မြန်မာ့တပ်မတော်က ခံစစ်လိုင်း ၄ ခုကို ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ပထမ တခုကတော့ ဖိနှိပ်မှုတွေကို လုပ်ဆောင်ဖို့ အသင့်ဖြစ်နေတဲ့ ခေါင်းမာမှု၊ ရက်စက်ကြမ်းကြုတ်မှုနဲ့ အင်အားပြလိုမှု ပါ။ အတိုက်အခံတွေကို ချေမှုန်းပြီး ထောင်ထဲထည့်မယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ဖို့ အတွက် လေယာဉ်ပျံတွေ၊ ရဟတ်ယာဉ်တွေကို အသုံးပြုမယ် ဆိုတဲ့သဘောပါ။
လက်ရှိ အခြေအနေမှာတော့ ပထမခံစစ်လိုင်းကို အကန့်အသတ်နဲ့သာ ရွေးချယ်အသုံးပြုလို ပါတယ်။ ဒါပေမယ့် တခြား ခံစစ်လိုင်းတွေကိုတော့ အသုံးပြုနိုင်အောင်သေချာ အသေးစိတ် ပြင်ဆင်ထားတာကို တွေ့ရပါတယ်။
ဒုတိယ ခံစစ်လိုင်းကတော့ အခြေခံဥပဒေဆိုတဲ့ တောင့်တင်းခိုင်မာတဲ့ နံရံတံတိုင်းကြီး ပါ။ စစ်တပ်က အဆိုပါ အခြေခံဥပဒေကို တောင်ကုန်းပေါ်က ခံတပ်ကြီး တခုသဖွယ် တည်ဆောက်ထားပါတယ်။ အဲဒီနောက် ခံတပ်ကြီး နောက်မှာ လုံခြုံစိတ်ချစွာ ထိုင်စောင့်နေပါတယ်။ နိုင်ငံရေး ဆိုတဲ့ တောင်ကြားထဲမှာ ဖြစ်ပေါ်နေတာတွေကို ခံတပ်ကြီး ပေါ်ကနေ အမြဲမပြတ် စောင့်ကြည့် လေ့လာနေပါတယ်။ အခြေခံဥပဒေ ဆိုတဲ့ နံရံကြီး ခိုင်မာတောင့်တင်းနေ သရွေ့ စိုးရိမ်ကြောက်ရွံ့နေစရာ မလိုဘူးလို့ စစ်တပ်က ထင်မြင်နေပါတယ်။ ခံတပ်ကြီးထဲမှာ ဘေးကင်းတယ် ဆိုတဲ့ သဘောပါ။
အခြေခံဥပဒေဆိုတဲ့ ခံတပ်ကြီး အပြင် နောက် ထပ်ခံစစ်လိုင်း ၂ ခုကိုလည်း တပ်က တည်ဆောက်ထား ပါသေးတယ်။ ဒီတခါ တည်ဆောက်တဲ့ ခံစစ်လိုင်းတွေ ကတော့ မြေရှင် ပဒေသရာဇ်ခေတ်က တည်ဆောက်ပုံမျိုးပါ။ လက်နက်ရိက္ခာ တောင့်တင်းတဲ့ ခံတပ်ကို တောင်ကုန်းထိပ်မှာ တည်ဆောက်ထားပြီး အပြင်ဘက်ဆုံး ခံစစ်လိုင်းမှာ တပ်ဖွဲ့တွေနဲ့ ကတုတ်ကျင်းတွေကို တည်ဆောက်ထားတဲ့ အပြင် နောက်ထပ်ခံစစ် ကတုတ်ကျင်းတခုကို အလယ်မှာ ထပ်ပြီး တည်ဆောက်ထား ပြန်ပါတယ်။
အပြင်ဘက်ဆုံး ခံစစ်လိုင်းမှာ တပ်ဖွဲ့တွေ အများအပြားကို ဖြန့်ကြက်ချထားပြီး သူတို့ကတော့ တည်ဆောက်ပုံ စနစ် တခုလုံးကို ကာကွယ်ရပါတယ်။ အဲဒီအတွက် ကြံ့ခိုင်ရေးပါတီကို ပထမဆုံး ဖွဲ့စည်းခဲ့ပြီး အပြင်ဘက်ဆုံး ခံစစ်လိုင်းကို ကာကွယ်ဖို့ တာဝန်ပေးပါတယ်။ ဒါပေမယ့် အဲဒီ အပြင်ဘက်ဆုံး ခံစစ်လိုင်းကို ကြံ့ခိုင်ရေးပါတီ တခုတည်း မစောင့်ကြပ် နိုင်ဘူး ဆိုတာကို တောင်ကုန်းပေါ် ခံတပ်ကြီးထဲမှာရှိနေတဲ့ စောင့်ကြပ်သူကြီးတွေ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးမှာ သဘောပေါက်သွားပါတယ်။
ကြံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်သွားနိုင်တယ် ဆိုတာလည်း ထင်ရှားလာပါတယ်။ အဲဒီ အတွက် အပြင်ဘက်ဆုံး ခံစစ်လိုင်းမှာ နောက်ထပ် တပ်ဖွဲ့တွေ ချထားနိုင်ဖို့ အတွက် မဟာဗျူဟာသမားတွေက အလျင်အမြန်ပဲ တုံ့ပြန်လှုပ်ရှား ပါတော့တယ်။ ပထမဆုံးနဲ့ အရေးအကြီးဆုံးကတော့ ပြင်းထန် အစွန်းရောက်တဲ့ ဘာသာရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာအောင် အစပြု ကူညီပေးခဲ့တာ ပါ။ ဒါကြောင့်မို့ အပြင်ဘက်ဆုံး ခံစစ်လိုင်းကို ကြံ့ခိုင်ရေး ပါတီက သေချာမထိန်းချုပ်နိုင်ရင် မဘသ ဆိုတဲ့ အဖွဲ့က ကတုတ်ကျင်းတွေ၊ ကင်းစခန်းတွေကို စောင့်ကြပ်မယ် ဆိုတဲ့ သဘောပါ။
တကယ်တော့ ခံစစ်လိုင်းတွေမှာ ချထားတာက ကြံ့ခိုင်ရေးပါတီနဲ့ မဘသတွေ ချည်းပဲတော့ မဟုတ်ပါ။ နောက်ထပ် ၃ ဖွဲ့ကို ဖွဲ့စည်း နေရာချထားပေး ပါသေးတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အခြေမလှဘူးဆိုတာ ထင်ရှားသွား ပြီးနောက်မှာတော့ အစိုးရလိုလားတဲ့ တခြားပါတီတွေကို သီးခြား ဖွဲ့စည်းပေးပါတယ်။ အဲဒီ ပါတီတွေက ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ စွမ်းနိုင်သလောက် လွှတ်တော်အမတ် နေရာတွေ အနိုင်ရအောင် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး သမ္မတ ရွေးချယ်တဲ့ အခါမှာတော့ ကြံ့ခိုင်ရေးပါတီ၊ အစိုးရစစ်တပ်တို့နဲ့ ပူးပေါင်းပြီး မဲပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို အစိုးရ လိုလားတဲ့ ပါတီတွေက ၂၀၂၀ ရွေးကောက်ပွဲမှာ ပိုပြီးတော့တောင် လိုအပ်လာမှာ ဖြစ်ပါတယ်။
နောက်အဖွဲ့ကတော့ စည်းရုံးသိမ်းသွင်း ခံထားရတဲ့ တိုင်းရင်းသားပါတီတွေ ပါ။ စစ်အာဏာရှင်ခေတ် အလွန်မှာ အားကောင်းလာတဲ့ အီလစ် (Elite) တွေရဲ့ ကျောထောက်နောက်ခံ ပြုမှုကို ရယူထားတဲ့ တိုင်းရင်းသား ပါတီတွေ အများကြီး ရှိနေပါပြီ။ အဲဒီလို အကူအညီ ယူထားတာ မဟုတ်ရင် နောက်တမျိုး အပေးအယူ လုပ်ထားတာ ရှိနိုင်ပါ တယ်။ သူတို့ အနေနဲ့ ကြံ့ခိုင်ရေးပါတီ၊ မြန်မာစစ်တပ်တို့နဲ့ ပူးပေါင်းလှုပ် ရှားမယ် ဆိုရင် ပြည်နယ်ဝန်ကြီးချုပ် လိုမျိုး အရေးကြီးတဲ့ ရာထူးနေရာတွေကို ရနိုင်မယ် ဆိုတဲ့ ကတိကဝတ် ပါ။
