အစစအရာရာ ကိုယ့်ဒူးကိုယ်ချွန်မလုပ်ပဲ တပါးသူအပေါ် မှီခိုလာခဲ့ကြတဲ့သူတွေ အရွယ်ရောက်လာကြတာကို မမြင်ချင်အဆုံး တွေ့နေရပါတယ်။ ကလေးငယ်ဘဝမှာတင် နို့သက်ခံစို့တာ မဟုတ်တော့ပဲ အရွယ်ရောက်တဲ့အထိ လူကြီးသူမတွေကို အားကိုးနေကြရတဲ့အဖြစ်တွေ ရှိနေတယ်။ ဒီနေ့ခေတ်မှာ ထမင်းစား ရေချိုးတာက အစ ကျောင်းလိုက်ပို့တာ ဈေးဝယ်သွားတာ အဆုံး နေရာတကာ မိဘတွေကို အားကိုးအားထားပြုလာကြတဲ့ လူငယ်တွေများလာနေတယ်။ အထူးသဖြင့် မြို့ပြတွေမှာ ဒီလိုမြင်ကွင်းမျိုးကို အလွယ်တကူမြင်တွေ့နိုင်ပါတယ်။
စာသင်ကျောင်းတွေမှာ ချိုင့်ကြီးချိုင့်ငယ်နဲ့ ထမင်းလိုက်ကျွေးတာ၊ ကျောင်းနားက အိမ်တွေမှာ ထမင်းစားပွဲဝိုင်း လပေးငှားတာတွေဟာ ကျောင်းသားကိုယ်တိုင်က တောင်းဆိုတာရှိသလို အစိုးရိမ်လွန်တဲ့ မိဘတွေက သားသမီးမတောင်းဆိုရပါပဲ စီစဉ်ပေးကြတာလည်း ရှိတယ်။ မူးယစ်ဆေးဝါး အန္တရာယ်နဲ့ ဂိမ်းဆိုင်တွေရောက်မှာ စိုးတာကြောင့် ထမင်းစားချိန်ထိ
လိုက်ပါစောင့်ရှောက်နေရတဲ့ မိဘတွေလည်းရှိနေပါတယ်။
မိဘတွေက သားသမီးကို လိုအပ်တာထက် အစိုးရိမ်ကြောင့်ကြကြီးမားမှုကြောင့် ကလေးငယ်တွေမှာ တာဝန်ယူတတ်မှု တာဝန်ခံတတ်မှုဆိုတဲ့ အလေ့အကျင့်ကောင်းတွေ ဆုံးရှုံးသွားရပါတယ်။ တက္ကသိုလ်ဝင်တန်းကျောင်းသားတယောက်ရဲ့ ဖခင်ဖြစ်သူ ဦးမော်မော်က သူတို့သားအဖဆက်ဆံရေးကို ယခုလိုပြောပြတယ်။ “အိမ်မှာ မိသားစု ထမင်းစားပြီးရင် သားဖြစ်သူက ထမင်း ဟင်းပန်းကန်တွေ ဆေးရတယ်။ မင်းမဆေးရင် အဖေတို့ အမေတို့ ဆေးရလိမ့်မယ်လို့ပြောထားတယ်။ အိပ်ယာသိမ်း အဝတ်လျှော်တတ်တဲ့အရွယ်က စပြီး သူ့အိပ်ယာ သူသိမ်း သူ့အဝတ်သူလျှော်ရတယ်”။
ဦးမော်မော်က သူဖြတ်သန်းခဲ့ရတဲ့ ငယ်ဘဝတွေကိုလည်း အခုလို ဆက်ပြောတယ်။ “ကျနော်ကျောင်းနေတုန်းကလည်း ကျောင်းသားတပိုင်း တောင်သူတပိုင်း လုပ်ခဲ့ရတာပဲ။ ထယ်ရေးပူရင် ကျောင်းမသွားရပဲ တောသွားခဲ့ရတယ်။ ညီအစ်ကိုတွေ အကုန်လုံး ထမင်းချက်နိုင်တဲ့သူက ချက်၊ တံမြတ်လှဲနိုင်သူက လှဲ၊ ရေခပ်နိုင်သူက ခပ်၊ ဘယ်သူမှ အပါးခိုလို့ မရဘူး”။
