လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်း မဲဆန္ဒနယ် ၉၂ ခုတွင် လွှတ်တော် ကိုယ်စားလှယ် လောင်း ၅၀၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ဧရာဝတီတိုင်းမဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများတွင် ကြံ့ခိုင်ရေးပါတီ ပူးတွဲဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ အစိုးရဝန်ကြီးဟောင်း များဖြစ်သည့် ဦးတင့်ဆန်း၊ ဦးခင်ရီ အပါအဝင် ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ၉ ဦးတို့လည်း ပါဝင်နေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း ဧရာဝတီတိုင်းမဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ ပြိုင်ဆိုင်မှု ပြင်းထန် နိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ ဧရာဝတီတိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဥက္ကဋ္ဌ ဦးအောင်မြင့်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ဆလိုင်းသန့်စင်က တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲအတွက် ဘာတွေ ပြင်ဆင်ပြီးပြီလဲ။
ဖြေ။ ။ ၂၀၁၅ ရွေးကောက်ပွဲဟာ အရမ်းအရေးကြီးပါတယ်။ ကျနော်တို့အနေနဲ့ ရပ်ကွက်၊ ကျေးရွာအဆင့် အထိ ကော်မရှင် အဆင့်ဆင့်ကို သတိကြီးစွာနဲ့ ခန့်အပ်ခဲ့တယ်။ မေလကတည်းက တိုင်းကော်မရှင်အဖွဲ့ဝင် ၂ ဦးနဲ့ ခရိုင်ကော် မရှင် က တဦးစီ နေပြည်တော်မှာ ကော်မရှင်လုပ်ငန်းတွေကို သင်တန်းသွားတက်ခဲ့တယ်။ ဇွန်လမှာ သင်တန်းတက်ထား သူတွေကဦးစီးပြီး ခရိုင်အလိုက် မြို့နယ်တွေကို သင်တန်းပြန်ပေးတယ်။ မြို့နယ်ကနေတဆင့် ရပ်/ကျေးအဆင့်ကို ဆင့်ပွား သင်တန်းပေးခဲ့တယ်။
အခုခက်နေတာက ရပ်/ကျေးအဆင့်မှာ ကော်မရှင်လုပ်ငန်းတွေကို သင်တန်းပေးထားပြီးသားသူတွေက ထွက်ကုန် တာတွေ ရှိတယ်။ သူတို့အကြောင်းပြတာတော့ ကျန်းမာရေးမကောင်းလို့၊ အသက်ကြီး သွားလို့၊ ပါတီထဲဝင်သွားလို့ စသဖြင့် ပေါ့။ ပါတီထဲဝင်သွားတာတော့ အများစုဗျ။ အဲဒါတွေနဲ့ နှုတ်ထွက်ဖို့ တင်လာတယ်။ မြို့နယ်အဆင့်က နုတ်ထွက် ခွင့် တောင်းတာတချို့ရှိပေမယ့် ရပ်/ကျေးအဆင့်က တော်တော်များတယ်။ မြို့နယ်တိုင်းလိုလို နှုတ်ထွက်တာ တွေ ဖြစ် နေတယ်။ လူဦးရေအားဖြင့်တော့ ၁၀၀ ကျော် လောက် ရှိမယ်။ အဲတော့ နှုတ်ထွက်တဲ့လူနေရာမှာ အစားထိုးလူတွေ ခန့်ထားပေးရတယ်။
