ဒစ်စကာဗာရီ ချန်နယ်မှ အာဖရိက သားရိုင်းလွင်ပြင်များရှိ တမူထူးခြားသည့် သားရိုင်းတိရစ္ဆာန်များ အကြောင်း ဇာတ်လမ်းတပုဒ် လွှင့်သွားခဲ့သည်။ တမူထူးခြားသည် ဟု ဆိုရခြင်းမှာ အခြားမဟုတ်၊ အရောင်အဆင်း ဖြစ်သည်။ ဆင်မည်းများကြားမှ ထူးခြားစွာ မွေးလာသည့် ဆင်ဖြူတကောင်၊ ခြင်္သေအုပ်ထဲတွင် ထူးခြားစွာ မွေးလာသည့် ခြင်္သေဖြူ တကောင်၊ မိကျောင်းဖြူတကောင်၊ မြင်းကျားဖြူ တကောင်စသည်ဖြင့် မျိုးရိုးထဲမှ ကွဲထွက်နေသည့် အဖြူရောင် အဆင်းရှိ သတ္တဝါများ၏ ဘဝနေထိုင်မှု ပုံစံကို အသေးစိတ် ရိုက်ကူးတင်ပြထားခြင်း ဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများတွင် အဖြူရောင် ဆိုသည်မှာ မြတ်နိုးဖွယ်၊ အလေးထားဖွယ် ဖြစ်သော်လည်း အာဖရိက သားရိုင်းလွင်ပြင်တွင်တော့ ဆန့်ကျင်ဘက်သာ ဖြစ်သည်။
မွေးချင်းပေါက်ဖော်များနှင့် အရောင်အသွေး ကွဲထွက်နေသည့် ထိုအဖြူရောင် သတ္တဝါများမှာ ပိုမိုအန္တရာယ်များသည်။ ရန်သူ သားရိုင်းများက သူတို့၏ ဖြူစွတ်သော အရောင်အသွေးကြောင့် တခြား သတ္တဝါများထက် ပိုအာရုံစိုက်ခံရ၏။ အဖြူရောင်များမှာ အရွယ်ရောက်သည် အထိ ကြီးပြင်းရန် လွန်စွာ ခဲယဉ်းလှပေသည်။
ထိုအစီအစဉ် တင်ဆက်သူက နိဂုံးချုပ် မှတ်ချက်ပေးလိုက်သည်မှာ အဖြူများသည် တကွက်အမှားမခံ၊ အမည်းများ အမှားလုပ်မိလျှင် အာဖရိက သားရိုင်းလွင်ပြင်တွင် အသက်ရှင်သန်နိုင်သည်။ အဖြူများကတော့ တချက်မှားလျှင် အသက်ပါသွားမည် ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ အများနှင့် မတူပဲ ဖြူနေသောကြောင့် ဖြစ်သည်။ အထူးသဖြင့်် အမည်းများ ကြီးစိုးသော နေရာမျိုးတွင် အဖြူများမှာ ပို၍ သတိထားရမည် ဖြစ်သည်။
ရတနာပုံတက္ကသိုလ် မုခ်ဦးကို ဆေးဖြင့် မှုတ်ကာ အစိုးရဆန့်ကျင်သော စာများ ရေးသားခဲ့သည့် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ယခုရက်ပိုင်း အတွင်း ထောင်ဒဏ် အသီးသီးချမှတ် ခံခဲ့ရသည်။ တချို့က ကျောင်းမုခ်ဦးကို ဖျက်လို ဖျက်ဆီး လုပ်သောကြောင့် ယခုလိုထောင်ချခံရသည်မှာ တန်သည်ဟု ယူဆသည်။ မငြင်းလိုပါ။ တစိတ်တပိုင်း မှန်ပါသည်။ သို့သော် ၎င်းတို့ လုပ်ရပ်ကြောင့် ကျောင်းမုခ်ဦးမှာ အတန်ငယ်မျှ ရုပ်ဆိုးသွားခြင်းသာ ဖြစ်သည်။ ပျက်စီးသွားခြင်း မဖြစ်လိုက်ပါ။
