အသက် ၃၀ အရွယ်ရှိ ဒေါက်တာ အောင်အောင်သန်းထိုက်သည် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း တဦး ဖြစ်သည်။ ဒေါက်တာ အောင်အောင်သန်းထိုက်သည် ရန်ကုန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ၂၀၀၈ ခုနှစ်တွင် သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့ (BDS) ရရှိခဲ့သူဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်း တဦးလည်း ဖြစ်သည်။ ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ဆလိုင်းသန့်စင်က ဒေါက်တာ အောင်အောင်သန်းထိုက်ကို တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ဘာကြောင့် ရွေးကောက်ပွဲ ဝင်ပြိုင်တာပါလဲ။
ဖြေ။ ။ ကျနော်တို့က လွှတ်တော်ပြင်ပကနေ အမျိုးသား ဒီမိုကရေစီကွန်ရက်အဖွဲ့ တည်ထောင်ပြီး လယ်သမားအရေး၊ အလုပ်သမားအရေး၊ လူ့အခွင့်ရေး ကိစ္စတွေ လိုက်ပါဆောင်ရွက်ခဲ့တယ်။ အဲဒီလို လိုက်လံကူညီရာမှာ တခုခုဆိုရင် လွှတ်တော်နဲ့ အစိုးရဆီကို သွားရောက်ညှိနှိုင်း ဆောင်ရွက်ကြရာမှာ အရင်ဆုံး သူတို့နဲ့ တွေ့ခွင့်တောင်းရတယ်။
ပြီးရင် သူတို့တွေ့ခွင့်ပေးတဲ့ အချိန်ကျမှ တွေ့ရတယ်။ တွေ့တဲ့အခါမှာလည်း ကျနော်တို့ တင်ပြတာတွေက ၁၀၀ မှာ ၂၅ လောက်ပဲ အရာထင်တယ်။ အဲဒီတော့ ဒီလိုမျိုး လွှတ်တော်ပြင်ပကနေ ဆက်သွားမယ်ဆိုရင် လယ်သမားတွေ အတွက်ရော ပြည်သူလူထုအတွက်ရော နစ်နာမယ်။ အဲဒီတော့ လွှတ်တော်ထဲကိုဝင်ပြီး ပြည်သူလူထုအရေးဆိုပြီး ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲ ဝင်တာပါ။
မေး။ ။ လွှတ်တော်ထဲကနေ ဘာတွေများ ပြုပြင်ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ထားပါလဲ။
ဖြေ။ ။ အဓိက ကတော့ အစိုးရ မူဝါဒနဲ့ အသစ်ပြဌာန်းတဲ့ ဥပဒေတွေ ခိုင်မာစွာ အသက်ဝင်ဖို့အရေး လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဥပဒေတွေက အပေါ်ကသာ ပြဌာန်းပေးလိုက်တာ။ အောက်ခြေမှာ တကယ် အသက်မဝင်ဘူး။
ဥပမာအားဖြင့် ၂၀၁၂ လယ်ယာမြေ ဥပဒေဆိုရင် အောက်ခြေမှာ လိုက်နာကျင့်သုံးမှု အားနည်းတယ်။ လယ်ယာမြေမှုခင်းနဲ့ ပတ်သက်တဲ့ နည်းဥပဒေတွေ ညွန်ကြားချက်တွေဆိုလည်း ဒီအတိုင်းပဲ။ လိုက်နာကျင့်သုံးမှု မရှိဘူး။ များသောအားဖြင့် မြေစာရင်းဌာနနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ပဲ လက်ဝါးချင်းရိုက်ပြီး လုပ်သွားတော့ လယ်သမားတွေမှာ နစ်နာမှုတွေ တအားဖြစ်နေတယ်။ ဒါတွေကို ပြောင်းလဲဖို့ ကြိုးစားပါမယ်။
