၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် စက်တင်ဘာလ ၁၄ ရက်က တနိုင်ငံလုံးက သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းများ နောက်ဆုံး ထုတ်ပြန်ခဲ့သည်။
ပထမအကြိမ် ထုတ်ပြန်စဉ်ကတည်းက မဲစာရင်းတွင် အချက်အလက် မှားယွင်းမှု များစွာရှိနေခဲ့ပြီး ယခု ဒုတိယအကြိမ် ထုတ်ပြန်ရာ တွင်လည်း လာရောက်ကြည့်ရှုသည့် ပြည်သူများအတွက် မဲစာရင်း ရှုပ်ထွေးမှု များစွာ ဖြစ်ပေါ်နေသည်။
ယင်းသို့ မဲစာရင်းရှုပ်ထွေးမှုများ ဖြစ်ပျက်ခဲ့သည့် ဒုတိယအကြိမ်မြောက် မဲစာရင်းကိစ္စသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် လုပ်ဆောင်မှု မှန်ကန်မှုမရှိကြောင်းကို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှ ရပ်/ကျေး ကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းထွန်း လင်း က ဝေဖန်အကြံပြုစာ တစောင် ပေးပို့ခဲ့သည်။
ထိုသို့ ဝေဖန်အကြံပြုချက်နှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် သူဇာက ဦးထွန်းထွန်းလင်းကို တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ လှိုင်မြို့နယ် ၁၃ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ တာဝန်ကို ဘယ်အချိန်က စပြီးယူခဲ့တာလဲ။
ဖြေ။ ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဥက္ကဋ္ဌ က ကြားဖြတ် ရွေးကောက်ပွဲ မဖြစ်ခင် အနားယူသွားတယ်။ နောက်တယောက်က စည်ပင် ရွေးကောက်ပွဲဝင်တဲ့အတွက် ဥက္ကဋ္ဌ နေရာ လစ်လပ်သွားတာပေါ့။ အဲဒီတုန်းကတော့ ကျနော်လည်း စိတ်ဝင်စားမှုတော့ မရှိသေးဘူး။ အဲဒီမှာ ရပ်ကွက်မှာ ကော်မရှင် ဥက္ကဋ္ဌ ရွေးရင်းနဲ့ အံဝင်ခွင်ကျ မဖြစ်လို့ ကျနော့်ကို တာဝန်ယူပါလားလို့ ပြောသေးတယ်။ ဒါပေမယ့် ကျနော် ငြင်းလိုက်တယ်။ နောက်ပိုင်း နီးလာပြီ လူက မရှိဖြစ်နေတယ်ဆိုပြီး ကျနော့်ကို ထပ်ပြီး တာဝန်ယူခိုင်းတယ်။ ဒါနဲ့ ကျနော်လည်း လုပ်မယ်လို့ ပြောပြီး တလလောက် ကျနော့်ကို တာဝန်ပေးဖို့အတွက် စောင့်ရသေးတယ်ပေါ့။ ကျနော့်ကို ရပ်/ကျေး ဥက္ကဋ္ဌ ရာထူးခန့်တဲ့နေ့မှာပဲ အလုပ်စလုပ်တယ်။