ဘာအခက်အခဲဖြစ်သလဲဆိုတော့ သူတို့ကို သင်တန်းတကြိမ်စီ ပို့ချထားပြီးသား။ လူတွေက ထွက်ကုန်တော့ အစားထိုးတဲ့ လူတွေက ဘာမှမသိဘူး။ အဲတော့ အသစ်ဝင်လာတဲ့လူတွေကို သင်တန်း ပြန်ပေးရမယ်။ အဲဒါလည်း အောက်တိုဘာ ၁ လ ပဲ အချိန်ရှိတော့မယ်။ ဒါကြောင့် အောက်တိုဘာ လထဲမှာ သင်တန်းတက်ပြီးသားရော လူသစ်တွေရော နောက်တကြိမ် ထပ် ပြီး ကော်မရှင်လုပ်ငန်းဆိုင်ရာ သင်တန်း ထပ်ပေးဦးမယ်။ ပြီးရင် လုပ်ငန်းတွေနားလည်အောင်၊ ကျေညက်အောင် ဆွေးနွေး ပွဲတွေလုပ်ပေးမယ်။
မဲရုံမှူးတွေကို သင်တန်းပေးဖို့အတွက် နေပြည်တော်မှာ တိုင်းက ၂ ယောက်၊ ခရိုင်တခုက ၂ ယောက်စီ ဆရာဖြစ်သင်တန်း ဒီလထဲမှာ သွားတက်ထားတယ်။ အဲဒါတွေကို ခရိုင်အလိုက် မြို့နယ်တွေကို သင်တန်း ပြန်ပေးသွားမယ်။ မကြာခင် အစည်း အဝေး လုပ်ပြီးတော့ အောက်တိုဘာလဆန်းတာနဲ့ မဲရုံမှူးသင်တန်းတွေ လုပ်တော့မယ်။ ရပ်/ကျေးမဲရုံမှူးတွေကတော့ ပညာရေး ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေပေါ့ဗျာ။ သူတို့ပဲ မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ အဖွဲ့ဝင်တွေ ဖြစ်မယ်။ မဲရုံမှူးတို့ ရပ်/ကျေး ကော်မရှင် တို့က ထိပ်ကနေ တိုက်ပွဲဝင်ရတဲ့သူတွေ ဖြစ်တယ်။ သူတို့လုပ်တာလွဲတာနဲ့ ကျနော်တို့ အားလုံး လွဲတာပဲ။ ဒါကြောင့်မို့ မဲရုံမှူးသင်တန်းကို စနစ်တကျနဲ့ ပီပီပြင်ပြင် ပို့ချမယ်။ ဆွေးနွေးပွဲတွေလုပ်မယ်။ ဇာတ်တိုက် တဲ့လုပ်ငန်းတွေ လုပ်မယ်။ အောက်တိုဘာအတွင်းမှာ ဒါတွေအားလုံး ပြီးအောင်လုပ်မှာပါ။
မေး။ ။ ဧရာဝတီတိုင်းအတွင်းမှာ ကျင်းပမယ့်ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး လွပ်လပ် တရားမျှတဖို့ ဘယ်လောက်အထိ အာမခံနိုင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ တိုင်းကော်မရှင်အနေနဲ့ကတော့ ဒီရွေးကောက်ပွဲဟာ Free and Fair (လွပ်လပ်ပြီး တရားမျှတ) ဖြစ်ဖို့ ၁၀၀ ရာခိုင်နှုန်း အာမခံတယ်လို့ ပြောချင်တယ်။ ကျနော်တို့ ကော်မရှင်မှာလုပ်နေသူတွေဟာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ လုံးဝအထိပါး မခံပါဘူး။ အဲဒီလို လူတွေ ဦးစီးနေတာပါ။ ဒါကြောင့် အခုလို ပြောနိုင်တာပါ။
