စက်တင်ဘာလဆန်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် သည် ရှမ်းပြည်နယ် ဟိုပုံးနှင့် ဆီဆိုင်မြို့တို့သို့ သွားရောက်ခဲ့ပြီး ဒေသခံလူထုကို ရွေးကောက်ပွဲ နှင့် ဒီမိုကရေစီ ဆိုင်ရာတို့ကို ပညာပေး ဟောပြောခဲ့သည်ကို တွေ့ရသည်။ ၎င်း ပညာပေးဟောပြောပွဲ အစည်းအဝေးတို့တွင် ဒေသခံလူထုမှ သိလိုသည်များကို မည်သူမဆို လွတ်လွတ်လပ်လပ် မေးခွန်းမေးမြန်းခွင့်ကိုလည်း ခွင့်ပြုထားသည်ကို တွေ့ရပါသည်။
ကျနော့်အနေဖြင့် ဗမာပြည်ရှိရာ အရပ်မှ ဆန့်ကျင်ဘက် ကမ္ဘာကြီး၏ တဖက်ခြမ်းပိုင်းသို့ ရောက်နေလင့်ကစား ဒေါ်စု၏ ဟောပြောပွဲ နှင့် ဒေသခံပြည်သူလူထုနှင့် အမေးအဖြေတို့ကို Facebook မှတဆင့် အားလုံးလိုလို ကြည့်ရူနားထောင်ခွင့် ရခဲ့သည်။ သည်အတွက်လည်း ၎င်းသတင်းတို့ကို အပင်ပန်းခံ တင်ပေးသော ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုး၊ ကိုမတ်တင်ဆွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ တရားဝင် ပင့်ကူဌာနေမှ ပြန်ကြားရေးတာဝန်ခံ တို့ကို ကျေးဇူးတင်သည်။ ကနေ့ခေတ်တွင် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးမှုနှင့်အတူ ကမ္ဘာကြီးသည် ရွာကြီးတရွာသဖွယ် ဖြစ်လာပြီးလျှင် ကမ္ဘာ့ဟိုဘက် နှင့် သည်ဘက် ထုတ်ချင်းပေါက် ကူးလူးသိမြင်နေနိုင်ပြီ ဖြစ်သည်။
ဒေါ်စု၏ ပင်မဟောပြောပွဲ နှင့် နောက်ဆက်တွဲ ပြည်သူတို့၏ အပြန်အလှန်မေးခွန်းမေးပွဲ တို့တွင် တူညီသောအချက်တခုကို တွေ့ရသည်မှာ ပြည်သူတို့သည် ယျေဘုယျအားဖြင့် ၎င်းတို့ တောက်လျောက် ကြုံတွေ့လာခဲ့ရသော အခက်အခဲတို့ကို တင်ပြကြသည်။ တကယ်တော့ ဒေါ်စုဆီမှ အဖြေမထွက်ခင် ၎င်းတို့တွင် အဖြေသည် ရှိပြီး ဖြစ်သည်၊ ပြည်သူလူထု အားလုံးလိုလိုမှ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲဟူသည်မှာ စင်စစ်အားဖြင့် “မတရားသဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရခြင်း” (coercion) ပင် ဖြစ်သည်။ သည်တော့ သည်မေးခွန်းတွေ၏ ဆိုလိုရင်းမှာ မတရားသဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခံနေရခြင်းကို အမြဲလိုလို ခံစားနေရသော အဖြစ်မှ ဘယ်တော့မှ လွတ်မြောက်နိုင်ပါလိမ့်မည်နည်းဟု မေးလိုခြင်း၊ မေးလိုခြင်းဆိုသည်ထက်ပင် မေးခွန်းမေးသူ ပြည်သူသည် သောင်းတိုက်ကကြားဆိုသလို အများသူငါအား ကြော်ငြာသိကြားစေလိုခြင်း ဖြစ်သည်။
