နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း၊ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တခုကို စတင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုများ စတင်ခြင်း၊ အတိုက်အခံများအပေါ် တားမြစ်ချက် တခုကို ပယ်ဖျက်ပေးခြင်း စသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဦးစားပေး လုပ်ဆောင်မှုများကြောင့် ဦးသိန်းစိန်ကို ရည်ရွယ်ချက် ကောင်းမွန်သူ တဦး၊ ရဲရင့်သော ပြုပြင်ပြောင်းလဲရေးသမား တဦးအဖြစ် ဖော်ပြနေခြင်းများက လက်တွေ့အမှန်နှင့် ကွဲလွဲမှုများ ဖြစ်လာခဲ့ပါသည်။
သူရဦးရွှေမန်းကို လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ ထိပ်တန်းနေရာမှ ဖယ်ရှားလိုက်ပြီး သည့်နောက်တွင် ဦးသိန်းစိန်က စစ်တပ်နှင့် ကြံ့ခိုင်ရေး ပါတီက တင်သွင်းမည့် သမ္မတလောင်း အဖြစ် အလားအလာ အကောင်းဆုံး အနေအထားသို့ ပြန်လည် ရောက်ရှိလာသည်။ အခြေအနေများ အရ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးသမား တဦးအဖြစ် ကျနော်တို့ ပြောနေသည်ကို ရပ်သင့်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရွေ့ကို ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေခြင်းဟု ပြောနေတာတွေကို ကျနော်တို့ ရပ်သင့်ပါပြီ။ ပြုပြင် ပြောင်းလဲရေးသမား အဖြစ် ညွှန်းဆိုနေခြင်း အားဖြင့် တကယ်မဟုတ်ဘဲနှင့် ဟန်ဆောင်ထားသော လုပ်ငန်းစဉ်တခုကို ကျနော်တို့က တရားဝင် ဖြစ်အောင် လုပ်ပေးသလို ဖြစ်နေပါလိမ့်မည်။
ဦးသိန်းစိန်၏ လက်ထက်တွင် အရေးပါသော အပြောင်းအလဲများ အစပြုနိုင်ခဲ့သည်ကို ကျနော် မငြင်းပါ။ ထိုသို့ ပြုလုပ်ခဲ့သည့် အတွက် ချီးကျူးမှု တချို့တော့ သူရသင့်ပါသည်။ သို့သော်လည်း အမှန်အတိုင်းပြောရလျှင် သူ ဒါတွေ ရခဲ့ပြီး ဖြစ်ပါသည်။ ယခုအချိန်တွင် ရှိလာသည့် မေးခွန်းမှာ မည်သူက ယခုလာမည့် သက်တမ်းအတွက် သမ္မတ ဖြစ်လာမည်လဲ ဆိုသည့်မေးခွန်းဖြစ်သည်။
ထို့ကြောင့်ပင် “ဖွံ့ဖြိုး တိုးတက်ရေး လုပ်သည့် သမ္မတ”၊ “ငြိမ်းချမ်းရေးကို တည်ဆောက်နေသော သမ္မတ”၊ “သာမန် လူတန်းစားက ပေါက်ဖွားလာ၍ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက် မရှိသော ရိုးစင်းသူ တဦး” အစရှိသည့် နိုင်ငံရေး ကြော်ငြာပုံရိပ်များကို ထားပစ်ခဲ့ရန် လိုအပ်ခြင်း ဖြစ်သည်။ အောက်တွင် ဖော်ပြထားသော ဦးသိန်းစိန်၏ အောင်မြင်မှု များနှင့် ကျရှုံးမှုများကို စနစ်တကျ လေ့လာသုံးသပ်ရန် လိုအပ်နေခြင်းလည်း ဖြစ်ပါသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အတားအဆီး ဖြစ်စေခဲ့သည်မှာ လွှတ်တော်အတွင်းမှ စစ်ဘက်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကြောင့်သာ မဟုတ်ပါ၊ ဦးသိန်းစိန်၊ သူ၏ အကြံပေးများနှင့် အရေးပါသော ဝန်ကြီးများ ကြောင့်လည်း ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့က လက်မှတ်ပေါင်း ၅ သန်းကျော် ကောက်ခံနိုင်ခဲ့ပြီးနောက် အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အတိုက်အခံ ဘက်တွင် ထောက်ခံမှု ကြီးမားစွာ ရှိနေသည်ကို သူတို့ အားလုံးက ကောင်းကောင်းသိခဲ့ကြသည်။ ထို့အပြင် အဆိုပါ ကိစ္စ အတွက် အတိုက်အခံနှင့် လေးလေးနက်နက် ဆွေးနွေးရန်လည်း စိတ်ကူး မရှိခဲ့ကြပါ။
ဦးသိန်းစိန် ဝင့်ကြွားစွာ ကြေညာခဲ့သည့် ဖွံ့ဖြိုးတိုးတက်ရေးကို ပထမထားသော မူဝါဒက လူသွား စင်္ကြံအသစ်များ၊ လမ်းတချို့နှင့် တံတားတချို့ လောက်သာ လုပ်ပြနိုင်ခဲ့ပြီး ပါတီအတွက် ထောက်ခံမဲများ ရရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ လုပ်ငန်းများကို အကြီးအကျယ် ကြေညာခဲ့သည်။
စီးပွားရေးနှင့် ပတ်သက်၍ မည်သို့ ရှိသနည်း။ မြန်မာ့ စီးပွားရေးက စစ်အစိုးရ လက်ထက်တွင် ကြီးပွားချမ်းသာ လာခဲ့ကြသည့် စီးပွားရေးသမားများ၏ ထိန်းချုပ်မှု အောက်တွင်သာ လုံးလုံးလျားလျား ရှိနေသေးသည်။ စီးပွားရေး တံခါးဖွင့်လှစ်လိုက်ချိန် မှာလည်း ယနေ့အထိ သူတို့သာ အောင်မြင်သူများ ဖြစ်နေသေးသည်။ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ နီးပါးရှိမည့် တရားမဝင် ငွေကြေးများမှာ ပြီးခဲ့သည့် နှစ် ၅၀ အတွင်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် အကျင့်ပျက် ခြစားမှုများ၊ ရာဇဝတ်မှုများ၊ အခွန်ရှောင်တိမ်းခြင်းများနှင့် ဆက်စပ်နေသည်ဟု မကြာသေးမီက ထုတ်ပြန် ခဲ့သည့် အမေရိကန်အခြေစိုက် သုတေသန အဖွဲ့အစည်းတခုဖြစ်သည့် Global Financial Integrity ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှုတခုနှင့် အရုပ်ဆိုး အကျည်းတန်သော လူမျိုးရေး ခွဲခြားမှုတခု မြန်မာနိုင်ငံတွင် ပြန်လည် ပေါ်ပေါက်လာသည်ကို ခွင့်ပြုပေးခဲ့သည်မှာလည်း ဦးသိန်းစိန်၏ အစိုးရဖြစ်သည်။
ဦးသိန်းစိန်က ပါတီနိုင်ငံရေးကိစ္စတွင် စစ်တပ်နှင့် ရဲအဖွဲ့ကို အသုံးပြုခဲ့သည့် အတွက် အပြစ်တင် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုသို့ ပြုလုပ်ခဲ့သည့် အတွက်လည်း ပါတီ၏ အာဏာအရှိဆုံးသူ အဖြစ်နှင့် အကယ်၍ သူ၏ ပါတီက လွှတ်တော်တွင် နေရာ အများစု ရရှိခဲ့လျှင် သမ္မတနေရာ အတွက် ရှေ့ဆုံးမှ ရှိနေသူ အဖြစ် သူ့ကိုယ်သူ ပြန်လည် တည်ဆောက် နိုင်ခဲ့သည်။
သူက အလားအလာရှိသည့် သမ္မတလောင်း တယောက် ဖြစ်သော်လည်း ယခုအချိန်အထိ သူ၏ နိုင်ငံရေး ရပ်တည်မှု ကို ပြသခဲ့ခြင်း မရှိသေးပေ။ သူ၏ (သမ္မတလုပ်ရန်) ရည်ရွယ်ချက်ကိုပင် မကြေညာရသေး ပါ။ ယခုအချိန်တွင် မဲဆွယ် လှုပ်ရှားမှုများ စတင်နေပြီ ဖြစ်သလို ကြံ့ခိုင်ရေးပါတီ ကလည်း မည်သူက နိုင်ငံ့အကြီးအကဲ အဖြစ် မည်သူ့အား ရွေးချယ် မည်ဆိုသည်ကို မဲဆန္ဒရှင်များကို ထုတ် မပြရသေးပါ။ ဦးသိန်းစိန်က လွှတ်တော် ကိုယ်စားလှယ် အဖြစ်ပင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့် အတွက် သူ့အပေါ် လူထုထောက်ခံမှု မည်မျှရှိသည် ကိုလည်း တိုင်းတာ၍ မရနိုင်ဘဲ ရှိနေသည်။ သူက ရွေးကောက် တင်မြှောက်ခြင်း မခံယူဘဲ ခန့်အပ်ခြင်းကို ခံယူရန် ရွေးချယ်ခဲ့ပုံရသည်။