တိုင်းကော်မရှင်လည်း မတရားလုပ်လို့ မရဘူး။ ခရိုင်နဲ့ မြို့နယ်လည်း လုပ်လို့မရဘူး။ ဖြစ်နိုင်ချေရှိတာက ရပ်/ကျေး ကော်မရှင် နဲ့ မဲရုံမှူးတွေက လုပ်မယ်ဆို ဖြစ်နိုင်တယ်။ အဲဒါတွေ မဖြစ်အောင် အထပ်ထပ် ပြောနေပါတယ်။ ကျနော်တို့ ဘယ်လောက်ထိပြောထားသလဲဆိုရင် ရပ်/ကျေးကော်မရှင်ကလည်းကောင်း၊ မဲရုံမှူးကလည်းကောင်းပေါ့ဗျာ၊ မတရား လုပ်ခဲ့လိုရှိရင် ပါတီဘက်ကလည်း အင်မတန်သေချာတယ်ဆိုရင် ခင်ဗျားတို့ စောင့်မနေနဲ့။ ရဲစခန်းကို ပြေးပြီးသွားတိုင်လို့ ပြောထားတယ်။ ဒါက ရဲအရေးပိုင်တဲ့အမှု ဖြစ်တယ်။ ရဲက လက်ခံဆောင်ရွက်ပေးရမယ်။ အဲ တခုတော့ရှိတယ်။ မဟုတ်ဘဲ နဲ့ ယုန်ထင် ကြောင်ထင် သွားတိုင်ရင် ရပ်/ကျေးကော်မရှင်နဲ့ မဲရုံမှူးတွေက ခင်ဗျားတို့ကို ပြန်ပြီးတိုင်လိမ့်မယ်လို့ ပြောထား တယ်။
မေး။ ။ မဲပေးရာမှာ တံဆိပ်တုံးထုရမှာဆိုတော့ တချို့ကလည်း မှင် မထင်မှာ၊ မှင်တွေ တအားများမှာ စိုးရိမ်ကြတယ်။ ကော်မရှင်က စီမံထားတဲ့ တံဆိပ်တုံးအခြေအနေလေး ပြောပြပေးပါ။
ဖြေ။ ။ မဲပေးရမယ့် တံဆိပ်တုံးက ဘာမှင်မှ မလိုဘူး။ တံဆိပ်တုံးထဲမှာကို မှင်ပါပြီးသား။ ဒီအတိုင်းပဲ ကိုယ်နှိပ်ချင်တဲ့ အကွက်ထဲမှာ ဖိလိုက်ရုံပဲ။ အဲတော့ မှင်စိုပြီးမှ ကွက်တာတို့ ပြဲတာတို့ မဖြစ်နိုင်တော့ဘူး။ တံဆိပ်တုံးကို ဖိရာမှာလည်း ဘယ်လိုပဲဖိဖိ၊ ကြိုက်သလိုဖိလို့ရတယ်။ အတည့်တို့၊ အစောင်းတို့ ဂျွမ်းပြန်နေလည်း ကိုယ်မဲပေးချင်တဲ့ ပါတီရဲ့လိုင်းထဲ၊ အကွက်ထဲမှာရှိနေရင် ဒီပါတီကို ထောက်ခံတယ်လို့ သတ်မှတ်တယ်။
မေး။ ။ ဧရာဝတီတိုင်းမှာ ဝင်ပြိုင်တဲ့ကိုယ်စားလှယ်လောင်းတွေထဲမှာ ကြံ့ခိုင်ရေးပါတီက နာမည်ကြီး ထိပ်တန်း ခေါင်းဆောင်တွေ၊ ဝန်ကြီးတွေ ပါနေတယ်။ ဒီလူတွေက လက်ရှိ အာဏာရပါတီကလည်း ဖြစ်နေတော့ ကော်မရှင်အနေနဲ့ သူတို့အတွက် ဘက်လိုက်ပြီးလုပ်ဆောင်ပေးမလားဆိုပြီး သံသယရှိနေကြတယ်။ အဲဒီအပေါ်မှာ ဘာပြောချင်ပါသလဲ။
