ဂရိတွေးခေါ်ရှင်ဆိုကရေးတီးက “လူသည် လူမှုရေးသတ္တဝါဖြစ်သည်” (Man is a social animal) ဟုပြောခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စနစ်ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်မည်ဟု ကြွေးကြော်ခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် “နိုင်ငံရေးသည် လူမှုရေးဖြစ်သည်” ဟု ဝါဒတရပ် ချမှတ်ခဲ့တာ တွေ့ရပါသည်။ နိုင်ငံရေးသည် (Politics) နှင့် လူမှုရေး (social) ကို ရောထွေး ပစ်လိုက်သဖြင့် လူတိုင်းလူတိုင်း နိုင်ငံရေးလုပ်နေကြသည်ဟု သဘောသက်ရောက်ပါသည်။ သူ့အဆိုအရ မီးဖိုချောင်တွင် ထမင်းဟင်းချက်နေသော အိမ်ရှင်မ တယောက်လည်း နိုင်ငံရေးလုပ်နေသည်ဟု ထင်စရာ ရှိပါသည်။ တကယ်တော့ နိုင်ငံရေးသည် ပြည်သူတို့၏ လူမှုရေး လူမှုကိစ္စများကို ဆောင်ရွက်သည်ဟု ပြောနိုင်သော်လည်း နိုင်ငံရေးနှင့် လူမှုရေး မတူညီတာတွေရှိပါသည်။
“နိုင်ငံရေး” ဆိုသည့် ဝေါဟာရနှင့်ပတ်သက်၍ မြန်မာအဘိဓာန်က “နိုင်ငံနှင့်စပ်ဆိုင်သော အရေးကိစ္စများ” ဟု အဓိပ္ပာယ်ပေးထားတာတွေ့ရသည်။ သို့သော် အဘိဓာန်တွင် “နိုင်ငံရေးသမား” ဆိုတာကိုတော့ အနက်ပေးထားတာ မတွေ့ရပါ။ သို့ဆိုလျှင် နိုင်ငံရေးသမား (politician) ဆိုတာ နိုင်ငံနှင့် စပ်ဆိုင်သော အရေးကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သူလို့တော့ ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်လို့ရမည် ထင်ပါ သည်။ ထိုသို့ ပါဝင်ဆောင်ရွက်ရာတွင် အဆိုပါ နိုင်ငံရေးသမားတဦးအနေဖြင့် မည်သို့သော စိတ်နေသဘောထား၊ အရည်အချင်းတွေ ရှိရမလဲဆိုသည့် မေးခွန်းထွက်ပေါ်လာနိုင်ပါသည်။ အကြောင်းကား နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက် လုပ်ကိုင်သူတိုင်း နိုင်ငံရေးသမား မဖြစ်နိုင်သောကြောင့် ဖြစ်၏။
“နိုင်ငံရေး” ဆိုသော ဝေါဟာရနှင့်ပတ်သက်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အကျယ်တဝင့်ရှင်းပြခဲ့ဖူးသည်။ ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်းတွင် သခင်အောင်ဆန်း ကလောင်အမည်ဖြင့် “နိုင်ငံရေး အမျိုးမျိုး” ဆောင်းပါးတွင်ဖော်ပြခဲ့ခြင်းဖြစ်၏။ ယင်းဆောင်းပါးတွင် “နိုင်ငံရေး ဆိုသော စကားကို ပထမသုံးသပ်ရန်လိုသည်။ ပြည်ထဲအရေး ပေါက်နှင့်ကျေး၊ ကြက်ဥအရောင် တိမ်တောင် သဖွယ် မင်းရေးကျယ်” စသည်ဖြင့် ရှေးဗမာစကားများတွင် ဖတ်ရ၏။ ဤစကားများကား ကောင်းလည်းကောင်း၏။ ဆိုးလည်းဆိုး၏။ ကောင်းပုံကား နိုင်ငံရေး၏ ခက်ခဲနက်နဲသော အဓိပ္ပါယ်၊ ကျယ်ဝန်းသော အဓိပ္ပါယ် သိမ်မွေ့သော အဓိပ္ပါယ်တို့ကို ဆောင်၏။ ဆိုးပုံကား ကြားရသူများအား လမ်းစရှာ မတွေ့စေဘဲ လူများများ ဆိုင်းတွင် တီးလိုက်တိုင်း မြည်သည့် စည်ကဲ့သို့ ပညာရှိကြီး သဖွယ် လူများအထင်ကြီးအောင် ပြောကောင်းလို့ ပြောသည့် စကားလည်းဖြစ်၏။ ဗမာပြည်၏ နိုင်ငံရေး ရာဇဝင်ကို ပြန်ပြောင်း၍ ကြည့်လျှင် နိုင်ငံရေးဆိုသည်မှာ ဘယ်လိုဟာမျိုးပါဟု တပ်တပ်အပ်အပ် မရှိသည်ကို တွေ့ရ၏။
အမျိုး ဘာသာ သာသနာ ပညာ ဗမာပြည်သည် ဗမာများအဖို့ ဟုမ္မရူး၊ အင်ဒီပင့်ဒင့်၊ ဘုံဝါဒ၊ ဆင်းရဲသား၊ ဝံသာနု စသည်ဖြင့် မီးခိုးမဆုံး မိုးမဆုံးပင်။ တောရွာဒေသရှိ ဗမာအမျိုးမျိုးတို့အတွက်မှာကား တဘောင်၊ စနည်း၊ ဘဝေါများနှင့် မင်းလောင်းတခါပေါ်လိုက် လုပ်လိုက်၊ ရှုံးလိုက်၊ အေးအေးနေလိုက်၊ တခါထပ်ရှုံး၊ ဘုရားလက်သစ်တွေ၊ မှော်ဆရာတွေ၊ ပထမံ ဆရာတွေနှင့် သူတို့နိုင်ငံရေးမှာလည်း လုံးလိုက်ပြားလိုက်နှင့် ဖြစ်နေ၏။ လူငယ်လူရွယ် စိတ်မြန်မြန် ကိုယ်မြန်မြန်တွေကျတော့လည်း ခေတ်ကြီးကို အတင်းပြောင်းချင်သည်။ စိတ်တွေမွှန်ပြီး ဘင်္ဂလားက သူပုန်တွေလို၊ အိုင်ယာလန်က နည်းတွေလို ဒါတွေနဲ့ လွမ်းသူလွမ်း၊ ဆွေးသူဆွေးနေကြ၏။
ဦးဘဘေကြီးကတော့ “နိုင်ငံရေးဆိုတာ အင်မတန်ညစ်ပတ်တဲ့ ခလုတ်ပါ” ဟုဆို၏။ ဦးသိမ်းမောင်ကြီးကတော့ “နိုင်ငံရေးဆိုတာ ကုသိုလ်တစ်ပဲ ငရဲတပိဿာမို့” နိုင်ငံရေးကို မလုပ်တော့ဘူး။ ဦးစောကတော့ ဝါးရင်းတုတ်နှင့် လူမိုက်အားကိုး စခန်းသွား၏။ ဒေါက်တာဘမော်ကလည်း တမျိုး၊ စတာလင်တို့ ဟစ်တလာတို့ကို အားကျ သည်ဆို၏။ အင်္ဂလိပ်လိုအားဖြင့် ပေါ်လစ်တစ် ဆိုသော စကားသည် အင်္ဂလိပ်စကား အစပ်မဟုတ်၊ ပေါ်လစ်တစ်ဆိုသော စကားမှာ ခေါမ တိုင်းခေါ် ဂရိပြည်မှ စတင်ပေါ်ပေါက်လာ၏။ ခေါမစကား (ပေါ်လစ်တီ) ဆိုသော စကားမှဆင်းသက်လာ၏။ အဓိပ္ပါယ်ကား လူများ စုပေါင်းအုပ်ချုပ်မှု ဆို၏။ ထို့ကြောင့် နိုင်ငံရေး ဆိုသည်မှာ လူအများနှင့် ပေါင်းသင်းဆက်ဆံ ကူးလူးအုပ်ချုပ်သောကိစ္စပင် ဖြစ်၏။
ဤကား ဗိုလ်ချုပ်အောင်ဆန်းဖွင့်ဆိုရှင်းပြခဲ့သော “နိုင်ငံရေး” ဝေါဟာရ၏ အဓိပ္ပါယ်အကျယ်ဖြစ်လေသည်။ နိုင်ငံရေးသည် ညစ်ပတ်တဲ့အလုပ်ဖြစ်သည်ဆိုသော စကားကိုလည်း ဗိုလ်ချုပ်က လက်မခံခဲ့ပါ။ နိုင်ငံရေးကို ညစ်ထေးအောင် တမင်ဖန်တီး လုပ်ဆောင်နေသူများကြောင့် နိုင်ငံရေး အဓိပ္ပါယ်ပျက်ရခြင်းဖြစ်သည်ဟု ပြန်လည် တုန့်ပြန်ခဲ့သည်။ စင်စစ်တွင် နိုင်ငံရေးသည် လူများစုပေါင်းအုပ်ချုပ်မှုဖြစ်သောကြောင့် လူမှုရေးထက် ပို၍ ကျယ်ဝန်းပါသည်။ လူအများကောင်းစာရေးအတွက် လုပ်ကိုင်ရသောကြောင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ကြသူများသည် နိုင်ငံရေးသမားကောင်းဖြစ်ရန် လိုသည်။ သို့ဆိုလျှင် နိုင်ငံရေးသမားကောင်းတဦးဖြစ်ရန် ဘာတွေလိုအပ်ပါသလဲ၊ ဘယ်လိုအရည်အချင်းနဲ့ စိတ်ဓာတ်တွေ ရှိရမှာပါလဲ၊ ဗိုလ်ချုပ်အောင်ဆန်းကတော့ ဒီလိုဖြစ်ဖို့အချက် ၆ ချက်နဲ့ ပြည့်စုံရမယ်လို့ ပြောခဲ့ပါသည်။
ယင်းတို့မှာ
(၁) တိုင်းပြည် ကျရောက်နေတဲ့ဘေးကို တကယ်စွန့်စားပြီး ကယ်တင်ချင်တဲ့ စိတ်ဓာတ်မျိုး ရှိရမယ်။
(၂) အလုပ်လုပ်ကိုင်တဲ့နေရာမှာ ရိုးသားမှု အပြည့်အ၀ ရှိရမယ်။
(၃) စွန့်စားရမယ့်နေရာမှာလည်း ဇွဲ၊ သတ္တိနဲ့ပြည့်စုံပြီး ကိုယ်ကျိုးစွန့်၊ အသက်ကို စွန့်ရဲတဲ့စိတ်မျိုးလည်း မွေးတတ်ရမယ်။
(၄) ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲ အမှန်လို့ မယူဆတဲ့ စိတ်ထားမျိုး မွေးတတ်ရမယ်။
(၅) ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုအားကိုးတဲ့ မျိုးချစ်စိတ်လည်းရှိရမယ်။
(၆) အရေးအကြီးဆုံးကတော့ အဲဒီငါးချက်ဖြစ်ပြီး ပညာ ဗဟုသုတ အတွေ့အကြုံတွေကို လုပ်ရင်း ကိုင်ရင်း လေ့လာရင်းနဲ့ ရရှိအောင် ကြိုးပမ်းနေရမယ် တို့ဖြစ်ကြသည်။
အဲဒီအချက်တွေထဲမှာ “ရိုးသားမှု”အပြည့်အ၀ ရှိရမယ်ဆိုသည့် အချက် ပါဝင်နေကြောင်း တွေ့ရပါလိမ့်မည်။ ရိုးသားမှု ရှိသူမဟုတ်လျှင်ကျန်အချက်များနှင့် ပြည့်စုံနေပါပြီဟု ကြွေးကြော်နေသည့်တိုင် နိုင်ငံရေးသမားကောင်း မဖြစ်နိုင်ပါ။ ယနေ့မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် ပါတီများစွာ ထူထောင်ကာ နိုင်ငံရေးလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပါတီနိုင်ငံရေး ဖြစ်ပါသည်။ ပါတီမထူထောင်ဘဲ အထက်ပါ အချက် ၆ ချက်နှင့် ပြည့်စုံနေသူ လူငယ်၊ လူလတ်၊ လူကြီးများလည်း ရှိနေနိုင်ပါသည်။ အဓိက အကျဆုံး အချက်မှာ အများကောင်းစားရေးကို မည်သည့်ကဏ္ဍမှ မဆို ရိုးသားမှုနှင့်အတူ ကိုယ်ကျိုးစွန့် လုပ်ကိုင်ဆောင်ရွက်ကြရေးပင် ဖြစ်သည်။
လွတ်လပ်ရေးကြိုးပမ်းနေစဉ် ကာလများက အိန္ဒိယနိုင်ငံမှ သြဇာကြီးမားသော သတင်းစာကြီး တစောင်က ဗိုလ်ချုပ်အောင်ဆန်း၏ “နိုင်ငံရေးအား” အကြောင်း ရေးသားဖော်ပြခဲ့ဖူးပါသည်။ ထိုအကြောင်းကို မြန်မာနိုင်ငံတွင် ထုတ်ဝေနေသည့် “ဒီးဒုတ်” ဂျာနယ်တွင် မြန်မာပြန်ဆိုဖော်ပြခဲ့ရာ နိုင်ငံရေးသမား စစ်စစ် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို အောက်ပါအတိုင်း သိရှိခွင့်ရကြပါသည်။
