်သောအခါမှ ပြည်သူ့အသံကို ပေယျာလကန် မပြုတဲ့ NLD ဖြစ်ကြောင်း ပဏာမ အစီရင်ခံတင်ပြ လိုပါတယ်။
ဒီလို အားမလိုအားမရ စကားသံတွေ မိမိဆန္ဒမိမိအလို မပြည့်ဝတော့ ဒေါမနဿဝေဖန်သံတွေ ကြားရမှာကို ကျနော်တို့ မူလ ကတည်း က မျှော်လင့်ထားပါတယ်။ ဒီနေရာမှာ ပထမဦးစွာ တင်ပြလိုတာက ကျနော်တို့ ဒီမိုကရေစီ အဖွဲ့ဝင်တိုင်းနဲ့ ပြည်နယ်ဒေသ အသီးသီးက တာဝန်ရှိသူ အလုပ်အမှုဆောင် အဖွဲ့ဝင် အားလုံး ဧပြီနောက်ဆုံးပတ်ထဲမှာ ရန်ကုန်ကို ဆင်းခဲ့ကြတယ်။ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်တွေအားလုံး ဧပြီ ၃၀ ရက်မှာ အစည်းအဝေးတက်ဖို့ ရန်ကုန်ဗဟို ရုံးချုပ် ကို ရောက်ခဲ့ကြတယ်။ ဒီကိစ္စကို စံတော်ချိန် (မေလ ၈ ရက် ၂၀၁၅ နေ့ထုတ်) သတင်းစာမှာ ရန်ကုန်၊ မန္တလေး နိုင်ငံ့အရေး အစုံ အဆန် ခရီး ဆိုပြီးတော့ ခေါင်းစဉ်နဲ့ ဆောင်းပါး တပုဒ် ကျနော်ရေးသားခဲ့ ပါသေးတယ်။
အဲဒီတခေါက်က အစည်းအဝေးပွဲမှာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး တင်ပြလာတဲ့စကားက အဓိက ပြည်သူ့ကိုယ်စားလှယ်တွေ ရွေးချယ်ရေး စံသတ်မှတ်တဲ့ အခါ ပထမဦးဆုံးက အရည်အချင်းရှိသူ၊ ဒုတိယ ဦးစားပေးက လူရွယ်လူလတ်ပိုင်း၊ တတိယက အရည်အချင်းတူရင် အမျိုးသမီးဦးစား ပေးရွေးချယ်ဖို့နဲ့ စတုတ္ထက အဲဒီထဲမှာ အမျိုးသမီး အရည်အချင်း တူနေရင် တိုင်းရင်းသား အမျိုးသမီးတွေကို ရွေးချယ်ဖို့ ပြောကြားခဲ့ပါတယ်။
ဘာကြောင့် ဒီစံသတ်မှတ်ချက်တွေ ဆွေးနွေးရသလဲ ဆိုတဲ့ အကြောင်းအချက်ထဲမှာ ပထမဦးဆုံးက ဒီကနေ့ နိုင်ငံတော်ကြီးရဲ့ ဒီမိုကရေစီ စွမ်းဆောင်လုံးပမ်းချက်တွေမှာ တက်တက်ကြွကြွ လုပ်ရှား ဆောင်ရွက်နေကြတဲ့ လူငယ်လူရွယ်တွေ များစွာရှိကြောင်း၊ ဒီထဲမှာ စွန့်လွှတ် အနစ်နာခံခြင်း များစွာနဲ့ အသက်ခန္ဓာ ကြွေသွားကြတဲ့ ဒီပဲယင်း အရေးအခင်းလို၊ ၈၈ အရေးအခင်း ကာလအတွင်း ကပထမဦးဆုံး သွေးမြေကျသွားရှာသူ နိုင်ငံတော်ကြီး ဒီမိုကရေစီရမှ အမျှဝေပါဆိုတဲ့ လွန်ခဲ့တဲ့ ၂၇ နှစ်ကကျဆုံးသွားရှာတဲ့ ဆယ်ကျော် သက် အာဇာနည်မိန်းကလေး မဝင်းမော်ဦး (အဘ-ဦးဝင်းကြူ) အပါအဝင် အခြားသော အာဇာနည်ရဲဘော် အပေါင်း နစ် နာ ဆုံးရှုံးမှုပေါင်းများစွာနဲ့ အသက်ခန္ဓာကြွေ ဘဝစွန့်လွှတ်သွားရှာကြသူများစွာ ရှိကြောင်းနဲ့ ယင်းပုဂ္ဂိုလ် အာဇာနည် အပေါင်း အပါအဝင် ထောင်တွင်း