မေး။ ။ လက်ရှိ ဝန်ကြီးချုပ်ဦးသိန်းအောင် ဦးဆောင်တဲ့ ဧရာဝတီတိုင်း အစိုးရအပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ လက်ရှိ ဧရာဝတီတိုင်း အစိုးရမှာ ကျနော် မကြိုက်ဆုံး အချက်က စီမံကိန်းတွေကို ပြည်သူကို လုံးဝချမပြတဲ့ အချက်ပဲ။ ဧရာဝတီတိုင်းမှာဆိုရင် ဒေသန္တရဆိပ်ကမ်း စီမံကိန်း ရှိတယ်။ ကမ်းနားက ရေပေါ်ဈေး စီမံကိန်းဆိုရင်လည်း လွှတ်တော်ကို မတင်ပြခဲ့ဘူး။ ပုသိမ်မှာဆိုရင် မြကျွန်းသာ အိမ်ရာစီမံကိန်း၊ ပုသိမ်မြို့သစ် စီမံကိန်း၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း၊ ပလက်တီနမ်အိမ်ရာ စီမံကိန်း၊ ကမ်းနားလမ်းမှာဆိုရင် အထပ်မြင့် တိုက်ခန်းတွေနဲ့ ဆိပ်ကမ်းစီမံကိန်း စသဖြင့် အများကြီးပဲ။
ဒါပေမယ့် ပြည်သူတွေ ဘာမှမသိရဘူး။ သူတို့ စက်ယန္တရားတွေနဲ့ တူးဖော်ပြီး ဖောင်ဒေးရှင်းချပြီး ဆောက်ပြီဆိုတော့မှ ဒါက စီမံကိန်း တခုခုလုပ်မှာပါလား ဆိုတာလောက်ပဲ ပြည်သူက သိရတယ်။ ကျနော် လွှတ်တော်ထဲ ရောက်ခဲ့မယ် ဆိုရင်တော့ အစိုးရ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့၊ ပြည်သူကို စီမံကိန်းတွေ ချပြရှင်းလင်းဖို့ လွှတ်တော်လမ်းကြောင်းကနေ ဆောင်ရွက်ဖို့ လုပ်ဆောင်သွားမှာပါ။
မေး။ ။ ဆရာဝန် တယောက်အနေနဲ့ ဧရာဝတီတိုင်းရဲ့ကျန်းမာရေး ကဏ္ဍဘက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားဖို့ စိတ်ကူးထားတာများ ရှိပါလား။
ဖြေ။ ။ ကျနော်တို့ ဧရာဝတီတိုင်းအတွက် အရမ်းကို ဖြစ်စေချင်တဲ့ အရာတခု ရှိပါတယ်။ အဲဒါကတော့ တိုင်းဆေးရုံကြီးဖြစ်တဲ့ ပုသိမ်မှာ ဦးနှောက်နဲ့ အာရုံကြော ကုသရေးဌာန မရှိဘူး။ အဲဒီတော့ ပုသိမ်မှာ သွေးတိုးဖြစ်လို့ လေဖြတ်တယ်ပဲထားဦး။ ရန်ကုန်ပို့ရတယ်။ လမ်းမှာတင် သေဆုံးတယ်။ နောက်တခါကျတော့ ဆိုင်ကယ် မတော်တဆမှုတွေ ဖြစ်တယ်၊ ခေါင်းကို ထိတယ်။ ဘာမှလုပ်လို့ မရဘူး။ ရန်ကုန်ပို့တော့ လမ်းမှာတင် ဆုံးကုန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဒုတိယမြောက် လူဦးရေ အများဆုံးရှိတဲ့ လူပေါင်း ၆ သန်းကျော် နေထိုင်တဲ့ ဧရာဝတီတိုင်းအတွက် ဦးနှောက်နဲ့ အာရုံကြောဌာနတခု မဖြစ်မနေကို ရှိသင့်ပါတယ်။ ကျနော်သာ ကိုယ်စားလှယ် ဖြစ်ခဲ့ရင်တော့ ဒီဌာန ပုသိမ်ကို ချထားပေးဖို့ လွှတ်တော်လမ်းကြောင်းကနေ တောင်းခံသွားမှာပါ။