ရွေးကောက်ပွဲ မတိုင်ခင်မှာ ဆိုရင်တော့ NLD ပါတီ၊ တခြား တိုင်းရင်းသား ပါတီတွေထက် မဲပိုရစေဖို့ အဆိုပါ တိုင်းရင်းသား ပါတီတွေကို သိုသိုသိပ်သိပ်နဲ့ အကူအညီ ပေးပါလိမ့်မယ်။ ရွေးကောက်ပွဲ အပြီး သမ္မတတယောက်ကို နောက်ဆုံး ရွေးချယ်ရတဲ့ အခါမှာတော့ သူတို့တွေက ကြံ့ခိုင်ရေးပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်း မဲပေးကြမှာ ဖြစ်ပြီး စစ်ဗိုလ်ချုပ်ဟောင်း တယောက်ကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် အစိုးရဖွဲ့ပြီးတဲ့ အခါမှာတော့ အဆိုပါ တိုင်းရင်းသား ပါတီတွေနဲ့ ပါတီခေါင်းဆောင်တွေကို ချီးမြှင့် မြှောက်စားမှာ ဖြစ်ပါတယ်။
အပြင်ဘက်ဆုံး ခံစစ်ကြောင်းမှာ နောက်ဆုံး ကျန်တဲ့အဖွဲ့ကတော့ အစိုးရလိုလားတဲ့ လက်နက်ကိုင် ပြည်သူ့စစ် တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ တရားဝင် စီးပွားရေး လုပ်ငန်းရော၊ တရားမဝင် စီးပွားရေး လုပ်ငန်းတွေကိုပါ ဆက်လက် လုပ်ကိုင်ချင်ကြ ပါတယ်။ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို ပဒေသရာဇ်ခေတ်တုန်းကလို ဆက်လက် ထိန်းချုပ်ချင်ကြပါတယ်။ အဲဒီတော့ သူတို့က ဗဟိုအစိုးရကို ဆက်လက်ပြီး သစ္စာရှိနေ သရွေ့၊ ရွေးကောက်ပွဲမှာ အနိုင်မဲ တွေနဲ့ လွှတ်တော်အမတ် နေရာတွေကို ရှာဖွေ ပေးနိုင်သရွေ့ သူတို့က သူတို့ ဆန္ဒရှိသလို ချုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ် ခံစစ်ကြောင်းတခုကိုလည်း အလယ်မှာ ထည့်သွင်းထားပါသေးတယ်။ အခြေခံဥပဒေ ဆိုတဲ့ အတွင်းဆုံး ခံစစ်လိုင်းနဲ့ အပြင်ဘက်ဆုံး ခံစစ်လိုင်းကြားမှာ တည်ဆောက်ထားတာပါ။ အဲဒါကတော့ နိုင်ငံတော် အင်စတီကျူးရှင်း တွေနဲ့ စီးပွားရေး ဆိုတာပါ။ နိုင်ငံတော် အင်စတီကျူးရှင်းတွေ ထဲကို မြန်မာစစ်တပ်က နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင် ရောက်ထား ပါတယ်။ ပြည်ထဲရေး ဌာနတွေကို ဖြစ်စေ၊ ရဲတပ်ဖွဲ့ကို ဖြစ်စေ၊ အထွေထွေအုပ်ချုပ်ရေးကို ဖြစ်စေ၊ တရားစီရင်ရေးကို ဖြစ်စေ၊ ရွေးကောက်ပွဲကော်မရှင်ကို ဖြစ်စေ၊ လူ့အခွင့်အရေး ကော်မရှင်ကို ဖြစ်စေ၊ တခြား ဘယ်အစိုးရကဏ္ဍကိုမဆို ဖြစ်စေ ကြည့်ကြည့်ရင် အဓိက ဆုံးဖြတ်ချက်ချနိုင်တဲ့ ရာထူးနေရာတွေမှာ ဗိုလ်ချုပ်ဟောင်း တွေကပဲ ယူထားတာကို တွေ့ရမှာ ဖြစ်တယ်။