အကျဉ်းကျခံရင်းနဲ့ နှစ်ပေါင်းကြာရှည်စွာ ဒုက္ခခံစားခဲ့ကြရတဲ့ နိုင်ငံရေး အကျဉ်းသားများစွာ ရှိခဲ့တယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌကလည်း ဒီလိုပုဂ္ဂိုလ် အပေါင်းရဲ့ စွန့်လွှတ် စွန့်စား ဒုက္ခပေါင်းများစွာနဲ့ တိုက်ပွဲ ဝင်ခဲ့ကြသူ အပေါင်းကို စာနာခြင်း များစွာနဲ့ မိမိအထူးပင် လေးစားဂုဏ်ပြုလျက် ရှိကြောင်းကို ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံ ဖြစ်မြောက်ဖို့ ဒီရွေ့ဒီမျှနဲ့ မပြည့်စုံ မလုံလောက်သေးသည့် လက်ရှိအနေအထားတွေ ကို လည်း ခံစားသိရှိခဲ့ကြပါတယ်။ တကယ်တော့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့ တတ်သိပညာရှင်များစွာ လိုအပ်လျက်ရှိပြီး မိမိတို့ မကြာမီ ရောက်ရှိလာတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ NLD အနေနဲ့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်ရာမှာ သတ်မှတ်စံနှုန်းများနဲ့ စိစစ်ရွေးချယ်သွားဖို့ အထူးလိုအပ်လှပါတယ်။
ဒီနေရာမှာ စာရေးသူကိုယ်တိုင်လည်း အဖွဲ့ချုပ်ကိုယ်စားပြု ကိုယ်စားလှယ်လောင်း အဖြစ် အဆိုပြုလွှာ တင်သွင်းခဲ့သူ ဆိုတော့ ဗဟို က ညွှန်ကြားဆောင်ရွက်စေခဲ့တဲ့ စံသတ်မှတ်ချက်တွေကို တင်ပြလိုပါတယ်။ ပထမဦးဆုံး ဗဟိုက ပေးပို့တဲ့ ပုံစံမှာ ပြည့်ပြည့်စုံစုံအချက် အလက်တွေ ရေးသားဖြည့်သွင်း ရတဲ့အခါ ပညာအရည်အချင်းနဲ့ ငယ်စဉ်က စပြီး နှစ်အလိုက် ပရဟိတ အပါအဝင် မိမိရဲ့ ဆောင် ရွက်ချက်များ တင်ပြရတယ်။ ပါတီအတွင်း ပါတီပ အခြားသော လူမှုရေး အဖွဲ့အစည်းများနှင့် ပေါင်းဖက် လုပ်ဆောင်မှုတွေ ရှိမရှိ၊ နိုင်ငံတော်အဆင့် လုပ်ဆောင်ခဲ့တဲ့ ဖြစ်စဉ်တွေ ဖော်ပြရပြီး ထူးချွန်တဲ့ အသိအမှတ်ပြု အမှတ်အသားတွေရှိက ဖော်ပြပေးရန် ပါရှိခဲ့တယ်။ ပြီးတော့ ပြစ်ချက်တွေ ရှိ မရှိ၊ ဖော်ပြရတဲ့ အပြင် မိမိဘာကြောင့် ကိုယ်စားလှယ် ဖြစ်ချင်ရသလဲ ဆိုတဲ့ မိမိကိုယ်ကို ဝေဖန် သုံးသပ်ပြီး တင်ပြရပါတယ်။
အဓိက အရေးကြီးဆုံး အချက်က မိမိတို့ရဲ့ပိုင်ဆိုင်ခွင့် ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်တဲ့ အဆောက်အအုံက အစ တိတိကျကျ ဖော်ပြ ရေးသားခဲ့ရပြီး မိမိတို့ NLD က ကိုယ်စားလှယ်တိုင်း ကျန်းမာရေး ဆေးစစ်ချက်တွေ အစစ်ဆေးခံရပြန်တယ်။ ဒီနေရာမှာ လစာပေး ခန့်ထားခြင်း ခံရရင် လစာငွေခံစားပြီး မကျန်းမမာဖြစ်နေရင် တာဝန်မကျေပွန်တဲ့ အဓိပ္ပာယ် ဖြစ်မှာမို့ မိမိပါတီဝင်တွေ အားလုံး ကျန်း မာရေး အခြေအနေ သိရှိဖို့ဆေးစစ် ကြရခြင်း ဖြစ်ပါတယ်။
