မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး (Telecommunication) တခေတ်ပွင့်လင်း ဆန်းသစ်လာချိန်တွင် facebook (FB) ယဉ်ကျေးမှုကလည်း လူတန်းစားအလွှာ အသီးသီးတွင် ထွန်းကားနေပါသည်။ လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် မိမိခံစားသိမြင်ယူဆချက်အားလုံးကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်အား မြန်မာလူထုအနေဖြင့် ယနေ့အသုံးချနေကြပြီ ဖြစ်ပါသည်။
FB သည် လူတန်းစားအလွှာ ပေါင်းစုံ ဆန္ဒထုတ်ဖော်ရာဖြစ်သဖြင့် ယဉ်ကျေးစွာ ဆန္ဒထုတ်ဖော်မှုရှိသကဲ့သို့ ၊ ရိုးစိုင်းသော ဆန္ဒထုတ်ဖော်မှုများလည်း ကြုံလာမြင်လာရသဖြင့် FB အပေါ် စိတ်ကုန်ခမ်းရှောင်ကွင်းလိုစိတ် များပင် လူအချို့တွင် ဖြစ်တည်လာပါသည်။ ထိုလူအချို့တွင် စာရေးသူလည်း တဦးအပါအဝင် ဖြစ်ပါသည်။
အချိန်နှင့်အမျှ အရေးကြီးသတင်းကို ကြည့်လိုသဖြင့် နိုင်ငံခြားရောက်မိတ်ဆွေတယောက်က စာရေးသူအတွက် FB တခုပြုလုပ်ပေးခဲ့ပါသည်။ သတင်းတပုဒ်၏ FB စာမျက်နှာအောက်တွင် like, comment, share စသဖြင့် အလွယ်တကူ ကြည့်ရှု့သူ၏ ထင်မြင်ယူဆချက်ကိုပါ ထုတ်ဖော်နိုင်ရန်၊ ပြန်လည်ဖြန့်ဝေနိုင်ရန် FB ထုတ်လုပ်သူ ဉာဏ်ကြီးရှင်က စေတနာကောင်းနှင့် အဆင်သင့်ပြုလုပ်ထားခဲ့ပါသည်။
စာရေးသူသည် ကွန်ပြူတာစနစ်၊ လက်ကိုင်ဖုန်းစနစ်များကို တတ်ကျွမ်းသူမဟုတ်၍ တခါတရံ Like ပါသော အကွက်တွင် မိမိနှစ်သက်ရာ သတင်းနှင့် မိမိလိုလားနှစ်သက်သော ပုဂ္ဂိုလ်၏ ရေးသားချက်များကို ထောက်ခံအားပေးသည့်သဘော လက်ဖြင့်တို့၍ အလွယ်တကူ အသိအမှတ်ပြုခဲ့သည်များ ရှိပါသည်။
ယင်းအခြေအနေတွင် လူမှုကွန်ယက်စာမျက်နှာအချို့၌ တပ်မတော်နှင့် နိုင်ငံတော်သမ္မတ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြုလုပ်သူများကို အီလက်ထရောနစ် ဥပဒေပုဒ်မများဖြင့် အရေးယူသောအမှုများ ပေါ်ပေါက်လာခဲ့ပါသည်။ ဥပဒေတွင် ရဲအရေးပိုင်သော အမှုအမျိုးအစားအဖြစ် သတ်မှတ်ထားသဖြင့် ကျူးလွန်သူများကို ချက်ချင်းဖမ်းဆီး၍ ချက်ချင်းအချုပ်ထဲ ထောင်ထဲရောက်သောအဖြစ်များ သတင်းလောကတွင် ဖြစ်ပွားခဲ့ပါသည်။