စီးပွားရေး ကဏ္ဍမှာလည်း အလားတူပါပဲ။ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းစုကြီးတွေ ဒါမှမဟုတ် ခရိုနီ စီးပွားရေး လုပ်ငန်းစုကြီးတွေ၊ စစ်တပ်မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွေကိုပဲ တွေ့ရပါတယ်။ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲ ရှုံးမယ့် အရိပ်အယောင်တွေ ပေါ်လာတာနဲ့ တပြိုင်နက် အဆိုပါ အလယ် ခံစစ်လိုင်းကို ပိုပြီး အားကောင်းလာအောင် နိုင်ငံတော် အင်စတီကျူးရှင်းတွေ ထဲကို စစ်တပ် အရာရှိဟောင်းတွေ ပိုပြီး ထည့်သွင်း နိုင်ဖို့ ကြိုးစား အားထုတ်လာ ပါတယ်။ အရေးပေါ် အခြေအနေမှာ အရန်ခံစစ်လိုင်းတွေကို အသုံးချလို့ ရနိုင်အောင် လက်နက်ကိုင် ခုခံဆန့်ကျင်နေ တဲ့ အုပ်စုတွေကို ဘယ်လောက် အတိုင်းအတာအထိ မွေးမြူထားမယ်၊ လူမှုအသိုက်အဝန်း ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်တဲ့ မီးစတွေကို ဘယ်လောက် အတိုင်းအတာအထိ မွေးထားမယ် ဆိုတာကို ခန့်မှန်း တွက်ချက်လို့ ရနေပါပြီ။
အခြေခံဥပဒေဆိုတဲ့ ခံတပ်ကြီးရယ်၊ နက်နက် ရိုှုင်းရှိုင်း ထိုးဖောက်ထားတဲ့ အုပ်ချုပ်ရေး ယန္တရားတွေနဲ့ စီးပွားရေး စနစ်ရယ်၊ နိုင်ငံရေး ကွင်းပြင်ထဲမှာ ကစားခိုင်းထားတဲ့ နိုင်ငံရေး အင်အားစုတွေရယ် ပေါင်းလိုက်မယ် ဆိုရင် စစ်တပ်က သူ့ကိုယ်သူ အတော်ကလေး လုံခြုံစိတ်ချရတယ်လို့ ခံစားနေရပါတယ်။ အဲဒီမှာ စစ်တပ်ရဲ့ စနစ်တကျ ပြင်ဆင်တည် ဆောက်ထားမှု ကနေ အရေးကြီးတဲ့ အချက်တချို့ကို နားလည်လာရပါတယ်။
ပထမ တချက်ကတော့ အစိုးရစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကို အတူတူသဘောထားပြီး ကြည့်မြင်လို့ မရနိုင်ပါ။ သူတို့ ၂ ခုက အပြန်အလှန် နီးနီးစပ်စပ် မှီခိုအားထား နေကြတာသာ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီက မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွားတွေကို အကာအကွယ် ပေးရမှာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ အောင်နိုင်ရေးအတွက် ဆိုရင်တော့ ကူညီ ထောက်ပံ့ဖို့ စစ်တပ်က အဆင်သင့် ဖြစ်နေပါတယ်။ ဒါပေမယ့် စစ်တပ်က ကြံ့ခိုင်ရေး ပါတီအပေါ် လုံးဝ မှီခိုအားထား နေတာတော့ မဟုတ်ပါ။
တခြား ခံစစ်လိုင်းတွေ ကိုလည်း ပြင်ဆင် တည်ဆောက်ထားတာကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီရှုံးခဲ့ရင်တောင် စစ်တပ်က ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို အာဏာသိမ်းဖို့ မလိုတော့ပါ။ ၂၀ဝ၈ ဖွဲ့စည်းပုံ ဆိုတဲ့ ခံတပ်ကြီးနောက်မှာ လုံခြုံစိတ်ချစွာနဲ့ ထိုင်နေမှာ ဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရ ပါတီကို အစိုးရလုပ် အုပ်ချုပ်ခိုင်းမှာ ဖြစ်ပါတယ်။ တခြား ခံစစ်ကြောင်းတွေကို ကျော်ဖြတ်ဖို့ အတင်းအကျပ် ကြိုးစားတာ မလုပ်ဆောင်သရွေ့ ခွင့်ပြုလိမ့်မယ် ဆိုတဲ့ သဘောပါ။