ကျန်းမာရေးအတွက် ဆေးစစ်ချက်ခံယူကြရာမှာ ကိုယ်စားလှယ်လောင်း အဆိုပြုခဲ့သူတိုင်း ဆေးစစ်ချက်ကို အားလုံး လုပ်ဆောင်ကြ ရတော့ ရွေးချယ်ခံရခြင်း ရှိ မရှိ မသေမချာ၊ မရေမရာ ကာလမှာပဲ ဗဟိုက သတ်မှတ်ထားတဲ့ စည်းကမ်းချက် အရ ကျန်းမာရေး အစစ်ဆေး ခံယူကြရတော့ ကျန်းမာရေးဆေးစစ်ချက်က မန္တလေးမှာ ဆေးစစ်ချက် ၈ မျိုး အတွက် ငွေခြောက်သောင်း ခြောက်ထောင် လောက် ကုန်ကျခဲ့တယ်။ မိမိတို့ကျန်းမာရေး အဖြေလွှာကို ဝမ်းသာစွာ သိရှိကြရပေမယ့် ကျန်းမာရေး စစ်ဆေးခ ကတော့ အင့်ခနဲ ထွက်သွားကြတယ်။
ဒါပေမယ့် ကျနော်တို့ ဗဟိုက စည်းကမ်း သတ်မှတ်ချက်ကို ဘယ်သူမှ ငွေအပိုကုန်တယ်လို့ မညည်းညူခဲ့ကြပါ။ လွန်တယ်လို့လည်း မဝေဖန်ခဲ့ကြပါ။ အခြားသော အဖွဲ့အစည်းများမှာ ပိုင်ဆိုင်ခွင့် တင်ပြခြင်းနှင့် ဆေးစစ်ချက် တင်ပြရခြင်းများ ပြုလုပ်ခြင်း ရှိ မရှိ မသိသော်လည်း ကျနော်တို့ NLD ကတော့ ဗဟိုက ညွှန်ကြားတဲ့ စည်းမျဉ်းစည်းကမ်း အရ အဖွဲ့ဝင် ကိုယ်စားလှယ် အားလုံး နားလည် စွာ တပျော်တပါး လုပ်ဆောင်ခဲ့ကြတယ်။
ဒီနောက် သက်ဆိုင်ရာ တိုင်းဒေသအသီးသီးက NLD အောင်နိုင်ရေး အဖွဲ့ဝင်တွေနဲ့ တိုင်းဒေသကြီးရဲ့ NLD အလုပ် အမှုဆောင်အဖွဲ့ဝင်တွေ အားလုံး စုပေါင်းပြီး နံနက် ၉ နာရီက ည ၉ နာရီခွဲ ၁၀ နာရီ အထိ မိမိတိုင်းအတွင်းမှာ ရှိတဲ့ မြို့နယ်အသီးသီးက ပေးပို့လာ တဲ့ အဆိုပြုလွှာတွေကို ပဏာမ စစ်ဆေးကြရတယ်။ သက်ဆိုင်ရာ မြို့နယ်အသီးသီးက မှတ်ချက်တွေ ပါရှိပြီး အဆိုပြုလွှာတိုင်းမှာလည်း ကာယကံရှင် ကိုယ်စားလှယ်လောင်း တွေရဲ့ မိမိတို့ ကိုယ်တိုင် ဝေဖန်သုံးသပ်ချက်တွေ မိမိတို့ရဲ့ ပင်ကို အရည်အချင်းတွေ လုပ်ဆောင်မှုတွေ ပါရှိတော့ ကိုယ်စားလှယ်အသီးသီးရဲ့ အရည်အသွေးကို ဝေဖန်သုံးသပ်ပြီး အားသာချက်၊ အားနည်းချက်တွေကို မှတ်ချက်ပေးကြရတယ်။ ဗဟိုက ချမှတ်ပေးထားတဲ့ စံသတ်မှတ်ချက် တွေနဲ့လည်း စစ်ဆေးပြီး ကိုက်ညီခြင်း ရှိ မရှိ ဝေဖန်ပေးရ ပြန် တယ်။