ဖြေ။ ။ နာမည်ကြီးတွေ ဘယ်လိုပြိုင်ပြိုင် ကျနော်တို့က အရေးကိုမလုပ်ဘူး။ ဂျာနယ်တစောင်က ကျနော့်ကို မေးတယ်။ ဦးဌေးဦးက ကြံ့ခိုင်ရေးပါတီမှာ လူကြီး၊ ဒီမှာလည်း တိုင်းမှူးလုပ်ဖူးတယ်ဆိုတော့ ကော်မရှင်အနေနဲ့ ဘယ်လိုလုပ်ပေး ဖို့ရှိမလဲဆိုပြီး မေးတယ်။ ကော်မရှင်က ဘာမှလုပ်ပေးဖို့ မရှိဘူး။ သူ့ဟာသူ မဲဆွယ်စည်းရုံးရေး လုပ်လေ။ သူလည်း အခြား ပုဂ္ဂိုလ်များနည်းတူ ယှဉ်ပြိုင်ရမယ်လေ။ ပြည်သူက ဦးဌေးဦးကို များများမဲထည့်ရင် ဦးဌေးဦးနိုင်မှာပေါ့။ သူ့ကို မဲမထည့်ရင် မနိုင်ဘူးပေါ့။ ဒါပဲ ရှိတာပဲ။
ခင်ဗျားက မေးခွန်းကို ယဉ်ကျေးအောင် မေးတာ။ ဟိုဂျာနယ်သတင်းထောက်ကတော့ ဦးဌေးဦးက ဘာတွေပံ့ပိုး ထားသလဲလို့ မေးတာ။ ကျနော်က ဘာပြောလိုက်လဲဆိုတော့ အဲဒီ ပြည်ခိုင်ဖြိုးပါတီနဲ့ပတ်သတ်ရင် တလွဲ ထင်မနေကြနဲ့။ ပြည်ခိုင်ဖြိုးပါတီကနေ ငါတို့က ငါးပြားစေ့လည်း ထောက်ပံ့ကြေးယူထားတာ မဟုတ်ဘူး။ အဲတော့ ငါတို့က ပြည်ခိုင်ဖြိုး ပါတီကို နိုင်အောင်ပံ့ပိုးဖို့ ဘာအကြောင်းမှ မရှိဘူး။ ဒို့က ဒိုင်လူကြီးတွေလေ။ ဒိုင်လူကြီးပီပီ ဒို့ကတည့်တည့် မတ်မတ် ရပ်မယ့်လူတွေဖြစ်တယ်။ ဦးဌေးဦးက ကြံ့ခိုင်ရေးပါတီက လူကြီး ဖြစ်လည်းပဲ ပြည်သူကကြိုက်မှ မဲထည့်မှာပေါ့။ ငါတို့က သွားလုပ်ပေးလို့ ရမလားလို့ ပြောပြလိုက်တယ်။ ဟုတ်တယ်လေ။ ကျနော်တို့က ကြံ့ခိုင်ရေးပါတီနဲ့လည်း ကင်း အောင်နေတယ်။ ဘာမှ ကြံ့ခိုင်ရေးကို အားပေးဖို့ မရှိဘူး။
မေး။ ။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေ မဲပေးဖို့ ဘယ်လိုစီစဉ်ထားပါသလဲ။
ဖြေ။ ။ အရင်တုန်းက ရဲစခန်းထဲမှာ မဲရုံတွေလုပ်ခဲ့တယ်။ အခု ရဲဌာနအထက်အဆင့်ဆင့်က ရဲစခန်းထဲမှာ မဲရုံတွေမလုပ်ပါနဲ့။ လက်မခံနိုင်ဘူးလို့အကြောင်းကြားတယ်။ အဲဒါကြောင့် ကျနော်တို့ကလည်း ရဲစခန်းထဲမှာ မဲရုံ လုံးဝမလုပ်ကြနဲ့။ ရဲစခန်းနဲ့ အနီးဆုံးမဲရုံမှာ စာရင်းထည့်ပေးပါလို့ ညွန်ကြားထားတယ်။ စာရင်းတွေလည်း ထည့်ပြီးသား ဖြစ်နေပါပြီ။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေဟာ အနီးဆုံးမဲရုံမှာ အများပြည်သူ နည်းတူ မဲပေးရမယ်။
