ပြည်သူ့ရဲတပ်ဖွဲ့ဝင် တချို့ တာဝန်ထမ်းဆောင်ရင်း တိုက်ခိုက် သတ်ဖြတ်ခံရသည့် သတင်းများ ထွက်ပေါ်နေသည့်အထဲတွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သော ယာဉ်ထိန်းရဲ အသတ်ခံရမှုလည်း အပါအဝင်ဖြစ်ပြီး ပြည်သူလူထုကြားတွင် ဂယက်ရိုက်သော သတင်းတပုဒ်၊ မတူကွဲပြားသော အမြင်များကို ထွက်ပေါ်စေသည့် အဖြစ်အပျက်တခု ဖြစ်လာခဲ့သည်။ ညီဖြစ်သူ၏ ပြဿနာကို ဓားဖြင့် ဖြေရှင်းလိုက်သူမှာ ဆရာဝန်တဦးဖြစ်ပြီး ယာဉ်ထိန်းရဲလည်း ဓားချက်ဖြင့် သေဆုံးခဲ့သည်။
ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ တဖက်ကိုတဖက် အပြစ်တင်သည်များရှိသကဲ့သို့ နှစ်ဖက်စလုံးတွင် အားနည်းချက်များ၊ ပြုပြင်စရာများ ရှိနေကြောင်းလည်း သတိပြုစရာဖြစ်သည်။
စစ်အစိုးရ လက်ထက်တလျှောက်မှစ၍ အစိုးရဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း အများစုကို လုပ်ပိုင်ခွင့် လက်ထဲ ကိုင်ထားသူများ၊ သွန်လိုသွန် မှောက်လိုမှောက်နိုင်သူများ၊ အခွင့်ထူးခံများ၊ အာဏာကိုသုံး၍ မလိုလျှင် မလိုသလို ဖိနှိပ်သူများ၊ လာဘ်ပေး လာဘ်ယူသူများ၊ မြေနိမ့်ရာ လှံစိုက်၍ အနိုင်ကျင့်တတ်သူများဟု ပြည်သူများက ထင်မြင်လာခဲ့ကြသည်။ ယင်းမှာ စစ်အစိုးရ လက်ထက်တလျှောက် လွဲမှားသော စီမံအုပ်ချုပ်မှု၊ ကျောသားရင်သား ခွဲခြားမှု၊ ဥပဒေအထက်တွင် လူတန်းစားတရပ် ဖန်တီးထားမှု၏ နောက်ဆက်တွဲ ရလဒ်များ ဖြစ်ခဲ့သည်။
တဖက်တွင်လည်း ပြည်သူများက အစိုးရဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများအပေါ် လေးစားမှု မရှိခြင်း၊ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းကို ထင်သလို ဖောက်ဖျက်ပြီး “ငွေများ တရားနိုင်သည်” ဟု တရားသေ မှတ်လာခြင်း၊ လာဘ်ပေးလာဘ်ယူကို လွယ်လွယ်ကူကူ လုပ်လာခြင်းတို့ဖြင့် စာရိတ္တပိုင်း ယိုယွင်းလာခဲ့ကြသည်။
ယခု အစိုးရလက်ထက်တွင် ဥပဒေများကို ပြင်ဆင်ခြင်း၊ အသစ်ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့ရာတွင် နိုင်ငံသားများ ပိုမိုအဆင်ပြေရေး၊ လုံခြုံစိတ်ချရစေရေး၊ ကောင်းမွန်သော အသိုင်းအဝိုင်း ဖြစ်ပေါ်လာရေးအတွက် တွန်းအားပေးရာ မရောက်သည်က များကြောင်း တွေ့ရသည်။ ယင်းဥပေဒများကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများ၊ လူမှုအသိုက်အဝန်း အကြား အငြင်းပွားမှုများ၊ တပွဲထိုး လာဘ်ပေးလာဘ်ယူနည်းဖြင့် ဖြေရှင်းရန် တွန်းပို့မှုများ ပေါ်ပေါက်လာသည်။
အစိုးရဝန်ထမ်းနှင့် ပြည်သူတို့သည် နေ့စဉ် ထိတွေ့နေရသည့် အသိုက်အဝန်း နှစ်ခုဖြစ်ရာ လိုက်နာရမည့် ပြည်သူများက ချမှတ်ထားသည့် စည်းကမ်း ဥပဒေများကို မလိုက်နာခြင်းနှင့် ထိမ်းသိမ်းရမည့် အစိုးရဝန်ထမ်းကလည်း လာဘ်ပေးလာဘ်ယူမှုဖြင့် အနိုင်ပိုင်း ဖြေရှင်းပေးလိုက်ခြင်းအားဖြင့် တဖက်နှင့် တဖက် မလေးစားမှုများ၊ ပဋိပက္ခများ ပေါ်ပေါက်လာသည်။ မန္တလေး ယာဉ်ထိန်းရဲကို ဆရာဝန်က ဓားဖြင့် ထိုးလိုက်ခြင်းမှာ ယင်းသို့ နှစ်ဖက် ထိပ်တိုက်တွေ့မှု၏ တပွဲထိုး ရလဒ်ပင် ဖြစ်သည်။
အစိုးရပိုင်းအနေဖြင့် ပြည်သူများနှင့် နေ့စဉ်ထိတွေ့မည့် ထုတ်ပြန်ထားသော ဥပဒေများ၊ ပြဌာန်းထားသော စည်းမျဉ်း စည်းကမ်းများကို ပြည်သူများ သေချာဃနစွာ သိရှိနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ ပညာပေးသင့်သည်။ ဥပဒေကို လိုက်နာခြင်း၏ အကျိုး၊ မလိုက်နာခြင်း၏ အပြစ်တို့ကို အသိပေးရမည်။ ပညာပေးကာလ၊ သတိပေးသောကာလ၊ အရေးယူသောကာလ တို့ကို ပြတ်သားစွာ လုပ်ဆောင်ရမည်။ အစိုးရဝန်ထမ်း (Government Servant) များဆိုသည်မှာ ပြည်သူ့အခွန်ဘဏ္ဍာကို စားသည့် ပြည်သူ့ဝန်ထမ်း (Public Servant) များပင် ဖြစ်ကြောင်းလည်း ခံယူရမည်။ ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းကို လက်ကိုင်ပြု၍ ပြည်သူ့ဝန်ကို ထမ်းရမည်။
ယင်းသို့ စနစ်တကျ လုပ်ဆောင်မှုတွင် ပါမလာဘဲ ဖောက်ဖျက်သည့် ပြည်သူများကိုလည်း တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်း နှင့်အညီ အရေးယူရမည်။ ထို့ကြောင့် အစိုးရအနေဖြင့် ဥပဒေများကို ထုတ်ပြန်ရုံသက်သက် မဟုတ်ဘဲ ကျယ်ပြန့်သော အသိပညာပေးမှုနှင့် ပြည်သူများက လိုက်နာလာမှု ဟန်ချက်ညီစွာ ပေါ်ပေါက်ရေးသည်လည်း အရေးကြီးသော လုပ်ငန်းတရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုပါသည်။