မြို့နယ်အဆင့် အဆိုပြုလွှာတွေ အားလုံးကို ဗဟို၊ တိုင်း၊ ပြင်ပက ရွေးချယ်ထားတဲ့ ဂုဏ်သရေရှိ သမာဓိပုဂ္ဂိုလ် အဖွဲ့ဝင် အားလုံးက ဖတ်ကြားစစ်ဆေးခဲ့ရာမှာ စာရေးသူလည်း မန္တလေးတိုင်း အလုပ်အမှုဆောင် တဦးဖြစ်တာမို့စစ်ဆေးရေးမှာ ပါဝင်စစ်ဆေးခဲ့တယ်။ စစ်ဆေးရာမှာ ဝေဖန်သုံးသပ်ချက် ပေးခြင်းသာဖြစ်ပြီး အဆုံးအဖြတ်ကိုတော့ ဗဟိုကသာ အတည်ပြု ရွေးချယ်မှာမို့ တိုင်းအဆင့် စစ်ဆေးသုံးသပ်ချက်ပြီးတော့ အားလုံးသော အဆိုပြုလွှာတွေကို တိုင်းဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးက အားလုံးချိတ်ပိတ်ပြီး ညတွင်းချင်း အချိန်မီ ရန်ကုန်ဗဟို အစည်းအဝေး တက်ရောက်ဖို့ ဆက်လက် ထွက်ခွာ သွားခဲ့ကြတယ်။
ဒီနေရာမှာ တင်ပြလိုတာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) က ချမှတ်ပေးလိုက်တဲ့ စံသတ်မှတ်ချက်များနဲ့ အညီ စစ်ဆေး သုံးသပ်ရာမှာ အဆင့်ဆင့်ဆန်ခါတင် ဆောင်ရွက်ခဲ့ကြပြီး ကျနော်တို့ ကိုယ်တိုင် အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်ပေမယ့် ကျနော် တို့ရဲ့ ကိုယ်စားလှယ် အဆိုပြုလွှာတွေ စစ်ဆေးကြတော့ အဆိုလွှာ တင်ထားကြတဲ့ (စာရေးသူ အပါအဝင် သက်ဆိုင်ရာကဏ္ဍ) ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး စတဲ့နေရာတို့ အတွက် သက်ဆိုင်ရာ အဆိုပြုသူတိုင်း ပြင်ပ ထွက်ပေးခဲ့ကြရတယ်။ အခန်းတွင်းမှာ ကျန်ရစ်သူတွေက လျှို့ဝှက် ဆွေးနွေးပြီး ဆက်လက် မှတ်ချက်ပေးခဲ့ကြတယ်။ ဒီစနစ်နဲ့ အဆိုပြုကြတဲ့ ကိုယ်စားလှယ်လောင်း တွေကို စစ်ဆေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်။
တကယ်တော့ ကျနော်တို့ ဘက်လိုက်ခြင်း၊ မလိုက်ခြင်း ဆိုတာတွေက အဝေးကနေ ဝေဖန်နေကြတာ ဖြစ်ပြီး ကျနော်တို့ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ကိုယ်တိုင်ဘာမှ သိရှိခွင့် ရခဲ့တာ မဟုတ်ပါ။ ဘယ်သူတွေ၊ ဘယ်မဲဆန္ဒနယ် ဆိုတာလည်း လုံးဝမသိရှိကြဘဲ ကြေညာတဲ့ ည ၁၁ နာရီလောက်မှ ကိုယ့်အချင်းချင်း ဆက်သွယ်၊ ဖုန်းဆက်ကြမှ မိမိက ပြင်ဦးလွင်ခရိုင် အမှတ် (၃) မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် NLD ကိုယ်စားပြု ရွေးချယ်ခံရကြောင်း သိခဲ့ရခြင်း ဖြစ်ပါတယ်။
ဒီလောက်ထိ စနစ်တကျ လုပ်ဆောင်ခဲ့တဲ့ NLD ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို နောက်ပိုင်း ပူညံပူညံ ဖြစ်ကြ၊ မကျေမနပ် ဖြစ်ပြီး ဝေဖန်ကြ၊ မိမိရဲ့ ပါတီတွင်း ကိစ္စကို အချို့သောပုဂ္ဂိုလ်များက မကျေနပ်လို့ လူစုလူဝေးနဲ့ ပြောဆိုလာကြတော့ အတော် စိတ် မကောင်းစရာ ခံစားကြရတယ်။
