စက်တင်ဘာလဆန်းပိုင်းတွင် အသစ်ထုတ်ပြန်လိုက်သည့် မော်တော်ယာဉ်ဥပဒေ ထွက်ပေါ်လာသည့် နောက်ပိုင်း ရန်ကုန်မြို့တွင်းပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းများ ဆန္ဒပြခြင်းများဖြစ်ပေါ်ခဲ့ပြီး ပုံမှန်ပြေးဆွဲမှုများ ကျဆင်းလာခဲ့ သောကြောင့် စာမေးပွဲဖြေဆိုမည့် တက္ကသိုလ်ကျောင်းသားများနှင့် နေ့စဉ်သွားလာနေသည့် ခရီးသွားများ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ ယင်းသို့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော လိုင်းကားများ၏ ဆန္ဒပြမှုများနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှုဗဟိုကော်မတီ(မထသ) ဥက္ကဋ္ဌ ဦးလှအောင်ကို ဧရာဝတီ သတင်းထောက် မေစိုးစံက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။မော်တော်ယာဉ်ဥပဒေအသစ်ထုတ်ပြန်လိုက်ပြီးနောက်ပိုင်းမှာ လိုင်းကားတွေ ဆန္ဒပြမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မထသဥက္ကဋ္ဌတဦးအနေနဲ့ ဘယ်လိုမှတ်ချက်ပြုမလဲ။
ဖြေ။ ။ အခုဖြစ်စဉ်ကို ပြောရရင် ၂၀၁၅ခုနှစ် မော်တော်ယာဉ်ဥပဒေကို စက်တင်ဘာ ၇ ရက်နေ့မှာ နိုင်ငံတော် သမ္မတ ကြီး လက်မှတ်ရေးထိုးပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့မှာ ပြည်သူလွှတတ်ရုံးကနေ ထုတ်ပြန်ခဲ့တယ်လို့ သိရ ပါတယ်။ စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ ထွက်တဲ့ သတင်းစာတွေမှာ ၂၀၁၅ ခုနှစ်မော်တော်ယာဉ်ဥပဒေနဲ့ ပတ်သက် ပြီးတော့ ပြည်သူကို ချပြပြီးဖြစ်တယ်။
ဥပဒေထုတ်လိုက်တဲ့အတွက် ဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီဖို့ မော်တော်ယာဉ်တွေ ပြင်ဆင်နေတယ်။ နံပါတ်ပြားတွေ ၊မီးမပြည့်စုံတာတွေ၊ ဘရိတ်မကောင်းတာတွေ ဒါတွေကို အရင်ကတည်းကလည်း ထုတ်ပြန်ထားတယ်။ သို့သော် ဒီဥပဒေ ထုတ်ပြန်ပြီးတဲ့နောက်မှာ ယာဉ်ပိုင်ရှင်တွေကလည်း ပိုပြုပြင်လာတာကို တွေ့ရတယ်။ နောက်တခုက ယာဉ်တွေမှာ အမှု ကျူးလွန်လို့ ဖမ်းဆီးခံရတဲ့ ယာဉ်လုပ်သားများကိစ္စ။ လိုင်စင်တွေကို သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ကတဆင့် လိုင်စင် ရွေးတဲ့လုပ်ငန်း လုပ်ဆောင်ချိန်ကာလအတွင်းမှာ ယာဉ်အထွက်အားက နည်းနည်းကျလာပါတယ်။
