အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံဥပဒေနှင့် နိုင်ငံရေးတွင် တပ်မတော်ပါဝင်ရေး မိုဒယ်ပုံစံကို မြန်မာစစ်ဗိုလ်ချုပ်များ အတုခိုးကော်ပီကူးခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ၁၉၉၅ ခုနှစ်ကတည်းက ရေးသား ဖော်ပြခဲ့ကြသည်။
အင်ဒိုနီးရှား ဘာသာစကားဖြင့် Dwifungsi ဟု ခေါ်သော စစ်ဘက်နှင့် အရပ်ဘက် ရောနှော ဥပဒေပြု အုပ်ချုပ်သည့် အယူအဆစနစ်သည် ကွယ်လွန်သူ သမ္မတဟောင်း ဆူဟာတို၏ လက်ထက်တွင် စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပုံစံကို မြန်မာစစ်ဗိုလ်ချုပ်များက အသွင်တူ ကူးချကာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီး မြန်မာ့တပ်မတော်သည် နိုင်ငံရေးတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရေး ၎င်းတို့ဖာသာ ဆုံးဖြတ်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ ဒုတိယအပတ်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းနှင့် ဂျကာတာတို့တွင် အကျဉ်းချုံး ကျင်းပခဲ့သော မြန်မာနှင့် အင်ဒိုနီးရှား ဆွေးနွေးပွဲများတွင် ရွေးကောက်ပွဲ အလားအလာ၊ ဖက်ဒရယ် ပြည်ထောင်စုသည် မြန်မာနှင့် သင့်လျော်ခြင်း ရှိ မရှိ၊ အခြေခံဥပဒေ၏ အနေအထား၊ မြန်မာတပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ဆက်လက်တည်ရှိမည့် အနေအထားများကို ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲသို့ မြန်မာဘက်က ဒု ဗိုလ်ချုပ်ကြီး ရဲအောင်၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး အပါအဝင် မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေ၊ သမ္မတ အကြံပေး ဒေါက်တာ သန့်မြင့်ဦး၊ ဦးကိုကိုလှိုင်၊ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၊ ဒက်ဘီ အောင်ဒင်နှင့် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးသန်းဆွေတို့ တက်ရောက်ခဲ့ကြသည်။
အင်ဒိုနီးရှားဘက်က ဒု ဗိုလ်ချုပ်ကြီးဟောင်း Agus Widjojo ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hassan Wirajuda နှင့် ဆူဟာတို ပြုတ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် အင်ဒိုနီးရှား Reformasi ခေါ်သော နိုင်ငံရေးအရွေ့တွင် ဦးဆောင်ပါဝင်သူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ထူးခြားသည်မှာ ၎င်းတို့သည် မြန်မာ့အရေးနှင့် မစိမ်းသူများဖြစ်သကဲ့သို့ ဒု ဗိုလ်ချုပ်ကြီး Agus Widjojo ဆိုလျှင်လည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကို မြန်မာစစ်အစိုးရက နှိမ်နင်းပြီးနောက်ပိုင်း အင်ဒိုနီးရှား သမ္မတက မြန်မာသို့ အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်ခံရသူ၊ နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တိုက်ရိုက်တွေ့ဆုံခဲ့သူ ဖြစ်သည်။ မြန်မာပြည်တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ရမည်ဆိုသည်ကို ဖျောင်းဖျ ပြောဆိုခဲ့သူများထဲမှ တဦးလည်း ဖြစ်သည်။
အင်ဒိုနီးရှား-မြန်မာ ဆက်ဆံရေးမှာ မြန်မာက အင်ဒိုနီးရှား၏ ပြဿနာ ပဋိပက္ခဖြေရှင်းမှုများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးယူပုံများကို လေ့လာနေခြင်း ဖြစ်သည်။ ၂၀၁၄ ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း လွှတ်တော်တွင် စပြီးတင်ရသည့် ကာကွယ်ရေး အသုံးစရိတ်ကိစ္စနှင့် ဦးပိုင်ကုမ္ပဏီက ထိန်းချုပ်ထားသော လုပ်ငန်းများအပြင် တပ်မတော်သည် နိုင်ငံရေးမှ အလျင်စလို ထွက်မသွားသင့်ကြောင်းများကို ဆွေးနွေးအကြံပြုကြကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ် အစည်းအဝေးတွင်လည်း ဖက်ဒရယ်မူ၊ မြန်မာ့ပြုပြင်ပြောင်းလဲရေးနှင့် ရွေးကောက်ပွဲ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တကယ်တမ်းတွင် မြန်မာ့တပ်မတော်သည် နိုင်ငံရေးမှ အဆောတလျင် ထွက်ခွာသွားရန် အစီအစဉ် မရှိသည့်အပြင် မြန်မာ့နိုင်ငံရေးတွင် ဆက်ပြီး နေသွားရန် အသေအချာ ခြေလှမ်းပြင်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အင်ဒိုနီးရှား သင်ခန်းစာကို လေ့လာနေခြင်း ဖြစ်သည်။
တပ်မတော် အတိုက်အခံများ၊ ဒီမိုကရေစီ အုပ်စုများအနေဖြင့် တိုင်းပြည်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် အနာဂတ်နိုင်ငံရေးအပေါ် စဉ်းစားရှုမြင် တွေးခေါ်မှုများ လက်တွေ့ကျကျ သုံးသပ်တွေးခေါ်ပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်သင့်ကြောင်း တိုက်တွန်းလိုပါသည်။ အကြောင်းမှာ နိုင်ငံရေးတွင် မှ အလွယ်တကူ မစွန့်ခွာရေး ရေရှည်ခရီးကို တပ်မတော်က ပြင်ဆင်နေသောကြောင့် ဖြစ်သည်။