နောက်ထပ် စိတ်ကူးထားတာ တခုက အခုရေဘေးလိုမျိုး သဘာဝဘေး အန္တရာယ် ကြုံတဲ့အခါမှာ အစိုးရအနေနဲ့ ရိက္ခာ ပေးတာလောက်ကိုပဲ ကယ်ဆယ်ရေး လုပ်တယ်လို့ သဘောထားနေတာ တွေ့ရတယ်။ ရေဘေးဖြစ်တဲ့အခါမှာ ရေဘေးသင့် ပြည်သူတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါ၊ တုပ်ကွေးနဲ့ အသည်းရောင် အသားဝါ ရောဂါတွေ ဖြစ်တတ်တယ်။ အဘိုးကြီး၊ အဘွားကြီးတွေဆိုရင် အစာအာဟာရချို့တဲ့တာတွေ ဖြစ်တတ်တယ်။
ဒါတွေကို စနစ်တကျ ကုသပေးမယ့် Medical Team (ဆေးကုသရေးအဖွဲ့) လွှတ်ပေးတာတွေ အစိုးရ အနေနဲ့ လုပ်ဆောင်တာ မတွေ့ရဘူး။ သူတို့ (အစိုးရ) ရဲ့ ကယ်ဆယ်ရေး စီမံချက်မှာတော့ ဆေးကုသရေး ပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဆေးအဖွဲ့ မပါဘူး။ ထိုင်းက လွှတ်လိုက်တဲ့ ကယ်ဆယ်ရေး အဖွဲ့မှာဆိုရင် ဆေးအဖွဲ့က တပါတည်း ပါလာပြီးသား။ အဲဒီတော့ ကျနော်တို့ လက်ထက်မှာ ပြည်သူတွေအတွက် အခုလို လစ်ဟာမှုမျိုးတွေ မဖြစ်အောင် ကြိုးစားသွားမယ်။
ကျောင်းကျန်းမာရေးနဲ့ ပတ်သက်လို့လည်း ကြပ်မတ်လုပ်ဆောင်ဖို့ စိတ်ကူးထားတာ ရှိပါတယ်။ အခုလက်ရှိ ကျောင်းကျန်းမာရေး အဖွဲ့တွေ ရှိပါတယ်။ ဒါပေမယ့် မိုးကျလို့ ခြင်ပေါတဲ့အချိန် ကျောင်းတွေမှာ ခြင်ဆေး လိုက်ဖြန်းပေးရဲ့လား။ ကျောင်းရှေ့မှာတော့ အေးဒိစ်ခြင်ကျား ကင်းစင်ကျောင်းဆိုပြီး ဆိုင်းဘုတ်တော့ ထောင်ထားတယ်။ ကျောင်းထဲမှာတော့ ခြင်တွေတဝီဝီနဲ့။ အဲဒီတော့ ဒီနှစ်ဆိုရင် ဧရာဝတီတိုင်းထဲမှာ သွေးလွန်တုပ်ကွေး ဖြစ်ကြတာ အရေအတွက် မနည်းဘူး။ ဒါတွေက မဖြစ်သင့်တဲ့ ကိစ္စတွေပါ။ အဲဒီတော့ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်လို့တော့ လုပ်ဆောင်သွားရမယ့် ကိစ္စတွေ အများကြီး ရှိနေပါတယ်။
မေး။ ။ ပုသိမ်မြို့နယ် တိုင်းလွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်မှာ ဝင်ပြိုင်ရမှာဆိုတော့ ပြိုင်ဘက်တွေအပေါ် စိုးရိမ်မှု ရှိပါလား။
ဖြေ။ ။ ပုသိမ်မှာ ဝင်ပြိုင်မှာက ကျနော်အပါအဝင် ပါတီ ၁၀ ခုက ကိုယ်စားလှယ်လောင်း ၁၀ ဦး ရှိတယ်။ ပြိုင်ဘက်တွေနဲ့ ပတ်သက်လို့တော့ စိုးရိမ်မှု မရှိပါဘူး။ တဦးချင်း အရည်အသွေးနဲ့ ပတ်သက်ပြီး မှတ်ကျောက်တင် ခံရဲပါတယ်။ သို့သော် တိုင်းပြည်ကောင်းဖို့အတွက် ကျနော့်ထက်သာတဲ့လူရှိရင် အဲဒီလူကို မဲပေးလိုက်ပါ။ ပြည်သူက ကျနော့်ကို ရွေးချယ်မယ်ဆိုရင်တော့ ပြည်သူ့အတွက် နွားတကောင်လိုပဲ နဖားကြိုး အထိုးခံဖို့ အဆင်သင့်ပါပဲလို့ ပြောချင်ပါတယ်။
မေး။ ။အကယ်၍ ရွေးကောက်ပွဲ အနိုင်ရခဲ့လို့ ဧရာဝတီတိုင်း လွှတ်တော်ထဲ ရောက်ခဲ့ရင် ပထမဆုံး လုပ်ဆောင်မယ့် အရာက ဘယ်လိုကိစ္စများ ဖြစ်မလဲ။