ဒီလိုကျလာချိန်မှာ မနေ့က (စက်တင်ဘာ ၁ရ ရက်နေ့) ရန်ကုန်တောင်ပိုင်းခရိုင်နဲ့ အရှေ့ပိုင်းခရိုင်မှာရှိတဲ့ တက္ကသိုလ်တွေမှာ ခရီးသွားလာတဲ့ကျောင်းသူကျောင်းသားတွေ အခက်အခဲ ဖြစ်ပေါ်ခဲ့တဲ့သတင်းကြားရတယ်။ တောင်ပိုင်းခရိုင်မှာရှိတဲ့ ယာဉ်တွေက ပုံမှန်ထွက်ရှိကြပါတယ်။ သို့သော်လည်း လမ်းတဝက်မှာ ဘယ်သူမှန်း မသိတဲ့ အဖွဲ့တွေက ထွက်လာတဲ့ကား တွေကို ခြိမ်းခြောက်မှုတွေခံရတယ်လို့ သတင်းရတဲ့ခါ ဒီဖြစ်စဉ်ကို ရန်ကုန်တိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ လုံခြုံရေးဝန်ကြီးထံကို သတင်းပို့ပြီး ရဲတပ်ဖွဲ့အကူအညီ တောင်းခံ ပြီးတော့ သတင်း ဖြစ်ပေါ်တဲ့နေရာတွေကို ရှင်းလင်းပေးပါ တယ်။
သတင်းတွေမှာ ယာဉ်လိုင်းတွေ သပိတ်မှောက်တယ် ဆန္ဒပြတယ်လို့ ရေးပါတယ်။ ဒါပေမယ့် ဌာနကို စာတစောင်မှ မတက်လာတဲ့အတွက် သပိတ်မှောက်ခြင်း ဆန္ဒပြခြင်းပေါ်မှာ အတည်မပြုနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မထွက်ဘူး ပြောချိန် မှာတောင် ယာဉ်အစီးရေက ပုံမှန်နီးပါး တချို့က ထွက်နေတာတွေ့ရတယ်။ သို့သော် ယာဉ်တွေက ပြင်ဆင်နေ ဆဲဖြစ်တယ်။ တချို့ကားတွေက လိုင်စင်ရွေးတဲ့နေရာမှာ ပုံနေတယ်။ ယာဉ်ပိုင်ရှင်တွေလည်း ထွက်ချင် သော် လည်း အခက်အခဲကြောင့်ရယ် မောင်းချင်သော်လည်း လိုင်စင်မရှိတဲ့ကားတွေက မထွက်နိုင်ကြဘူး။
တချို့ ယာဉ်လုပ်သားတွေရဲ့ အယူအဆက တနေ့လုပ်အားခက တသောင်းရတယ်။ အမှုဖြစ်လို့ သုံးသောင်းဆိုရင် အခက်အခဲ ဖြစ်ပါတယ်ဆိုတာတွေ ပေါ်လာပါတယ်။ ပုဒ်မ ၆၅ မှာ ပြဋ္ဌာန်းထားပါတယ်။ သာမန်ပြစ်မှုတွေမှာ သုံးသောင်း ထက် မပိုသော၊ ကြီးမားတဲ့ ပြစ်မှုတွေမှာ ကျူးလွန်တဲ့ ပုဒ်မနဲ့ ပြစ်ဒဏ်ကို သီးခြားထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အဖွဲ့လို့ မပြောလိုသော်လည်း ယာဉ်လုပ်သား အမည်ခံတဲ့ လူတချို့ကို တွေ့ရတယ်။ သူတို့က ယာဉ်လိုင်းတွေမှာ လိုင်စင်လည်း မရှိဘူး။ လိုက်ခွင့်လည်းမရှိဘူး အဲဒီလို လူမျိုးတွေက ဂိတ်တိုင်းနီးပါး ပတ်ဝန်းကျင်မှာ နေကြတယ်။ တချိန်တုန်းက ဒီလူတွေ လည်း ယာဉ်မောင်းတွေ အကြောင်းအမျိုးမျိုးနဲ့ ယာဉ်ပိုင်ရှင်တွေက မသုံးတဲ့သူတွေပါ။ ဒါပေမယ့် သူတို့က သူတို့လည်း ယာဉ်လုပ်သားဆိုပြီး သပိတ်မှောက်တယ် ဆန္ဒပြတယ်ဆိုပြီး ဖြစ်နေကြတာပါပဲ။
မေး။ ။ လက်တွေ့အခြေအနေမှာတော့ ကားအစီးရေနည်းပါးတဲ့အတွက် ခရီးသွားရော ကျောင်းသားတွေပါ အခက်ကြုံနေရတာဆိုတော့…။