နိုင်ငံတော်အဆင့် ပတ်သက်သူများဖြစ်၍ နိုင်ငံတော်က မြန်မြန်ဆန်ဆန် အရေးယူခဲ့ပါသည်။ အချို့ကလည်း လက်ရှိအာဏာပိုင်ပုဂ္ဂိုလ်များအား ဂုဏ်သိက္ခာကျဆင်း အောင် လုပ်ဆောင်မှုကိုသာ အစိုးရက အရေးယူပြီး၊ ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင်တဦးအား ပုတ်ခတ်ဖော်ပြမှုအား အစိုးရက အရေးမယူပဲ လစ်လျူရှုထားမှုမှာ မတရားဟူသော အသံများလည်း သတင်းလောကနှင့် FB လောကတွင် ပဲ့တင်ထပ်လျက် ရှိပါသည်။
ဂုဏ်သိက္ခာ ကျဆင်းစေလိုသောအမှုမှာ သက်ဆိုင်ရာ ကာယကံရှင်၏ စိတ်ခံစားမှုအပေါ် ရှုမြင်သုံးသပ်ချက်သာဖြစ်၍ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမှုအမျိုးအစားသာဖြစ်သည်ကို သတိပြုရန် လိုအပ်ပါသည်။ ဗုဒ္ဓဝင်၌ ဂေါတမဗုဒ္ဓအား ဆဲနည်းပေါင်းစုံဖြင့် ပုဏ္ဏားတယောက်က ဆဲသော်လည်း ဗုဒ္ဓက မည်သို့မျှ တုံ့ပြန် ခြင်းမရှိ မေတ္တာကမ္မဌာန်းနှင့် နေတော်မူသောအခါ အကြိမ်များစွာ ဆဲဆိုနေသော ပုဏ္ဏားသာ အံ့သြတုန်လှုပ်ပြီး “ဂေါတမဗုဒ္ဓ- သင်သည် ငါဆဲရေးတိုင်းထွာနေသည်ကို ကြားသိပါလျက် ဘာကြောင့် တစုံတရာမျှ တုံ့ပြန်ခြင်းမရှိပါ သနည်း”ဟု ပြန်လည်မေးခွန်းထုတ်ရသည့်အခြေသို့ ဆိုက်ခဲ့ရသည်။ ဗုဒ္ဓဘုရားရှင်က “ပုဏ္ဏားသင်ပေးသည်ကို ငါမယူသဖြင့် ငါ၌ တုံ့ပြန်ရန် ဘာအကြောင်းမျှ မရှိပါ”ဟု ဆိုခဲ့သည်။
အချုပ်ဆိုရလျှင် ဂုဏ်သိက္ခာကျဆင်းမှု ရှိမရှိဆိုသည်မှာ သက်ဆိုင်ရာ ကာယကံရှင် ပုထုဇဉ်တို့ ၏ စိတ်ခံစားမှုအပေါ်တွင်သာ တည်ပါသည်။ ဂုဏ်သိက္ခာဆိုသည်မှာ သက်ဆိုင်ရာ ကာယကံရှင် သတ်မှတ်သည့် စံသာဖြစ်ရာနစ်နာသည်ဟု ခံစားရသော ကာယကံရှင်က တရားမစွဲလျှင် နိုင်ငံတော်အစိုးရက တာဝန်ယူ တရားစွဲရန် အကြောင်းမရှိပါ။ နစ်နာသည်ဟု ခံစားရသူက တိုင်ကြားမှသာလျှင် နိုင်ငံတော်အစိုးရတရားရုံးက အမှုလက်ခံစစ်ဆေးအရေးယူမည်ဖြစ်သည်။
အသရေဖျက်မှုနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၉ တွင် ဖွင့်ဆိုထားသည်မှာ “မည်သူမဆို နုတ်ဖြင့် ဖြစ်စေ၊ ဖတ်ရှုစေရန် ကြံရွယ်သည့် စကားဖြင့် ဖြစ်စေ၊ အမှတ်အသားနှင့် ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်နှင့်ဖြစ်စေ လူတဦးတယောက်၏ အသေရေကို နစ်နာစေရန် အကြံဖြင့်သော်၎င်း၊ ထိုသူနှင့် စပ်လျဉ်းသော စွပ်စွဲခြင်းသည် ထိုသူ၏ သအရေကို နစ်နာစေမည်ဟု သိလျှက်နှင့် သော်၎င်း၊ ထိုသို့ယုံကြည်ရန် အကြောင်းရှိလျှက်နှင့် သော်၎င်း၊ ထိုသူနှင့် စပ်လျဉ်းသော စွပ်စွဲချက်ကိုပြုလျှင် သို့တည်းမဟုတ် ကြေငြာလျှင် ထိုသူသည် (အောက်ပါကင်းလွတ်ချက်မှ တပါး) အဆိုပါ လူ၏သရေကိုဖျက်သည်မည်၏”ဟု ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားပါသည်။
