မွန်ပြည်နယ်ဒေသကြီးတခုလုံး တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီတို့ကဲ့ သို့သော အင်အားကြီး ပါတီ ၂ခုက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေချိန် မွန်ပြည်နယ် အခြေစိုက် ပါတီ ၃ ဖြစ် သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသမီးပါတီ(မွန်) ၊ မွန်အမျိုးသားပါတီ တို့ကလည်း မွန်ပြည်နယ် တွင် နေရာမလပ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ နိုင်ငံရေးပါတီများက အင်အားအပြည့် အရှိန်ဟုန်ပြင်းပြင်းဖြင့် ရွေးကောက်ပွဲဝင်နေချိန် မွန်တိုင်းရင်းသားတဦးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီးဟောင်း နိုင်ရဲဇော်(ခေါ်) နိုင်ဇော်မိုးက တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်းအဖြစ် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ဧရာဝတီ သတင်းထောက် ဟေမာနွန်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ တသီးပုဂ္ဂလအဖြစ် ဘာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။
ဖြေ ။ ။ တကယ်တမ်း နိုင်ငံရေးသမားတစ်ယောက်ဟာ ပါတီအနေနဲ့ပဲ အလုပ်လုပ်ချင်တယ်။ Without Party No Democracy ဆိုရိုးစကားပေါ့။ ပါတီ မရှိဘဲနဲ့ ဒီမိုကရေစီ မရှိဘူး။ ဒါကိုနားလည်ခဲ့ပြီးတော့ မွန်အမျိုးသားပါတီမှာ ဝင် လုပ်တယ်။ ပါတီမှာ လှုပ်ရှားတယ်။ သို့သော် အသင်းအဖွဲ့တွေက ဘယ်လိုဖြစ်လာလဲဆိုတော့ ဒီမိုကရေစီကို သွား နေတယ် ပြောရင်းနဲ့ သူတို့ရဲ့ကိန်းအောင်နေတဲ့ အာဏာရှင်စိတ်ဓါတ်နဲ့ပဲ ဒီမိုကရေစီကို ချဉ်းကပ်နေတယ်။ အဲဒီတော့ ဒီမိုကရေစီဟာ မစစ်ဘူး။ သူတို့ကိုယ်တိုင်က ဒီမိုကရေစီကို သဘောတရားကို အပြည့်အ၀ မခံယူချင်ကြဘူး။ တဝက် တပျက်ပေါ့နော်။ ဒီမိုကရေစီလည်း သွားချင်တယ်၊ အပြည့်အ၀ မကျင့်သုံးဘူး။ သူတို့ရဲ့ဗီဇမှာပါတဲ့ ဒီလူကို မကြိုက် ဘူး။ ဒီလူကို ကြိုက်တယ် ထည့်လိုက်ဆိုတဲ့ အာဏာရှင်စိတ်ကို မပယ်ဖျက်နိုင်ဘူး။ အဲဒီပြဿနာ ကြားမှာပေါ့နော် အမှန်တော့ တသီး ပုဂ္ဂလကို ကြိုက်လို့ ဝင်ပြိုင်တာမဟုတ်ဘူး။