ပထမဆုံး ကျနော်တို့ မြေပြင်စာရင်းတွေ စကောက်တယ်။ အခြေခံ ကောက်ထားတာတွေတော့ ရှိတယ်။ အဲဒီတုန်းက ၆၆/၆ ကို အခြေ ခံပြီး ကောက်ရတယ်။ စာရင်းရှိ လူရှိ စာရင်းပေါ့။ စာရင်းလည်း ရှိသလို ရပ်ကွက်ထဲမှာ လူလည်း နေတာမျိုးကို အကြမ်းဖျင်း ကောက်ပြီးသွားပြီ။ အဲဒီတုန်းက လမ်းမှူးတွေဆီကနေ စာရင်းတွေ ရထားပြီးပြီ နောက်တိုးတချို့နည်းနည်း ကျန်တာလောက်ပဲ ရှိတယ်။
အဲဒီအချိန်မှာ မြို့နယ်ကော်မရှင်က ဘာညွှန်ကြားလဲဆိုတော့ သန်းခေါင်စာရင်း ရှိပေမယ့် လူတွေ မနေတော့တဲ့ စာရင်း လ.ဝ.က ကို အခြေခံပြီး ကောက်ပါဆိုလို့ လ.ဝ.က က စာရင်းတွေ ကျနော်တို့ သွားယူရတယ်။ လ.ဝ.က က ၆၆/၆ စာရင်းတွေ ယူပြီး လူမရှိတဲ့ စာရင်းတွေ ကျနော်တို့ ပြန်ရွေးထုတ်ရတယ်။ အဲဒီမှာ အားလုံးပေါင်း ၁၆၁၂ ဦး ကျနော်တို့ ကောက်ပေးလိုက်တယ်။ အဲဒီစာရင်းကို ကျနော်တို့ လုပ်ချင်တာ မဟုတ်ဘူး။ အဲဒီ စာရင်းကို မထည့်နဲ့ ဒီလူတွေက လာမှာလည်း မဟုတ်ဘူး။ အဲဒီစာရင်းတွေကို မထည့်နဲ့ မဲစာရင်း ဖောင်းပွမယ်လို့ ကျနော်တို့ အတိုက်အခံ ပြောခဲ့တယ်။ မြို့နယ်က မရဘူး ကောက်ရမယ်။ အထက်က ညွှန်ကြားထားတယ်။ ဒီလူတွေကို ထည့်ကောက်ရမယ်လို့ ပြောလို့ ကျနော်တို့ ကောက်ပေးခဲ့တယ်။
မေး။ ။ အဲဒီ ၆၆/၆ စာရင်းရှိ ရပ်ကွက်ထဲ လူမရှိ စာရင်းတွေကို ဘာကြောင့် ကောက်ရတာလဲ ဆိုတာ မြို့နယ်ကော်မရှင်ကို မေးတာ မျိုး ရှိခဲ့လား။
ဖြေ။ ။ ကျနော်မေးပါတယ်။ ဒီလူတွေ မရှိဘဲ ဘာကြောင့် ကောက်ရတာလဲလို့ ကွန်ပလိန်း တက်တော့ တကယ်လို့ အဲဒီလူတွေ လာ ခဲ့ရင် ဘယ်လိုလုပ်မလဲလို့ မြို့နယ်ကော်မရှင်က ပြောတယ်။ သူတို့က အမြင်နဲ့ ပြောတာ ကျနော်တို့က ကိုယ်တိုင်ကိုယ်ကျ လုပ်ရတဲ့ သူတွေ ဒီလူတွေ မရှိတဲ့သူတွေကို ထည့်နေမှတော့ ဒီလူတွေ မလာလောက်ဘူးဆိုတာ ကျနော်တို့ အာမခံတယ်။ တကယ်လို့ လာခဲ့ ရင်လည်း ရှင်းရှင်းလေး ပုံစံ ၃ နဲ့ တိုးပေးရုံပဲ။ အများနဲ့ အနည်း ၁၆၀၀ ကျော်ကို ယူမလား။ အမှန်တကယ် ဆယ်ယောက်ကို ယူ မလား။ ကျနော်တို့ ရှင်းပြတယ်။