ဖြေ။ ။ ယာဉ်ထွက်ရှိမှုစာရင်းကို တင်ပြရရင် စက်တင်ဘာ ၁၈ ရက်နေ့မှာတောင် ၃၉၀၀ကျော် ပြေးဆွဲပေးနေပါတယ်။ ဒီအပြင် စာမေးပွဲဖြေမယ့် ကျောင်းသူ ကျောင်းသားတွေအတွက် မထသရယ် သက်ဆိုင်ရာကျောင်းရယ် ကျောင်းသားတွေ ရယ် ညှိနှိုင်းပြီးတော့ ဌားထားတဲ့ စီးတီးဘတ်စ်ယာဉ်ကြီးတွေကလည်း တက္ကသိုလ်အသီးသီးမှာ ရှိပါတယ်။ ဒဂုံတက္ကသိုလ် ကိုဆိုရင် မြောက်ဥက္ကလာ အဝိုင်းကနေ တက္ကသိုလ်ကို ပြေးဆွဲပေးမယ့်ယာဉ်တွေ ၁၀ စီး ချထားပေးတာ ရှိပါတယ်။ ဒါတွေကို ပြန်ကြည့်ရင် ယာဉ်လိုင်းတွေက ယာဉ်တွေမထွက်ဘူး ရပ်ဆိုင်းသွားပြီဆိုတာ မှန်မမှန် စဉ်းစားဖို့ လိုပါတယ်။
ယာဉ်ထွက်အင်အား ကျဆင်းသွားတာတော့ မှန်ပါတယ်။ ဘာကြောင့်လဲဆိုရင် ယာဉ်တွေကို ပြင်နေပါတယ်။ လိုင်စင်တွေ ပြန်ရွေးနေပါတယ်။ အရင်က စည်းကမ်းနဲ့ မညီညွှတ်တဲ့သူတွေဟာ လိုင်စင်ညီညွှတ်အောင် ဆောင်ရွက်နေ ကြပါတယ်။ ဥပမာ- ဟိုတုန်းက လိုင်စင်အသိမ်းခံရရင် ချလံနဲ့မောင်းတယ်။ ချလံနဲ့မောင်းနှင်ခွင့် မရတော့ အခု ယာဉ်လုပ်သားတွေက သွားရွေးတဲ့အတွက် ယာဉ်လုပ်သားတွေက လျှော့နေတယ်။နောက် လစ်ရင်လစ်သလို တက်မောင်းတဲ့ လုပ်ငန်းလိုင်စင် မရှိတဲ့သူတွေက အခုချိန်မှာ မောင်းလို့ မရတော့ဘူး။ ပြည်သူလူထုရဲ့ အန္တရာယ် လည်း ဖြစ်တယ်။ ယာဉ်ထွက် လျော့ကျ သွားလို့ ခရီးသည်တွေ ဒီလို ဖြစ်နေရတယ်ဆိုတာကို မမှန်ဘူးလို့ မပြောပါဘူး။
ကျနော်တို့ လည်း တွေ့နေတဲ့ အတွက် ကျနော်တို့ရဲ့ ကားတွေနဲ့ ဆွဲနေသလို ပြင်ပအဝေးပြေးလိုင်း တချို့ကတောင်မှ ကူညီ ဆွဲပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှုတွေ ရှိပါတယ်။ အရင်တုန်းက ယာဉ်အစီးရေ ၇၀၀၀ကျော် မှတ်ပုံတင်ထားတယ်။ တနေ့ကို ပျမ်းမျှ ၄၃၀၀ လောက် ထွက်ချိန်မှာ ဒီနေ့လိုအချိန်မှာ အနိမ့်ဆုံးသည် ၃၉၀၀ ဖြစ်နေပါတယ်။အခု အခက်အခဲ ဖြစ်နေတာက တရားဝင်သတ်မှတ် ပေးမထားဘဲနဲ့ မည်သူမှမသုံးသော လိုင်စင်မရှိသော မောင်းနှင်ခွင့် မရှိသော သူတွေက ယာဉ်လုပ်သားလို့ ပြောကြားတဲ့သူတွေကတော့ ယာဉ်လိုင်းတွေရဲ့ အကြောင်းကို အခုလိုမျိုး ထုတ်ပြန် နေကို ကြားသိရပါတယ်။
မေး။ ။ တိုးမြင့်လိုက်တဲ့ဒဏ်ကြေးငွေကို ပြန်လည်ပြင်ဆင်သွားဖို့ရှိလား။ ဒီအတိုင်းပဲဆက်သွားမလား။
