မြန်မာနိုင်ငံ၏ နောက်ဆုံး သန်းခေါင်စာရင်းစစ်တမ်းအရ တနိုင်ငံလုံးတွင် လူဦးရေ ၅၁ ဒဿမ၄ သန်းရှိသည့်အနက် မွန်ပြည်နယ်တွင် လူဦးရေ ၂ ဒဿမ ၀၅၄ သန်း ရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မွန်လူမျိုး ၃၈၅၀၀ဦးကျော် အပါအဝင် ပြည်ပသို့ ရောက်ရှိနေသော မွန်လူမျိုး ၄၂၅၀၀၀ ဦးကျော်ရှိကြောင်း သန်းခေါင်စာရင်းစစ်တမ်းအရ သိရသည်။ ကျော်ကြားသည့် မွန်စီးပွားရေးသမားတဦးဖြစ်သူ မင်းဗညားစံသည် ရွေ့ပြောင်းအလုပ်သမားများအား အမိမြေသို့ ပြန်လာနိုင်ရန် ထောက်ပံ့မှုများပြုလုပ်နေပါသည်။ အသက် ၄၆ နှစ်အရွယ်ရှိ မင်းဗညားစံသည် ဘတ်စ်ကားလိုင်းများ၊ ဟိုတယ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အစားအသောက် ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် တလမွန်ကုမ္ပဏီ၏ အဓိကရှယ်ယာဝင်တဦးဖြစ်သည်။ ထိုကုမ္ပဏီသည် နောက်ပိုင်းတွင် သံဖြူဇရပ်မြို့နယ်ရှိ သမိုင်းဝင် ထိုင်း-မြန်မာ “သေမင်းတမံရထားလမ်း”အား ဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်လျက် ရှိပါသည်။ The Irrawaddy အင်္ဂလိပ်ပိုင်းမှ ကျော်ဆုမွန်က မင်းဗညားစံအား “သေမင်းတမံရထားလမ်း”တွင် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ၎င်း၏မွေးရပ်ဇာတိတွင် စီးပွားရေးမြင့်တင်မှုများ ပြုလုပ်မည့် အစီအစဉ်များကို မေးမြန်းထားပါသည်။
တလမွန်ကုမ္ပဏီကို ဘယ်အချိန်မှာ စတင်တည်ထောင်ခဲ့တာပါလဲ။
ကျနော်တို့ ကုမ္ပဏီကို ၂၀၁၀ – ၁၁ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပါတယ်။ မွန်အကြီးအကဲတွေက မွန်ပြည်နယ်မှာ သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စလုပ်ဖို့ ရင်းနှီးမြှုပ်နှံငွေတွေ ခွဲပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျနော်က သူတို့တွေထဲက အငယ်ဆုံး စီးပွားရေးသမား တယောက်ပါ။ သူတို့နဲ့ အလုပ်အတူ တွဲလုပ်ရတာ ပျော်ပါတယ်။ ပထမဆုံး ဘတ်စ်ကားကုမ္ပဏီကို စလုပ်ခဲ့ပါတယ်။ ၂၀၁၀ မတိုင်ခင်မှာ မွန်ပြည်နယ်နဲ့ အခြားတောင်ဘက်ဒေသတွေကို ခရီးသွားလာဖို့ ခက်ခဲခဲ့တယ်။ နိုင်ငံမှာပြောင်းလဲမှုတွေ မစတင်ခင်မှာ ဘက်စ်ကားလုပ်ငန်း လိုင်စင်ရဖို့ တကယ် ခက်ခဲပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ကျနော်တို့ လိုင်စင်ရခဲ့ပါတယ်။ အဲဒီချိန်မှာ ကျနော်က ဒါရိုက်တာအဆင့်ပဲ ရှိပါသေးတယ်။ တနှစ်ကြာတော့ မွန်ပြည်နယ်မှာ စားသောက်ဆိုင်တခု ဖွင့်ခဲ့ပြီးတော့ ၂ နှစ်ကြာပြီး ကျနော် ကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က မွန်ပြည်နယ်အစိုးရက သံဖြူဇရပ်မြို့နယ်မှာရှိတဲ့ သေမင်းတမံ ရထားလမ်းနေရာမှာ ပြတိုက်တခုလုပ်ဖို့ တလမွန်ကုမ္ပဏီကို ခွင့်ပြုချက်ပေးခဲ့တယ်။