ဒါပေမယ့် မရဘူး။ ကောက်ရမယ်ဆိုလို့ ကျနော်တို့ အဲဒီစာရင်းတွေအတွက် တပတ်၊ ၁၀ ရက်လောက် အချိန်ယူ ကောက်ခဲ့တယ်။ အဲဒီမှာ လုံး၀ မရှိတဲ့သူတွေက များတာကိုး။ ဒါနဲ့ ကျနော်တို့လည်း လူ ၁၆၁၂ ဦး စာရင်းလောက်ပဲ ပေးခဲ့တယ်။ ပေးလိုက်ပြီးဒါတောင် ကျနော်တို့ ထပ်ပြောသေးတယ်။ ဒါမလိုအပ်ဘူး မထည့်ဖို့ပြောတယ်။ ကျနော်တို့က သိနေပြီ။ အဲဒီထဲမှာ သေတဲ့သူတွေလည်း ပါနေပြီ။ တလမ်းဝင် တလမ်းထွက် ရာအိမ်မှူးတွေကလည်း စေ့စေ့စပ်စပ် ကြည့်ပြီးသွားပြီ။ သန်းခေါင်စာရင်းအဟောင်းတွေက လုံး၀ လူ မနေတော့ဘူးဆိုတာကို သိတယ်။ အဲဒါကို မထည့်နဲ့လို့ ပြောခဲ့တာကို ကြေညာတော့ ထည့်ပြီး ကြေညာလိုက်တယ်။ အဲဒီအပေါ် ကျနော်တို့ အပြောခံရတာပဲ။ ဘာဖြစ်လို့ သေနေတဲ့ သူတွေ ပါနေတာတို့၊ ပထမအကြိမ်မှာ ဘာအမှားတွေ တွေ့လည်းဆိုတော့ မွေးသက္ကရာဇ် တွေ တူနေတာတွေ၊ မွေးသက္ကရာဇ်တွေကို ရိုက်တဲ့သူက မရိုက်ဘဲနဲ့ ၃၆ နှစ်တွေပဲ တန်းစီထည့်တာမျိုးတို့၊ မြန်မာမွေးသက္ကရာဇ်တွေကို တွက်ပြီးထည့်လို့ မှားတာတို့ ဆိုတာတွေ အမှားအများကြီးတွေ့ရတယ်။ ပထမအကြိမ်က မှားတာတွေ အများကြီး ဖြစ်တယ်။ ဒါပေမယ့် ဒီ ဒုတိယအကြိမ်လောက် အထိ မဆိုးဘူးပေါ့။
မေး။ ။ ရွေးကောက်ပွဲ ကော်မရှင်ကို အိတ်ဖွင့်ပေးစာ ဆိုပြီး ဖေ့စ်ဘုတ်မှာ ဦးထွန်းထွန်းလင်းရဲ့ ရှင်းလင်းချက်စာရွက် ပျံ့နေပါတယ်။ အဲဒီစာအရ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ ဘယ်လိုကွဲလွဲချက်တွေ တွေ့ရလို့ပါလဲ။
ဖြေ။ ။ ပထမအကြိမ်က အချက်အလက် အမှားတွေ ပြင်ပေးတယ်။ နောက်တခုက လူမရှိတာတွေ ပယ်ဖျက်ပေးတယ်။ ဒီကြားထဲ မှတ်ပုံတင် မရှိတဲ့ လူစာရင်း ကောက်ပေးပါဆိုလို့ လ.ဝ.က ကို ကျနော်တို့ ကောက်ပေးလိုက်သေးတယ်။ ၂၀၀ ကျော် မှတ်ပုံတင် မရှိတာ စာရင်းကောက်ပြီး ပေးလိုက်ပြီ။
အခု ဒုတိယ အကြိမ် မဲစာရင်းအခြေအနေမှာ မထွက်လာခင် ၃ ပတ်လောက်ကတည်းက ကျနော်တို့တွေ ဒီလို စာရင်းတွေ မှားနေ တယ်ဆိုတာကို သိလိုက်ရတယ်။ ကျနော်တို့ သိရတဲ့အချိန်မှာ အဲဒီလို ထွက်လာရင်တော့ အဆင်မပြေဘူး။ မြို့နယ် ကော်မရှင်ကို သွားပြောတော့ သူတို့လည်း ဒီကိစ္စကို ဘာမှ မဖြေရှင်းပေးနိုင်ဘူး။ ဒါက အပေါ်ကလုပ်တဲ့ နည်းစနစ်ကြောင့် ကွန်ပျူတာ soft ware ကြောင့် လုပ်နေတာလို့ ပြောတယ်။ အဲဒီလို ထွက်လာရင်တော့ ကျနော်တို့ကို ကွန်ပလိန်းတွေ တက်လာမှာပဲ။ ဒါက ကျနော်တို့ လုပ် လို့ ဖြစ်တာ မဟုတ်ဘူး။ ကျနော်တို့ ပြောတဲ့အတိုင်း မဖြစ်ဘူး။ ကျနော်တို့ ဒီဟာကို တာဝန်မယူနိုင်ဘူး။ အလုပ်ထွက်မယ်လို့ ပြောတော့ အဲဒီလို မလုပ်ပါနဲ့ကွာ။ ထွက်လာတဲ့အခါကျရင် တခုခုလုပ်တာပေါ့ဆိုပြီး အဲဒါနဲ့ပဲ ဒီမဲစာရင်းထွက်လာတော့ ကျနော်တို့က ကြိုတင်သိထားတာပေါ့။
ကျနော်တို့ ရပ်ကွက်မှာက လက်ရှိ လူဦးရေ ၁၂၀၀၀ လောက် ရှိတယ်။ အဲဒါနဲ့ ကျနော်တို့ကို စာရင်းတွေ အားလုံးထုတ်ပေးပြီး အမြန် စိစစ်ပါ၊ တွေ့ရှိချက်ကို ချက်ချင်းရေးတင်ပါဆိုလို့ ကျနော့်တွေ့ရှိချက်ကို ချက်ချင်းရေးတင်ခဲ့တာပါ။ အဲဒီစာကိုလည်း ဖေ့စ်ဘုတ် တင် လိုက်လို့ တော်တော်များများ သိသွားကြတာပါ။
မေး။ ။ ဒုတိယအကြိမ် မဲစာရင်းကပ်တော့ ဘယ်လို အခက်အခဲတွေ ကြုံရပါလဲ။
ဖြေ။ ။ စာရင်း မကပ်ခင် ကျနော် တညလုံး လာကြည့်တဲ့ ပြည်သူတွေ အလွယ်တကူ ဘယ်လို ကြည့်နိုင်မလဲဆိုတာ ကျနော် အရင် ဆုံး မဲစာရင်းတွေကို လေ့လာတယ်။ တရွက်ချင်း လိုက်ရှာတယ်။ နောက်တော့ အခု သူတို့ ဖော်ပြပုံက အိမ်နံပါတ်နဲ့ အဆင်လိုက်ရေး တာ၊ ခု၊ ဆယ်၊ ရာ အဆင့်ဆင့် သွားတာကို သွားတွေ့တယ်။ ခုကိန်းဂဏန်း ၁ ကစပြီးရင်၊ ဆယ်ကိန်းဂဏန်း ၁၀၊ ရာဂဏန်း ၁၀၀ အဆင့်ဆင့် သွားတယ်။ ကိုယ့်အိမ်နံပါတ် သိရင် ထိပ်စည်းဂဏန်း ရှာလိုက် တာနဲ့ တွေ့မယ်။ အဲဒီနည်းလေး ထုတ်လိုက်တယ်။ အခု ရုံးမှာလည်း ကပ်ထားပေးတယ်။ ရှာနည်း သိအောင်လည်း ရုံးမှာ အဖွဲ့ဝင် ၂ ဦး ပုံမှန်ထားပေးထားတယ်။ သူတို့က လာရှာသူတွေကို ရှင်းပြပေးတယ်။ အဲဒီထဲမှာ ဘယ်လို အမှားပြန်ပါလဲဆိုတော့ ရိုက်ကတည်းက အိမ်နံပါတ် မှားနေရင်တော့ ရှာတဲ့သူက အိမ်နံပါတ်သိလည်း ရှာလို့ မရတော့ပြန်ဘူး။
အဲဒီတော့ နောက်တနည်း အိမ်နံပါတ် အဆင်မပြေရင် လမ်းအလိုက် ပြန်ကြည့်ပါဆိုပြီး ထပ်ညွှန်ရတယ်။ လမ်းနာမည်ကို ပြန်ရှာပြီးမှ ပြန်တွေ့တာတွေလည်း ရှိတယ်။ အခု ဒီမဲစာရင်းအတိုင်းကတော့ တကယ် မဲစာရင်းလာကြည့်တဲ့သူတွေမှာ မဲစာရင်းကြည့်ပြီး မဲမပေး ချင် လောက်အောင် ဖြစ်သွားမယ်။ တအိမ်တည်း ရှိတဲ့ မိသားစုတောင် မဲရုံတရုံတည်း ပေးရမှာ မဟုတ်ဘူး။ ဟိုရောက် ဒီရောက် ဖြစ် ကုန်မယ်။
