လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင် အမျိုးသားပါတီ (ANP) မှ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၇၆ ဦးထဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၄ ဦး အနက် အမ်းနှင့် ရမ်းဗြဲကျွန်း ၂ မြို့ နယ်ပေါင်း မဲဆန္ဒနယ်၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရခိုင် အမျိုးသမီး ဒေါ်ထုမေ လည်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ဒေါ်ထုမေသည် Scholar Institute နှင့် Arakkha Foundation တို့တွင် အင်္ဂလိပ်စာနှင့် နိုင်ငံရေး၊ အမျိုးသမီး ခေါင်းဆောင်မှု သင်တန်းများ သင်ကြားပြသနေသည့် ပြင်ပ ဆရာမတဦးအဖြစ်မှ ရပ်နားပြီး ရွေးကောက်ပွဲ ဝင်မည့်သူ ဖြစ်သည်။
အသက် ၃၆ နှစ်အရွယ် မထုမေသည် နိုင်ငံရေးတွင် လွန်ခဲ့သည့် ဆယ်စုနှစ်တခုအတွင်းက ပါဝင်လှုပ်ရှားခဲ့သည်။ ရခိုင်အမျိုးသားပါတီအဖြစ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ပူးပေါင်းလိုက်သော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ပြိုင်ဖူးသည့် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တွင် လူငယ် ခေါင်းဆောင်တဦး အဖြစ် ပါဝင်ခဲ့သည်။ ရခိုင်နိုင်ငံရေးပါတီ နှစ်ခု ပူးပေါင်းပြီးနောက် ဒေါ်ထုမေသည် ရခိုင် အမျိုးသားပါတီ၏ ရန်ကုန်တိုင်း အလုပ်အမှုဆောင် တဦးလည်း ဖြစ်သည်။
ဒေါ်ထုမေသည် ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် အမေရိကန် သမ္မတဟောင်း ဂျော့ဂျ်ဒဗလျူ ဘုရှ်စင်တာမှ စီစဉ်သည့် Liberty and Leadership Forum ကို တက်ရောက်ခဲ့သည့် မြန်မာပြည်မှ လူငယ်ခေါင်းဆောင် ၁၈ ဦးထဲမှ တဦးလည်း ဖြစ်သည်။ ရမ်းဗြဲမြို့ ကျောက်တော်ရွာတွင် မွေးဖွားခဲ့သည့်အတွက် မွေးရပ်ဇာတိ ရမ်းဗြဲကို ကိုယ်စားပြု ယှဉ်ပြိုင်မည့် ဒေါ်ထုမေကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ငြိမ်းငြိမ်းက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဘာကြောင့် ဆုံးဖြတ်ဖြစ်တာလဲ။
ဖြေ ။ ။ ၂၀၁၅ မှာ ဝင်ရောက် ယှဉ်ပြိုင်တာကတော့ ကျမတို့၊ အထူးသဖြင့် တိုင်းရင်းသား လူငယ်များရဲ့ အခွင့်အရေးများ၊ လူငယ်များရဲ့ ပညာသင်ခွင့် အခွင့်အရေးများ၊ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း၊ တိုင်းရင်းသားများ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ တိုင်းရင်းသား အခွင့်အရေးတွေအတွက် တခြား တိုင်းရင်း သားတွေနဲ့အတူ အမျိုးသား လွှတ်တော်မှာ တောင်းဆိုသွားဖို့၊ အနိ္တမ ရည်မှန်းချက် ဖြစ်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီစနစ် မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာစေဖို့၊ တိုင်းရင်းသားများအကြား