ကျနော့် ကိုယ်ပိုင်စီးပွားရေးလည်း ရှိပါတယ်။ KHG ကုမ္ပဏီမှာ ကျနော်က ဒုတိယဥက္ကဌပါ။ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အချိုရည်ထုတ်လုပ်တဲ့ လုပ်ငန်း၊ မိုဘိုင်းဆင်းမ်ကတ် ရောင်းဝယ်ရေးလုပ်ငန်း၊ LPG ဂက်စ် ဖြန့်ဖြူးရေးလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ မွန်ပြည်နယ်မှာရှိတဲ့ (Hintha Holdings Ltd) ဟင်္သာမီဒီယာကုမ္ပဏီလိမိတက်ကလည်း မိသားစု စီးပွားရေးလုပ်ငန်း တခုပါဘဲ။
မွန်လူမျိုးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေတိုးပွားလုပ်ဆောင်တဲ့ ရည်ရွယ်ချက်ကို ပြောပေးပါဦး။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က တချို့မွန်အကြီးအကဲတွေက မွန်လူမျိုးတွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကအဖြစ် လုပ်ကိုင်သွားဖို့ ကူညီချင်ခဲ့ကြတယ်။ ပြည်နယ်ကို ဒီထက်ပိုပြီး တိုးတက်စေချင်ပေမယ့် တချို့ ပရောဂျက်တွေအတွက် အစိုးရဆီကနေ ဘတ်ဂျက်မရခဲ့ပါဘူး။ ဥပမာပြောရရင် မွန်ဘာသာစကားနဲ့သင်တဲ့ စာသင်ကျောင်း ထူထောင်ဖို့ မွန်အမျိုးသားနေ့ ကျင်းပဖို့ ဒါမှမဟုတ် မွန်ယဉ်ကျေးမှုကို အားပေးထောက်ခံမှုတွေပြုလုပ်ဖို့ ကျနော်တို့မှာ ငွေကြေးထောက်ပံ့မှု လုံလုံလောက်လောက် မရှိဘူး။ ဒီလိုမျိုးပွဲတွေ ကျင်းပဖို့ နှစ်စဉ်တိုင်း အလှူငွေတွေ ကောက်ပါတယ်။ ဒါပေမယ့် ထိထိရောက်ရောက်တော့ မလုပ်နိုင်သေးပါဘူး။ အဲဒါကြောင့် မွန်တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်စီးပွားရေး တည်ထောင်ဖို့ လိုအပ်တယ်လို့ စဉ်းစားခဲ့တာပါ။
တလမွန်ကုမ္ပဏီအနေနဲ့ အမြတ်ငွေရဲ့ ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၅ ရာခိုင်နှုန်းကို မွန်လူမှုအဖွဲ့အစည်းတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လုပ်ငန်းတွေကို ချဲ့သွားဖို့လည်း ရှိပါတယ်။ စီးပွားရေး ဘယ်လိုလုပ်ရမယ်မှန်းမသိတဲ့ မွန်စီးပွားရေးလုပ်ငန်းရှင်အချို့ကိုလည်း ကူညီသွားပါမယ်။ နောက်ပြီး နိုင်ငံခြားမှာ ပညာသွားသင်ကြမယ့် မွန်ကျောင်းသားတွေကို ထောက်ပံ့သွားမှာပါ။ ဘာလို့လည်းဆိုတော့ မွန်လူငယ်လေးတွေက ထိုင်းနိုင်ငံမှာ ရွေ့ပြောင်းလုပ်သားတွေ ဖြစ်နေကြတယ်။ တကယ်လို့ သူတို့ကို ပြန်ခေါ်နိုင်မယ်ဆိုရင် ဒါဟာ ပြောင်းလဲမှုတခုပဲ။
အစပိုင်းမှာ လူတော်တော်များများက ကျနော်တို့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားခဲ့ကြတယ်။ ပထမအဆင့်မှာ ရှယ်ယာရှင် ၃၈၀ လောက်က ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားခဲ့တယ်။လက်ရှိ ကျနော်တို့မှာ ရင်းနှီးငွေ ၁ ဘီလီယံကျပ်( အမေရိကန်ဒေါ်လာ ၈၉၁၀၀၀) ရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အကုန်အကျတွေ သုံးစွဲနေရတဲ့အတွက် ရင်းနှီးငွေတွေက လိုနေပါသေးတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ မွန်ရွေ့ပြောင်းအလုပ်သမားတွေ ပြန်လာဖို့ ထောက်ပံ့ဆောက်ရွက်နိုင်မယ်လို့ ထင်ပါသလား။
