၂၀၁၅ ရွေးကောက်ပွဲသည် မည်သို့ ဖြစ်လာမည်ကို ခန့်မှန်းရန် ခက်နေပြီး အရေးအကြီးဆုံး မျက်နှာစာအဖြစ် မဲဆန္ဒရှင်စာရင်း စာရင်းသွင်းခြင်း ဇာတ်လမ်းရှည်ကြီးက တခန်းပြီး တခန်း လည်လာလျက် ရှိပေသည်။
မြန်မာ့ရွေးကောက်ပွဲ ဥပဒေသည် အကျဉ်းသားများ၊ သာသနာ့နွယ်ဝင်များ၊ စိတ်ပေါ့သွပ် သူများ နှင့် လူမွဲအဖြစ် ခံယူထားသူများကိုသာ မဲပေးခွင့် ပိတ်ပင်ထားသည်။ သို့ပါသော် ထိုသို့ လုပ်ထားရုံမျှဖြင့် မြန်မာ့နိုင်ငံသား တစ်ဦး၏ မဲပေးပိုင်ခွင့်ကို အာမခံပေးနိုင်သည်တော့ မဟုတ်ပေ။
မဲဆန္ဒရှင် စာရင်းကို စုစည်းဖော်ပြရသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) သည် ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ရွာမှ မဲပေးနိုင်သော မဲဆန္ဒရှင်များကို ထုတ်ဖော်စာရင်းပြုစုရကာ၊ မဲဆန္ဒနယ်တွင် ခြောက်လဆက်တိုက် မနေထားခြင်း၊ သို့မဟုတ် ကွယ်လွန်ခြင်းကဲ့သို့ မဲမပေးနိုင်တော့ သည့် အခြေအနေတွင် ရှိခြင်း စသည့် အကြောင်းရင်း ခပ်နည်းနည်းထဲမှ တစ်ခုခုဖြင့် ငြိနေသဖြင့် မဲပေးခွင့် မရသူတို့ကို ကောက်နုတ် ဖယ်ရှားရသည်။
အမှားအယွင်း တစိုးတစိမှ မပါသော မဲဆန္ဒရှင်စာရင်းကို စုစည်းရသော လုပ်ငန်းစဉ်သည် အိမ်ထောင်စုမှတ်ပုံတင် စာရင်းများ တိကျမှုပေါ် များစွာ မူတည်နေပြီး၊ ဒေသခံ အုပ်ချုပ်ရေး ရုံးများတွင် ရှိသော ယင်းအချက်အလက် စာအုပ်များသည် အချက်အလက်များ နောက်ဆုံးရမဟုတ်ခြင်း၊ ပျောက်နေခြင်း၊ မှားနေခြင်း စသည်တို့ ရှိနေကြောင်း မဲပေးကြမည့် ပြည်သူများ ပြီးခဲ့သည့် လများအတွင်းက တွေ့ရှိခဲ့ရပြီး ဖြစ်ပေသည်။
ပြီးခဲ့သည့် မတ်လက ပဏာမအဖြစ် မဲဆန္ဒရှင်စာရင်းများကို လူထုထံချပြခဲ့စဉ်ကတည်းက အမှားတွေ တက်လာမည်ကို သိထားသည်ဟု ရွေးကောက်ပွဲကော်မရှင် အရာရှိများက ဆိုသည်။ ရွေးကောက်ပွဲ မတိုင်ခင် ဆိုခဲ့ပါ အမှားများကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သော အစီအစဉ်များ ပြင်ဆင်ထားသည်ဟု ၎င်းတို့က ပြောကြသည်။
ပဏာမ မဲဆန္ဒရှင်စာရင်းကို နိုင်ငံတဝှမ်းနေရာလေးခုတွင် ထုတ်ပြန်ကြေညာခဲ့ရာတွင် မတိကျမှု ပမာဏ၊ အမှားအယွင်း အချက်ပါဝင်မှု ပမာဏများက အချို့ရပ်ကွက်များတွင် ၈၀ ရာခိုင်နူန်းလောက်ထိ ရှိကြောင်း အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပိုင်ပြောဆိုထားသည်။