စစ်တပ်နဲ့ပတ်သတ်လို့တော့ မဲရုံတွေကို စစ်တပ်ထဲမှာပဲလုပ်မယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောထားတယ်။ စစ်တပ်ထဲမှာ မဲရုံကို ဘယ်သူမှ မထိခိုက်အောင်လုပ်ထားတယ်။ တပ်အနေနဲ့ စစ်တပ်ထဲ အဝင်မခံချင်ရင် မဲရုံကို အပြင်ထုတ်ပြီး လုပ်လို့ပြောထားတယ်။ တပ်ထဲမှာလုပ်ရင်တော့ မဲရုံဆီကို မီဒီယာတွေ၊ Observer (လေ့လာ စောင့်ကြည့်သူ) တွေလာမယ်၊ နိုင်ငံရေးပါတီတွေ လာမယ်။ အဲဒါကို ခွင့်ပြုရမယ်။ ဒါကြောင့် တပ်ထဲမှာ မဲရုံရှိလို့ ဘာမှမဖြစ်ဘူးလို့ ပြောချင်တယ်။
မဲရုံမှူးတွေကလည်း သင်တန်းပေးထားတဲ့ တပ်ကလူတွေပဲ လုပ်မှာပါ။ ဒီမဲက တံဆိပ်ထုတာဗျာ။ စစ်သား တယောက်က NLD ကို တံဆိပ်ထုတားတယ် ဆိုပါတော့။ မဲရုံမှူးလုပ်တဲ့ ဗိုလ်ကြီးတွေ၊ တပ်ကြပ်ကြီး တွေက ကြံ့ခိုင်ရေးကို ပြောင်းလို့ ရမလားဗျ။ မရပါဘူး။ ဒီမဲအတိုင်းပဲ ရေတွက်ရမှာလေ။ တံဆိပ်တုံး မထုခင်မှာတော့ မင်းတို့ဘယ်ပါတီကို ပေးပါဆိုပြီး ဖြစ်ကောင်းဖြစ်နိုင်တယ်။ တံဆိပ်တုံးထုရာမှာတော့ လျှို့ဝှက်တဲ့နေရာမှာ ထုရတာမို့လို့ ဘယ်သူမှ မြင်နိုင်တာ မဟုတ်ဘူး။ သူမဲပေးချင်တာ ပေးလို့ရတယ်။ တချို့က ပြောနေတယ်။ စစ်တပ်ထဲမှာရှိနေတဲ့ မဲတွေအားလုံးက ကြံ့ခိုင်ရေးမဲတွေ ဖြစ်နေမယ်တဲ့။ အဲ့လို မဟုတ်ပါဘူး။ စစ်တပ်ထဲက လူက NLD ပေးချင်ပေးမှာပေါ့ဗျ။ ဒါက သူ့လွပ်လပ်ခွင့်ပဲလေ။
မေး။ ။ မသန်စွမ်းတွေ မဲပေးနိုင်အောင်ရော ဘယ်လိုစီစဉ်ထားပါသလဲ။
ဖြေ။ ။ မသန်စွမ်းစာရင်းတွေ ကျနော်တို့ တောင်းထားပါတယ်။ စာရင်းတွေ ရှိထားပြီးသားပါ။ မသန်စွမ်းတဦး မဲရုံကိုရောက်လာရင် သူမဲပေးလို့ရအောင် ကူညီပေးမယ်။ ဘီးတပ်ကုလားထိုင်နဲ့ လာရင် အထဲကို ဘီးတပ် ကုလားထိုင်နဲ့ သွားလို့ရအောင် စီစဉ်ပေးမယ်။ လူတွဲနဲ့လာရင်လည်း မဲပေးလို့ရအောင် ကူညီပေးမယ်။ တံဆိပ်တုံးကို သူ့လူနဲ့သူ ထုပေါ့ဗျာ။ တကယ်လို့ မဲရုံမလာနိုင်ရင် ကြိုတင်မဲပေးပေါ့။
မေး။ ။ ရွေးကောက်ပွဲလုပ်ဖို့ အချိန်က နီးကပ်လာပြီး။ မဲစာရင်း မှားနေတာတွေက အခုထက်ထိ ရှိနေတုန်း ပဲဖြစ်နေတယ်။ တိုင်းကော်မရှင်အနေနဲ့ ပြည်သူတွေမဲပေးခွင့် မဆုံးရှုံးအောင် ဘယ်လို ဆောင်ရွက်ပေးသွားဖို့ ရှိမလဲ။