သူ၏ ပြုပြင်ပြောင်းလဲရေး မျက်နှာဖုံးအောက်တွင် စိတ်ပျက်စရာအကြောင်းများလည်း ရှိနေသည်။
ပထမဆုံး အနေဖြင့် ဆိုရလျှင် ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်သူ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူက ခေါင်းဆောင်တယောက် မဟုတ်၍ ဖြစ်သည်။ သူက ဆုံးဖြတ်ချက်ပေးသူ တယောက်လည်း မဟုတ်ပါ။ သူက စစ်တပ်နှင့် ထိပ်တန်း စစ်ဘက်အရာရှိဟောင်းများ၏ ကွန်ရက်မှ အစိတ်အပိုင်းတခုသာ ဖြစ်သည်။ သူ၏ အနေအထားကို နားလည် သိရှိနေသူလည်း ဖြစ်သည်။
ပူတင် (Putin) ၏ ရုရှားနိုင်ငံမှ ဒီမီထရီမက် ဗီဒေ့ဗ် (Dmitry Medvedev) ကဲ့သို့ပင် စစ်အစိုးရခေတ်လွန် မြန်မာနိုင်ငံမှ သမ္မတ တယောက်အနေဖြင့် သူ၏ တာဝန်နှင့် အခန်းကဏ္ဍကို ဦးသိန်းစိန်က အတိအကျ သိထားသည်။ တခြားဘက် တွင်မှု ဦးရွှေမန်းက အလွန် ရည်မှန်းချက်ကြီးမားသူ ဖြစ်သည်။ ထို့ကြောင့်လည်း ဘေးဖယ်ထုတ် ခံလိုက်ရခြင်း ဖြစ်သည်။ ဦးသိန်းစိန်က သမ္မတလောင်း နေရာအတွက် ယှဉ်ပြိုင်သူတဦး ဖြစ်လာရခြင်းမှာ ထုံးစံအတိုင်း သူက ခေါင်းဆောင် တယောက်မဟုတ်ဘဲ စည်းကမ်းကို လိုက်နာ၍ အကောင်အထည် ဖော်ပေးသူတယောက် ဖြစ်သော ကြောင့်သာ ဖြစ်သည်။
ထို့ပြင် သူ အကောင်အထည် ဖော်နေသည် ကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မဟုတ်ပါ။ စစ်တပ်က ဦးဆောင်သည့် စနစ်နှင့် အာဏာရှင် တပိုင်း အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းရေးသာ ဖြစ်သည်။ အဆိုပါ စနစ်တွင် စစ်တပ်က ပြည်သူလူထုကို ဖိနှိပ်ခြင်း ခြိမ်းခြောက်ခြင်းများ တိုက်ရိုက် ပြုလုပ်မည် မဟုတ်သော်လည်း နောက်ဆုံး အဆုံးအဖြတ်ပေးသူ အဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။
အာဏာရှင်တပိုင်း အုပ်ချုပ်ရေး ဆိုသည်မှာ ရွေးကောက်ပွဲများ ပုံမှန် ပြုလုပ်နေမည် ဖြစ်သော်လည်း ရလဒ်က အတူတူပင် ဖြစ်သည်။ အာဏာရပါတီက အမြဲတမ်း အနိုင်ရရှိပြီး အတိုက်အခံက အမြဲရှုံးနိမ့် ရမည် ဖြစ်သည်။ အဆိုပါ နိုင်ငံမျိုးတွင် ရွေးကောက်ပွဲများသည် တစိတ်တပိုင်းသာ လွတ်လပ်မှုရှိပြီး မမျှတမှုက အလွန်များပါသည်။
“စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်” သို့ အသွင်ကူးပြောင်းရာတွင် လုပ်ဆောင်ရန် များစွာ ကျန်နေပါသေးသည်။ ဦးသိန်းစိန်၏ အစိုးရက နိုင်ငံပိုင်နှင့် စစ်တပ်ပိုင် စီးပွားရေးမှ ခရိုနီများ လွှမ်းမိုးသော လွတ်လပ်သည့် ဈေးကွက် စီးပွားရေးသို့ ပြောင်းရွှေ့နိုင်ရန် ဆက်လက် လုပ်ဆောင်နေပါသည်။ ထိုသို့ ပြောင်းရွှေ့မှုက သိသာထင်ရှားသော်လည်း အသစ်ရရှိလာသည့် ဝင်ငွေများက လူများစုထံသို့ မစို့မပို့သာ ရောက်ရှိခဲ့သည့် အတွက် အလွန်ပင် မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ဦးသိန်းစိန်၏ အစိုးရ အတွက် နောက်ထပ် တာဝန်တခုမှာ ပထဝီနိုင်ငံရေးတွင် အချက်အချာကျသည့် နေရာတွင် ရှိသော နိုင်ငံတခု အနေဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ရေး ဖြစ်သည်။ ထိုရည်မှန်းချက်မှာတော့ အောင်မြင်မှု လောက်လောက်လားလား ရရှိအောင် လုပ်နိုင်ခဲ့ကြသည်။
သို့သော်လည်း ဦးသိန်းစိန်က နောက်ထပ် ၅ နှစ် တာဝန်ယူခြင်းက ထူးခြားမှုများ ရှိမလာရန် ပိုများနေပြီး အသွင် ကူးပြောင်းရေးလည်း နည်းပါးသွား ပါလိမ့်မည်။ အသွင်ကူးပြောင်းရေး၏ အဆုံးသတ်က ဒီမိုကရေစီ စတင်ခြင်း ဖြစ်လာမည် မဟုတ်ပါ။ ခရိုနီစီးပွားရေး စနစ် ပြီးပြည့်စုံသွားခြင်း၊ ကမ္ဘာ့ပထဝီ နိုင်ငံရေးတွင် သက်သောင့်သက်သာ နေရာတခု သေချာသွားခြင်းနှင့် စစ်ဘက်က ဦးဆောင်သော အာဏာရှင်တပိုင်း အုပ်ချုပ်မှု ခိုင်မာသွားခြင်းသာ ဖြစ်ပါလိမ့်မည်။
အဆိုပါ “သူမနိုင်၊ ကိုယ်မရှုံး” ဇာတ်ညွှန်းကို ယခင် စစ်အစိုးရက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အနောက်တိုင်းနှင့် အာရှမှ ဒီမိုကရေစီ နိုင်ငံများ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်သည့် အတိုင်းအတာ ဖြစ်ကြောင်းလည်း တွေ့ရှိခဲ့ရပြီး ဖြစ်သည်။ ပြည်တွင်းခရိုနီများ အတွက် အလွန်အကျိုးအမြတ် ဖြစ်စေသလို စစ်ဘက်အရာရှိများလည်း အငြိမ်းစား ယူပြီးသည့် အချိန်တွင် အုပ်ချုပ်ရေးသို့ ဝင်ရောက်ရန် ချောမွေ့သော အနာဂတ်ကို ဖြစ်စေခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံမှ အတိုက်အခံလှုပ်ရှားမှု၊ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့် အတွက် ၎င်းတို့၏ ဘဝများကို စွန့်လွှတ်၍ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြသော မျိုးဆက်နှင့်ချီသည့် တက်ကြွလှုပ်ရှားသူများ အတွက် ကတော့ “သူလည်း နာ၊ ကိုယ်လည်းရှုံး” ရသည့် ဇာတ်ညွှန်းတခု ဖြစ်ခဲ့ရသည်။
စစ်အုပ်ချုပ်ရေးကြောင့် ဆင်းရဲ နွမ်းပါး စွာ နေထိုင်ခဲ့ကြရသည့် မြန်မာနိုင်ငံမှ ပြည်သူအများစုက ခရိုနီစီးပွားရေး စနစ်တွင် လူလတ်တန်းစား နေရာသို့ ရောက်ရှိ လာသည်ကို ကျနော် တွေ့မြင်နိုင်မည် မဟုတ်ပါ။ ထိုနည်းတူ စစ်တပ်က ထိန်းချုပ်ဆဲဖြစ်သည့် စနစ်တခု အောက်တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးစုများအတွက် သူတို့ အလိုချင်ဆုံးဖြစ်သည့် ဖက်ဒရယ်စနစ်ကို အပြည့်အဝ ရရှိနိုင်မည့် လမ်းကြောင်းကိုလည်း ကျနော် မမြင်ရပါ။ ။
(အီဂေါ ဘလာဇဗစ်၏ It’s Time to Stop Talking About the Bold Reformist ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)