“ဗမာပြည်သည် ယနေ့အဖို့ တခုတည်းသော နိုင်ငံရေးပါတီနှင့် တဦးတည်းသောခေါင်းဆောင်ရှိသော တိုင်းပြည် အဖြစ်တွင် တည်လျက်ရှိ၏။ အခြားအဖွဲ့များ ခေါင်းဆောင်များမှာ ယခုအထိ စာမဖွဲ့လောက်သေး။ ဖဆပလ အဖွဲ့ချုပ်မှာ တိတိကျကျပြောရလျှင် နိုင်ငံရေးပါတီတခု မဟုတ်ပေ။ နိုင်ငံရေးပါတီများ၊ လူငယ်များနှင့် အမျိုးသမီးအဖွဲ့ချုပ်များ၊ အလုပ်သမားနှင့် လယ်သမားအစည်းအရုံး သမဂ္ဂများတို့နှင့် တိုင်းရင်းသားမျိုးခြား အဖွဲ့တို့၏ ညီညွတ်ရေးတပ်ဦးဖြစ်ပေရာ နိုင်ငံရေးပါတီအဖြစ်သို့ အမြန်ပြောင်းလဲလျက် ရှိနေလေသည်။ ဖဆပလ၏ ဥက္ကဋ္ဌ အသက် ၃၁ နှစ်သာရှိသေးသူ ဦးအောင်ဆန်းမှာ ယနေ့မြန်မာပြည်နိုင်ငံရေးတွင် လွန်ကဲ ထူးခြားစွာ သြဇာအာဏာ အကြီးဆုံးသော ပုဂ္ဂိုလ်ဖြစ်လျက် မြန်မာလူမျိုးတို့၏ လွတ်လပ်ရေးအင်အားစု မဏ္ဍိုင် ဖြစ်နေလေသည်။
(ဆေးလိပ်ပင်သောက်သော်လည်း) နေထိုင်ဝတ်စားမှု၊ ခြိုးခြံရိုးသားမှုမှာ (ရသေ့ရဟန်းပမာ) ပြင်းထန်လျက်၊ အိန္ဒြေကြီးရာတွင်လည်း ဤမျှငယ်သေးသော အသက်အရွယ်နှင့် ဟပ်၍ပင် မရအောင်ရှိ၏။ (တခါတရံတွင် ပြုံးတတ်၍သာ တော်ပေးတော့သည်။) စိတ်အားထက်သန်လှ၍ စိတ်ဓာတ်လည်း ပြင်းထန်ပေရာ၊ ၎င်းအား ဟန်အောင်နေသူဟု အထင်မှားလွယ်ကြပေမည်။ သို့ရာတွင် ၎င်းမှာ ဟန်ဆောင်သူမဟုတ်ပေ။ သူသည် စည်းစိမ်နှင့် ရာထူးကို မက်သူ မဟုတ်ချေ။ စစ်ကြီးမဖြစ်မီက ဗမာနိုင်ငံရေးသမားတို့ ထုံးစံကို ဖျက်၍ ဗမာ့ခေတ်သစ်နိုင်ငံရေးကို ပုံသွင်းသူဖြစ်လေသည်။ သူသည် ဘယ်ပါတီမှ မစွဲလန်းချေ။ ဂန္ဒီနှင့် ဘို့စ်တို့ နှစ်ယောက်စပ်ထားသည်နှင့် တူလေသည်။ အသက် ၃၀ အောက် လူငယ်ပိုင်းမှန်သမျှ သူ့နောက်တွင်ရှိနေကြ လေသည်။”
ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးလောကမှ အနားယူမည်ဟု ပြတ်ပြတ်သား သား ပြောခဲ့ဖူးတာရှိသည်။ ထိုအချိန်တွင် အာဏာနိုင်ငံရေး လာတော့မည်ဖြစ်၍ အာဏာမမက်သော ဗိုလ်ချုပ်က ယခုလို ပြောခဲ့ခြင်းဖြစ်ပါလိမ့်မည်။ သူပြောတာ လုံးဝမလွဲပါ။ လွတ်လပ်ရေးရချိန်ကစလို့ နိုင်ငံအာဏာရရှိရေး အတွက် ပါတီအမျိုးမျိုးပေါ်လာပြီး၊ အခြေအနေမဟန်သူ နိုင်ငံရေးသမားဆိုသူများ တောခိုကြသည်။ အာဏာရပါတီ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်ကြသည်။ လက်နက်ကိုင်အဖွဲ့တွေ အလွန်များလွန်း၍ ရောင်စုံသူပုန်များဟု စုရုံးခေါ်ကြရသည့်အထိ ဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်စ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အခြေအနေမှာ လုံးဝတည်ငြိမ်မှုမရှိခဲ့ပဲ အာဏာရရှိရေးကသာ ထိပ်တန်း အဆင့်ဖြစ်နေခဲ့သည်။
ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးသမားဆိုသူများသည် လူတန်းစားတရပ်သဖွယ်ဖြစ်လာသည်။ မြန်မာပြည်သူတွေကတော့ နိုင်ငံရေးသမားတွေဟာ အပြောကောင်းလွန်းတယ်၊ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတတ်တယ်၊ ကိုယ်အနိုင်ရဖို့ဆိုရင် ဘာမဆိုပြောရဲဆိုရဲ လုပ်ရဲ ကိုင်ရဲကြတယ်ဟု စွဲစွဲမြဲမြဲမှတ်ယူထား ကြပါသည်။ ဒါကလည်း ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီခေတ်က သန့်ရှင်းနဲ့ တည်မြဲပါတီတို့ အပြိုင်အဆိုင် ရွေးကောက်ပွဲဝင်ကြတဲ့အခါ တရားနည်းလမ်း မကျတာတွေနဲ့ လုပ်ခဲ့ကြတာကို ပြည်သူတွေ မျက်မြင်မို့ ပြောကြတာ ဖြစ်ပါသည်။ ဒါဟာ ဖြူစင်မွန်မြတ်တဲ့ နိုင်ငံရေးကို ညစ်ပတ်အောင် လုပ်ခဲ့ကြတဲ့ နိုင်ငံရေးသမားများ၏ ရိုင်းစိုင်းယုတ်မာမှုများပဲ ဖြစ်သည်။
သမိုင်းဟူသည် ဖြစ်ရပ်မှန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာ ယနေ့ မိမိတို့ကောင်းသော လုပ်ဆောင်ချက် များသည် နောင်မည်သည့်အချိန်တွင်မဆို ကောင်းသောမှတ်ချက်များနှင့်သာ ထာဝရရှိနေမည်ဖြစ်ပါသည်။ မကောင်းတာတွေကို ကောင်းအောင်ပြုပြင်ရေးသားထားမှုများသည် သမိုင်းဖြစ်ရပ်မှန်များ မဟုတ်ပါ။ လိမ်လည် မှုသာဖြစ်သည်။ တချိန်တွင် အလိမ်ပေါ်မည်မှာ သေချာပါသည်။ နိုင်ငံရေးလောကတွင် ဒီမိုကရေစီစနစ် လက်ခံကျင့်သုံးနေသမျှ ရွေးကောက်ပွဲတွေမည်။ ရှိလည်း ရှိခဲ့ဖူးပြီ။ ယခုလည်း ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ လာဦးမည်။ ပါတီတွေ မဲဆွယ်နေကြပြီဖြစ်၏။ သူတို့ပါတီ၏ မူဝါဒတွေကိုလည်း ဖော်ပြနေကြသည်။ နိုင်ငံရေးသမားကောင်းတွေ အများကြီး လိုပါသည်။ ပြည်သူလူထုအား လိမ်လည်လှည့်ဖျားသော မစားရ ဝခမန်းဖြစ်သော မက်လုံးတွေပေးကာ နောင်တွင် အာဏာရလာသောအခါ ယင်းမက်လုံးများအား အိပ်မက်ပမာ ထားလိုက်မည်ဟု လက်ခံထားသူ နိုင်ငံရေးသမားများ တခေတ်ပြန်လည် မလာပါစေနဲ့ဟု ဆုတောင်းလိုက်ပါသည်။
(မောင်ဆွေဝင်း (ပဲခူး) သည် ရန်ကုန်အခြေစိုက် ဆောင်းပါးရှင်တဦးဖြစ်ပြီး နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များတွင် ပုံမှန်ရေးသားနေသည်)