နည်းပညာက ကမ္ဘာကြီးကို ကျဉ်းမြောင်းသွားစေပြီး ရွာကြီးတရွာ ဖြစ်စေတယ်။ နည်းပညာလှိုင်း တဝုန်းဝုန်း ရိုက်ခတ်ခံရတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ကျန်မနေခဲ့ဘူး။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး တခေတ်ဆန်းချိန်လို့ ဆိုနိုင်တယ်။ လူတိုင်းနီးပါး မိုဘိုင်းဖုန်းကိုယ်စီနဲ့ ဖြစ်လာကြပြီ။ တချို့တွေကတော့ မိုဘိုင်းဖုန်း သုံး၊ လေးလုံးအထိ ကိုင်ကြတာလည်း ရှိပါတယ်။
အခုခေတ်မှာတော့ မိုဘိုင်းဖုန်းက ဟန်ရေးပြပစ္စည်း မဟုတ်တော့ဘူး။ အသုံးတည့်တဲ့ ဆက်သွယ်ရေးကိရိယာ တခုသာ ဖြစ်တော့တယ်။ မကြာသေးခင် ကာလကအထိ မိုဘိုင်းဖုန်းဆိုတာ မြန်မာနိုင်ငံမှာတော့ လူကုံထံတွေရဲ့ ပိုင်ဆိုင်မှုပြ ပစ္စည်းသက်သက်သာ ဖြစ်ခဲ့တယ်။ အစိုးရကို တရားဝင်ပေးသွင်းရတဲ့ ဆင်းကတ်တန်ဖိုးကပဲ ကျပ် ၁၅ သိန်း (ဒေါ်လာ ၁၅၀၀) အထိ ပေးခဲ့ကြရတယ်။ အဲဒီအချိန်တုန်းကတော့ မိုဘိုင်းဖုန်းဆိုတာ စကားပြောရုံ တမျိုးသာ အသုံးပြုနိုင်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ စာတို (SMS) ပို့စနစ်ပေးတဲ့ ဝန်ဆောင်မှုကို ဖုန်းသုံးစွဲသူတွေ ရရှိခဲ့တယ်။
မိုဘိုင်းဖုန်းတွေ လူတန်းစားမရွေး ဖောဖောသီသီ သုံးနိုင်လာတာ ကောင်းပါတယ်။ အချိန်မရွေး ဆက်သွယ်ရ လွယ်ကူလာတယ်။ စမတ်ဖုန်းဆို ဓာတ်ပုံလည်း ရိုက်၊ သီချင်းလည်း နားထောင်၊ အင်တာနက်နဲ့လည်း ချိတ်နိုင်လို့ သတင်း အချက်အလက်တွေ အချိန်မဆိုင်းဘဲ သိလာရတယ်။ ခေတ်လူငယ်တွေကြားမှာ အင်မတန် ရေပန်းစားလာကြတယ်။ ဒါပေမယ့် ဖုန်းသုံးစွဲသူတွေက အလွဲသုံးနေကြတာလည်း ရှိတယ်။ လုပ်ငန်းခွင်မှာ မလိုအပ်ဘဲ ဖုန်းအကြာကြီးပြောတယ်။ အင်တာနက်ကို အချိန်ပြည့်နီးပါး အသုံးပြုနေတဲ့ ဝန်ထမ်းတချို့ကြောင့် လုပ်ငန်းခွင်မှာ မိုဘိုင်းဖုန်းမသုံးဖို့ လုပ်ငန်းရှင်တွေက ပိတ်ပင်လာကြရတာလည်း ရှိတယ်။ အထူးသဖြင့် အင်တာနက် သုံးတယ်ဆိုတဲ့နေရာမှာ ဗိုက်ဗာကတဆင့် ပုံတွေနဲ့စာတွေ ပို့ကြတာ၊ လူမှုကွန်ရက် ဖေ့စ်ဘုတ်သုံးစွဲလာတာ၊ အင်တာနက်ဂိမ်းကို ခုံခုံမင်မင် ကစားတာတွေပါ။
တကယ်တော့ အင်တာနက်ဟာ ကောင်းကင်က ပညာရပ်တွေကို မောက်စ်တကမ်း အကွာကနေ ဆွဲယူနိုင်တဲ့ နည်းပညာပါ။ ကျနော်တို့ဆီမှာတော့ အင်တာနက် အသုံးပြုသူအများစုက ဖေ့စ်ဘုတ်နဲ့သာ အချိန်ကုန်နေကြတယ်။ မယုံမရှိပါနဲ့။ ဘွဲ့ရလူငယ်တယောက်က အီးမေးလ်အသုံးပြုမှု တခါမှမရှိသလို ဘယ်ဝက်ဘ်ဆိုဒ်ကိုမှလည်း မဖွင့်ဖူးဘူး။ ဂူလ်ဂဲကနေ ဘာကိုမှ မရှာဖွေဖူးတဲ့သူတွေ ရှိတယ်။ ကုန်ကုန်ပြောရရင် ဖေ့စ်ဘုတ်ကိုပဲ အင်တာနက် ထင်နေတဲ့သူတွေ ကျနော်တို့ ဝန်းကျင်မှာ ရှိနေတယ်။