တကယ်တော့ မွန်ပြည်နယ်က အခြားဒေသတွေထက် ပိုကောင်းတဲ့နေရာ တခုပါ။ ဒါပေမယ့် မကောင်းတာက ပြည်နယ်ရဲ့ စီးပွားရေးက ကောင်းပေမယ့်လည်း နိုင်ငံခြားကို အလုပ်သွားလုပ်ကြပြီး အိမ်ကိုပိုက်ဆံပြန်ပို့ကြတယ်။ ကျနော်တို့ ပြည်နယ်မှာ အတင်းအကျပ် အလုပ်ခိုင်းစေတာမျိုး မရှိပါဘူး။ ဒါပေမယ့် သူတို့ကို ပြန်လာဖို့ခေါ်ရင် သူတို့ ဘာလုပ်စားကြမလဲ။ အစိုးရအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးဖို့ လိုပါတယ်။ ဒါပေမယ့်လည်း အစိုးရက လုပ်ပေးတဲ့အချိန်ထိ မစောင့်နိုင်ပါဘူး။ တကယ်လို့ ပြည်ပက လုပ်ငန်းရှင်တွေနဲ့လည်း အလုပ်တွဲလုပ်မယ်ဆိုရင် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ဥပမာပြောရရင် ပြတိုက်ဆောက်ဖို့ဆိုရင် အလုပ်နေရာတွေ ပေးဖို့ ရှိလာပါပြီ။ အတွေ့အကြုံရှိတဲ့ အလုပ်သမားတွေကို ဦးစားပေးသွားမှာပါ။ ဒီကိုပြန်မလာနိုင်တဲ့သူတွေကိုလည်း ပြတိုက်အနီးမှာ ဈေးဆိုင်ဖွင့်တာမျိုးလို အစီအစဉ်တွေမှာ ရင်းနှီးလုပ်ကိုင်နိုင်ပါတယ်။ တနေ့တော့ ကျနော်တို့ ရည်မှန်းထားသလို ဖြစ်လာမှာပါ။
မွန်တိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေး စလုပ်တော့ တူညီတဲ့ အခွင့်အရေးရရှိတယ်လို့ ခံစားရပါသလား။
တကယ်တော့ ခွဲခြားခံရမှုတွေ မရှိပါဘူး။ အဓိက ကတော့ အစိုးရနဲ့ အနီးကပ် အလုပ်လုပ်ရမယ်။ လူတော်တော်များများက မြန်မာနိုင်ငံရဲ့ ခရိုနီစီးပွားရေးလုပ်ငန်းအကြောင်းကို ပြောကြတယ်။ အဲဒီထဲမှာ အချို့တိုင်းရင်းသားခရိုနီတွေလည်း ရှိကြတယ်။ ဒါပေမယ့် အားနည်းချက်က ကျနော်တို့မှာ အရင်းနှီး နည်းနည်းပဲ ရှိပါတယ်။ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံမှု တည်ဆောက်တဲ့အခါ ပညာရေးနဲ့ အတွေ့အကြုံနည်းပါးတာက အားနည်းချက်တခု ဖြစ်နေတယ်။ အဲဒါကြောင့် တိုင်းရင်းသားလူမျိုးတွေ လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေက တိုးတက်မှုနှေးနေတာပါ။ တချို့က သူတို့က တိုင်းရင်းသားတွေဖြစ်တယ်လို့ ထုတ်ပြောရမှာ ဘာလို့ တုန့်ဆိုင်းနေကြတာလည်းဆိုတာ ကျနော်သိချင်တယ်။ ကျနော်ကတော့ ကျနော်နောက်ဆုံးချိန်ထိ မွန်လူမျိုးဘဲ။ မပြောင်းဘူး။ လူတယောက်ဟာ လူနည်းစု တိုင်းရင်းသား ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။
(FDI) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများစုက အဓိကမြို့ကြီးတွေကိုဘဲ တိုက်ရိုက် သွားကြပြီးတော့ ဘာကြောင့် တိုင်းရင်းသားနယ်မြေတွေကို မလာကြပါသလဲ။
(FDI) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တော်တော်များများကတော့ မြို့ကြီးတွေက အခြေခံအဆောက်အအုံတွေ ပိုကောင်းတဲ့အတွက်ကြောင့် အဲဒီကို သွားကြတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အဓိကကျတဲ့ စက်မှုလုပ်ငန်းအကြီးစားတွေ ရှိတယ်။ ပြီးတော့ သယ်ယူပို့ဆောင်ရေးလည်း ကောင်းတယ်။ မွန်ပြည်နယ်မှာကတော့ အခြေခံအဆောက်အအုံတွေနဲ့ လျှပ်စစ်မီး ရရှိမှုတွေ အားနည်းတယ်။ ပင်လယ်ဆိပ်ကမ်းလည်း မရှိတဲ့အတွက် သယ်ယူပို့ဆောင်ရေး အားနည်းတယ်။
ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့လည်း လိုအပ်ပါတယ်။ သူတို့အနေနဲ့ အားနည်းတဲ့အချက်တွေတွေ့ရင် ရင်းနှီးမြှုပ်နှံတော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် FDI အများစုက မြို့ကြီးတွေကို အရင်ဆုံးသွားကြပြီးတော့ ကျနော်တို့ဆီကိုတော့ အနည်းစုပဲ လာကြတယ်။ သူတို့ မလာခင်မှာ ကျနော်တို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားဖို့ လိုပါတယ်။ တကယ်လို့ အလုပ်အတူတူ တွဲလုပ်နိုင်မယ်ဆိုရင် တချိန်တည်းမှာဘဲ ကိုယ်ပိုင်လုပ်ငန်းတွေကိုလည်း ဖန်တီးနိုင်မယ်။ ဥပမာ မွန်ပြည်နယ်ရှိတဲ့ ရော်ဘာစိုက်ခင်းလို လုပ်ငန်မျိုးပေါ့။
သံဖြူဇရပ်မြို့နယ်မှာ ဆောက်လုပ်မယ့် ပြတိုက်အတွက် တလမွန်ကုမ္ပဏီရဲ့အစီအစဉ်တွေကို ပြောပေးနိုင်မလား။
သေမင်းတမန်ရထားလမ်း အောက်မေ့ဖွယ်ပြတိုက်ကို ဒီနှစ်ကုန်ပိုင်းမှာ ဖွင့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ သေမင်းတမံ မီးရထားလမ်းဆောက်လုပ်မယ့် ပရောဂျက်က ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တယ်။ အဲဒီ့ရထားလမ်းကို ဂျပန်လူမျိုးတွေက ဗြိတိသျှစစ်သားတွေ အခြားမဟာမိတ်စစ်သားတွေကို လုပ်သားအဖြစ် သုံးပြီးဆောက်ခဲ့ကြတယ်။ မွန်ဒေသခံတွေလည်း ပါဝင်ခဲ့တယ်။
ဗြိတိသျှစစ်သားတွေနဲ့ မဟာမိတ်စစ်သားတွေအတွက်တော့ သုသာန်ကောင်းကောင်းမွန်မွန်နဲ့ ဂုဏ်ပြုထားပေမယ့် ရထားလမ်းဆောက်လုပ်ရင်း ဆုံးပါးသွားကြတဲ့ မွန်တိုင်းရင်းသားတွေနဲ့ အခြားတိုင်းရင်းသား ၆၀၀၀၀ ကျော်ကိုတော့ အသိအမှတ်မပြုခဲ့ကြဘူး။ ဂျပန်တွေအနေနဲ့ အဲဒီအတွက် လျော်ကြေးလည်း မပေးခဲ့ဘူး။ ပေးတဲ့တချို့ကလည်း အစိုးရဆီပဲ ရောက်သွားပြီးတော့ တိုင်းရင်းသားတွေဆီကို မရောက်ပါဘူး။
ဂျပန်အစိုးရအနေနဲ့ ပြည်နယ်တွေ ဖံွ့ဖြိုးတိုးတက်မှုတွေကို ကူညီဖို့ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ အဲဒါကြောင့် ကျနော် ပြတိုက်ဆောက်ဖို့ စီစဉ်ခဲ့တာပါ။ အနည်းဆုံးတော့ ကျနော်တို့ လူမျိုးတွေကို ဂုဏ်ပြုနိုင်ပြီး အဲဒီအချိန်တွေကိုလည်း ပြန်လည်ဆင့်ခေါ်နိုင်ပါတယ်။
အဲဒီပြတိုက်က မကြာခင် နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာတခု ဖြစ်လာမှာပါ။ ပြတိုက်အနီးမှာ ဖျော်ဖြေရေးအစီအစဉ်တွေ၊ ဟိုတယ်၊ စားသောက်ဆိုင်တွေ ဈေးဆိုင်တွေပါ ဖွင့်လှစ်သွားမယ်။ ထိုင်းနိုင်ငံကနေ မွန်ပြည်နယ်ကို လာရောက်လည်ပတ်နိုင်တဲ့ ခရီးလမ်းတွေ အများကြီးရှိလာပြီဆိုတော့ ကျနော်တို့ ထိုင်းခရီးသွားတွေကို အဓိက ပစ်မှတ်ထားတယ်။
ဒီပြတိုက်နေရာက နောက် ၂ နှစ် ၃ နှစ်အတွင်းမှာ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။