သည်တော့ ဒေါ်စု၏ အဖြေမှာလည်း “သည်လို ခြိမ်းခြောက်အကြပ်ကိုင်ခြင်းတွေမှ လွတ်မြောက်ချင်တယ်ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးကြပါ”ဟူ၍ ဖြစ်သည်။ သည်တွင် အလွန်တူညီသော အချက်တခုကို တွေ့ရသည် ဆိုသည်မှာလည်း ယင်းအဖြေကို ကြားရသည်နှင့် ပရိသတ်၏ မျက်နှာတို့သည် လွန်စွာ ရွှင်လန်းအားတက် ပြုံးပျော်သွားကြသည် နှင့် အတူ လက်ခုပ်သြဘာသံတို့သည် တဖြောင်းဖြောင်း ထွက်ပေါ်လာ ဘဝင်္ဂမှ ဗြဟ္မာကြီးတို့သည်ပင် လန့်နိုးသွားလောက်နိုင်သည်။
ဘာကြောင့် သည်အဖြေကိုကြားသည်နှင့် ပြည်သူလူထုသည် အင်မတန်မှပင် စိတ်ရွှင်လန်းဝမ်းမြောက်မှု၊ ချီးကျူးထောပနာ ပြုမှုတို့သည် ဖြစ်ပေါ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဒေါ်စု၏ အဖြေသည် ၎င်းတို့အား မိမိအား ခြိမ်းခြောက်အကြပ်ကိုင်နေသူတို့ကို အနိုင်ပြန်ရဖို့ရန် နည်းလမ်းကို အကြောင်းကြားလိုက်ခြင်း ဖြစ်သည်။ လူဆိုသည်မှာ မိမိက အနိုင်ရခြင်းကို ဝမ်းမြောက်တတ်ကြပါသည်။ ဒါကြောင့် မိမိသည် အနိုင်ရလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ်သော သတင်း၊ ကြိုတင်အားပေးသော စကားတို့ကို နှစ်ခြိုက်ကြပါသည်။
ဒါပေမယ့် သည်မှာ ကျနော် သတိပြုမိလိုက်နိုင်သော အချက်မှာ ဒေါ်စုက ပေးလိုက်သော အနိုင်အောင်ပွဲ သတင်းစကားတွင် အနိုင်အောင်ပွဲ ဆိုသော ပွဲသိမ်းရလဒ်ထက် “အနိုင်အောင်ပွဲ” ကို ရယူရန် နည်းလမ်း၏ တရားဓမ္မသတ် နှင့် ညီညွတ်ခြင်း ကို နှစ်ခြိုက်ခြင်းက သာ၍ပင် အရေးကြီးသည်။ ရွေးကောက်ပွဲတွင် မဲထည့်ကြခြင်း ဆိုသည်မှာ ပြည်သူလူထုသည် မိမိတို့ မနှစ်သက်သော အစိုးရကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်းကို အသုံးမပြု၊ သွေးထွက်သံယိုမရှိဘဲ ငြိမ်းချမ်းစွာဖြင့် ဖယ်ရှားပစ်လိုက်သော နည်းဖြစ်သည်။ ပြည်သူသည် မိမိကို အနိုင်ကျင့်သူတို့ကို ဗြဟ္မစိုရ်တရားကို လက်ကိုင်၍သာ ပြန်လည် အနိုင်ရယူခြင်း ဖြစ်ပါသည်။
ဒေါ်စု၏ ရှမ်းပြည်ခရီး နှင့် မရှေးမနှောင်းမှာပင် မျိုးစောင့်ဥပဒေလေးခုသည် နိုင်ငံတော် သမ္မတ၏ လက်မှတ်ရေးထိုးမှုနှင့် အတူ အတည်ဖြစ်သွားပြီ ဖြစ်သည်။ မျိုးစောင့်ဥပဒေကို တင်သွင်းသော ဆရာတော်ဆိုသူက ဗမာတမျိုးသားလုံး အနိုင်ရယူနိုင်လိုက်ပြီ ဖြစ်သော ‘အမျိုးသားရေးအောင်ပွဲ’ ကို နိုင်ငံအဝှမ်း ခြိမ့်ခြိမ့်သဲ ကျင်းပသည်။ တမျိုးသားလုံး မိုးလုံးခြိမ့်ညံအောင်ပွဲဟု ၎င်းကဆိုလိုချင်သည်။ မည်သည့် လက်ခုပ်တီးသံမှ မကြားရ။ ၎င်းဆရာတော်ဆိုသူ နယ်လှည့်၍ အောင်ပွဲခံသဘင်တွေ၊ အစည်းအဝေးတွေ ကျင်းပမည်ဆိုလျှင်လည်း ဘယ်လိုလူမျိုးတွေက လက်ခုပ်တီးကြမည်ဆိုသည်ကို ကြည့်ချင်ပါသည်။ သေချာသည်မှာ လက်ခုပ်သံ ခပ်အုပ်အုပ် ထွက်လျှင်ထွက်လာလိမ့်မည်။ လက်ခုပ်တီးသူတွေမှာ ဒေါ်စု၏ အမေးအဖြေ အစည်းအဝေးမှာလို ဦးရစ်တွေ ခေါင်းပေါင်းတွေကို လွှင့်မြှောက်၊ တကိုယ်လုံး ယိမ်းထိုး၊ တမျက်နှာလုံး စပ်ဖြီး ဟီးထ ပြုံးပျော်နေလိမ့်မည်ကား မဟုတ်။