သို့သော် တနိုင်ငံလုံးရှိ ပညာရေးဆိုင်ရာ ကျောင်းအဆောက်အဦ များအား စံချိန်စံညွှန်း မမီဘဲ ဆောက်ခဲ့သည့် အတွက် အချိန်မတန်ခင် ပျက်စီးခဲ့ရသည့် အဆောက်အဦး များစွာရှိပါသည်။ ယင်းတို့ကို ဆောက်လုပ်ခဲ့သည့် ကန်ထရိုက်တာများ၊ ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများ တစုံတရာ အရေးယူ ခံရသည်၊ ကန်ထရိုက်တာကို ထောင်ဒဏ် မည်ရွေ့မည်မျှ ချလိုက်သည် ဆိုသည့် သတင်းမျိုး ကြားဖူးပါသလားဟု ပြန်မေးရမည် ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ဆယ်ရက်နေ့က မုံရွာမြို့တွင် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်သူများအား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံလိုက်ရသည်။ အကြောင်းရင်းမှာ ကြိုတင်ခွင့်ပြုချက် မတင်သောကြောင့် ဖြစ်သည်။ တနိုင်ငံလုံး အုန်းအုန်း ကျွက်ကျွက် မဲဆွယ်စည်းရုံးရေး လုပ်နေသည့် အချိန်တွင် မဲဆွယ်စည်းရုံးရေး ဆင်းသည့် သူများအား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်လိုက်သည့် အတွက် ဥပဒေသည် တိကျလှပေသည်။
သို့သော်လည်း အချိန်ကြာမြင့်စွာ ယူကာ ငွေကြေးများစွာ အသုံးပြုပြီး မဲစာရင်းများ အကြိမ်ကြိမ် ပြုစုခဲ့သော်လည်း ယခုအချိန်ထိ မှား၍ မဝသေးသော ရွေးကောက်ပွဲကော်မရှင်မှှ အောက်ခြေ၊ အလယ်၊ အထက်ရှိ အဆင့်ဆင့်သော တာဝန်ရှိသူများ အတွက်မူ ဥပဒေသည် အိပ်ပျော်နေပေသည်။ ရွေးကောက်ပွဲကော်မရှင်အား လုပ်ငန်းများကို ဖိဖိစီးစီးလုပ်ဆောင်ရန် သတိပေးလိုက်သည် ဆိုသည့် ထုတ်ပြန်ချက်မှျှကိုပင် မဖတ်ဖူးသေး ပါ။ ထို့အတူပင် ဘာသာရေးကို မဲဆွယ်ရာတွင် အသုံးမပြုရဟု အတိအလင်း ပြဋ္ဌာန်းထားသော်လည်း ဘာသာရေး ဗန်းပြမဲဆွယ်နေ သည့် တချို့သော ပါတီကြီးများ အတွက် ဥပဒေသည် နှာစေးနေပါသည်။
အာဖရိက တောရိုင်းလွင်ပြင်ကဲ့သို့ပင် အမည်းများ ကြီးစိုးနေသည့် လူ့ပတ်ဝန်းကျင်တွင်လည်း အဖြူများ အနေဖြင့် သတိကြီးကြီး ထားရန် မဖြစ်မနေ လိုအပ်ပါသည်။ အမည်းများ အကြိမ်ကြိမ် မှားကြသည်။ မှား၍ ရသောကြောင့် မှားနေကြခြင်း ဖြစ်သည်။ သို့သော် သတိ၊၊ အဖြူများ မှား၍ မရပါ။ အမည်းတယောက် မှားလျှင် အမည်းအချင်းချင်း သည်းခံပေးလိုက်မည် ဖြစ်သည်။ အဖြူမှားလျှင်တော့ ချက်ခြင်းလက်ငင်း အရေးယူလိုက်မည် ဖြစ်သည်။