အပါးခိုလွန်း အကြောင့်ကြခံလွန်းတာကြောင့် လောကဓံ အဆိုးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပြဿနာတွေ မဖြေရှင်းနိုင်တာတွေလည်း ရှိပါတယ်။ အသက်အရွယ်နဲ့ လျော်ညီတာတွေ ငယ်စဉ်ကတည်းက လူကြီးမိဘတွေက ခိုင်းပေးခဲ့ဖို့ လိုပါတယ်။ ဥပမာ ဖေဖေက ဥယျာဉ်စိုက်ပျိုးနေရင် သားသမီးတွေကို မြေဆွခိုင်းတာ၊ သစ်ရွက်ကြွေတွေ ကောက်ခိုင်းတာ၊ ရေလောင်းခိုင်းတာ စသဖြင့် လုပ်ခိုင်းဖို့ လိုအပ်ပါတယ်။ မေမေ ဟင်းချက်ဖို့ ပြင်ဆင်နေရင်လည်း ဟင်းသီးဟင်းရွက်တွေ နွှင်စေတာ၊ မီးဖိုချောင်ထွက် အမှိုက်တွေကို လွှင့်ပစ်စေတာ၊ဇွန်းတွေ ပန်းကန်တွေ ရေဆေးခိုင်းတာ စသဖြင့် အရွယ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ကိစ္စတွေမှာ ခိုင်းနိုင်ပါတယ်။
ငယ်ရွယ်စဉ်ကတည်းက အပါးခိုပြီး သူတပါးအပေါ် မှီခိုလွန်းတဲ့သူတွေ လုပ်ငန်းခွင်ရောက်ချိန်မှာ အခက်အခဲတွေ့တော့တာပါပဲ။ လုပ်ငန်းခွင်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတဲ့သူတွေ ဖြစ်လာတယ်။ ပြဿနာကြီးငယ်တွေကို ဖြေရှင်းနိုင်စွမ်း မရှိတော့ဘူး။ လူကြီးသူမ ဆရာသမားတွေ အားကိုးယုံကြည် စိတ်ချရတဲ့တပည့် မဖြစ်တော့ဘူး။ အဲဒီလို မဖြစ်အောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုပါတယ်။
ငယ်စဉ်အရွယ်ကျောင်းနေစဉ်မှာ အသင်းအဖွဲ့တွေမှာ ပါဝင်တာ၊ အတန်းခေါင်းဆောင် ရွေးချယ်ခန့်ထားတာ၊ စာသင်ခန်း သန့်ရှင်းရေး လုပ်ရတာ၊ သောက်ရေအိုး ရေဖြည့်ရတာ၊ကျောက်သင်ပုန်းဖျက်ရတာ စတာတွေဟာ လူ့အဖွဲ့စည်းထဲ တိုးဝင်တော့မယ့် လူငယ်တယောက်အတွက် လေ့ကျင့်ပေးတာတွေပါပဲ။ အများနဲ့ လိုက်လျောညီထွေပေါင်းသင်း ဆက်ဆံတတ်ဖို့၊ ကျရာတာဝန် ထမ်းဆောင်တတ်ဖို့၊ ခေါင်းဆောင်ကောင်းကို ရွေးချယ်တတ်ဖို့၊ နောက်လိုက်ကောင်း လုပ်တတ်ဖို့ လေ့ကျင့်ပေးနေတာဖြစ်ပါတယ်။ (အကဲပိုတဲ့ တချို့မိဘတွေကတော့ အိမ်မှာတောင် ဒါမျိုးမခိုင်းဘူးဆိုပြီး ရန်စွယ်ငေါငေါနဲ့ ရန်တွေ့ကြတာလည်း ကြုံတွေ့ရနိုင်ပါတယ်။)
ကျန်းမာရေးဝန်ကြီးဌာန အငြိမ်းစားညွှန်ကြားရေးမှုးချုပ် ဒေါက်တာဦးအောင်မြင့်က သူ့ ငယ်ဘဝကို ယခုလိုပြောပြတယ်။ “ကျနော်တို့ အိမ်ကကျောင်းနဲ့ မဝေးတော့ ထမင်းပြန်စားရတယ်။ ညီအစ်ကိုတွေများတော့ ဟင်းကို ခွဲတမ်းနဲ့ စားရတယ်။ အသားဆိုတတုံး၊ ဟင်းရည်ကတော့ကြိုက်သလောက်သောက်၊ စားပြီး ကိုယ့်ပန်းကန် ကိုယ်ဆေးခဲ့ရတာပဲ” တဲ့။