တန်းတူညီမျှရေး ပေါ်ပေါက်လာဖို့နဲ့ ဒီမိုကရေစီ ထွန်းကားရေးပေါ့။ ဒါတွေက ကိုယ်တို့ ငယ်ငယ်ကတည်းက စစ်အုပ်ချုပ်ရေးအောက်မှာ ကြီးပြင်းလာရတဲ့ အခါကျတော့ ဒီစနစ်တွေကို မသင်ခဲ့ရ၊ မလေ့လာခဲ့ရဘူး။ ဒီစနစ်တွေအောက်မှာ မကြီး ပြင်းခဲ့ရဘူး။ ဒါကြောင့်မို့ ကျမတို့ရဲ့ နောက်လာမယ့် မျိုးဆက်သစ်တွေ ကမ္ဘာမှာ နောက်ကျ မနေခဲ့ရအောင် နိုင်ငံသား တယောက်ချင်းစီရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ပေးထားတဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးမှ ဒီဖယ်ဒရယ် စနစ်ပေါ်ပေါက်မှ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဖံွဖြိုးတိုးတက်ရေးကို အထောက်အကူပြုမယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့် ၂၀၁၅ မှာ ကိုယ့်ရဲ့ မွေးရပ်မြေ ရမ်းဗြဲကနေ အမ်းနဲ့ ၂ မြို့နယ်ပေါင်းမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ရခြင်း ဖြစ်ပါတယ်။
မေး ။ ။ နိုင်ငံရေးမှာရော ပါတီမှာရော ဘယ်တုန်းတည်းက ပါဝင်လှုပ်ရှားခဲ့တာလဲ။
ဖြေ ။ ။ နိုင်ငံရေးလောကကို ၂၀၀၆ -၂၀၀၇ လောက် ကတည်းက ရခိုင် ခေါင်းဆောင် ဦးအေးသာအောင် တို့ရဲ့ ALD မှာ လူငယ်တဦး အနေနဲ့ စပါဝင်လာခဲ့တယ်။ အဲဒီတုန်းက ပွင့်ပွင့်လင်းလင်း နိုင်ငံရေး လှုပ်ရှားမှုတွေတော့ မရှိခဲ့ဘူး။ ၂၀၀၈ ခုနှစ်မှာ ကျမတို့ နိုင်ငံရေး အသိစိတ်ဓာတ်တွေကို ရခိုင်လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂလိပ်စာ သင်ကြားရေး စင်တာတခု ဖြစ်တဲ့ Scholar Institute မှာ စာသင်ရင်းနဲ့ ဒါတွေကို လေ့လာခဲ့ရတယ်။ ကိုယ်လေ့လာသမျှကို လူငယ်တွေကို ပြန်မျှဝေခဲ့တယ်။ နောက်ပိုင်း လူငယ် အမျိုးသမီး ခေါင်းဆောင်တဦး အနေနဲ့ ပါဝင်ခဲ့တယ်။
မေး ။ ။ အမ်းမြို့နယ်ကိုလည်း ကိုယ်စားပြု ပြိုင်မှာဆိုတော့ အစိုးရ အုပ်ချုပ်ရေး ယန္တရား အခြေစိုက်တဲ့မြို့မှာ စစ်တပ်နောက်ခံရှိတဲ့ တခြား ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ရမယ့်အပေါ် ဘယ်လို စိန်ခေါ်မှုတွေ တွေ့ရလဲ။
ဖြေ ။ ။ ပထမ စိန်ခေါ်မှုကတော့ ကိုယ့်ရဲ့ မွေးရပ်မြေ ရမ်းဗြဲမှာက ကျေးလက်လူထု များတယ်။ အမျိုးသမီး တယောက်အနေနဲ့ ရင်ဆိုင်ရမှာတွေကို အကောင်းဆုံး ကြိုးစားသွားဖို့ ရှိပါတယ်။ မဲဆန္ဒနယ် သတ်မှတ်တဲ့ နေရာက ရမ်းဗြဲနဲ့ အမ်းဆို ကျောက်ဖြူမြို့နယ်ကို ဖြတ်ပြီး အစည်းအဝေးတွေ သွားရတယ်။ ခွပြီး သွားရတဲ့ လမ်းပန်း ဆက်သွယ်ရေးကြောင့်မို့ အချိန်တွေ ပိုပေးရတယ်။ စည်းရုံးရေး ခရီးအတွက် ကြန့်ကြာစေတယ်။ နောက် ရခိုင်ပြည်နယ်မှာ ရှိကြတဲ့ NLD နဲ့ USDP လို ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါ ပါတီကြီးတွေရဲ့ နှစ်ပေါင်းများစွာ ပြည်သူလူထုအပေါ် လွှမ်းမိုးမှု၊ ငွေရေးကြေးရေး သုံးစွဲနိုင်မှု၊ အစိုးရ ရာထူးယူခဲ့ကြပြီး ယူနေဆဲ လူတွေပါနေတယ်။ ကျမနဲ့ ပြိုင်မယ့်အထဲ (ကြံ့ခိုင်ရေးပါတီ ထဲကဆို) ဒု ဝန်ကြီး (ဟောင်း) လို လူမျိုးတွေ ပါလာတယ်။ ဒါတွေက အသက်ငယ် အမျိုးသမီး တယောက်အတွက် စိန်ခေါ်မှုတွေပါပဲ။