ဖြေ။ ။ မဲစာရင်းက အက္ခရာစဉ်အလိုက်ကြေညာတော့ မိသားစုတစုထဲမှာတင် ဟိုရောက် ဒီရောက်နဲ့ ကွဲကုန်တယ်။ အဲဒီအပေါ်မှာ ပြည်သူတွေက မကျေနပ်ဘူး။ ပြီးတော့ မဲပေးဖို့ မဲရုံတွေခွဲခြားထားတော့ အဖေက ဟိုဘက်မဲရုံ၊ အမေက ဒီဘက်မဲရုံဆိုတာမျိုးတွေ ဖြစ်လာလိမ့်မယ်။ အဲဒီကျတော့ ကျနော်တို့ကို ပိုလို့အပြစ်ပြော လိမ့်မယ်။ အဲဒါဟာ ကျနော်တို့ တိုင်းကော်မရှင်အစီအမံ မဟုတ်ပါဘူးလို့ ပြောချင်တယ်။ UEC (ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်) နဲ့ IFES ဆိုတဲ့ အဖွဲ့အစည်းနဲ့ စီစဉ်တာ။ IFES က မဲစာရင်းလုပ်တဲ့ ဆော့ဖ်ဝဲလ် ရေးတယ်။ အဲဒီဆော့ဖ်ဝဲလ်အတိုင်း IFES ပြောတဲ့နည်းစနစ် အတိုင်းလုပ်တာ တလွဲတချော်တွေ ဖြစ်ကုန်တယ်။ ကျနော်တို့လည်း ဒီအစီအမံကို လုံး၀ မသိဘူး။
အခု မဲရုံမှာ ဦးက သပ်သပ်၊ ဒေါ်ကသပ်သပ် ဖြစ်ကုန်လို့ လင်မယားဟိုဘက်ဒီဘက်ရောက်သွားရင် ကော်မရှင်ကို ဆဲလိမ့်မယ်။ အောက်ခြေကော်မရှင်က ဘာမှတာဝန်မရှိပါဘူး။ ခိုင်းတဲ့အတိုင်း လုပ်ပေးရပါတယ်။ အဲဒါကို ပြင်ပေးပါလို့ ပြောတော့လည်း ပြင်လို့မရတော့ဘူးလို့ ပြောတယ်။ ပြည်ထောင်စုကော်မရှင်မှာ တိုင်းနဲ့ ပြည်နယ် ဥက္ကဋ္ဌတွေ ခေါ်ပြီး ဆွေးနွေးတာမှာ အဲ့လိုမျိုး အက္ခရာစဉ်လိုက်ကြေညာမယ့်အကြောင်း တခါမှ မပြောဖူးဘူး။ အခု အဲ့လိုလုပ်လိုက်တော့ ပြည်သူ ဆီက တုံ့ပြန်မှုတွေက တအားများနေပြီ။
ပြည်သူတွေက နာမည်မပါလို့ ပုံစံ ၃ နဲ့လျှောက်တယ်။ ဒီမှာ ကွန်ပျူတာထဲရိုက်ထည့်လိုက်တယ်။ ပရင့် ထုတ်တဲ့အခါ ပါမလာဘူး။ သေတဲ့လူတွေကို နာမည်တွေ ဖျက်ထားတယ်။ ပရင့်ထုတ်တဲ့အခါ ပြန်ပါလာတယ်။ ဒီထက်ဆိုးတာ ဘာရှိဦးမလဲ။ နောက်ဆုံးတော့ ဘယ်သူဘာပြောပြော အခု ပုံစံ ၃ လာလျှောက်တဲ့လူတွေကို ကွန်ပျူတာထဲ ရိုက်ထည့်တာ မပါဘူးဆိုရင် လက်နဲ့သာရေးတော့။ အပြစ်ပြောရင်လည်း ငါပဲခံတော့မယ်။ ပြည်သူတွေ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့၊ မဲစာရင်းပါဖို့ပဲ အရေးကြီးတယ်။ ဆော့ဖ်ဝဲလ်တွေလည်း ပြောမနေနဲ့တော့၊ မဲစာရင်းကို လက်နဲ့ရေးပြီးကပ်မယ်။ သေတဲ့ လူနာမည်ပါနေရင်လည်း ဆော့ပင်အပြာနဲ့သာ ခြစ်ပစ်လိုက်လို့ ပြောထားတယ်။ ဟုတ်တယ်လေ။ လုပ်စရာအဲဒီတစ်နည်းပဲ ရှိတော့တယ်။
