၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ) မှ ကိုယ်စားလှယ် လောင်း များစွာလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ထိုကိုယ်စားလှယ်များတွင် အင်အားကြီး အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်း လည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ကော့မှူးမြို့နယ်တွင် ကြံ့ခိုင်ရေး ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်ှ ဦးကျော်ဇင်ဟိန်းကို မဲဆွယ်စည်းရုံးမှု ပြင်ဆင်ထားမှုများအပေါ် ဧရာဝတီ သတင်းဌာန၏ အကြီးတန်း သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ဦးကျော်ဇင်ဟိန်း အနေနဲ့ ကော့မှူးမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မှာဆိုတော့ လက်ရှိမှာ မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်ဆောင်နေပါပြီလား။
ဖြေ။ ။ ကျနော့်အနေနဲ့တော့ စည်းရုံးမဲဆွယ်မှု မလုပ်သေးဘူး။ ကော့မှူးမြို့နယ် အတွင်းမှာရှိတဲ့ ရွာတွေကို သွားတယ်။ ကြံ့ခိုင်ရေး ပါတီဝင်တွေနဲ့ တွေ့ဆုံဖြစ်တယ်။ အဓိက ကတော့ ကျနော်တို့ ပါတီဝင်တွေနဲ့ ထိတွေ့တဲ့ သဘောပါပဲ။ တမြို့နယ်လုံးမှာရှိတဲ့ ရွာတွေအနှံ့ ရောက်ပြီးပါပြီ။
မေး။ ။ ရွေးကောက်ပွဲကလည်း တနေ့တခြား နီးကပ်လာပြီ။ လက်ရှိအချိန်ထိ ပါတီဝင်တွေ့ဆုံမှုကလွဲလို့ လူထုနဲ့ ထိတွေ့ဆက်ဆံမှုကို ဘာကြောင့် မလုပ်သေးတာပါလဲ။
ဖြေ။ ။ မဲဆွယ်စည်းရုံးမှုကတော့ လာမယ့်အပတ်လောက် စလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ ပြည်သူတွေနဲ့ ကျနော် မတွေ့ရသေးပါဘူး။ ပါတီဝင်တွေနဲ့ပဲ တွေ့ရပါသေးတယ်။ အဓိကကတော့ ပါတီအောင်နိုင်ရေးအတွက် ပါတီဝင်တွေနဲ့ တွေ့ရတာပေါ့။
မေး။ ။ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုတွေရရှိဖို့ ဘာတွေများ ပြင်ဆင်နေပါပြီလဲ။
ဖြေ။ ။ ထွေထွေထူးထူး ပြင်ဆင်ထားတာတော့ မရှိပါဘူး။
မေး။ ။ ဦးကျော်ဇင်ဟိန်းရဲ့ ပြိုင်ဘက်ပါတီတခုရဲ့ ကိုယ်စားလှယ်က NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။ သူက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကာလတုန်းကလည်း ကော့မှူးမြို့နယ်ကနေ အနိုင်ရခဲ့တယ်ဆိုတော့ ကြံ့ခိုင်ရေး ပါတီရဲ့ကိုယ်စား ကော့ မှူး ကနေ ယှဉ်ပြိုင်ရမယ့်သူအနေနဲ့ ဘာတွေကို ကြိုတင်ပြင်ဆင်နေတယ်ဆိုတာလည်း သိချင်ပါတယ်။
ဖြေ။ ။ ခုနက ပြောသလိုပေါ့။ ထွေထွေထူးထူး ပြင်ဆင်ထားတာ မရှိဘူး။ လုပ်ရိုးလုပ်စဉ် အတိုင်းပဲ သွားနေတာ ဖြစ်တယ်။ စိတ် ခံစားချက် ဆိုတာလည်း မရှိပါဘူး။ ဒီလိုပါပဲ။ ပါတီက တာဝန်ပေးတယ်။ ဒါကြောင့် ကိုယ်စားလှယ်လောင်းအဖြစ် လုပ်ဆောင်ဖြစ် တယ်။ ဒါပါပဲ။
မေး။ ။ ပါတီကိုယ်စားလှယ် မဖြစ်ခင်ကရော နိုင်ငံရေး လှုပ်ရှားမှုအနေနဲ့ ဘာတွေများ လုပ်ဆောင်ဖြစ်ပါလဲ။
ဖြေ။ ။ ကျနော်က ၁၉၉၇ မှာ ဆယ်တန်းအောင်တယ်။ ၁၉၉၈ ခုနှစ်ကစပြီး ကြံ့ခိုင်ရေး ပါတီဝင်တဦး ဖြစ်ခဲ့ပြီး အဲဒီအချိန် ကတည်း က တောက်လျှောက် ပါတီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာပါ။
မေး။ ။ ဒီရွေးကောက်ပွဲမှာ အနိုင်ရရင် ပြည်သူတွေကို ဘာတွေလုပ်ဆောင်ပေးမှာပါလဲ။
ဖြေ။ ။ ကျနော်သာ အနိုင်ရခဲ့ရင်တော့ ကျနော့်ရဲ့ဒေသ ကော့မှူးမြို့နယ်ရဲ့ ဖွံ့ဖြိုးရေးအတွက်ပဲ အဓိကထား လုပ်ဆောင်သွားမှာပါ။
မေး။ ။ ပါတီဥက္ကဋ္ဌဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဘူး။ ဒီအတွက်ရော ပါတီဝင်တွေ အနေနဲ့ စိတ်ပျက် အားငယ်တာမျိုး ရှိပါလား။
ဖြေ။ ။ ကျနော့်မှာ စိတ်ပျက်အားငယ်တာတော့ မဖြစ်ပါဘူး။ ဒေသအတွက် ကျနော်လုပ်နေတာဆိုတော့ ဒီကိစ္စက ဘာမှမဖြစ်ပါဘူး။ ဒေသအတွက်ပဲ ဆက်လုပ်နေတာပါ။ ပါတီက ကျနော့်ကို ဒီမြို့နယ်မှာ ဝင်ပြိုင်ဖို့ တာဝန်ပေးခဲ့တာလေ။ ကျနော်အပါအဝင် ပြည်သူ့ လွှတ်တော်က ၅ ပါတီ လောက် ဝင်ပြိုင်မှာပါ။ ။