အင်ဒိုနီးရှားနိုင်ငံ၊ အာချေး (Aceh) ဒေသက ငြိမ်းချမ်းရေးနဲ့ အပြောင်းအလဲအပေါ် မကြာသေးမီက သွားရောက် လေ့လာဖြစ်ခဲ့ပါတယ်။ လူဦးရေ ၂၅၅ သန်းကျော်ရှိပြီး ကမ္ဘာ့ စတုတ္ထ လူဦးရေအများဆုံးနဲ့ မွတ်စလင် အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အထူးအုပ်ချုပ်ခွင့်ရဒေသ (Special Administrative status) ၅ နေရာ အပါအဝင် ပြည်နယ် ၃၄ ပြည်နယ်ရှိပါတယ်။
အာချေး၊ ဂျကာတာ၊ ရိုဂျာကာတာ၊ ပါပူဝါနဲ့ အနောက် ပါပူဝါ ဒေသတွေဟာ အင်ဒိုနီးရှားက တခြားဒေသတွေထက် အထူးအုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပိုမိုရရှိတဲ့ ဒေသတွေ ဖြစ်ပါတယ်။
အာချေးဒေသဟာ ဆူးမားတြားကျွန်းရဲ့ မြောက်ဘက်အစွန်းဆုံးမှာ တည်ရှိပြီး အက်ဒမန်ပင်လယ်နဲ့ မလက္ကာ ရေလက်ကြားက ရေနံနဲ့ သဘာဝဓာတ်ငွေ့ကြွယ်ဝတဲ့ ဒေသဖြစ်ပါတယ်။ အာချေးဒေသဟာ ၁၈၇၃ ခုနှစ်မှာ ဒတ်ချ် ကိုလိုနီလက်အောက် ကျရောက်ခဲ့ရပြီး ၁၉၄၉ ခုနှစ် အင်ဒိုနီးရှား လွတ်လပ်ရေးရတဲ့အခါ အင်ဒိုနီးရှားရဲ့ ဒေသတခုအဖြစ် ပါဝင်ခဲ့ပါတယ်။
၁၉၅၀-၁၉၆၀ ခုနှစ်တွေအထိ အင်ဒိုနီးရှား အစိုးရဟာ အာချေးဒေသက သဘာဝသယံဇာတတွေ အပေါ် အမြတ်ထုတ်ခဲ့တယ်။ အာချေး အထူးဒေသအဖြစ် သတ်မှတ်ပေးမယ်ဆိုတဲ့ ကတိတွေပျက်ကွက်ခဲ့တယ်။ နောက်တခါ အင်ဒိုနီးရှား စစ်တပ်က အာချေးဒေသကို စစ်ဆင်ရေးလုပ်တဲ့အခါ အာချေးအရပ်သားတွေ သေကြေခဲ့ရပါတယ်။
ဆူဟာတိုအစိုးရ တက်လာပြီး ၁၉၇၀ အစောပိုင်းမှာ New Order ဆိုတဲ့ အစီအစဉ်သစ်နဲ့အတူ ဗဟိုချုပ်ကိုင်မှု တင်းကျပ်တဲ့စနစ်နဲ့ အုပ်ချုပ်လာတဲ့နောက်ပိုင်း အာချေးခွဲထွက်ရေး လှုပ်ရှားမှုကို ဦးဆောင်တဲ့ Acheh-Sumatra National Liberation Front (ASNLF) တနည်းအားဖြင့် Free Aceh Movement (GAM) တွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
၁၉၉၇-၉၈ ခုနှစ် အာရှမှာ စီးပွားရေး အကြပ်အတည်း ဖြစ်တဲ့အခါ အင်ဒိုနီးရှားမှာလည်း သက်ရောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရ ပြီးတဲ့နောက် ဆယ်စုနှစ် သုံးခုကျော် အင်ဒိုနီးရှားကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ကြီး ဆူဟာတိုလည်း ၁၉၉၈ ခုနှစ်မှာ နိုင်ငံရေးလောကက နုတ်ထွက်လိုက်ရပါတယ်။
ဒီလိုအခြေအနေတွေကို အခွင့်ကောင်းယူပြီး အာချေးဒေသက နှစ်ပေါင်းများစွာ နစ်နာခဲ့ရတဲ့ အခွင့်အရေးတွေ၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်နဲ့ သဘာ၀ သယံဇာတတွေ ကိုယ့်ဘာသာ စီမံခန့်ခွဲပိုင်ခွင့်တွေ အတွက် ကြိုးပမ်းလာကြပါတယ်။
အာချေးငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိဆိုရင် ၈ နှစ်လောက် ကြာမြင့်ပါတယ်။ သမ္မတဆူဟာတို ဆင်းသွားပြီးတဲ့နောက် သူ့အရိုက်အရာကို ဆက်ခံတဲ့ ဒုသမ္မတ ဘီ ဂျေ ဟာဘီဘီ (B.J. Habibie)၊ သမ္မတ အဗ္ဗဒူရာမန် ဝါဟစ် (Abdurrahman Wahid)၊ အမျိုးသမီး သမ္မတ မေဃာဝတီ ဆူကာနိုပူထရီ (Megawati Sukarnoputri) နဲ့ သမ္မတ ဆူဆီလိုဘန်းဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) တို့ တိုင်အောင် သမ္မတ အဆက်ဆက် ဆွေးနွေးခဲ့ရတာ ဖြစ်ပါတယ်။