ဒီမိုကရေစီ နိုင်ငံတိုင်းမှာ လွတ်လပ်ပွင့်လင်းစွာ ဝေဖန်ပြောဆိုနိုင်ကြပေမယ့် လုပ်ထုံး လုပ်နည်းနဲ့ အညီ စံစနစ်သတ်မှတ်ပြီး ညွှန်ကြားချက်တွေနဲ့ လုပ်ဆောင်ကြရာမှာ မျှမျှတတ အကောင်းဆုံး လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်။ ဒီကိစ္စမှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ဘဲ၊ သူမ မသိတဲ့ ကိစ္စတွေကိုသာ သက်ဆိုင်ရာ တိုင်း တာဝန်ခံတွေကို မေးမြန်းခဲ့တာ ကြားသိရတယ်။ ဒီအနေအထားက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရဲ့ ဒီမိုကရေစီ ကျင့်စဉ်များဖြစ်တာ ထင်ရှားပါတယ်။
ဒီလို လုပ်ဆောင်ခဲ့သော်လည်း ကျနော်တို့ အဖွဲ့ဝင်တချို့ ပြိုကွဲပဲ့ထွက် သွားနေတာကိုတော့ လုံးဝ စိတ်မကောင်းပါ။ ဒီမိုကရေစီ စိတ် ဓာတ် အပြည့်ရှိသူများ အနေနဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ အကောင်းဆုံး အရည်အချင်း ပြည့်သူချင်း နှိုင်းယှဉ်ရွေးချယ်ခြင်းကို နားလည်ပေးနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အခု တင်ပြလိုတာက ဘယ်လိုပဲ နားလည်အောင် ရှင်းလင်းပြောပြပေမယ့် အချို့သော ဝင်ရောက်ခိုလှုံနေတဲ့ ဖျက်မြင်း၊ စုန်းပြူးများ ကိုတော့ ကျနော်တို့ ဘယ်လိုမှရှင်းလင်းပြနိုင်မှာ မဟုတ်ပါဘူး၊ အခံစိတ်ဓာတ်တွေနဲ့ လာကြသူများကိုတော့ ကျနော်တို့ ကြည့်နေရမှာ ဖြစ်ပါတယ်။ လူညီရင် ဒီလိုတောင် မြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံအဖြစ် သိမ်ငယ်စွာ ကျဆင်းသွားမှာ မဟုတ်ပါဘူး။
နောက် တခုအစာမကြေစရာ ကိစ္စက ဒေါက်တာ ညိုညိုသင်းတို့၊ ၈၈ ပွင့်လင်းငြိမ်းချမ်းရေး အဖွဲ့က ဦးကိုကိုကြီးတို့ အပါအဝင် NLD ရဲ့ မဟာမိတ်များကို အချို့က ကတ္ထီပါလမ်းခွဲ ပြောလိုပြော၊ အချွန်နဲ့ မပြီး ဝေဖန်နေတဲ့ စကားတွေပါ။ ကျနော်တို့ NLD ရဲ့ အမာခံ မိတ်ဆွေများ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကို အားကိုးယုံကြည်လျက် ပါတီမိတ်ဆွေများကို တန်ဖိုးထား လေးစားလျက် ရှိပါတယ်။ စိတ်မကောင်းမိတာက တကယ်တမ်း NLD (ဗဟို) က စံသတ်မှတ်ချက်တွေနဲ့ ချိန်ထိုး ရွေးချယ်တဲ့အခါ ပုဂ္ဂိုလ်အပေါ် လေးစား ခြင်းထက် လိုအပ်တဲ့ အချက်အလက် မပြည့်စုံတာတွေ နှိုင်းယှဉ်ချိန်ဆတဲ့အခါ အခက်အခဲ ရှိပါလိမ့်မယ်။