အသရေဖျက်မှုနှင့် ပတ်သက်၍ ကင်းလွတ်ချက် (၁၁) ချက်ရှိပါသည်။ အကျယ်ကို သက်ဆိုင်ရာ ဥပဒေကျမ်းများတွင် ဖတ်ရှု့ရန် မေတ္တာရပ်ခံပါသည်။ အသရေဖျက်မှုမမြောက်သော ကင်းလွတ်ချက် ၁၀ ချက်ကို အကျဉ်းမျှ ဖော်ပြရသော်
၁။ တဦးတယောက်သောသူနှင့် စပ်လျဉ်း၍ မှန်ကန်သော စွပ်စွဲချက်ကို အများပြည်သူ အကျိုးအတွက် ပြုလုပ်ခြင်း၊ ကြေငြာခြင်း။
၂။ပြည်သူ့ဝန်ထမ်းအဖြစ် အလုပ်ဝတ္တရားဆောင်ရွက်ရာတွင် ထိုဝန်ထမ်း၏ အပြုအမူနှင့်စပ်လျဉ်း၍သော်၎င်း၊ သဘောရိုးဖြင့် မိမိထင်မြင်ချက်ကို ဖော်ပြခြင်း။
၃။ အများပြည်သူဆိုင်ရာ ပြဿနာနှင့်စပ်လျဉ်း၍ တဦးတယောက်သောသူ၏ အပြုအမူသည် ၎င်း၊ ထိုသူ၏ အပြုအမူ၌ ထင်ပေါ်နေသည်အထိ ထိုသူ၏ စာရိတ္တနှင့် စပ်လျဉ်း၍သော် ၎င်း၊ သဘောရိုးဖြင့် မိမိထင်မြင်ချက်ကို ဖော်ပြခြင်း။
၄။ တရားရုံးတခု၏ မှုခင်းဆောင်ရွက်ချက်များကို ဖြစ်စေ၊ မှုခင်းဆောင်ရွက်ပြီးပြတ်ပုံကို ဖြစ်စေ အရေးပါသော အချက်များ၌ မှန်ကန်စွာ ကြေငြာခြင်း။
၅။ တရားရုံးက စီရင်ဆုံးဖြတ်ပြီးသော တရားမမှု/ပြစ်မှု၏ အရည်အသွေး အမှုသည်၊ သက်သေတို့၏ အပြုအမူ ၊ ထိုအပြုအမူတို့၌ ထိုသူတို့၏ စာရိတ္တနှင့် စပ်လျဉ်း၍ သဘောရိုးဖြင့် မိမိ၏ထင်မြင်ချက်ကို ဖော်ပြခြင်း။
၆။ လူအများက ဝေဖန်ချက်ပြုရန် စာရေးဆရာတဦးက တင်ပြသော ထင်ရှားသည့် ဆောင်ရွက်မှု၏ အရည်အသွေးကို ၎င်း၊ ထိုဆောင်ရွက်မှု၌ ထင်ပေါ်နေသည်အထိ ထိုစာရေး ဆရာ၏ စာရိတ္တကို၎င်း၊ တဦးတယောက်သောသူက မိမိ၏ ထင်မြင်ချက်ကို သဘောရိုးဖြင့် ဖော်ပြခြင်း။
၇။ ဥပဒေအရ ဖြစ်စေ၊ ဥပဒေနှင့်အညီ ပြုလုပ်သော ပဋိညာဉ်အရ ဖြစ်စေ၊ တဦးတယောက်သောသူအပေါ်၌ အခွင့်အာဏာရှိသူက အခွင့်အာဏာနှင့်သက်ဆိုင်သော ကိစ္စတွင် သဘောရိုးဖြင့် ပြောဆိုစွပ်စွဲတင်ပြခြင်း။
၈။ ဥပဒေနှင့်အညီ အခွင်အာဏာရှိသူအား တဦးတယောက်နှင့်ပတ်သက်၍ သဘောရိုးဖြင့် ပြောဆိုစွပ်စွဲတင်ပြခြင်း။
၉။ အခြားသူတယောက်၏ အကျင့်စာရိတ္တကို ထိခိုက်အောင် စွပ်စွဲရာ၌ စွပ်စွဲသူက သဘောရိုးဖြင့် မိမိအကျိုး၊ သူတပါးအကျိုး၊ အများပြည်သူအကျိုး ကာကွယ်စောင့်ရှောက်ရန် စွပ်စွဲခြင်း။