ကျမ ပြိုင်ဘက်တွေကတော့ ငါးဆယ်ကျော်တွေ ပင်စင်ယူထားတဲ့ အရာရှိတွေပါ။ တဖက်မှာ အဲဒီ စိန်ခေါ် မှုကတဆင့် ကျမ ပြည်သူလူထုကို ယုံတယ်။ ပြည်သူလူထုက အပြောင်းအလဲကို လိုချင်တော့ အထူးသဖြင့် ကျမတို့ ပါတီ မူဝါဒတွေကို လေ့လာလို့ရှိရင် ပြည်သူလူထု ပိုပြီးတော့ ကွက်ကွက်ကွင်းကွင်း မြင်ပါလိမ့်မယ်။ ကျမတို့ တိုင်းရင်းသားများသည် ဖယ်ဒရယ်ကို အစဉ် ဦးတည်နေတယ်။ ဒါတွေ ပြည်သူလူထု သိဖို့ လိုအပ်တယ်။ ကျမတို့ကလည်း သိအောင်ကြိုးစားပြီး ဒီစိန်ခေါ်မှုတွေ ရှိနေပေမယ့် ယုံကြည်ချက်ကလည်း တဖက်မှာ ပြင်းထန်နေတာပေါ့နော်။
မေး ။ ။ ရခိုင်အမျိုးသားပါတီကနေ ဝင်အရွေးခံမယ့် အမျိုးသမီး ကိုယ်စားလှယ် အရေအတွက်က နည်းတယ်လို့ ပြောလို့ရတယ်။ လူမှုအသိုင်းအဝိုင်းထဲက အမျိုးသမီးတွေရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု ဘယ်လောက် တွေ့ရပါသလဲ။
ဖြေ ။ ။ အမျိုးသမီးတွေရယ်လို့မှ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာက လူငယ်တွေမှာလည်း နိုင်ငံရေးနဲ့ ဆိုလိုက်တာနဲ့ ထောင်ကို တန်းမြင်ကြတယ်။ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်ဖို့ ကြောက်ကြတယ်။ ကျောင်းသားတွေ ပညာရေးအတွက် လှုပ်ရှားတာတောင် နိုင်ငံရေးလို့ မြင်လာကြတယ်။ အဲဒါက စစ်အုပ်ချုပ်ရေး ခေတ်စနစ် တခုအောက်မှာ အချိန် အကြာကြီး နေခဲ့ရတော့ နိုင်ငံရေးမှာ ပါဝင်ဖို့ လူငယ် တော်တော်များများက ကြောက်ကြတယ်ရှင့်။ မိဘတွေကလည်း နိုင်ငံရေးကို ကြောက်စရာအဖြစ် သင်ပြကြတာ များတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဘာပဲပြောပြော ၂၀၁၀ က စပြီးတော့ ကျမတို့နိုင်ငံမှာ ပါလီမန် ပေါ်ပေါက်လာတယ်။ သမ္မတ ပေါ်ပေါက်လာတယ်။ ဒီမိုကရေစီစနစ်ကို တွင်တွင်ကျယ်ကျယ် ပြောဆိုလာတယ်။ အမျိုးသမီးတွေ ပါဝင်လာရေး တစိတ်တဒေသ ဆောင်ရွက်တာတွေ ရှိတယ်။ ပြင်ဆင်မှုအနေနဲ့ အမျိုးသမီးတွေ ခေါင်းဆောင်မှု သင်တန်းပေးပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ဆုံးဖြတ်ချက်ချတဲ့ နေရာကနေ ပါဝင်လာအောင် အင်တိုက်အားတိုက် အမျိုးသမီး လူငယ်များအနေနဲ့ ကြိုးစားဖို့လည်း လိုအပ်တယ်။
အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ ဒီမိုကရေစီ အပြောင်းအလဲမှာ ပါဝင်လာရမယ်။ အမျိုးသမီးတွေ ပါဝင်လာအောင် ကြိုးစားတာကတော့ လူဦးရေ ထက်ဝက်က အမျိုးသမီးတွေ ဖြစ်တယ်။ အမျိုးသမီးများရဲ့ ကိုယ်စားပြုမှု မပါလို့ရှိရင် နိုင်ငံရဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မပါဝင်လို့ရှိရင် ဒီမိုကရေစီ နှောင့်နှေးနိုင်တယ်။ တစုံတရာ လိုအပ်ချက်တွေ ရှိလာနိုင်တယ်။ အမျိုးသမီးတွေ ကိုယ်တိုင် စွမ်းရည် (Capacity) မြှင့်ဖို့ လိုအပ်သလို ဒီ Capacity မြင့်လာမှသာ ကိုယ့်လူထုက၊ ပတ်ဝန်းကျင်က အမျိုးသမီးတွေကို ယုံကြည်ပြီး ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ လိုလိုလားလား လက်ခံလာမှာ ဖြစ်တယ်။
မေး ။ ။ ကျေးလက်ဒေသမှာ အစ်မတို့ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒပြုခြင်းဆိုင်ရာတွေနဲ့ ပတ်သက်လို့ ဘယ်လို ပညာပေးမှုတွေ လုပ်နေပါလဲ။ လူထုကရော ရွေးကောက်ပွဲအပေါ် ဘယ်လောက် စိတ်ဝင်စားကြပါသလဲ။
ဖြေ ။ ။ ပါတီအနေနဲ့ကျတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ ကျေးလက်ဒေသမှာ မဲဘယ်လို ပေးရမလဲဆိုတဲ့ Voter Education နဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ စိတ်ဝင်စားမှု အနေနဲ့ကတော့ ပြီးခဲ့တဲ့ ဒုတိယအပတ်က ရေဘေး ကယ်ဆယ်ရေးသွားရင်းနဲ့ ရွာပေါင်း ၁၂ ရွာ လောက်ကို ရောက်ခဲ့တယ်။ စိတ်ဝင်စားမှုကတော့ ၁၀၀ ရာခိုင်နှုန်း၊ သူတို့ မပြောဆိုနိုင်သည့်တိုင် တော်တော်များတယ်။ ဟိုတုန်းကတော့ ဒီလိုပွဲမျိုးတွေဆို အမျိုးသမီးတွေ မတက်ကြဘူးဆိုပြီး ရပ်ရွာ လူကြီးတွေက ပြောကြတယ်။ ကျမက လူငယ် အမျိုးသမီးအဖြစ် ရွေးကောက်ပွဲမှာ ပါဝင်လာခြင်းက ရပ်ရွာက အမျိုးသမီးတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားလာအောင် တဖက်က ပံ့ပိုးပေးတာပေါ့နော်။
ကျမတို့ အင်တိုက် အားတိုက် အုံလိုက်ကျင်းလိုက် လုပ်တာ မရှိပေမယ့် လောလောဆယ် ရွေးကောက်ပွဲ ဝင်မယ့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပြည်သူနဲ့ တွေဆုံမှုတွေ၊ အထူးသဖြင့် ဘယ်လို မဲပေးရမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အဆင့်ကနေပြီးတော့ ANP က လုပ်ကြတာ တွေရှိတယ်။ ကျမတို့ ပိုပြီး ဒီထက်တိုးတက်အောင် လုပ်ဖို့ဟာ လိုအပ်သေးတယ်။ ကျမတို့ဆီမှာ အမတ်လောင်း ဘယ်လောက် ဝင်ပြိုင်မယ်၊ ကိုယ်ဘယ်လို မဲပေးရမယ်၊ မဲရုံမှာ ဘယ်သူ ရှိနေမယ်ဆိုတာကအစ ပြည်သူလူထု သိရှိဖို့ တော့်တော့်ကို လိုပါသေးတယ်။ ဒါကြောင့် အင်တိုက်အားတိုက် လုပ်ဖို့ လိုအပ်သေးတယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ ရွေးကောက်ပွဲဝင်ဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် လက်ရှိ ဝန်ကြီးတွေ နုတ်ထွက်ပြီး ပြင်ဆင်နေကြတဲ့ အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ဝန်ကြီးတွေက သူတို့နေရာတွေက ထွက်ပြီး ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်တာကို အပြုသဘော