ပါတီအနေနဲ့ပဲ ယှဉ်ပြိုင်ချင်တဲ့အတွက် ပါတီဝင်ခဲ့တယ်။ ဗဟိုအလုပ်မှုဆောင်အထိ ရောက်ခဲ့တယ်။ ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့နေရာမှာ ကိုယ်ပါဝင်လာမှာကို လက်မခံနိုင်တဲ့အုပ်စုရှိလာတော့ ဖယ်ခံလိုက်ရတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုက ရေစီ ဖြစ်စဉ်မှာ ပါတီတွေရဲ့ကဏ္ဍဟာ သိပ်အရေးမပါတာ တွေ့ရတယ်။ လွှတ်တော်ထဲမှာ ပါတီအားအလိုက် လုပ်တာ ထက် တဦးစီတယောက်စီ စွမ်းအားတွေနဲ့ဖော်ဆောင်နေတာ အများစုတွေ့ရတယ်။ အဲတော့ တယောက်တည်း ဝင် သွားရင်လည်း ကိုယ့်နယ်မြေဒေသ လူထုအတွက် မနစ်နာနိုင်ဘူး။ ပါတီရဲ့လွှမ်းမိုးမှု အားကောင်းမှု သိပ်ကောင်းသွား ပြီဆိုရင်တော့လည်း တဦးတယောက်တည်းအနေနဲ့မတိုးနိုင်ပါဘူး။ အခုအခြေအနေက လွှတ်တော်တွေမှာ ပါတီ အလိုက်လုပ်နိုင်တာ ဖော်ဆောင်နိုင်တာ နည်းတယ်။ တဦးတစ်ယောက်ချင်းစီ အရည်းအချင်းအရပဲ ဖော်ဆောင်နိုင် တာ တွေ့ရတယ်။ ဒါကြောင့် တသီးပုဂ္ဂလဝင်လည်းပဲ ဆောင်ရွက်နိုင်မှာပဲ ဆိုတဲ့စိတ်နဲ့ပါပဲ ပါတီမှာ မဝင်ပြိုင်ရလို့ ဒီလို ဝင်ပြိုင်ရတာမဟုတ်ပါဘူး။
မေး ။ ။ ဘာကြောင့် ကျိုက်မရောမြို့နယ်မှာ ဝင်ပြိုင်ဖြစ်သွားတာလဲ။
ဖြေ ။ ။ ကျနော်က ကျိုက်မရောမြို့နယ်ထဲက ကျိုက်ပရန်ရွာ ဇာတိဖြစ်တယ်။ နဂိုတည်းကလည်း အဲဒီမှာပြိုင်ဖို့ ဆန္ဒ ရှိတယ်။ နောက်ပြီး ကိုယ့်မွန်လူမျိုးအများစု နေထိုင်ရာဒေသလည်း ဖြစ်တယ်။ ကိုယ်ကလည်း မွန်လူမျိုးအပေါ်မှာ သံယောဇဉ် ရှိသလို သူတို့လည်း သံယောဇဉ်ရှိလိမ့်မယ်လို့ မျှော်လင့်တာပေါ့နော်။ ကိုယ့်ရဲ့လှုပ်ရှားမှုတိုင်းက မွန်လူမျိုး အတွက် ပါခဲ့တယ်။
မေး ။ ။ NLD ပါတီကို ယှဉ်နိုင်မယ်လို့ ထင်လား။
ဖြေ ။ ။ ကျနော့်အနေနဲ့ အားလုံးကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်ပေါ့နော်။ ဘာ ကြောင့်လဲ ဆိုတော့ ကျနော် ဒီနိုင်ငံရေးကာလကို ဖြတ်ခဲ့တာ တော်တော်ကြာပြီး အမျိုးသားရေး၊ စာပေ၊ နိုင်ငံရေး ဗဟုသုတနဲ့ အစိုးရအမှုထမ်းမှာလည်းနှစ်ပေါင်း(၂၀)ကျော် အရာထမ်း အဆင့်လုပ်ခဲ့တယ်ပေါ့နော်။ ကျနော် တဦးချင်း မှာ အားလုံးကို ကျော်ဖြတ်နိုင်တယ်။ ပြည်သူလူထုတွေ ကျနော့်အကြောင်းကို တကယ်သိသွားရင် ကျနော့်ထက် ဘယ်သူ့ကိုမှပိုပြီး လက်မခံနိုင်ဘူးလို့ ယုံကြည်တယ်။ ကျနော့်အကြောင်း သိဖို့ မနည်းကြီး လုပ်ပြရမယ်လို့ သိတယ်။ ပြောရဲတယ်။ ဒီနယ်မြေမှာ ကျနော်ထက်သင့်တော်မယ့်သူ မရှိဘူးလို့ ယုံကြည်တယ်။
မေး ။ ။ စစ်တပ်က ထွက်တဲ့ အငြိမ်းစားဆိုတော့ လူထုတွေက မကြိုက်ဘူး။ အဲဒီအပေါ်မှာ အားသာချက်နဲ့ အားနည်းချက် ဘယ်လိုရှိလဲ။
ဖြေ ။ ။ စစ်တပ်က လာပေမယ့် ကျနော်က စစ်တပ်ဘက်တော်သား၊ အာဏာရှင်ဘက်တော်သားမဟုတ်ဘူး။ ဒီမိုက ရေစီဘက်တော်သား ဖြစ်တယ်။ ကျနော် လေ့လာလိုက်စားခံယူတဲ့ နိုင်ငံရေးလမ်းစဉ်က ဒီမိုကရေစီပါပဲ။ အာဏာရှင် ကျနော် မကြိုက်ဘူး ပြန်ထွက်ခဲ့တယ်။ စစ်ပညာလေ့လာခဲ့တယ်ဆိုတာ နယ်မြေလူထုတွေအတွက် အများကြီး အကျိုး ရှိတယ်။ ကျနော်မှာရှိတဲ့ စစ်ပညာ၊နိုင်ငံရေးပညာကို လူထုတွေအတွက် တကယ်လိုအပ်လို့သုံးမယ်ဆိုရင် အများကြီး အသုံးတည့်မှာ တချိန်ကျရင်ပေါ့။ ဒါကို ကျနော်က ယန္တရားအနေနဲ့မမြင်ဘူး။ ကျနော်တတ်ခဲ့တဲ့ပညာတခုအနေနဲ့ပဲပေါ့။
ဥပမာ-သိုင်းတတ်လို့ ဒီလူဟာ လူတွေကို ဗိုလ်ကျဖို့မဟုတ်ဘူး။ လူတွေကို ခုခံကာကွယ်ပေးမယ့် ရည်ရွယ်ချက်လည်း ရှိတယ်။ ဒီသဘောပဲ စစ်ပညာတတ်ခဲ့တယ်။ ဒီတတ်ခဲ့တဲ့ စစ်ပညာနဲ့ကိုယ့်ဒေသ၊နယ်မြေ၊လူမျိုးတွေကို အရေးကြောင်း ကြုံရင် ကိုယ်လုပ်ပေးနိုင်တဲ့ဟာ အများကြီးရှိတယ်။ ဒါကို နားလည်အောင် လူထုတွေကို ရှင်းပြပေးရမှာပေါ့။ စစ်တပ် မှာ အမှုထမ်းဆောင်စဉ်မှာလည်း တိုင်းရင်းသားတွေကို ချစ်တယ်၊ ကိုယ်တိုင်လည်း တိုင်းရင်းသားဖြစ်တယ်။ ကျနော် တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာတွေမှာ အားလုံးကို ညီနောင်သားချင်းတွေလို ဆက်ဆံခဲ့တဲ့အတွက် ကျနော့်မှာ အမည်း စက် တခုမှမရှိသလို တိုင်းရင်းသားတွေအပေါ်မှာ အနိုင်ကျင့်ခဲ့တာတို့ မရှိခဲ့ပါဘူး။ စစ်ပညာကို အဆင့်တခု အထိပဲ သွားသင်ခဲ့တယ်ဆိုတာပဲ ကျနော်သဘောထားတယ်။
မေး ။ ။ နိုင်ငံရေး မျှော်မှန်းချက်က ဘာတွေလဲ။
ဖြေ ။ ။ နိုင်ငံရေးသမားစစ်စစ်ဖြစ်ချင်တယ်။ ဒါပေမယ့် အများကြီး သွားရဦးမယ်။ အခုဆို နိုင်ငံရေးပါတီတွေမှာ ဝင် ရောက်လှုပ်ရှားလို့လည်း အဆင်မပြေဘူး ပြန်ထွက်ရတယ်။ တကယ့်နိုင်ငံရေးသမား ဖြစ်လာဖို့ဆိုရင် နိုင်ငံရေး ပါတီ ဝင်ရမယ်၊ နိုင်ငံရေးထဲမှာလှုပ်ရှားနေတဲ့လူဖြစ်ရမယ်၊ ဒီထက်ပိုပြီးတော့ ဦးဆောင်နေတဲ့လူဖြစ်ရမယ်။ ဒါကို ပန်းတိုင် ထားထားတယ်။ သို့သော် လွယ်လွယ်နဲ့တော့ ရောက်နိုင်မှာမဟုတ်ပါဘူး။ ဒီကြားထဲမှာတော့ ရွေးကောက်ပွဲတွေ၊ လူထု လူတန်းစားအသီးသီးတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေကို လမ်းကြောင်းထဲမှာ လုပ်သွားရမယ့်အရာတွေပေါ့နော်။
မေး ။ ။ ရွေးကောက်ပွဲမှာ နိုင်သွားခဲ့လို့ရှိရင် ဘာတွေလုပ်ပေးမှာလဲ။
ဖြေ ။ ။ လုပ်ပေးဖို့က ကျယ်ပြန့်တယ်ပေါ့နော်။ ၂၀၀၈ဖွဲ့စည်းပုံထဲမှာ ဇယား (၁)၊(၂) ရှိတယ်၊ ပြည်နယ်အဆင့်က ပြု နိုင်တဲ့ဥပဒေတွေ လုပ်နိုင်တဲ့လုပ်ငန်းတွေနဲ့ ဗဟိုအဆင့်က လုပ်နိုင်တဲ့ဟာတွေ အဲဒီထဲမှာမှ ရှိပြီးသားထဲကမှ ဘယ်ဟာ တွေကို ဒီထက်ပိုပြီးလုပ်ပေးနိုင်ဦးမလဲ။ နောက်တခုက ပြုပြင်ပြောင်းလဲသင့်တဲ့ဟာတွေ ပေါ်လာလိမ့်မယ်။ ဒီဇယား (၁)နဲ့(၂)ကိုပဲ အသေစွဲကိုင်ပြီးတော့ လက်ခံထားလိုက်လို့မဖြစ်နိုင်သေးဘူး။ နောက်တခုက ကျနော်နိုင်ငံက ဖက်ဒရယ် ပြည်ထောင်စုနဲ့ သွားသင့်တဲ့နိုင်ငံ၊ ဒါကို ဘယ်နည်းလမ်းနဲ့ ချဉ်းကပ်မလဲပေါ့။ ဥပမာ ပြည်နယ်မှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိသင့်တယ်။ ဒါတွေမရှိသေးဘူး။ ဒါကတော့ ရွေးကောက်ပွဲ နိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ နိုင်ရင် တော့ ပိုလုပ်နိုင်မယ့်ဟာတွေပေါ့နော်။
မေး ။ ။ မွန်ပြည်နယ်ရဲ့ အဓိက လိုအပ်ချက်တွေက ဘာတွေလဲ။
ဖြေ ။ ။ လူတွေအားလုံးရဲ့ လိုအပ်ချက်က စားဝတ်နေရေးပေါ့နော်။ အခြေခံလိုအပ်ချက်လို့ ခေါ်တယ်။ ဒါလိုအပ် သော်လည်းပဲ အားလုံးအဆင်ပြေဖို့ အဓိကလိုအပ်ချက်က ပညာရေးပဲ။ ဒါတွေ အားလုံးတိုးတက်ဖို့ မောင်းနှင်နေတာက ပညာရေးပဲ။ အခြေခံလိုအပ်ချက်တွေကို ဆောင်ရွက်ပေးနေတဲ့အချိန်မှာ တဖက်က ပညာရေးကတော့ အစဉ်တစိုက် လုပ်နေရမယ်လို့ယုံကြည်တယ်။ အဲတော့ စားဝတ်နေရေး ဘယ်လိုကောင်းအောင် လုပ်နေပေမယ့် ပညာရည်နိမ့် ကျ နေရင် ဒီနယ်မြေဟာ ရေရှည်မှာ တိုးတက်ဖို့မလွယ်ဘူး။
မေး ။ ။ အခု လတ်တလော မဲဆွယ်စည်းရုံးရာမှာ လွတ်လွတ်လပ်လပ်ရှိလား။
ဖြေ ။ ။ မဲဆွယ်စည်းရုံးရေးကာလမှာ လွတ်လပ်ပါတယ်။ ဒီနေ့အထိတော့ လာပြီးတော့ ပိတ်ပင်တားဆီးတွေ မတွေ့ ရသေးပါဘူး။