၁၀။ အခြားသူတယောက်အကြောင်းနှင့် စပ်လျဉ်း၍ တဦးတယောက်အား သတိပေးရာတွင်သတိပေးသူက သတိပေးခြင်းခံရသူ၏ အကျိုးအတွက်၊ အများပြည်သူအကျိုးအတွက် ရည်ရွယ်၍ သဘောရိုးဖြင့် သတိပေး ခြင်းတို့သည် အသရေ ဖျက်သည်ဟု မဆိုနိုင်ကြောင်း သာဓကပြဆိုထားပါသည်။
အထက်ပါ ကင်းလွတ်ချက် ၁၀ ချက်တွင် မပါဝင်သော အသရေဖျက်မှုဖြင့် စွပ်စွဲအပြစ်ပေးခံရပါက ထိုသူကို ၂ နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ် သို့ ငွေဒဏ် သို့ ဒဏ် ၂ ရပ်လုံးချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ တွင် ပြဌာန်းထားချက်ရှိပါသည်။
အဆိုပါ အသရေဖျက်မှုကိုပင် ဆက်သွယ်ရေးကွန်ရက်တခုခုကို အသုံးပြု၍ မည်သူမဆို ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ (သို့) ခြိမ်းခြောက်ခြင်းပြုခဲ့ပါလျှင် ၃ နှစ် ထက်မပိုသော ထောင်ဒဏ် (သို့) ငွေဒဏ် (သို့) ဒဏ် ၂ ရပ်လုံး ချမှတ်ရမည်ဟု ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တွင် ပြဋ္ဌာန်းထားပါသည်။
“ဆက်သွယ်ရေးကွန်ရက်ဆိုသည်မှာ ဆက်သွယ်ရေးနည်းပညာတခုခုကို အသုံးပြုပြီး၊ ကွန်ရက်အထောက်အကူ ပြုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ ကွန်ပျူတာ၊ ကွန်ပျူတာကဲ့သို့သော အလားတူပစ္စည်း၊ ယင်းတို့နှင့် တွဲဖက် အသုံးပြုနိုင်သော စနစ်နှင့် ပစ္စည်းကို ကြိုးဖြင့်ဖြစ်စေ၊ ကြိုးမဲ့ဖြစ်စေ၊ အချင်းချင်းချိတ်ဆက်အသုံးပြုသော စနစ် ကို ဆိုလိုပါသည်”။
“အကယ်၍ အဖွဲ့အစည်းတခုခု (သို့) ပုဂ္ဂိုလ်တဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန် ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း (သို့) ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်၊ ပြုပြင်၊ ပြောင်းလဲခြင်း၊ ပြုလုပ်ထားသော သတင်းအချက်အလက်ကို ဖြန့်ချိသူ မည်သူမဆို အီလတ်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ -၃၄ (ဃ) အရငွေဒဏ်ကျပ် ငါးဆယ်သိန်းမှ ကျပ်သိန်းတရာအထိ ချမှတ်ခြင်းခံရမည် ဖြစ်ပါသည်။ ငွေဒဏ်မဆောင်ပါက အနည်းဆုံးတနှစ်မှ သုံးနှစ်အထိ ချမှတ်ရန်” ပြဋ္ဌာန်းထားပါသည်။