ဖြေ။ ။ အဓိကကတော့ ပြည်သူအတွက် ဆိုးကျိုးဖြစ်စေမယ့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းလို ဟာမျိုးကို မဖြစ်မြောက်အောင် တားဆီးကန့်ကွက် သွားမှာပါ။ ဒီလို စီမံကိန်းတွေက သဘာ၀ ပတ်ဝန်းကျင်လည်း ထိခိုက်မယ်။ ပြည်သူတွေလည်း အများကြီး ဒုက္ခရောက်ပြီး ထိခိုက်ပျက်စီးနိုင်တယ်။ တကယ်သာ ကျောက်မီးသွေးစက်ရုံ တည်ဖြစ်ရင် ထိခိုက်မှာက ငပုတောမြို့နယ် တခုတည်း မဟုတ်ဘူး။ သာပေါင်း၊ ပုသိမ်၊ ကန်ကြီးထောင့်မြို့နယ်အထိ လူတွေထိခိုက် ပျက်စီးသွားနိုင်တယ်။
အဲဒီအတွက် ဘယ်မှာလဲ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု။ ဂျပန်လို၊ အမေရိကန်လို ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝရှိတဲ့ နိုင်ငံတွေမှာတောင် ဖျက်သိမ်းနေတဲ့ဟာကို ကျောက်မီးသွေး စီမံကိန်း လုပ်ချင်တာနဲ့ပဲ ဟိုဘက်က လှည့်ပြောလိုက်၊ ဒီဘက်က လှည့်ပြောလိုက်နဲ့ အမျိုးမျိုး လုပ်နေတာတွေကို ကျနော် လက်မခံနိုင်ဘူး။ ဒါမျိုးက လုပ်ကိုမလုပ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ ကန့်ကွက်သွားမှာပါ။
မေး။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်သူလူထုကို ဘာကတိစကားများ ပေးနိုင်ပါလဲ။
ဖြေ။ ။ ကျနော့်အနေနဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့အတွက် ရွေးကောက်ပွဲ ဝင်တာပါ။ ရွေးကောက်ပွဲ နိုင်ခဲ့မယ် ဆိုရင်တောင် ဒါဟာ ကျနော်အာဏာ ရတယ်လို့ မသတ်မှတ်ပါဘူး။ ပြည်သူ့ကျွန် ဖြစ်တယ်လို့ပဲ သဘောထားပါတယ်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားနဲ့ အဖိနှိပ်ခံ လူတန်းစားဘက်က ရပ်တည်ပြီး ကြိုးစားဆောင်ရွက်သွားပါ့မယ်။ ပုသိမ်ပြည်သူလူထုအသံက ကျနော့်အသံ ဖြစ်စေရမယ်လို့ ကတိပေးပါတယ်။။
မေး။ ။ ရွေးကောက်ပွဲမှာ မနိုင်ခဲ့ရင်ရော ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိပါလဲ။
ဖြေ။ ။ မနိုင်ခဲ့ရင်လည်း ပြည်သူအတွက် အကျိုးရှိမယ့် ကိစ္စတွေကို ကျနော်တို့ ပါတီဆိုဒ်ကနေ အစိုးရရော၊ လွှတ်တော်ကိုပါ စောင့်ကြည့်ပြီး အကြံပြုတာတွေ၊ ထောက်ပြဝေဖန်တာတွေ လုပ်ဆောင်သွားမှာပါ။
မေး။ ။ ဘာတွေများ ဖြည့်စွက်ပြောချင်တာ ရှိပါသေးလဲ။
ဖြေ။ ။ အခုချိန်ကတော့ ပြည်သူလူထု အနေနဲ့ အရွေးမမှားဖို့ လိုတယ်လို့ ထင်ပါတယ်။ ပြည်သူလူထုအတွက် အမှန်တကယ် အလုပ်လုပ်ပေးမယ့်သူကို ရွေးချယ်ပါလို့ပဲ ပြောချင်ပါတယ်။ ဒါပါပဲ။