ဒီကြားထဲမှာ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားလိုက်၊ တိုက်ပွဲတွေ ၂၀၀၃ ခုနှစ်မှာ ပြန်ဖြစ်လိုက်နဲ့ နောက်ဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အာချေးဒေသမှာ နှစ်ပေါင်း ၃၀ ကြာ စစ်ပွဲတွေကနေ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ၁၉၉၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီရေး ရှေးရှုတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှု၊ စစ်တပ်ရဲ့ အရပ်ဖက် နိုင်ငံရေးအပေါ် လွှမ်းမိုးချုပ်ကိုင်မှု လျော့နည်း ကျဆင်းသွားတာနဲ့ အာချေးသူပုန်တွေ (GAM) ကလည်း လက်နက်ကိုင် လှုပ်ရှားမှုကနေ ရွေးချယ်တင်မြှောက်ပွဲနဲ့ တက်တဲ့ နိုင်ငံရေးသမားတွေအဖြစ် ပြောင်းလဲ သွားနိုင်တာတွေက အဓိက ကျပါတယ်။
ဒါ့အပြင် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာမှာ လူအသေအပျောက်များတဲ့ ဆူနာမီလှိုင်းလုံးတွေ အာချေးဒေသကို ဝင်ရောက် ဖျက်ဆီးမှုကလည်း ရှိနှင့်နေပြီးသား ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမိုမြန်ဆန်၊ အောင်မြင်အောင် စေ့ဆော်ပေးသလို ဖြစ်နေတာကလည်း အကြောင်း တချက်အနေနဲ့ ပါဝင်ပါတယ်။
ငြိမ်းချမ်းရေး အောင်မြင်အောင် ကြားဝင်စေ့စပ်ပေးတဲ့ ဖင်လန်သမ္မတဟောင်း မာတီ အာတီဆာရီ (Martti Ahtisaari) ရဲ့ စွမ်းဆောင်ချက်တွေကြောင့် အင်ဒိုနီးရှားအစိုးရနဲ့ အာချေးလွတ်မြောက်ရေး လှုပ်ရှားသူတွေအကြား ဟယ်လ်ဆင်ကီမှာ ချုပ်ဆိုတဲ့ ငြိမ်းချမ်းရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ကို သြဂုတ်လ ၂၀၁၅ မှာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။
MoU ပါ အချက်တွေကို ကြည့်ရင် အာချေး လွတ်မြောက်ရေး လှုပ်ရှားသူတွေ တောင်းဆိုနေတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ သဘာဝသယံဇာတ ခွဲဝေမှုတွေ၊ နိုင်ငံသားနဲ့ လူ့အခွင့်အရေးကိစ္စတွေ ရရှိကြသလို၊ အပြန်အလှန်အားဖြင့် အာချေး လွတ်မြောက်ရေး လှုပ်ရှားမှု သူပုန်အဖွဲ့ကို ဖျက်သိမ်း၊ လက်နက်တွေအပ်နှံပြီး အာချေးဒေသမှာ နိုင်ငံရေးအရ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်တွေ ရလာကြပါတယ်။
MoU ပါ အချက်တချို့ကို လေ့လာကြည့်ရင် အာချေးလွတ်မြောက်ရေး လှုပ်ရှားသူတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ အရပ်ဖက်နဲ့ တရားစီရင်ရေးတွေကို စီမံခန့်ခွဲ အုပ်ချုပ်ပိုင်ခွင့်တွေ ရရှိကြပါတယ်။ နိုင်ငံရေး အရလည်း အာချေးဒေသ အခြေပြု နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်၊ နိုင်ငံသား မှတ်ပုံတင် ပြုလုပ်ခွင့်တွေ ရကြပါတယ်။
စီးပွားရေးဖက်မှာလည်း အာချေးဒေသမှာ အခွန်ကောက်ခံခွင့်၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုနဲ့ ခရီးသွား လုပ်ငန်းတွေ လုပ်ကိုင်ခွင့်၊ အခွန်အကောက်နဲ့ ပင်လယ်နဲ့ ကုန်းတွင်းအပါအဝင် သဘာ၀ သယံဇာတတွေ အပေါ်ကနေ အာချေးဒေသက ၇၀ ရာခိုင်နှုန်း အကျိုးခံစားခွင့် စတဲ့အချက်တွေ ရရှိကြပါတယ်။
