ရွေးကောက်ပွဲအတွက် အရေးပါသော သော့ချက်တခုဖြစ်သည့် မဲစာရင်းသည် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် အဆုံးအဖြတ် ပေးရမည့် ပြည်သူများအတွက် ခြောက်အိမ်မက် ဖြစ်နေဦးမည်ဖြစ်ကြောင်း အားရဖွယ် မရှိသည့် မဲစာရင်း လွဲချော်မှု၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်မခံမှုနှင့် မဲပေးပိုင်ခွင့် ဆုံးရှုံးနိုင်မှုများက ညွှန်ပြနေပြီ ဖြစ်သည်။
အရေအတွက် သန်းနှင့်ချီသော ပြည်ပရောက် မြန်မာနိုင်ငံသားများ မဲပေးခွင့် ရရှိရေးမှာ ရာခိုင်နှုန်းနှင့် အချိုးချလျှင် အားရဖွယ်ရာ လုံးဝမရှိဘဲ ယင်းမဲများသည် မည်သို့ မည်ပုံ ဖြစ်လာမည်နည်းဟူသော မေးခွန်းကလည်း ထွက်ပေါ်နေသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများ မဲပေးလိုသော်လည်း သက်ဆိုင်ရာ သံရုံးများ၏ လှုံ့ဆော် အသိပေးမှု အားနည်းခြင်း၊ မဲပေးလိုသူများ အတွက်လည်း လုပ်ဆောင်ရမည့် အဆင့်များ ရှုပ်ထွေးပြီး ကြိုးနီစနစ် ဆန်နေခြင်း၊ မဲပေးလိုသော်လည်း သံရုံးကတောင်းဆိုသည့် အချက်များကြောင့် မိမိနှင့် မိမိ မိသားစုများ၏ လုံခြုံရေးကို စိုးရိမ်ရခြင်း၊ မိမိပေးလိုသော မဲအတိုင်း အမှန်တကယ် ရောက်ရှိမှုအပေါ် သံသယဝင်ခြင်းတို့က အဓိက အတားအဆီးများ ဖြစ်နေကြသည်။
နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား သန်းနှင့် ချီသည့်တိုင် မဲပေးရန် သံရုံးသို့ လာရောက်ဆက်သွယ်သူ မြန်မာနိုင်ငံသား ၂ သောင်းမပြည့်ပါ။ ဥပမာအားဖြင့် မြန်မာနိုင်ငံသား အမြောက်အများရှိသည့် ထိုင်းနိုင်ငံတွင်ပင် မဲပေးရန် သံရုံးသို့ လျှောက်ထားသူ ၅၀၀ အနက် စိစစ်ချလိုက်ရာ ၂၀၀ ကျော်သာ မဲပေးခွင့်ရသည်။ စင်ကာပူနှင့် ကိုရီးယားရောက် မြန်မာတချို့ကမူ ကိုယ်တိုင်ကိုယ်ကျ မြန်မာနိုင်ငံသို့ စင်းလုံးငှားလေယာဉ်များဖြင့် လာရောက်မဲပေးရန် တာစူနေကြသည်။ ယင်းအချက်ကလည်း သံရုံးမှတဆင့် မဲပေးရခြင်းကို မယုံကြည်ကြောင်း ပြသနေသည်။
မဲပေးရမည့် ပြည်ပရောက် မြန်မာများကသာ မိမိမဲက လိုရာကို ရောက်ပါမည်လောဟု သင်္ကာမကင်း ဖြစ်ကြသည် မဟုတ်ပါ။ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ မဲများကို ကြိုတင်မဲ ပြုလုပ်ပြီး မျက်လှည့်ပြနိုင်မည့် အရေးကိုလည်း နိုင်ငံရေးပါတီများက စိုးရိမ်မကင်းရှိကြောင်း ဧရာဝတီကို ထုတ်ဖော်ပြောဆိုကြသည်။ ဤသည်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားများအရေး မီးမောင်းထိုး ဖော်ပြခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးပြကြီးများတွင် ပြောင်းရွှေ့ အခြေချကြသည့် သန်းနှင့်ချီသော အလုပ်သမား မိသားစုများအရေး မပါသေးပါ။
ဝေဖန်မှုများ ဆက်တိုက်ခံနေရသည့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် အပြီးသတ်မဲစာရင်းမှာ ၃၀ ရာခိုင်နှုန်းသာ မှန်ကန်နိုင်သည်ဟု ထုတ်ဖော်ပြောဆိုလိုက်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်ယူမှု တာဝန်ခံမှုအပေါ် မေးခွန်းထုတ်ခံနေရပြန်သည်။ မဲစာရင်း မှားယွင်းမှုများအတွက် ပြင်ဆင်ရန် ပြည်သူများတွင် တာဝန်ရှိသည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လက်ညှိုးထိုးနေခဲ့သည်။ ယင်းသို့ ပြည်သူအပေါ် ပြစ်တင်ပုံချနေသော်လည်း ၅ ကြိမ်မြောက်သွားပြီဖြစ်သည့် မဲစာရင်းထုတ်ပြန်မှုတွင် မဲဆန္ဒရှင်များက ပြင်ဆင်ရန် ကြိုးပမ်းကြသည့်တိုင် မှားမြဲသာ မှားနေခဲ့သည်ကို တွေ့နေရသည်။ ၂၀၁၀ တွင်တကြိမ်၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် တကြိမ် အခြေခံမဲစာရင်းများ ကောက်ယူပြီး ဖြစ်သည်။ ထို့အပြင် သန်းခေါင်စာရင်းများလည်း ကောက်ခံထားပြီး ဖြစ်သည့်တိုင် မဲစာရင်း အကြီးအကျယ် ကွာဟနေသည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်သာ ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများကလည်း ဝေဖန်ထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား ၂၅ ရာခိုင်နှုန်းဖြင့် လွှတ်တော်တွင် အသာစီး ယူထားမှု၊ အတိုက်အခံပါတီများအတွက် ရွေးကောက်ပွဲ ရာခိုင်နှုန်းများစွာ အောင်နိုင်ရန် လိုအပ်နေမှု၊ ဗိုလ်ချုပ်ဟောင်းများနှင့် ယခင်စစ်အစိုးရလက်ထက် ပုဂ္ဂိုလ်များ လွှမ်းမိုးထားသည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၊ မဲပေးခွင့်ဆုံရှုံးသူများနှင့် ဝှက်ဖဲဖြစ်နေသည့် ကြိုတင်မဲများသည် “လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ” ဖြစ်လာနိုင်ပါမည်လောဟူသော အချက်ကို ပုစ္ဆာထုတ်နေဆဲ ဖြစ်ပါသည်။ ယင်းမရေမရာ အခြေအနေသည် ယနေ့ကာလမှသည် ရွေးကောက်ပွဲ အထိသာမက ရွေးကောက်ပွဲလွန်ကာလအထိပါ စောင့်ကြည့် အဖြေထုတ်ရမည့် ခြောက်အိပ်မက် တခုဖြစ်နေဆဲပင်။