အခုက အိမ်နံပါတ်ပြီးရင် လူနာမည်စာရင်းကို အက္ခရာစဉ်အလိုက် ပြန်ဖော်ပြတော့ မိသားစုတွေက တစုတည်း မဟုတ်တော့ဘူး။ အားလုံးတကွဲတပြား ဖြစ်နေတာပေါ့။ ကျနော်တို့မှာ တကယ်ရှာမယ်ဆို အရွက် ၃၀ ပါတဲ့ စာအုပ် ၄၀ ရှိတယ်။ စာရွက်ကပ်ရင် အရွက် ၁၀၀၀ ကျော် ရှိတယ်။ အဲဒီမှာ တကြောင်းချင်း ရှာဖို့က မလွယ်ဘူး။ ဒါကြောင့် ကျနော်တို့ကလည်း ရှာပုံရှာနည်းကို နည်းတခု ရှာပြီး ပြောရတယ်။
မေး ။ ။ ဒါဆို ဒုတိယအကြိမ် မဲစာရင်းက ရှုပ်ထွေးမှုရှိတယ်လို့ ပြောလို့ရတာပေါ့။
ဖြေ။ ။ ရှုပ်ထွေးမှု ရှိတာပေါ့။ ရှုပ်ထွေးမှု ရှိတာထက်ကို မဲစာရင်းလို့ ပြောလို့မရပါဘူးလို့ကို ကျနော်ရေးတင်ထားတာပါ။ ဘာဖြစ်လို့လဲဆိုရင် မဲစာရင်းဆိုမှာတော့ အစီအစဉ်တကျနဲ့ လမ်းအလိုက် ရှိရမယ်။ မဲရုံအလိုက် ရှိရမယ်။ လူဦးရေ စုစုစည်းစည်းနဲ့ သူ့နေရာနဲ့သူ အစီအစဉ်တကျ မဲပေးလို့ရမှ မဲစာရင်းလို့ ပြောလို့ရမယ်။ ကျနော်တို့ ဥပမာ နှိုင်းမယ်ဆိုရင် ကျနော်တို့ကောက်တာက ဒါ လူဦးရေ စာရင်းလည်း မဟုတ်ဘူး။ အလှူခံ ထွက်လာတဲ့ စာရင်းလည်း မဟုတ်ဘူး။ သူတို့က စီစဉ်တာက အက္ခရာစဉ် အလိုက် အိမ်နံပါတ် တွေ စီတယ်ဆိုတော့ ဘယ်လို အိုင်ဒီယာနဲ့ လုပ်လိုက်လဲဆိုတာကို ကျနော် ဝေဖန်တာပါ။ ဒီလို မဖြစ်သင့်ဘူးပေါ့။ ပြည်သူတွေ မဲမပေး ချင်လောက်အောင် ဖြစ်သွားတယ်။
မေး။ ။ အခုဆို မဲလာကြည့်တဲ့ ပြည်သူတွေဆီကနေ ဘယ်လို အသံတွေ ကြားရလဲ။
ဖြေ။ ။ အခု လာကြည့်တဲ့သူတွေက တော်ပြီကွာ မပေးတော့ဘူး ရှုပ်တယ် ကြည့်ရတာ။ နောက်တခေါက် ထပ်တိုးတော့ မင်းတို့ တာဝန်ယူမှာလား အမေးခံရတယ်။ ကျနော်တို့ကတော့ တာဝန်မယူဘူး။ တိုးတော့တိုးသွားလို့ ကျနော်တို့ကတော့ စာရင်းထည့်ပေးမှာပဲလို့ ပြောလိုက်တယ်။ အခု ဒီဟာကို တာဝန်ယူနိုင်လားမေးရင် ကျနော်တာဝန်မယူနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လုပ် ထားတဲ့ စာရင်းအတိုင်း ပြန်မဖြစ်တဲ့အတွက်ပဲ။ နောက်တခါလုပ်လည်း ဒီလိုပဲ ဖြစ်မယ့်အတွက် တာဝန်မယူနိုင်ပါဘူး။