ဖြေ။ ။ ဒဏ်ကြေးငွေက ယခင်တုန်းကတည်းက ဒဏ်ကြေးငွေရှိပြီးသား။ ပြောင်းလဲလာတဲ့အချိန်နဲ့ ၁၉၆၄ ခုနှစ်မှာ မော်တော်ယာဉ်ဥပဒေထုတ်တယ်။ အဲနောက်မှာ ပြင်ဆင်ပြီးတော့ ဒဏ်ကြေးငွေတွေ ထည့်လာပါတယ်။ သို့သော် ဒီနေ့အချိန်မှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အလို့ဌာ ဥပဒေပြဋ္ဌာန်းတာ။ ပြဋ္ဌာန်းတဲ့ ပုဂ္ဂိုလ်တွေကလည်း ပြည်ထောင်စုလွတ်တော်က ပြည်သူတင်မြောက်ထားတဲ့ ကိုယ်စားလှယ်များ ဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်များက ဆွေးနွေးပြီး ညီညွှတ်မျှတတယ်လို့ လွတ်တော်အသီးသီးက အတည်ပြုမှုကို အစိုးရအဖွဲ့ရဲ့ ဦးဆောင်ဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီးကလည်း လက်မှတ်ထိုးပြီးတာဖြစ်တဲ့အတွက် နိုင်ငံသူနိုင်ငံသား လိုက်နာရန် တာဝန်ရှိတယ်လို့ ယူဆပါတယ်။
ဒါပေမယ့် ဒီဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒဏ်ကြေးငွေနဲ့ပတ်သက်ပြီးတော့ ၂၀၁၅ ဥပဒေမှာ ပုဒ်မ ၄၂ အရ ဝန်ကြီးဌာနသည် အဆိုပါ ဥပဒေအရကောက်ခံသည့် ဒဏ်ကြေးငွေနှင့်အခကြေးငွေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြင်ဆင်ခြင်း ပြောင်းလဲခြင်း ပြုနိုင်သည်လို့ ဒီဥပဒေမှာ ဖော်ပြထားတယ်။ ဒါကြောင့်မို့ ယင်းငွေအပေါ်မှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်အပေါ်မှာ ကာကွယ်မှုအတွက် တားမြစ်ထားတဲ့ ဒဏ်ကြေးငွေ ဖြစ်တဲ့အတွက် ကျနော်အပိုင်းက တင်ပြရန် မရှိပါဘူး။ သို့သော် ဒီဥပဒေဟာ မျှတစွာ ဆောင်ရွက်ထားပါတယ်။ တာဝန်ပေးခံရတဲ့ ဝန်ကြီးဌာနသည် ဒီဥပဒေပါ ပြဌာန်းချက်အတိုင်း စဉ်းစားဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်း ရှိပါတယ်။သို့သော် ဒီအပေါ်မှာ ဆောင်ရွက်ခြင်း ပြုမည် မပြုမည်ကိုတော့ သက်ဆိုင်ရာဌာနကို မေးတာက ပိုပြည့်စုံ ပါလိမ့်မယ်။
မေး။ ။ အခုလို ဒဏ်ကြေးတိုးမြှင့်လိုက်ခြင်းက စည်းကမ်းလိုက်နာမှုအပေါ် သက်ရောက်မှု တကယ် ဖြစ်လာ နိုင်ပါ သလား။