ဒါဟာ သူတို့ အပြစ်တော့လည်း မဟုတ်ဘူး။ သူတို့ဟာ အင်တာနက်နဲ့ ယဉ်ပါးခဲ့ကြသူတွေ မဟုတ်ဘူး။ အင်တာနက်နဲ့ လက်ပွန်းတတီး ရှိအောင်လည်း ပတ်ဝန်းကျင်ကောင်းတွေ မဖန်တီးပေးခဲ့နိုင်ဘူး။ စမတ်ဖုန်းတွေ အင်တာနက် အသုံးပြုခွင့် ရလာမှ နည်းပညာလှိုင်းထဲ ဒရောသောပါး ဝင်ရောက်လာကြသူတွေ ဖြစ်တယ်။ ကျနော့်မိတ်ဆွေ တယောက်ပြောတာလေး ပြန်ပြီး ဖောက်သည်ချပါရစေ။
“ဖေ့စ်ဘုတ်က ငါတို့ ရွှေ လူမျိုးတွေနဲ့ ကွက်တိပဲ။ အတင်းတုပ်လို့ ရတယ်။ ကြွားချင်ဝါချင်လို့လည်း ရတယ်။ အချိန်ဖြုန်းလို့ ကောင်းတယ်။ ဘာမဆိုသိတဲ့ ဆရာကြီးလည်း လုပ်လို့ရတယ်။ ဟန်ကျချက်တော့ သူ့ထက်ကောင်းတာတောင် သူလောက်ကောင်းမှာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
ဖေ့စ်ဘုတ်တင်မက အင်တာနက်ဂိမ်းဖြစ်တဲ့ COC (Clash of Clans) ကိုလည်း လူကြီးလူငယ်တွေ အထူး နှစ်သက်ကြတယ်။ အိမ်ထောင်စု တချို့ကတော့ မိသားစုလိုက် COC ဂိမ်းကို စွဲစွဲလန်းလန်း ကစားကြတယ်။ ညနက်သန်းခေါင်အထိ COC ဂိမ်း ဆော့ကစားကြတဲ့ သူတွေရှိသလို လုပ်ငန်းခွင် ဝင်နေတဲ့အချိန်မှာ COC ဂိမ်းကို ကစားကြတဲ့ ဝန်ထမ်းတချို့ကြောင့် လုပ်ငန်းခွင် နှောင့်နှေးရတာလည်း ရှိနေပါတယ်။ တချို့ ဂိမ်းသမားတွေကတော့ COC ကစားတဲ့အခါ အမှတ်ပိုရဖို့ ငွေပေးပြီး ဝယ်ယူသုံးစွဲကြတဲ့ သူတွေလည်း ရှိတယ်။
အင်တာနက်ကို စွဲလန်းနေတဲ့ အောက်ခြေ လူတန်းစားတချို့က နေ့စဉ်ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဖုန်းဘီလ်ထည့်ရာမှာ သုံးနေကြရတယ်။ သူတို့တွေက တရက် ဖုန်းဘီလ် ၁၀၀၀၊ ၁၅၀၀ ကျပ်ဖိုး ပုံမှန်ဖြည့်ပြီး အင်တာနက် သုံးစွဲနေကြသူတွေ ဖြစ်တယ်။ အင်တာနက်က သူတို့အတွက် တကိုယ်ရည် အပန်းဖြေစရာ နယ်ပယ်တခု ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ အိမ်ပြုပြင်နေတဲ့ မိတ်ဆွေ တယောက်ကလည်း သူကြုံတွေ့ရပုံကို အခုလို ဖောက်သည်ချပါတယ်။
“အိမ်မှာ အခန်းဖွဲ့စရာလေးရှိလို့ လက်သမားအဖွဲ့ ခေါ်ခိုင်းလိုက်တယ်။ သူတို့က အလုပ်လုပ်နေတုန်း ဖုန်းပွတ်ပြီး အင်တာနက်က သုံးရသေးတာ။ နေ့လယ်နေ့ခင်း ထမင်းစားနားတော့လည်း ထမင်း ကပြာကယာစားပြီး ဖုန်းပွတ်ကြပြန်ရော။ အလုပ်လုပ်နေတုန်း ဖုန်းပွတ်တဲ့အခါ တယောက်တည်း အင်တာနက် သုံးရုံမကဘူး။ လုပ်ဖော်ကိုင်ဖက်တွေပါ သူသုံးနေတဲ့ အင်တာနက်ဖုန်းကို ပြသေးတာ။ လုပ်ငန်းခွင်မှာ တယောက် အင်တာနက် သုံးလိုက်တာနဲ့ သုံး၊ လေးယောက်လောက် လုပ်အားဆုံးရှုံးရတယ်” တဲ့။