တရားဥပဒေ စိုးမိုးရေးအရလည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး အာဏာတွေ ခွဲဝေထားမှုကို အသိအမှတ်ပြုပြီး အာချေးဒေသမှာ စစ်တပ်က အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို အရပ်ဖက်ခုံရုံးတွေမှာ စစ်ဆေးကြားနာဖို့တွေ ရရှိပါတယ်။
အာချေး လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူအားလုံးကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး၊ ပဋိပက္ခအတွင်း ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး စတဲ့ အာမံချက်တွေ ရရှိကြပါတယ်။
အပြန်အလှန်အားဖြင့် အာချေး လွတ်မြောက်ရေးလှုပ်ရှားမှု လက်နက်ကိုင်အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး လက်နက် ၈၄၀ အစိုးရထံ အပ်နှံပေးရပါတယ်။ MoU ကို လက်မှတ်ထိုး ပြီးတာနဲ့ အင်ဒိုနီးရှား စစ်တပ်အနေနဲ့လည်း အာချေးဒေသမှာ တပ်အင်အား အမြောက်အများ ချထား၊ လှုပ်ရှား သွားလာမှု လုပ်ခွင့်မရှိတော့ဘဲ တပ်အင်အား အနည်းငယ်သာ (တပ်စု တစုထက်သာ ပိုများတဲ့အင်အား) စောင့်ကြည့်လေ့လာတဲ့ အဖွဲ့ကို ကြိုတင်အသိပေးပြီးမှ ဝင်ရောက် သွားလာခွင့်၊ အင်ဒိုနီးရှား စစ်တပ်အနေနဲ့ အာချေးဒေသရဲ့ ပြည်ပကျူးကျော်မှုကို ကာကွယ်ဖို့နဲ့ အာချေး အုပ်ချုပ်ရေး အာဏာပိုင်တွေ ဖွဲ့စည်းပေးထားတဲ့ ရဲ့တပ်ဖွဲ့ (Organic Police) ကသာ အာချေးဒေသ တရားဥပဒေစိုးမိုးရေး အတွက် တာဝန်ယူဖို့ စတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာပါ သေသေချာချာ ထည့်သွင်းထားတာ တွေ့ရပါတယ်။
ကျနော်တို့ကို အာချေးဒေသ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လာရောက် ဆွေးနွေးပေးတဲ့ အာချေး လွတ်မြောက်ရေးလှုပ်ရှားမှု သူပုန်ဟောင်း တဦးဖြစ်ခဲ့ပြီး ယခုအခါမှာ အာချေးဒေသက နိုင်ငံရေးပါတီတခုမှာ ဝင်ရောက် တာဝန်ယူနေသူကို “MoU ပါ အချက်တွေကို ဘယ်လိုယုံကြည်လို့ လက်နက်စွန့်လိုက်သလဲ” ဆိုတဲ့ အမေးကိုတော့ အဲဒီ ပုဂ္ဂိုလ်က “ငါတို့ ဆွေးနွေးပွဲတွေလုပ်တုန်း သမ္မတနဲ့ တိုက်ရိုက်တွေ့ရတယ်၊ နောက်ပြီး သူ့ကိုယုံတယ်၊ အဲဒါကြောင့် ငါတို့ လက်နက် စွန့်လိုက်တာ” လို့ ပြောပါတယ်။
တကယ်တမ်းလည်း အာချေးငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှား အစိုးရနဲ့ အာချေး လွတ်မြောက်ရေး လှုပ်ရှားသူတွေ အကြား စိတ်အား ထက်သန်ခဲ့ကြသလို၊ MoU ပါ အချက်တွေအတိုင်း နှစ်ဖက်စလုံးက လိုက်နာခဲ့လို့သာ ငြိမ်းချမ်းရေး အဓွန့်ရှည်ပြီး အာချေးဒေသဟာလည်း အင်ဒိုနီးရှားနိုင်ငံရဲ့ အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဆက်လက် ရပ်တည်၊ လှုပ်ရှား ရုန်းကန်နိုင်တာလည်း ဖြစ်ပါတယ်။
(ဟန်ပိုင်သည် မြန်မာ့နိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ပူးပေါင်းမှတ်တမ်းတင်နေသည့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) တွင် Coordinator (ညှိနှိုင်းဆောင်ရွက်ရေးမှူး) အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဟန်ပိုင်သည် ABSDF ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်သည်။)