အထက်ဖော်ပြပါ “ဆက်သွယ်ရေး ဥပဒေနှင့် အီလတ်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ၂ ရပ်လုံး၌ အဆိုပါ ဥပဒေများပါပြစ်မှုတရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်လျှင် ၊ ပူးပေါင်းကြံစည်၍ ပြစ်မှုမြောက်သော ပြုလုပ်မှုကိုပြုလုပ်လျှင် ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ပင် ယင်းပြစ်မှုအတွက် အဆိုပါ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်မှုချမှတ်ခြင်းခံရမည်”ဟု ဆက်သွယ်ရေးဥပဒေပုဒ်မ-၇၃ နှင့် အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ-၃၈ တို့တွင် ပြဋ္ဌာန်းထားပါသည်။
ထို့ကြောင့် လူမှုကွန်ရက်စာမျက်နှာ FB များ၌ ပြစ်မှုကျူးလွန်သူ၏ ဖော်ပြချက်အား Like လုပ်ခြင်းမှာ ပြစ်မှု ကျူးလွန်သူအား အားပေး ထောက်ခံသည့်သဘော သက်ရောက်နေပါသဖြင့် အခန့်မသင့်လျှင် ပြစ်မှုကျူးလွန် သူနှင့် ထပ်တူထပ်မျှ ပြစ်ဒဏ် ခံစားရဖွယ်ရှိပါကြောင်း မေတ္တာရှေ့ထား အသိပေးလိုပါသည်။
စာရေးသူအပါအဝင် မြန်မာနိုင်ငံသားများစွာသည် FB ၏ ကျင့်ဝတ်စံနှုန်း စည်းကမ်းများကို မြန်မာဘာသာဖြင့် မဖတ်ဘူးပါ။ အလားတူ ယခုတင်ပြခဲ့သော ဆက်သွယ်ရေး ဥပဒေ၊ အီလတ်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ၏ သဘောသဘာဝကို မြန်မာနိုင်ငံ၌ မသိသူများစွာ ရှိနေပါသည်။ ခေါင်းရွက် ဗျက်ထိုးနှင့် ဆိုက်ကားသမားကအစ အခြေခံလူတန်းစားများစွာမှာ ၁၅၀၀ိ/- တန် တယ်လီဖုန်းပေါ်က FB ကို အသုံးပြုတက်ခါစတွင် ခြေလွန်လက်လွန် မထင်မှတ်ပဲ ဆက်သွယ်ရေး ဥပဒေများနှင့် ငြိစွန်းသော လုပ်ရပ်များ ကျူးလွန်ခဲ့သူများစွာပင် ရှိနိုင်ပါသည်။
၎င်းတို့အား FB ယဉ်ကျေးမှုနှင့် သက်ဆိုင်ရာ ဥပဒေများကို ပညာပေးခြင်း အဆင့်တဆင့်နိုင်ငံတော်မှ ဦးဆောင် ပြုလုပ်ပေးသင့်ပါသည်။ နိုင်ငံတော်သမ္မတကြီးက ပြည်သူများအား စေတနာဖြင့် ၁၅၀၀ိ/- တန်ဖိုးဖြင့် ကိုယ်ပိုင် ဖုန်းပြောနိုင်အောင် စီစဉ်လုပ်ဆောင်ပေးခဲ့ခြင်းကိုး အသိအမှတ်ပြုကြိုဆိုရမည်ဖြစ်သလို စေတနာကို ဝေဒနာမဖြစ်အောင် သုံးစွဲနည်းကိုလည်းကောင်း၊ အဆင်မြင့် ဒီမိုကရေစီနှင့် စည်းကမ်းစနစ်ကျမှုသည် ဒွန်တွဲလျက်ရှိကြောင်းကိုလည်းကောင်း၊ ပညာပေးရန် မြန်မာနိုင်ငံသည် လိုအပ်နေဆဲဖြစ်သည်ကို နိုင်ငံတော်ကို ဦးဆောင်မည့်သူများ သတိပြုသင့်ပါသည်။
(စာရေးသူသည် ရှေ့နေတဦးဖြစ်ပြီး ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံးအကြိမ် ထောင်မှ ပြန်လွတ်လာသည်)