ဥပမာအားဖြင့် ပိုင်ဆိုင်တဲ့ အနေအထား တင်ပြမှုတွေ၊ ဆေးစစ်ချက်ပါဝင်မှု ရှိ မရှိတွေ၊ နောက်ဆုံး အချက်က အသီးသီး အဆိုပြုကြတဲ့အခါ မိမိက ဘယ်ဒေသအတွက် ဘယ်လို အဆိုပြုထားကြောင်း ဖော်ပြလိုက်ပြီး မီဒီယာကနေ ထပ်ဆင့် ဖော်ပြပေးလိုက်တော့ အဲဒီဒေသ အတွက် ယှဉ်ပြိုင်သူချင်း ထိပ်တိုက်တွေ့ကြတဲ့အခါ အချက်အလက်တွေနဲ့ပဲ စစ်ဆေး အကဲဖြတ်ကြတာ ဖြစ်တော့ လို အပ်ချက်ကလေးတွေ ရှိပါတယ်။ ဒီနေရာမှာ မိမိက စေတနာထား အဆိုပြုပါလျက်ဆိုတဲ့ စိတ် အခံမထားဘဲ စေလိုရာစေ ပါတီရဲ့ အကျိုး၊ နိုင်ငံနှင့် ပြည်သူလူထုကိုယ်စား ဆိုပြီး သန္နိဋ္ဌာန်နှင့် စေလိုရာစေ သာဆိုရင် စစ်ဆေးအကဲဖြတ်ပေးသူတွေ အနေနဲ့ လုပ်ဆောင်ရတာ လွယ်ကူပါလိမ့်မယ်။ များသောအားဖြင့် ကျနော်တို့ တိုင်းအလုပ်အမှုဆောင်တွေက စေလိုရာစေ နိုင်ငံအတွက် ပါတီ အတွက် ဦးလည်မသုန် စိတ်ဓာတ်နဲ့ အဆိုပြုလွှာမှာ ရေးသားဖော်ပြခဲ့ကြသူများ ဖြစ်ပါတယ်။
နောက်တခု တင်ပြလိုတာက ကျနော်တို့အားလုံး မြန်မာနိုင်ငံသူ နိုင်ငံသားများ ဖြစ်ပါတယ်။ ရန်သူများလို မကြည့်ချင်လောက်အောင် မုန်းနေကြသူများ မဟုတ်ပါ။ ကမ္ဘာမှာ မြန်မာနိုင်ငံ ဂုဏ်သိက္ခာ ရှိဖို့ အခြားသော နိုင်ငံများနှင့် ယှဉ်လျှင်နိုင်ငံရဲ့ ဂုဏ်သတင်း ကျော်ဇောဖို့ မြန်မာနိုင်ငံသားများ ကြီးပွားတိုးတက်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးနဲ့ ရင်ပေါင်တန်းနိုင်ဖို့ နိုင်ငံသားတွေ ရသင့်ရထိုက်တဲ့ ဒီမိုကရေစီ စံနှုန်းနဲ့ ကိုက်ညီဖို့ ဆောင်ရွက်ပေးရာမှာ မှန်ကန်တဲ့ တူညီသော စိတ်ဓာတ်အခံ ရှိသူအချင်းချင်းလို့ ခံယူထားကြတော့ နိုင်ငံအတွက် အကောင်းဆုံး ဆောင်ရွက် ပေးနိုင်မယ့် ခေါင်းဆောင်ကောင်းကို ကိုယ်စားပြု ရွေးချယ်ပေးခြင်းသာ ဖြစ်တယ်။
အန္တရာယ်ကြီးမား လောက်အောင် မမှန်ကန်သော နည်းလမ်းတွေ၊ လူထုလှည့်စားပြီး မလျော်ကန်တဲ့ ပြည်သူလူထုအပေါ် မက်လုံး ပေး၊ တဒင်္ဂလှည့်ဖြားပေးကမ်းခြင်း တွေနဲ့ ဆွဲဆောင် သိမ်းသွင်းမယ့် အစား၊ မြန်မာတပြည်လုံး ဖွံ့ဖြိုးသာယာဖို့ (ဥပမာ နေပြည်တော် တနေရာတည်း မီးထိန်ထိန်လင်းနေတာထက် မြန်မာနိုင်ငံအနှံ့အပြား တောရောမြို့ပါ မီးရောင် ထိန်လင်းပြီး လျှပ်စစ်အားနဲ့ တိုင်းပြည် တိုးတက်စေဖို့) ဒီလို အမြင်ကျယ်ကျယ်နဲ့ စေတနာထား လုပ်ဆောင်ပေးကြဖို့ အရေးကြီးလှကြောင်း မိမိကိုယ်ကို ပြန်လည် ဝေဖန် သုံးသပ် ကြည့်ဖို့လည်း လိုအပ်ပါလိမ့်မယ်။