မေး။ ။ ၂၀၁၀ တုန်းက ကြိုတင်မဲတွေနဲ့ ရွေးကောက်ပွဲရလာဒ်တွေ ပြောင်းလဲသွားခဲ့တာတွေရှိတယ်။ လစ်ကွက်ဟာကွက်တခု ပေါ်ပေါက်ခဲ့တယ်ပေါ့။ ၂၀၁၅ မှာ ဧရာဝတီတိုင်းအနေအထားနဲ့ ဘယ်လို လစ်ဟာမှု တွေများ ရှိလာနိုင်ဦးမလဲ။
ဖြေ။ ။ လစ်ဟာမှု မရှိနိုင်ပါဘူး။ ကျနော်တို့ သေချာကို ညွန်ကြားထားပါတယ်။ ပြည်ထောင်စု ကော်မရှင် ကလည်း ကြိုတင်မဲနဲ့ပတ်သတ်တဲ့စည်းကမ်းတွေကို ရေပက်မဝင်အောင် ရေးထားပါတယ်။ ကြိုတင်မဲအတွက် UEC က ၂ ရက် အချိန်သတ်မှတ်ပေးမယ်။ လူတယောက်က ရပ်ကျေးရုံးမှာ လာအကြောင်းကြားမယ်။ ကျနော့်အဖေ အသက်ကြီးပြီ။ ဒူးဆစ်လည်းနာနေလို့ မဲရုံလည်း မလာနိုင်ဘူး။ ကော်မရှင်က လာပေးပါလို့ ပြောရင် တရားဝင်တယ်။ ကော်မရှင်က လူ ၂ ယောက်သွားရမယ်။ ပါတီတွေလည်း လိုက်ချင်လိုက်နိုင်တယ်။ ကော်မရှင်က လူနာအိမ်ရောက်ရင် မဲပေးနည်းသင်ပေးပြီး ဝေးဝေးမှာသွားနေရမယ်။ လူမမာက မဲပေးတာ မလုပ်နိုင်ရင် သားသမီး၊ မိသားစုက လုပ်ပေးလို့ရတယ်။ မဲပေးပြီးရင် ကော်မရှင်က စာအိတ်ကိုပိတ်ပြီး ကော်မရှင်ရုံးက ပုံးတခုထဲကို ထည့်ထားရမယ်။ ပြီးရင် ကြိုတင်မဲပေးထားသူစာရင်းကို ကော်မရှင်ရုံးမှာ ကပ်ထားပေးရမယ်။ ကြိုတင်မဲစာရင်းထဲမှာ လူ ၃၀ ရှိရင် မဲပုံးထဲမှာလည်း မဲပြား ၃၀ ရှိရမယ်။ လိမ်လို့ကို မရဘူး။
ရွေးကောက်ပွဲနေ့ နိုဝင်ဘာလ ၈ ရက် မနက် ၆ နာရီမတိုင်ခင်မှာ အဲဒီကြိုတင်မဲပုံးနဲ့ မဲပေးထားသူစာရင်းကို မဲရုံမှူးဆီကို အပ်ရမယ်။ မဲရုံမှူးကလည်း သေချာစစ်ဆေးပြီး လက်မှတ်ထိုးပြီးယူရမယ်။ မနက် ၆ နာရီ နောက်ပိုင်းအပ်တဲ့ ကြိုတင်မဲတွေက တရားမဝင်တော့ဘူး။ အဲတော့ ကျနော်တို့ဒုက္ခက ကော်မရှင်ရုံးနဲ့ မဲရုံနဲ့ ၇ မိုင်၊ ၈ မိုင်ဝေးနေရင် ကော်မရှင် လူကြီးတွေက မိုးမလင်း ကြက်မတွန်ခင် ကြိုတင်မဲပြားတွေကို သွားအပ်ရမှာ။ အဲဒီဒုက္ခက တော်တော်ကြီးတယ်။
မေး။ ။ သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်အနေနဲ့ မွေးဖွားချိန်မှာ မိဘတွေက နိုင်ငံသားမဖြစ်သေးဘူးလို့ NLD ပါတီဘက်က တိုင်ကြားထားတာ ရှိပါတယ်။ အဲဒီတိုင်ကြားမှုနဲ့ပတ်သတ်ပြီး ကော်မရှင်အနေနဲ့ ဘာတွေများ ဆောင်ရွက်နေတာများ ရှိပါသလဲ။