ဟင်..သူတို့လည်း မှားတာပဲ၊ ငါတို့လည်း မှားမှာပေါ့ ဆိုသည့် ဆင်ခြေပေး၍ မရ။ အဖြေက ရှင်းပါသည်။ အမည်းနှင့် အဖြူတို့၏ ရပ်တည်ချက်ချင်း၊ပတ်ဝန်းကျင်ချင်း မတူသောကြောင့် ဖြစ်သည်။ အရာအားလုံးကို တပြေးညီ လိုချင်ရင် ပထမဆုံး အနေဖြင့် ပတ်ဝန်းကျင်ကို အရောင်ပြောင်းရမည် ဖြစ်သည်။
အမည်း ကြီးစိုးသော ပတ်ဝန်းကျင်ကို အဖြူရောင် ပြောင်းနိုင်ပြီ ဆိုလှျှင်တော့ မိမိစိတ်ကြိုက် လုပ်နိုင်သည်။ မှားနိုင်သည်။ မှှန်နိုင်သည်။ မိမိပတ်ဝန်းကျင်ကို အဖြူရောင် မပြောင်းနိုင်သေးသမျှ ကာလတွင်မူ အမည်းများ ကဲ့သို့ မကြာခဏ မှား၍ မရနိုင်ပေ။
အဖြူများ အနေဖြင့် မှန်မှန်ကန်ကန် မေးခွန်းထုတ်ရမည်မှာ လက်ရှိ မိမိတို့ ပတ်ဝန်းကျင်သည် အဖြူအားကောင်း နေပြီလား၊ အမည်း အားကောင်းနေပြီလား ဆိုသည့် အချက်ဖြစ်သည်။
အဖြူများ၏ ပြဿနာ တချက်မှာ ဗီဇဖြင့်လည်း သက်ဆိုင်ပါသည်။ အမည်းများသည် အဖြူများကို ငယ်စဉ် ကတည်းကပင် ဖိနှိပ်ထားတတ်၊ အပြုတ်နှံတတ်ကြသည်။ ထိုဒဏ်များကို ကြံ့ကြံ့ခံကာ အရွယ်ရောက်လာသည့် အဖြူများတွင် ကိုယ်အားကိုယ်ကိုးစိတ်၊ ယုံကြည်စိတ် ပြင်းထန်လွန်းတတ်သည်။ အချင်းချင်း ဦးညွှတ်လိုစိတ် မရှိတတ်ကြ။
ထို့အတွက် အဖြူများမှာ အရေအတွက် နည်းပါးသည် သာမက အုပ်စုလည်း မကြာခဏ ကွဲတတ်ကြပေသည်။ အမည်းများကတော့ ထူးထူးခြားခြား ကြိုးစားခဲ့ရသည် မရှိ၊ ဆရာမွေးသည်။ တပည့်မွေးသည်။ အုပ်စုဖွဲ့သည်။ အရေအတွက်ဖြင့် အနိုင်ကျင့်ကာ ကြီးပြင်းလာခဲ့သူများသာ ဖြစ်သည့်အတွက် အများညီလျှင် ‘ဤ’ ကို မကြာခဏ ‘ကျွဲ’ လုပ်၍ ဖတ်တတ်သည်။ အလွန်အင်မတန် စည်းလုံးကြပေသည်။ ထို့ကြောင့်လည်း အမည်းများ ဤမျှ ကြီးစိုးနိုင်ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ မိမိကျင်လည်ရာ ပတ်ဝန်းကျင်သည် မဖြူသေးလျှင် ဖြူအောင် အရင်လုပ်ရမည် ဖြစ်သည်။ ဖြူအောင်လုပ်နိုင်မည့် အခွင့်အရေးလည်း လက်တကမ်းတွင် ရှိနေပြီ ဖြစ်သည်။ လူကျွံဘော မမိဖို့တော့ ဂရုစိုက်ရပေလိမ့်မည်။
သတိ… အမည်းများ မှားလျှင် ဘာမှ မဖြစ်၊ အဖြူများ မှားလျှင် ဥပဒေက စောင့်ကြိုနေသည်။
(ဖိုးစမ်းချောင်း (GG)သည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)