ဖြေ။ ။ သက်ရောက်မှုဖြစ်တယ်ဗျ။ ဘာလို့လဲဆိုရင် တကယ် ၃၉၀၀ကျော် မောင်းသော ယာဉ်လုပ်သားတွေဟာ သူစည်းသူကမ်းနဲ့ မောင်းတဲ့အတွက် ရဲရဲတင်းတင်း လုပ်နိုင်တယ်။ ၄၃၀၀လောက် ယာဉ်စီးရေက ပုံမှန်ထွက်တယ်။ အခု သုံးထောင်ကိုးရာလောက်ထွက်တယ်။ အခုထုတ်ပြန်လိုက်တဲ့ မော်တော်ယာဉ်ဥပဒေဟာ ဘတ်စ်ကားသမားချည်းပဲ မဟုတ်ဘူး။ တက္ကစီကားမောင်းသူရော ကိုယ်ပိုင်ကားမောင်းတဲ့သူရောဆိုင်ပါတယ်။ တားမြစ်ချက်ပေါ်မှာ ကြောက်တဲ့သူ ရှိမယ် မကြောက်တဲ့သူ ရှိမယ်။ ဟိုယခင်တုန်းကတော့ ၁၅၀၀ကျပ်မှာ ပြောင်းပြန်မောင်းတာတွေ မဆင်မခြင် မောင်းတာတွေ စည်းကမ်းကို မလိုက်နာတွေဖြစ်ခဲ့တယ်။ အခု ၃၀၀၀၀ ဆိုသောငွေကြေးသည် အဆအားဖြင့် မြင့်လာတဲ့အတွက် အနည်းအများ အာရုံစူးစိုက်မှု ရှိမယ်လို့ယူဆပါတယ်။ ဒီဒဏ်ကြေးငွေ တိုးမြှင့်မှုသည် စည်းကမ်းချိုးဖောက်မဲ့လူတွေအတွက် ထည့်သွင်းစဉ်းစားစရာ အချက်တခုအနေနဲ့ ဖြစ်ပေါ်လာပါတယ်။
မေး။ ။ ပြုပြင်မှုကြောင့် ကားလျှော့ကျနေရတယ်ဆိုရင် ခရီးသည်တွေကလည်း ကားဂိတ်တွေမှာ ပုံနေတဲ့အတွက် ကားတွေပုံမှန်တိုင်း ပြန်လည်ပြေးဆွဲလာအောင် ဘယ်လို ဆောင်ရွက်သွားမှာလဲ။
ဖြေ။ ။ မထသအဖွဲ့အစည်းက ဥပဒေနဲ့အညီ ပြေးဆွဲခွင့်ရထားသော မော်တော်ယာဉ်များ၊ လိုင်စင်ရရှိထားသူများကို ပေါင်းစပ်ပေးရတဲ့အဖွဲ့ဖြစ်ပါတယ်။သူတို့ကိုပဲ ကိုင်တွယ်ပေးနိုင်တယ်။ ဒါပေမယ့် ဒီလိုဖြစ်သွားတယ် ဒီလိုကျနေတဲ့အချိန်မှာ ကျနော်တို့ မနေပါဘူး။ မီဒီယာတွေနဲ့လည်းတွေ့ပါတယ်။ ကျနော်ပြောတဲ့စကား အားလုံးကို မယုံပါနဲ့ အချက်အလက် ပေးခြင်းသာ ဖြစ်ပါတယ်။
အခုအခက်အခဲဖြစ်နေချိန်မှာ မထသရဲ့ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မှုအတွင်းက ကျနော်တို့ ပြည်သူလူထု သွားလာနိုင်မှု အထောက်အပံ့ဖြစ်အောင် ဆောင်ရွက်မယ်။ သယ်ယူပို့ဆောင်မှုတခုလုံးကို မထသသည် ဥပဒေတရပ် ကိုင်ဆွဲပြီးတော့ မလုပ်နိုင်ဘူး။ တည်ဆဲဥပဒေကိုင်ထားတဲ့ဌာနတွေရဲ့ ခွင့်ပြုချက်တိုင်းရတဲ့ဟာတွေကို ပေါင်းစပ်ညှိနှိုင်းပေးရတာ ဖြစ်ပါတယ်။
ဥပမာ-မနေ့က တောင်ပိုင်းခရိုင် အရှေ့ပိုင်းတက္ကသိုလ်မှာ ကျောင်းသားလေးတွေ အခက်အခဲကို လုပ်ပေးနေတယ်။ သွားတဲ့ယာဉ်တွေကို လမ်းမှာ အန္တရာယ်ပေးတဲ့အနေနဲ့ ရိုက်မယ် နှက်မယ် ဖြစ်တဲ့အတွက်ကြောင့် ထွက်ပြီးသားယာဉ် တောင် ပြန်ဆုတ်ကြတယ်။ ဒီတွက် ကျနော်ဘာသာ ကားတွေကို ယာဉ်လိုင်းတလိုင်းမှာ တစီးပဲ။ သွားနေတဲ့ကားတွေကနေ ထုတ်ရလို့ တစီးပဲ ကျနော်တို့ပိုင်ကား မရှိဘူး။ ဒါကြောင့်မို့ အဲဒီကားတွေကို ကျနော်ဘာသာ ပြင်ဆင်တယ်။ ပုဂ္ဂလိကပိုင် ယာဉ်တွေပဲရှိတယ်။ ယူသုံးတဲ့ယာဉ်အတွက် ကားဌားခ ပေးရတယ်။ မထသရဲ့ဘဏ္ဍာရေး စည်းမျဉ်းထဲက ကျခံပြီး ပြေးရမယ့်ဟာ အားလုံးကို ပြေးမယ်။ တာဝန်ယူထားလမ်းပိုင်းမှာ ပြည်သူတွေအဆင်ပြေအောင်လုပ်သွားမယ်။