အခု ကျနော်တို့ ကော်မရှင်ရုံးမှာ ပြည်သူတွေ ရင်ဖွင့်နိုင်အောင် စာအုပ်ချပေးထားတယ်။ မဲစာရင်းနဲ့ ပတ်သက်ပြီး ကြိုက်သလို ရင်ဖွင့် ရေးသားနိုင်အောင် လုပ်ပေးထားတာပါ။ အဲဒီရင်ဖွင့်ရေးသားချက်တွေကို မြို့နယ်ကို နေ့တိုင်းပို့ တယ်။ သူတို့လည်း သိအောင်လို့ပါ။ အဲဒီစာအုပ်မှာ ဝင်ရေးကြပါတယ်။ သူတို့ ပြောချင်တဲ့ အကြောင်းအရာတွေ ရေးသွားကြတော့ ရင်ပေါ့သွားတဲ့ သဘောပါ။ မဲစာရင်းကို လာကြည့်ရပါတယ်။ တချို့လည်း မဲစာရင်းမှာ သူ့နာမည်တွေ့လို့ ထခုန်တာတွေတောင် ရှိပါတယ်။ အခုက ကိုယ့်မဲစာရင်းရှာရတာ အောင်စာရင်း ကြည့်သလိုပါပဲ။
မေး ။ ။ အခုလို ဦးထွန်းထွန်းလင်းရဲ့ ရေးသားချက်တွေ ဖေ့စ်ဘုတ်မှာ ပျံ့နှံ့သွားတော့ တာဝန်ရှိသူတွေက ခေါ်တွေ့တာတွေ ဘာတွေ ရှိလား။
ဖြေ။ ။ ဒီစာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ၁၃ ရပ်ကွက်၊ လှိုင်က တင်တာ ဟုတ်ရဲ့လား။ ပထမနေ့ကတော့ ကျနော့်ကို မေးလို့ ဟုတ်ပါတယ်လို့ ပြောလိုက်တဲ့အတွက် ပထမနေ့ကတော့ ပြီးသွားတယ်။ နောက်တော့ မြို့နယ် ကော်မရှင်အဖွဲ့ခွဲတွေကို ခရိုင်ကော် မရှင်အဖွဲ့ခွဲက ခေါ်တွေ့တယ်လို့ ပြောတယ်။ ခေါ်တွေ့ပြီးတော့ ဒီကိစ္စကလည်း မှန်နေတယ်။ ဘာမှတော့ မပြောလိုဘူး။ တကယ် လည်း အဖြစ်မှန် ဖြစ်နေတယ်။ ဒီလို ရေးတင်တာက အားလုံးအတွက်လည်း ကောင်းပါတယ်လို့ သူတို့အနေနဲ့လည်း ပြောတယ်လို့ သိရတယ်။ ကျနော့်ကိုတော့ ခေါ်မတွေ့ဘူး။ မြို့နယ်အဖွဲ့ဝင်တွေကိုပဲ တွေ့တာပါ။ ကျနော့်ကို မြို့နယ်အဖွဲ့ဝင်တွေက ပြန်တွေ့ပြီး ကျနော့်ကို ဒီကိစ္စ မီဒီယာတွေမှာ ထိန်းထိန်းသိမ်းသိမ်းလေး ပြောပေးဖို့ ပြောပါတယ်။ ကျနော်လည်း စိတ်ချပါလို့ အရမ်းကာရောတော့ ကျနော်မပြောပါဘူး။ တကယ်ဖြစ်ရပ်မှန်တော့ ကျနော်ပြောပါမယ်လို့ စနောက်ပြီး ပြောလိုက်သေးတယ်။
မေး ။ ။ ဒီလို တင်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။
ဖြေ။ ။ ကျနော့်အနေနဲ့ ဒီလိုတင်ရတာက ဒီရွေးကောက်ပွဲကို ထိခိုက်မှာစိုးတယ်။ မဲစာရင်းမမှန်ရင် ရွေးကောက်ပွဲ ရလဒ်က ကောင်း မှာ မဟုတ်ဘူး။ မဲစာရင်း မှန်မှန်၊ ကန်ကန် မရှိဘဲနဲ့ ရွေးကောက်ပွဲ သွားလုပ်လို့ မရဘူး။ အဲဒီတော့ ရွေးကောက်ပွဲကို ထိခိုက်မှာ စိုးတဲ့ အတွက် အခုလို အကြံပြုတဲ့ အိတ်ဖွင့်ပေးစာ ရေးတင်လိုက်တာပါ။ နောက်ပြီး ကျနော် ဖေ့စ်ဘုတ် သုံးတာလည်း မကြာသေးဘူး။ ကျနော့် ဖေ့စ်ဘုတ်ကနေ သူငယ်ချင်းတွေကို ပြရင်းနဲ့ ပျံ့သွားတာပါ။ ကျနော်လုပ်လိုက်တဲ့အတွက် ပြည်သူတွေအတွက် အကျိုးမယုတ် ဘူးလို့ ထင်ပါတယ်။ ပြည်သူတွေအတွက် တခုခု ပြောင်းလဲနိုင်မယ်ဆိုရင် ကျနော် ကျေနပ်ပါတယ်။
မေး။ ။ အခု ဒုတိယအကြိမ် မဲစာရင်း ကပ်ပြီး ပြည်သူတွေက တက်လာတဲ့ ကွန်ပလိန်းတွေကို ဘယ်လို ဆောင်ရွက်ပေးနေပါလဲ။
ဖြေ။ ။ အခု ကျနော်တို့ တတ်နိုင်တဲ့ ဘက်က ကူညီဖို့ လုပ်နေပါတယ်။ အခု ရပ်/ကျေး ရုံးမှာ ကွန်ပျူတာ တလုံးထားပြီး ကျနော်တို့ သဘောအတိုင်း မဲစာရင်း ပြန်ရိုက်ပါမယ်။ အားလုံးပြီးရင် ကျနော်တို့ ကြိုးစားထားတာကို မြို့နယ်ကို တင်ပြမယ်လို့ စဉ်းစားထားပါတယ်။ သူတို့ အသုံးပြု၊ မပြုဆိုတာတော့ မပြောနိုင်သေးဘူးပေါ့။ ကျနော်တို့ဘက်က တတ်နိုင်သလောက် တာဝန်ကျေအောင် လုပ် ပေးဖို့ စီစဉ်နေပါတယ်။
ကျနော်တို့ ရပ်/ကျေးတွေက ပြည်သူတွေနဲ့ အဓိက တွေ့ရတာပါ။ ပြည်သူတွေ ပြောသမျှ၊ ဆိုသမျှ ကျနော်တို့က တိုက်ရိုက်ခံရတာပါ။ အဲဒီတော့ ကျနော်တို့ လွတ်အောင် ရှောင်ရမယ်။ ကျနော်တို့ တတ်နိုင်သလောက် ပြည်သူတွေအတွက် တာဝန်ကျေအောင် ဘယ်လို နည်းနဲ့ ကူညီနိုင်မလဲပေါ့။ အခု မဲစာရင်းကြည့်တဲ့ နည်းတွေလည်း ကျနော်တို့ အဆင်ပြေအောင် စဉ်းစားအဖြေရှာပြီး ပြောပြနေသလို တဘက်မှာလည်း မဲစာရင်း ပြန်ရိုက်ဖို့ ကြိုးစားနေပါတယ်။
မေး။ ။ ပထမ အကြိမ် မဲစာရင်း ကပ်တုန်းက စာရင်းအမှား ကွန်ပလိန်း တက်တာ အရေအတွက် ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ စာရင်းရှိပြီး လူရှိ အမှန်တကယ်နေနေသူတွေ ၁၁၀၀၀ ကျော်လောက် ရှိတယ်။ အဲဒီထဲမှာ ပထမအကြိမ်က အချက်အလက် အမှား ၄၀၀၀ ကျော် ရှိတယ်။ ကျနော်တို့ အားလုံးပြင်ပေးလိုက်ပြီးပြီ။ ဒါပေမယ့် ကျနော်တို့ကသာ တင်ပေးတယ်။ ပြန်ထွက်လာ တော့ အဲဒီအတိုင်း ပြန်ထွက်လာတယ်။ အရင်တင်ထားတဲ့အတိုင်းကိုမှ ဗြောက်သောက်ဖြစ်ပြီး ပြန်ထွက်လာတယ်။ အရင် ပါတဲ့ သူတွေတောင် အခု ပြန်မပါတော့တာတွေ တွေ့ရတယ်။ အခု ကျနော့်ရုံးမှာ ၂ မျိုး ကပ်ထားတယ်။ ပထမအကြိမ်က စာရင်းရော၊ ဒုတိယအကြိမ် စာရင်းပါ ကပ်ပေးထားတယ်။ အဲဒီ ၂ ခုမှာ ပထမအကြိမ် ကပ်ထားတဲ့ မဲက ကြည့်ရလွယ်တယ်။ ဒုတိယအကြိမ် မဲစာရင်းက ကြည့်ရ မလွယ်ဘူးဆိုတာကို ပြည်သူလူထု သိအောင်ယှဉ်ပြထားတာပါ။