မြန်မာနိုင်ငံမှာ အများစုက စမတ်ဖုန်းတွေ သုံးစွဲနေကြတယ်။ လေ့လာချက်တရပ်အရ ဖုန်းအသုံးပြုသူတွေရဲ့ ၇၀ ရာခိုင်နှုန်းက စမတ်ဖုန်းတွေ သုံးစွဲနေကြပါသတဲ့။ ကျနော်တို့ဆီမှာတော့ ငွေ လေး၊ ငါးသောင်း လောက်ရှိရင်ပဲ အိမ်နီးချင်းနိုင်ငံ တရုတ်က ထုတ်တဲ့ စမတ်ဖုန်း အသစ်စက်စက်တွေ ဈေးကွက်ထဲက အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်တဲ့ အခြေအနေရောက်နေပါပြီ။ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းက လူတိုင်းနီးပါး လက်လှမ်းမီတဲ့ အနေအထားမှာ ရှိနေတော့ အများစုက စမတ်ဖုန်းကို သုံးစွဲကြတယ်။
စမတ်ဖုန်းတွေက ကလေးငယ်တွေ အတွက်လည်း ဂိမ်းကစားစရာ ကိရိယာဖြစ်မှန်းမသိ ဖြစ်လာရတယ်။ မိဘတချို့က ကလေးငယ်တွေ ငိုယိုစိတ်ကောက်တဲ့အခါ ချော့စရာကိရိယာအဖြစ် မိုဘိုင်းဖုန်းတွေကို ကလေးလက်ထဲ အလွယ်တကူ
ထည့်ပေးလိုက်ကြတယ်။ မိုဘိုင်းဖုန်းတွေနဲ့ နေ့စဉ် ထိတွေ့နေရတဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေကြားမှာ လေ့လာ အဖြေရှာနေကြရပါပြီ။
မိုဘိုင်းဖုန်းတွေမှာပါတဲ့ ဂိမ်းတွေက ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လောက်အထိ အထောက်အကူ ပြုစေသလဲ။ ငယ်ရွယ်လွန်းတဲ့အရွယ်မှာ နည်းပညာတွေနဲ့ စောစောစီးစီး ထိတွေ့စေခြင်းက ကလေးငယ်တွေအတွက် ကောင်းကျိုးဆိုးကျိုး ဘယ်လောက်အထိ ဖြစ်စေနိုင်သလဲ။ မိုဘိုင်းဖုန်းတွေကထွက်တဲ့ ဓာတ်ရောင်ချည်တွေက
ကလေးတွေရဲ့ အမြင်အာရုံပေါ်မှာ ဘာတွေ သက်ရောက်စေနိုင်သလဲ။ စတဲ့ မဆုံးနိုင်တဲ့ မေးခွန်းတွေက ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ ပညာရှင်တွေကြားမှာ ငြင်းခုန်စရာမေးခွန်း တွေဖြစ်လာပါပြီ။
စာသင်ကျောင်းတွေမှာတော့ ကလေးငယ်တွေ မိုဘိုင်းဖုန်း ယူမလာကြဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။ မိဘတွေက အလွယ်တကူ ဆက်သွယ်နိုင်ဖို့ မိုဘိုင်းဖုန်းတွေ ထည့်ပေးတာဆိုပေမယ့် အင်တာနက်က ညစ်ညမ်းဓာတ်ပုံတွေ၊ ညစ်ညမ်း ဗီဒီယိုတွေ အချင်းချင်း ဝေမျှတာတွေအထိ ရှိနေတယ်လို့ ပုဂ္ဂလိက ကျောင်းတွေက ဆိုပါတယ်။ အရွယ်မရောက်သေးတဲ့ ကျောင်းသား၊ ကျောင်းသူတချို့က အင်တာနက် ဗိုက်ဗာကနေ ချစ်စကားဆိုတာ၊ ရည်းစားစာ ပေးတာတွေအထိ ရှိလာကြတယ်။
မိုဘိုင်းဖုန်းနဲ့ အင်တာနက်က တားဆီးပိတ်ပင်ရမယ့် နည်းပညာ မဟုတ်ပါဘူး။ အကျိုးရှိရာရှိကြောင်း အသုံးပြုစရာတွေ အများရှိတဲ့ ပညာရပ်ဝန်းဖြစ်ပါတယ်။ ဘယ်လို အသုံးပြုမလဲ၊ ဘယ်အချိန်မှာ သုံးမလဲ၊ ဘာအတွက် သုံးမလဲ ဆိုတာကတော့ သုံးစွဲသူရဲ့ အသိပညာ ရေချိန်ပေါ်မှာသာ မူတည်ပါတယ်။
စိတ်ရှိတိုင်း အပျော်သုံးနေရင်တော့ အချိန်ကုန်၊ ငွေကုန်ရုံကလွဲပြီး မိမိနဲ့ ပတ်ဝန်းကျင်၊ မိမိနဲ့ အလုပ်၊ မိမိနဲ့ မိသားစု ဆက်ဆံရေး သာမက မိမိအသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရာအတွက် ကောင်းကျိုးချမ်းသာ သယ်ဆောင်လာမှာ မဟုတ်ဘူးလို့ ဆိုပါရစေ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)