မြင်ပါတယ်။ ပြည်သူတွေကို ကိုယ်စားပြုတယ်ဆိုရင် သမ္မတရယ်၊ ဝန်ကြီးရယ် မလိုပါဘူး။ ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်းပါပဲ။ ဒါက ကြီးကြီးမားမား မဟုတ်ပေမယ့် တချို့ ပြည်သူတွေကတော့ သူတို့ စိုးရိမ်နေတာတွေ ရှိတယ်။ ဥပမာ ကျမကို အားပေးတဲ့သူတွေဆိုရင် ကျမ ဝန်ကြီးဟောင်းတွေနဲ့ ပြိုင်ရမှာကို သူတို့ ကိုယ်တိုင် စိုးရိမ်နေကြတာရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့က ပါတီကြီးတွေ ဖြစ်တယ်။ ငွေရေးကြေးရေး သုံးနိုင်ကြတယ်။ ကျမ ပုဂ္ဂလိက အမြင်ကတော့ ပြည်သူ့ ကိုယ်စားလှယ် ဖြစ်မယ်ဆိုရင် သူတို့ထမ်းဆောင်ခဲ့တဲ့ ရာထူးထက် သင်ဆိုင်ရာနေရာက ဝင်ရောက် ယှဉ်ပြိုင်ရမှာသာ ဖြစ်ပါတယ်။
ဒါသည်ပင်လျှင် ဒီမိုကရေစီကို လေ့ကျင့်ရေးလုပ်တဲ့ သဘောပေါ့။ သူတို့ ထမ်းဆောင်ခဲ့တဲ့ ရာထူးတွေက ကြီးတဲ့အခါကျတော့ ပြည်သူလူထုအပေါ် လွှမ်းမိုးနိုင်မလားဆိုတာ စိုးရိမ်ကြတဲ့လူတွေ ကျမဆီ ဖုန်းဆက်မေးတာ ရှိတယ်။ ကျမယုံကြည်တာကတော့ သူတို့မဲပေးမယ့် ပါတီရဲ့ မူဝါဒသည် သူတို့ ရေရှည် အကျိုးစီးပွားကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မယ့် မူဝါဒမျိုးလဲ ဘယ်ပါတီမှာ ရှိမလဲဆိုတာ ပြည်သူလူထု သိရင်တော့ ဝန်ကြီးချုပ်ရယ်၊ ဝန်ကြီးရယ်လို့ ကြောက်စရာမလိုပါဘူး။
မေး ။ ။ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေအပေါ် ဘယ်လောက်ထိ ယုံကြည်မှု ရှိပါသလဲ။
ဖြေ ။ ။ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကိုယ်တိုင်က လွတ်လပ် တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲကို လိုလားကြတယ်။ နိုင်ငံ အပြောင်းအလဲကို လိုလားကြတယ်။ ကျမတို့ သူတို့အပေါ် ယုံကြည်ပါတယ်။ သူတို့လည်း နိုင်ငံကို ပြောင်းချင်မှာပဲ။ ကျမတို့ ပြောင်းချင်တယ်။ တစုံတရာ လွှမ်းမိုးပြီး တစုံတယောက်က ဒါလုပ်ရမယ်လို့ မခိုင်းဘူး။ မကိုင်တွယ်ဘူးဆိုရင် သူတို့လည်း နိုင်ငံကို ပြောင်းချင်တဲ့အတွက် ပြည်သူလူထု ဆန္ဒကို သူတို့လည်း လေးစားမှာပဲ။ အခုလက်ရှိ ကျေးလက်၊ မြို့နယ်နဲ့ ခရိုင်အဆင့် ရွေးကောက်ပွဲ ကော်မရှင်တွေအနေနဲ့ ကျမတို့အပေါ် တစုံတရာ ဘာမှ လွှမ်းမိုးတာ ခြိမ်းခြောက်မှု ဖြစ်မယ်တော့ မထင်ပါဘူး။
၂၀၁၅ သည် မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲဆိုတာ သူတို့လည်း နားလည်မှာပါ။ ပြည်သူတွေ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခတွေနဲ့ လိုအပ်ချက်တွေ အများကြီး ရှိခဲ့တယ် ဆိုတာလည်း ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေ သိမှာပါပဲ။ ကော်မရှင်က ပြောထားတဲ့အတိုင်း Free and fair ရွေးကောက်ပွဲကို သူတို့ကိုယ်တိုင် ပါဝင်ဆင်နွဲှမယ်လို့ ယုံကြည်ရပါတယ်။