ဖြေ။ ။ UEC ကနေ စာနဲ့အကြောင်းပြန်လာတယ်။ ကိုယ်စားလှယ်စစ်တဲ့နေ့က ဦးသိန်းညွန့်ကို ခရိုင် ကော်မရှင်က စစ်ရ တယ်။ ကန့်ကွက်ရန်ရှိပါသလားလို့ မေးတော့ ဘယ်သူမှ ကန့်ကွက်တဲ့သူမရှိဘူး။ ဦးသိန်းညွန့်တင်မဟုတ်ပါဘူး။ ကျန်တဲ့ကိုယ်စားလှယ် တွေကိုလည်း ကန့်ကွက်တဲ့လူ ရှိပါသလား မေးခဲ့တော့ ဘယ်သူမှ မကန့်ကွက်ခဲ့ကြဘူး။ ကန့်ကွက်ချင်ရင် အဲဒီမှာ ကန့်ကွက်ရမှာ။
ကိုယ်စားလှယ်စစ်ပြီးပြီ။ တိုင်းကိုတင်လာတယ်။ တိုင်းကနေကြည့်ပြီးတော့ UEC တင်ပေးတယ်။ UEC ကနေ ကိုယ်စားလှယ်လောင်းတွေကြေညာတော့ဆိုပြီး တိုင်းကိုပြန်ချပေးတဲ့အချိန်မှာ တိုင်းက ကိုယ်စားလှယ် လောင်းတွေကို တရားဝင်ကြေညာပေးခဲ့တယ်။ ကိုယ်စားလှယ်လောင်း ၅၀၃ ဦးမှာ ၃ ဦးက ကန့်ကွက်သူ ပေါ်လာလို့ ဆိုင်းငံ့ထားပြီး ကျန်တဲ့လူ ၅၀၀ ကို ကြေညာပေးခဲ့တယ်။ ဦးသိန်းညွန့်ကို ကန့်ကွက်ချင်ရင် စိစစ်တဲ့အချိန်မှာ ကန့်ကွက်လို့ရတယ်။ ကန့်ကွက်တဲ့သူမရှိဘူး။ ကြေညာပြီးကာမှ ကန့်ကွက်တော့ ပြည်ထောင်စုကော်မရှင်က ဥပဒေအရ ကန့်ကွက်တာ တရားမဝင်တော့ပါဘူးလို့ ဦးစိန်ဝင်းဆီကို တိုက်ရိုက် အကြောင်းပြန်လိုက်တယ်။ ကျနော်တို့ သိတာ အဲဒါပဲ။
မေး။ ။ လက်ရှိအစိုးရဟာ ကြံ့ခိုင်ရေးပါတီကဖွဲ့ထားတဲ့ အစိုးရဖြစ်တယ်။ အဲတော့ ကြံ့ခိုင်ရေးအစိုးရအနေနဲ့ သူတို့အနိုင်ရရေးအတွက် တိုင်းကော်မရှင်အပါအဝင် အဆင့်ဆင့်သော ကော်မရှင်တွေအပေါ်မှာ တစုံတရာ ဖိအားပေးတာ၊ အကူအညီတောင်းတာမျိုး ရှိသလား။
ဖြေ။ ။ အဲ့လို ဖိအားပေးလို့ အကူအညီတောင်းလို့ သူတို့အတွက် လုပ်ပေးရင် ကျနော်တို့က မတရားတဲ့ ကောင်တွေ ဖြစ်ကုန်မှာပေါ့ဗျ။ သူတို့ပြောတဲ့အတိုင်း လိုက်လုပ်ပေးရင် ဒိုင်လူကြီး ဘယ်ဟုတ်တော့မလဲ။ ကျနော်တို့ အဲဒီအလုပ်မျိုးကို မလုပ်ဘူး။ ကျနော်တို့ သမာသမတ်ကျကျ ရပ်နေတယ်။ ကြံ့ခိုင်ရေးနိုင်အောင် လုပ်ပေးမယ်ဆိုတဲ့စိတ်ဓာတ်လည်း မရှိဘူး။ လူအများမကြိုက်တာ သွားလုပ်ပေးရင် ကျနော်တို့ ခဲနဲ့တောင် အပေါက်ခံရဦးမယ်။ လူအများကကြိုက်ရင် သူနိုင်မယ်။ လူအများက မကြိုက်ရင် မနိုင်ဘူး။ ကျနော်တို့ ပံ့ပိုးလို့လည်း မရပါဘူးဗျာ။