အခုဖော်ပြခဲ့တဲ့ ခံစစ်ကြောင်း တည်ဆောက် ထားမှုတွေက စစ်တပ်ကို အကာအကွယ်ပေးမှာ ပါ။ ဒါ့အပြင် အဆိုပါ စနစ်ကြီး တည်ရှိနေသရွေ့ အကျိုးရှိနေမယ့် စစ်အာဏာရှင်ခေတ်လွန် အီလစ်တွေလည်း ပေါ်ပေါက်လာပါပြီ။ အစိုးရ စည်းရုံး သိမ်းသွင်း တာကို ခံထားရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အင်အားစုတွေလည်း တဖြည်းဖြည်း များလာ ပါပြီ။ သူတို့ကလည်း ဒီစနစ်ကြီးထဲမှာ အကျိုးကျေးဇူး ရကြပါတယ်။ အဲဒီလို အကျိုးကျေးဇူးတွေ ခံစားနိုင်ကြတာ ကြောင့်လည်း သိမ်းသွင်းခံကြတာ ဖြစ်ပြီး လက်ရှိ အခြေအနေကို အကာအကွယ်ပေးသူတွေ ဖြစ်လာကြပါတယ်။
အခုပြောခဲ့တဲ့ ခံတပ်စနစ်ကြီးထဲမှာ တဦး တယောက်ချင်း အာဏာစွဲကိုင်သူ ဆိုတာ မရှိပါ။ လူတဦး တယောက်ချင်း က အရေးလည်း မကြီးပါ။ လိုအပ်လာမယ် ဆိုရင် လူတွေကို အလွယ်တကူနဲ့ အလျင်အမြန် အစားထိုး လဲလှယ်နိုင် ပါတယ်။ သူရ ဦးရွှေမန်းကို ကြည့်ပါ။ ဒီကာကွယ်ရေး စနစ်ကြီးကို စစ်တပ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ၊ အင်ပြည့်အားပြည့်နဲ့ ခိုင်ခိုင်မာမာ ကာကွယ် စောင့်ကြပ် ပေးပါတယ်။
ခံတပ်စနစ်ကြီးကို တည်ဆောက်ထားတဲ့ မဟာဗျူဟာသမား တွေနဲ့ စောင့်ရှောက်သူတွေက ပြိုင်ဘက်တွေထက် ခြေလှမ်းအများကြီး သာနေအောင် ပြင်ဆင်နိုင်တဲ့ စွမ်းရည်ရှိကြပါတယ်။ မဟာဗျူဟာ ကျတဲ့ စိတ်ရှည်သည်းခံမှုလည်း ရှိကြပါတယ်။ အရင် ချမှတ်ထားတဲ့ မဟာဗျူဟာက မလည်ပတ်နိုင်၊ အလုပ် မဖြစ်နိုင်တော့ဘူး ဆိုရင် မဟာဗျူဟာကို ပြောင်းလဲ နိုင်ဖို့ ပြုလွယ်ပြင်လွယ် ရှိကြပါတယ်။
တဖက်က စနစ်တကျ ပြင်ဆင်တည်ဆောက် ထားပြီး အားကောင်းနေတဲ့ ကာကွယ်ရေး စနစ်ကို ရင်ဆိုင်နိုင်ဖို့ ဆိုရင် မြန်မာ အတိုက်အခံတွေလည်း ပိုပြီးကောင်းတဲ့ ရေရှည် မဟာဗျူဟာတခုကို တည်ဆောက်ဖို့ လိုနေပါပြီ။ မဟာဗျူဟာ ကျကျ ပူးပေါင်းဆောင်ရွက်မှု တွေနဲ့ လက်တွဲလုပ်ဆောင်မှုတွေလည်း လိုနေပါတယ်။ အစဉ်အလာ ကိုင်စွဲခဲ့တဲ့ မဟာဗျူဟာ တွေဖြစ်တဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် ခုခံတော် လှန်မှုတွေ ကလည်း အလုပ် ဖြစ်မယ်တော့ မဟုတ် ပါ။ ။
(အီဂေါဘာဇဗစ် (Igor Blazevic ) သည် ဒီမိုကရေစီနှင့် ယဉ်ကျေးမှု စင်တာ (Center for Democracy and Culture) မှ သုတေသီ တဦးဖြစ်သည်။)