အချို့သော မီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ ရင်းနှီးမှု အားနည်းကြောင်း ဝေဖန်ကြသေးတယ်။ အဓိက တင်ပြ လိုတာက ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ တပ်မတော်ရဲ့ ဖခင်ကြီး၊ မြန်မာ့ တပ် မတော် ကို သန္ဓေချ တည်ဆောက်ပေးခဲ့သူရဲ့ သမီးပါ။ သူ့ဖခင်ရဲ့ ပင်မအဖွဲ့အစည်းကြီးမှာ မောင်နှမသားချင်းပမာ ဒေသ အသီးသီး က မျိုးချစ်ရဲဘော်တွေ၊ တပ်သား ရဲဘော်ဟောင်းကြီးများရဲ့ လက်ပေါ်မှာ ကြီးပြင်းခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြည်သူ တွေကြားက ပေါက်ဖွားလာတဲ့ ပြည်သူ့ တပ်မတော်နဲ့ ကင်းကွာနေတဲ့ သဘော သွေးကွဲစကား ဆိုလာသူတွေ သတိထားပါ။
နိုင်ငံတော်ကို ကာကွယ်ပေးတဲ့ ပြည်သူ့ တပ်မတော်နဲ့ နိုင်ငံသူ နိုင်ငံသား အပေါင်းကို လူ့အခွင့်အရေး အပြည့်အဝရစေတဲ့ ဒီမိုကရေစီ စိတ်ဓာတ်နဲ့ ဖြည့်ဆည်းပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခံယူချက်ခြင်း အတူတူ ဘယ်နေရာ ကွာခြားချက်များ ရှိနေပါသလဲ။ ပြည်သူ့ တပ်မတော်ကြီးကို ခုတုံးလုပ်၊ နိုင်ငံ့အပေါ် အနိုင့်အထက်ပြုသူ၊ နိုင်ငံ့သားကောင်း မပီသသူများနဲ့ နှိုင်းယှဉ်ချိန် ထိုး ကြည့်ရင် အဖြေထွက်လာမှာ ဖြစ်ပါတယ်။
ဒီတော့ ၂၀၁၅ နိုဝင်ဘာ ၈ ရက်မှာ ကျနော်တို့ရဲ့မွန်မြတ်ပြီး တန်ဖိုးကြီးမားလှတဲ့ မဲတပြားနဲ့ မှန်မှန်ကန်ကန် ဘယ်သူ့ကို ရွေးချယ်ကြ မလဲ၊ မြန်မာ ပြည်သူလူထုအားလုံး ကိုယ်စီ ပိုင်ခွင့်ရှိတဲ့ မဲတပြားနဲ့ နိုင်ငံတော် ကိုယ်စားပြု အဖွဲ့အစည်း တခုခုကို ရွေးချယ်ရာမှာ မိမိတို့ရဲ့ အနာဂတ် အတွက် ခေါင်းဆောင်ကောင်းကို စနစ်တကျ ရွေးချယ်တတ်ဖို့ အရေးကြီးလှ ပါတယ်။ သျှင်ကြီးဝမ်း သျှင်ငယ် ဝမ်း ဝင်ခဲ့ကြဖူးတဲ့ မြန်မာပြည်သူ အပေါင်း နားလည် သဘောပေါက်ပြီး ဖြစ်ကြောင်း ယုံကြည်ပါတယ်။ ပျော်ရွှင်ဖွယ်သော အနာဂတ်ကို တည်ဆောက်နိုင်ကြပါစေ။ ။
(ဒေါက်တာကျော်သန်းထွန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အမှတ် ၃ မဲဆန္ဒနယ်မြေတွင် အမျိုးသားလွှတ်တော်အတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်ဖြစ်သည်)