ထိုနေရာလေးခုမှ မဲပေးခွင့်ရှိကြသူများ အနေဖြင့် မဲစာရင်းကို ကြည့်ရှုရန် သီတင်းပတ် ၂ ပတ် အချိန်ရပြီး လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ရသည်။ သို့သော် ဝေဖန်ခံရမှုများ များလာပါသည်။ သို့ဖြင့် ရွေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒနယ် အကုန်လုံးမဟုတ်ဘဲ အချို့နေရာများတွင် မဲစာရင်းများကို ပြည်သူကို ချပြသည့် ကာလကို အကန့်အသတ်မရှိ ရက်တိုးလိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
စိုးရိမ်မှုများ
လူတပုံတခေါင်းကြီး မဲပေးပိုင်ခွင့် ဆုံးရှုံးခြင်း သို့မဟုတ် မဲစာရင်း မတိကျမမှန်ကန်မှုကို အသုံးချကာ မဲစာရင်းကို လိမ်ခြင်း စသည်တို့ ဖြစ်လာမည်ကို စိုးရိမ်ကြသည်။ ပြီးခဲ့သည့် လပိုင်းက စခဲ့သည့် နေရာအနှံ့ ရေကြီးမှုများကလည်း ရေဘေးသင့်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုမှ ရွေးကောက်ပွဲ ဆပ်ကော်မရှင်အဖွဲ့များကို ခေါင်းခဲစေခဲ့ပြီး အချို့နေရာများတွင် ကော်မရှင်ရုံးများပင် ရေမြုပ်သောကြောင့် ပြန်လည်ပြင်ဆင်ရေး စာရွက်စာတမ်းများ လက်ခံရေး စသည့် ထောက်ပို့ဆိုင်ရာ ပြဿနာများ ကြုံခဲ့ရပေသည်။
မဲပေးမည့် ပြည်သူကိုယ်တိုင်က တာဝန်ယူ လုပ်ဆောင်ရမည့် မဲစာရင်း တိကျမှု ရှိမရှိကို အများသူငါ လာရောက်စစ်ဆေးရန် စိတ်ဝင်စားမှု နည်းသွားခြင်းက ထပ်လောင်း စိုးရိမ်ဖွယ် ဖြစ်လာစေသည်။ နောက်ထပ် ကန့်ကွက်သံ ညံလာသည့် အကြောင်းတစ်ခုက ရွေးကောက်ပွဲ ကော်မရှင် ထိပ်ပိုင်းများက အမှန်အကန်တွေ ပြောနေပါသော်ငြား ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်များ မဲစာရင်း ဇာတ်မျောကြီး ဖြစ်နေစဉ်မှာ အဆင်ပြေအောင် ကြိုးစားမှုက အပေါ်က ပုဂ္ဂိုလ်များလောက် မရှိကြခြင်း ဖြစ်သည်။
အခြေအနေကို ပြင်ဆင်ကြရန် အဆိုပြုလာသည့် အစီအစဉ်များတွင် မဲစာရင်းများ ပြည်သူကို ပြထားသည့် ကာလအား တိုးမြှင့်ခြင်းမှသည် မဲပေးသည့်နေ့ကို နောက်ဆုတ်ခြင်းအထိ ပါဝင်လာသည်။ မဲစာရင်းများ ရွေးကောက်ပွဲ နေ့တွင် မှန်မှန်ကန်ကန်တက်လာမည်ဆိုပါက နောင်ခြောက်လလောက်အထိ ရွေးကောက်ပွဲကို နောက်ဆုတ်လျှင်လည်း ၎င်း၏ ပါတီ အနေဖြင့် အဆင်ပြေပါကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။ နောက်ဆုံးတွင် ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ အရပ်ဘက် လူ့အဖွဲ့ အစည်းများမှ တင်ပြလာသော အကြံဉာဏ်များကို ပယ်သည်များကိုလည်း ပယ်ကာ အချို့ကို လက်ခံပြီး အလယ် အလတ်နည်းလမ်းတစ်ခု ကျင့်သုံးလာခဲ့သည်။