မြန်မာ့ဆိုရိုးစကားမှာ ခြေမွေးမီးမလောင် လက်မွေးမီးမလောင်ဆိုတာ ရှိတယ်။ ဒီအဆိုကို လက်မခံသူက မန္တလေးမြို့မှာ ဧရာဝတီ နိုင်ငံတကာ ကျောင်းတည်ထောင်ထားသူ ဦးအောင်ကိုလတ် ဖြစ်ပါတယ်။ သူက “ခြေမွေးမီးမလောင် လက်မွေးမီးမလောင်ဆိုတာ ကြွားတာဗျ၊ အလုပ်ကို လက်ကြောမတင်းချင်တာ။ ကျနော့်မှာ သားသမီး ၂ ယောက်ရှိတယ်။ သူတို့နိုင်တဲ့ဝန် သူတို့ ထမ်းကြရတယ်။”
ယခုအခါ မိဘအရွယ်ရောက်နေကြသူအချို့သည်ပင် အကြောင့်ကြခံဘဝနဲ့ ကြီးပြင်းလာကြသူတွေ ရှိတယ်။ မိဘအချို့ ကိုယ်တိုင်က လေ့ကျင့်မှုအမှားနဲ့ ကြီးပြင်းလာကြသူတွေလည်း ရှိတယ်။ မိဘဆရာအချို့မှာလည်း အားနည်းချက်တွေ ရှိနေပါတယ်။ ကိုယ့်ဒူးကိုယ်ချွန်ဖို့ မကြိုးစားတော့ပဲ အမေ့ဒူးကိုသာ ချွန်ဖို့ ကြိုးစားနေသူတွေ၊ ကိုယ်နိုင်တဲ့ဝန်ကိုယ် မထမ်းချင်သူတွေ၊ ယောက္ခမပစ္စည်း ကိုယ့်ပစ္စည်းလို သဘောထားနေသူတွေနဲ့ လူ့အဖွဲ့အစည်းကောင်းအောင် တည်ဆောက်လို့မရနိုင်ပါဘူး။
အလုပ်လုပ်ကြသူတွေမှာသာ ရနိုင်တဲ့ အခွင့်အရေးတွေ ရှိတယ်။ အလုပ်ကို တန်ဖိုးထားတဲ့စိတ်၊ သတ်မှတ်ချိန်မှာ အလုပ်ပြီးမြောက်သွားလို့ ရရှိတဲ့ ပျော်ရွှင်မှု။ အလုပ်လုပ်မှုကြောင့် ကိုယ့်ကိုကိုယ် လေးစားတန်ဖိုးထားမှု စတာတွေက အလုပ်လုပ်သူတွေအတွက်သာ ရရှိနိုင်တာပါ။ ဝေလေလေတွေ၊ တတ်ယောင်ကားတွေ၊ လက်ကြောမတင်းတဲ့ ယောင်ချူးတွေအတွက် အဲဒီအခွင့်အရေး မရနိုင်ပါဘူး။
မိတ်ဆွေတို့ ပါတ်ဝန်းကျင်မှာ ကိုယ့်ဒူးကိုယ်ချွန် မဟုတ်ပဲ အမေ့ဒူးကိုယ်ချွန် အတ္တကြီးသူတွေ ရှိနေနိုင်တယ်။ အရာရာမှာ ကိုယ့်အားကိုယ်ကိုးရကောင်းမှန်းမသိပဲ မင်းလောင်းမျှော်နေသူတွေ ရှိနိုင်ပါတယ်။ သူတို့က အကြောင့်ကြခံစိတ်နဲ့ ကြီးပြင်းလာသူတွေပီပီ အရာရာမှာ နို့သက်ခံ စို့ချင်ကြပါလိမ့်မယ်။ (မဲစာရင်းမှာ ကိုယ့်နာမည် ပါမပါတောင် သွားမကြည့်ချင်ကြလောက်အောင်အထိ အပါးခိုနေကြသူတွေ ရှိနေနိုင်ပါတယ်။) သူတို့ကို အပြစ်တင်မစောလိုက်ပါနဲ့။ အဲဒီလိုလူတွေတွေ့ရင် ကူညီလိုက်ကြပါ။ သူတို့တွေ အပါးခိုတတ်အောင်၊ နို့သက်ခံ စို့တက်အောင်၊ ဘာမှမလုပ်ပဲ မင်းလောင်းမျှော်တတ်အောင် စနစ်တကျ လေ့ကျင့်မွေးထုတ်ပေးခဲ့တဲ့ ပညာရေးစနစ်ကြောင့်လို့သာ ဆိုပါရစေတော့။
(သန်းနိုင်ဦးသည် မန္တလေး အခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်။)