သည်လိုကွဲပြားနေမှု၏ အဖြေကား ရှင်းလင်းလွန်းလှပါသည်။ ဒေါ်စုက ပြောသော အောင်ပွဲသည် ခြိမ်းခြောက်အကြပ်ကိုင်မှု အလျဉ်းမရှိသော အောင်ပွဲ၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းကို အသုံးမပြုဘဲ ရယူမည့်အောင်ပွဲ၊ ကျနော်တို့ ဗမာနိုင်ငံဟာ ခြိမ်းခြောက်အကြပ်ကိုင်ခံရခြင်းကို အသုံးပြုနေမှုကို ထာဝစဉ် စွန့်လွှတ် အေးချမ်းတော့မည့် အောင်ပွဲ ဖြစ်သည်။ မျိုးချစ်ဆရာတော်ဆိုသူ၏ အောင်ပွဲဆိုသည်မှာကား ခြိမ်းခြောက်ခြင်းတို့ အတိပြွမ်းတီးနေသော ‘အောင်ပွဲ’၊ ခြိမ်းခြောက်ခြင်းကို အသုံးပြု၍သာလျှင် ရယူနိုင်သော ‘အောင်ပွဲ’၊ ကျနော်တို့ ဗမာနိုင်ငံဟာ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းကို အသုံးချနေမှုကို ထာဝစဉ် လက်ကိုင်ထားရှိလို့၊ အငြှိုးတရား ရန်မီးတရားတို့ကို ထာဝရပွားများစေမည့် ‘အောင်ပွဲ’ ဖြစ်သည်။
သည်အောင်ပွဲ နှစ်ခုတွင် ပထမအမျိုးအစားအောင်ပွဲသည် ပြည်သူလူထုဟာ လူတဦးချင်းက မိမိဘာသာ ဆုံးဖြတ်နိုင်သည့် အောင်ပွဲဖြစ်သည်။ ၎င်းပြည်သူ၏ အောင်ပွဲသည် ၎င်းတဦးချင်း၏ မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်နိုင်ခြင်းနှင့် ဆိုင်သည်။ လူတဦးတယောက်၏ ရွေးချယ်မှု မှန်ကန်ဖို့ရန် ဆိုသည်မှာ လူတဦးဟာ စဉ်ဆက်မပြတ် မိမိ၏ သီလသမာ၊ ပညာတို့ကို မျှတရင့်ကျက်စေရန် ဘဝတလျှောက်လုံး စဉ်ဆက်မပြတ် ကြိုးပမ်း လေ့ကျင့်သင်ယူ ရသော ကိစ္စဖြစ်သည်။ ဒါမျိုးအောင်ပွဲမျိုးဟာ ရရှိခဲ့လျှင် ဒါဟာ ထိုပြည်သူတဦးသည် မိမိကိုယ်ကို အောင်နိုင်ခြင်း ဖြစ်သည်၊ အောင်ပွဲအစစ် ဖြစ်သည်။
ဒါနဲ့ ဆန့်ကျင်ဘက် မျိုးစောင့်ဆရာတော် ဆိုသူ၏ အောင်ပွဲသည်ကား “နိုင်ငံတော်”ကို အပိုင်စီးထားသူတို့က ၎င်းတို့၏ အကျိုးစီးပွားအလို့ငှာ ရွေးချယ်ချမှတ်ပေးသည် ဆိုသည့် လမ်းကြောင်းကို လိုက်ပြီး ကျုံးသွင်းခံတာသာလျှင် ဖြစ်သည်။ ၎င်းအောင်ပွဲမျိုးဟာ အစုအဖွဲ့၏ ဗလလက်ရုံး၊ အာဏာလက်နက်တို့ကို အားကိုး၍သာ ရယူနိုင်သည့် အောင်ပွဲ ဖြစ်သည်။ သူတဦးတယောက်ဟာ မျှတရင့်ကျက်လာရမည့်အစား ငါတို့မှာ အာဏာရှိရင် ဘာမဆိုလုပ်လိုရတယ်ဟု “ငါ့အဖွဲ့ တကောကော” လာ စေသည့် အောင်ပွဲမျိုးဟာ အမှန်တကယ်တော့ ၎င်းအဖွဲ့ဝင်ဆိုသူသည် စင်စစ် မိမိကိုယ်ကို မသိမဝေဖန်နိုင်၊ အမိုက်မှောင်ကျ မောဟပိတ်ဖုံးစေခြင်းသာ ဖြစ်သောကြောင့် အောင်ပွဲမဟုတ်၊ ရှုံးပွဲသာ ဖြစ်ပေတော့သည်။
(ဒေါက်တာညိုထွန်းသည် အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့တွင် နေထိုင်လျက် ရှိသော ဖွံ့ဖြိုးရေးဆိုင်ရာ မြန်မာပညာရှင်တဦးဖြစ်သည်)