ပုံမှန်အခြေအနေက ပြေးဆွဲခြင်းယာဉ်များ ပုံမှန်တိုင်းဖြစ်အောင်လို့ အမြန်ဆုံးကြိုးစားပါမယ်။ ဒါပေမယ့် ပြင်ဆင်မှုကြာတဲ့ ကားတွေ ရှိနေရင်တော့ ဒါကိုတော့ မတတ်နိုင်ပါဘူး။ ထိုအတူ လုပ်သားတွေကိုလည်း အတင်းတိုက်တွန်းလို့ မရပါဘူး။ မနိုင်တာရှိရင် တိုင်းဒေသကြီးကို တင်ပြသွားပါမယ်။
မေး။ ။ မော်တော်ယာဉ် ဥပဒေအသစ်နဲ့ အဟောင်းမှာ အဓိက ကွာခြားချက်က ဘာတွေလဲ။
ဖြေ။ ။ ဥပဒေနဲ့ပြောရင် ၁၉၆၄ မော်တော်ယာဉ်ဥပဒေမှာ သိပြီးသား ပြစ်မှုတွေပါတယ်။ ဒါပေမယ့် ထူးခြားတာက ပုဒ်မ ၅၄ ( င )မှာ သတ်မှတ်ထားသည့် မော်တော်ယာဉ်ကို မောင်းနှင်စဉ် ယာဉ်မောင်းနှင့်လိုက်ပါ စီးနှင်းသူများသည် ထိုင်ခုံကားပါတ်ကို တပ်ဆင်အသုံးပြုခြင်း မရှိခြင်းပါလာတယ်။ ပြည့်စုံအောင် ထပ်ဖြည့်ထားတာပဲ ရှိပါတယ် အားလုံးကတော့ ၆၄ ဥပဒေအတိုင်းပါပဲ။ ဒဏ်ကြေးမှာ ယခင်က ၁၅၀၀၊ ၅၀၀ ခွဲဖော်ပြတယ်။ အခု ပုဒ်မ ၆၅မှာ မည်သူမဆို အဆိုပါ ဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေပါ ပြဌာန်းချက် တရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ကျပ် သုံးသောင်းထက် မပိုသော ငွေဒဏ်ချမှတ်ရမည် လို့ပါတယ်။ ပုဒ်မတွေအလိုက် သီးခြားကျူးလွန်ရင် သူပုဒ်မနဲ့ သူဒဏ်ကြေးရှိတယ်။ ဥပမာ- ကားထုတ်လုပ်တဲ့သူဆိုရင် ဒဏ်ကြေး သိန်း ၅၀ အထိ ပါရှိပါတယ်။
ကျနော်တို့လည်း မထသအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ ညီညွှတ်အောင် ပြန်လည်ဖွဲ့စည်းတော့မှာပါ။ ဒီအချိန်မှာ မမျှော်လင့်သော ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာပါတယ်။ကျနော်တို့ရဲ့ ဆောင်ရွက်မှုအားနည်းလို့ ပြည်သူလူထုရဲ့ အခက် အခဲပေါ်မှာ အားလုံးကို တောင်းပန်ပါတယ်။ ဒါကြောင့် ကျနော်တို့မှာ လုပ်ပိုင်ခွင့်ရှိသလောက် အခြေအနေအရ ပုံမှန်ကို အမြန်ဆုံးရောက်ရှိအောင်သွားပါမယ်။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် လုပ်သားပြဿနာတွေ မရှင်းနိုင် ယာဉ်ပြဿနာတွေ ကျနော် မရှင်းနိုင်ရင် ကျနော်တို့ကို စီမံကွပ်ကဲနေတဲ့ တာဝန်ရှိသူတွေကို တင်ပြပြီးတော့ သွားလာမှု ပိုကောင်းအောင် ဆောင်ရွက်သွားပါမယ်။