မေး ။ ။ ဒုတိယအကြိမ် မဲစာရင်းမှာရော မှားယွင်းမှုတွေ ဘယ်လောက် ဖြစ်တာ တွေ့ရလဲ။
ဖြေ။ ။ အခုက စစ်လို့ကို မရတော့တဲ့ မဲစာရင်း ဖြစ်နေတယ်။ အခြေတိုက်ပြီး စစ်မယ့်ဟာနဲ့ အခု ထွက်လာတဲ့ဟာက လုံး၀ လွဲနေ တော့ ပြန်စစ်လို့ မရတော့ဘူး ဖြစ်နေတယ်။ အရင်က ၁ ကနေ ၁၀ သွားတယ်။ အခုက ၁ နဲ့ ၁၀ က အဆင်လိုက်မဟုတ်တော့ဘဲ ဗြောက်သောက် ဖြစ်နေတော့ ဘယ်လိုမှ စစ်လို့ မဖြစ်နိုင်ဘူး။ အခု အချက်အမှားတွေ ဘယ်လောက် ရှိပါသလဲလို့ မေးရင် ကိုယ့်ဟာ ကိုယ် သာ စစ်ပါတော့လို့ပဲ ပြောလို့ရပါမယ်။ အဲဒါမှ ကျနော်တို့တွေ စစ်လို့ အဆင်မပြေဘူးဆိုတာ နားလည်မှာပါ။
မေး ။ ။ တကယ်လို့ ဦးထွန်းထွန်းလင်းရဲ့ ရေးသားမှုကြောင့် တစုံတခု အပြစ်ပေးခံရတာမျိုး ရှိလာနိုင်တယ်လို့ စဉ်းစားထားမိပါသလား။
ဖြေ။ ။ ကျနော်ကတော့ လောလောဆယ် ဂရုမစိုက်ဘူး။ အဲဒီလိုပြောလို့ ကျနော်ရိုင်းချင် ရိုင်းသွားနိုင်ပါတယ်။ ဖြစ်လာရင် ကျနော်ပြောတဲ့စကားအပေါ် ကျနော်တာဝန်ယူတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလိုပြောမယ့်သူ မရှိတဲ့အတွက် ကျနော် ဟီးရိုးလုပ်ပြီး ပြောတာ မဟုတ်ပါဘူး။ ကျနော့်ရဲ့ တွေ့တဲ့အချက်တွေကို မပြောလို့မရတော့ဘူး ပြောမှ ရတော့မယ်။
ကျနော်တို့ လုပ်ထားတဲ့အလုပ်ကို တာဝန်ကျေကျေ လုပ်ထားတယ်ဆိုတာကို ပြောချင်တယ်။ ကိုယ့်တာဝန် ကိုယ်ကျေတယ်။ အဲဒီလို မှ မဟုတ်ဘဲ ကျနော်တို့ တာဝန်မကျေပါဘူးလို့ပြောရင် ကျနော်တို့ အပြောမခံနိုင်လို့ အခုလို ကျနော် ရင်ဖွင့်လိုက်တာပါ။
ကျနော်တို့ဟာ ကိုယ့်သမိုင်း ကိုယ်ရေးကြတာပါ။ ကျနော်တို့ တာဝန်ယူတဲ့နှစ်ရဲ့ ရပ်/ကျေး ကော်မရှင်က အခုလို ဖြစ်ပါတယ်ဆိုတဲ့ သမိုင်းမျိုးတော့ အဖြစ်မခံနိုင်ပါဘူး။ ကျနော်က ဒီရပ်ကွက်မှာ မွေးပြီး ဒီရပ်ကွက်မှာ ကြီးလာတဲ့ သူပါ။ ဒါကြောင့် ကျနော်အပြောမခံနိုင်ပါဘူး။ အခု ကျနော့် ရေးသားချက်က အားလုံးအတွက် အကျိုးရှိတယ်ဆိုရင်ပဲ ကျနော်ကျေနပ်ပါတယ်။ ။