တိုးတက်သည့်အမြင်ရှိသော ရှေ့ဆောင်လုပ်ရပ်တစ်ခုအဖြစ် ကော်မရှင်သည် အင်တာနက်ဝက်ဆိုက်တစ်ခု တည်ထောင်ခဲ့ကာ မဲဆန္ဒရှင်များက ၎င်းတို့အမည်ကို အချက်အလက်သိုမှီးရာ ကွန်ပြူတာစနစ်ထဲ ရိုက်ထည့် လိုက်ပြီး အချက်အလက်များ မှန်မမှန်ကို ရှာဖွေခြင်း စနစ်ဖြစ်သည်။ တစ်တိုင်းပြည်လုံး နေရာအများဆုံး အင်တာနက် မသုံးနိုင်ကြသော အခြေအနေတွင် ထိုနည်းသည် အမှားပြင်ဆင်ရန် တစ်ခုသော နည်းဖြစ်ကာ ကိုယ့်နာမည်တွေ့ပြီး အမှားပါဝင်ပါက ဒေသခံကော်မရှင်ရုံးသို့ သွားကာ ပြင်ဆင်ရခြင်းသည်သာလျှင် မှန်ကန်သော မဲဆန္ဒရှင် စာရင်းဖြစ်စေရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေပေတော့သည်။
ပါဝင်ပတ်သက်နေသူ stakeholders များ၏ စိုးရိမ်ချက်ကို နောက်ဆုံး ဖြေလျော့ကူညီပေးချက်အဖြစ် စားလုံးပေါင်းမှားခြင်း၊ မွေးသက္ကရာဇ်နေ့စွဲ မှားခြင်းတို့ကြောင့် မဲပေးခွင့်မဆုံးရှုံးရစေရေးအတွက် ရွေးကောက်ပွဲ နေ့တွင် မဲဆန္ဒရှင်၏ နာမည် စာရင်းတွင် ပါရန်သာ လိုသည်ဟု ကော်မရှင်က ပြောကြားထားသည်။ ရွေးကောက်ပွဲ ကော်မရှင်သည် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင် ယခုလအတွင်း နောက်ဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင်များ စာရင်းကို ကြေညာ ဖော်ပြထားပြီး မဲဆန္ဒရှင်များအတွက် သီတင်းပတ် ၂ပတ်အချိန်ရကာ သွားရောက်ပြင်ဆင်နိုင်မည် ဖြစ်သည်။
မဲဆန္ဒရှင်စာရင်းများ မမှန်ကန်သဖြင့် ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်မှုများ တောင်လိုပုံနေသော်လည်း ကော်မရှင်သည် ပြည်သူများ မဲစာရင်းသွားစစ်ကြရန် အစိုးရသတင်းစာများတွင် သတိပေးခြင်း၊ အစိုးရ ရုပ်သံ အစီအစဉ်များတွင် ကြေညာခြင်း၊ မဲစာရင်းမမှန်ကန် ခြင်းများကို မည်သို့ ပြင်ဆင်နိုင်သည်ကို ဘာသာစကား တစ်ဒါဇင်ကျော်ဖြင့် ပိုစတာများ ရိုက်နှိပ်ဖြန့်ချီခြင်း တို့ပြုလုပ်ကာ ဟောလိဝုဒ်မင်းသမီးချော အိန်ဂျလီနာဂျိုလီ မြန်မာနိုင်ငံသို့ ရောက်လာစဉ်အတွင်း ယင်းကိစ္စကို လူထုစိတ်ဝင်စားမှု ရရှိအောင် ပြုလုပ်ခြင်းတို့ပင် ဆောင်ရွက်ခဲ့ပါသည်။
မည်သို့ပင် ဖြစ်စေ မဲစာရင်းတွင် ကိုယ့်နာမည်မပါခြင်းကြောင့် မဲလာပေးမည့်သူများ လှည့်ပြန်သွားသည့် ဖြစ်စဉ် ဖြစ်နိုင်ချေရှိပေရာ ယင်းသို့ ပညာပေးအစီအစဉ်များ ထိရောက်မှု ရှိမရှိက ရွေးကောက်ပွဲနေ့အထိ မသိနိုင်ပါပေ။
ဘာကိုမြင်ရနိုင်သနည်းဟု ဆိုရသော် ယင်းကိန်းဂဏန်းများသည် ရွေးကောက်ပွဲ ဂုဏ်သိက္ခာရှိမှုကို တိုင်းတာမည့် ရေဒါတွင် သမိုင်းဆိုင်ရာ မှတ်တမ်းတစ်ခုအဖြစ် ကျန်ခဲ့မည်ဖြစ်ကာ သို့မဟုတ်လျှင် ရွေးကောက်ပွဲအလွန်တွင် စစ်ဆေးခံရခြင်း ၊ ဝေဖန်ခံရခြင်းတို့ ဖြစ်လာနိုင်သည်။