မကြာသေးခင်က အွန်လိုင်းပေါ်မှာ တေးသံရှင် မေခလာ သီဆိုထားပြီး သရုပ်ဖော်ထားတဲ့ နိုင်ငံရေးတွေ မပြောချင်ဘူး ဆိုတဲ့ သီချင်းတပုဒ် ထွက်ရှိလာပါတယ်။ နိုင်ငံရေးတွေ မပြောချင်တဲ့ အိမ်ထောင်ရှင်မ တယောက်၊ စားစရာ မရှိ မပြည့်စုံတဲ့ အတွက် ယောက်ျား ဖြစ်သူကို ရန်တွေ့ရင်း သပိတ်မှောက်လိုက်ရမလား ဆိုတဲ့ ခံစားချက်ကို အဆိုတော် မေခလာက ပီပီပြင်ပြင် သီဆို သရုပ်ဆောင်ထားတဲ့ အတွက် ကြည့်ရှုသူများနဲ့ ကြိုက်နှစ်သက်သူများစွာ ရှိခဲ့ပါတယ်။
ဒီသီချင်းကို ရေးသားပေးသူကတော့ တေးရေးနိုင်မြန်မာပဲ ဖြစ်ပါတယ်။ တေးရေးနိုင်မြန်မာရဲ့ သဘာဝဆန်ဆန် ရေးသားမှုကို အဆိုတော်မေခလာက ပေါက်အောင် သီဆိုထားနိုင်တဲ့ အတွက် ပရိသတ် နှစ်သက်သဘောကျတဲ့ သီချင်းတပုဒ် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အဆိုတော် မေခလာက နိုင်ငံရေးတွေ မပြောချင်ဘူး ဆိုတဲ့ တေးစီးရီးကို အောက်တိုဘာ ၂၀ ရက်နေ့က ပရိသတ်လက်ထဲကို ဖြန့်ချိပေးခဲ့ပြီ ဖြစ်ပါတယ်။
တေးသီချင်း ဖန်တီးရှင် နိုင်မြန်မာနဲ့ အဆိုတော် မေခလာတို့ကို နိုင်ငံရေးတွေ မပြောချင်ဘူး တေးသီချင်းနဲ့ ပတ်သက်လို့ ဖန်တီးမှု၊ သီဆိုမှု အပိုင်းတွေကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က ဆက်သွယ် မေးမြန်းထား ပါတယ်။
နိုင်ငံရေးတွေ မပြောချင်ဘူး တေးသီချင်း ဖန်တီးရှင် တေးရေး နိုင်မြန်မာ
မေး။ ။ အွန်လိုင်းမှာ ပရိသတ်အများကြိုက်ခဲ့ကြတဲ့ နိုင်ငံရေးတွေ မပြောချင်ဘူး သီချင်း ရေးသားတဲ့ တေးရေးဆရာအနေနဲ့ ဒီသီချင်းကို ဘယ်လိုစိတ်ကူးနဲ့ ရေးသားခဲ့တယ် ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ အဲဒါက ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတာတွေပဲ လေ။ မျက်စိရှေ့မှာ မြင်နေရတာတွေ ပေါ့။ လူမှုဘဝက အခြေခံ လူတန်းစားတွေရဲ့ တကယ့်ဘဝတွေ အကျပ်အတည်းတွေကို သီချင်းနဲ့ ပုံဖော်ထားတာပါ။
မေး။ ။ နိုင်မြန်မာရေးတဲ့ သီချင်းတွေက ရှင်းရှင်းလင်းလင်းနဲ့ တိုတိုတုတ်တုတ်နဲ့ ခံစားရတဲ့သူတွေ အတွက် ထိတယ် လို့ ပြောကြတယ် အဲဒီအပေါ်မှာ ဖန်တီးမှု အပိုင်းကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ဖန်တီးမှုအပိုင်းအရ ပြောရမယ် ဆိုရင် စေတနာပေါ့။ ကျနော်ရေးလိုက်တဲ့ သီချင်းတပုဒ်ကို ကျနော့် သီချင်း နားထောင်မယ့် ပရိသတ်၊ ကျနော် ရေးလိုက်တဲ့ကဗျာကို ကျနော့် ရိသတ် နားမလည်လိုက်မှာကို ကျနော် အရမ်းစိုးရိမ် တယ်။ ဒါကြောင့် အတတ်နိုင်ဆုံး လူတိုင်းနားလည်အောင် ကျနော်ရေးတယ်။
မေး။ ။ နိုင်ငံရေးတွေ မပြောချင်ဘူး ဆိုတဲ့သီချင်းက ဆရာကိုယ်တိုင် နိုင်ငံရေးတွေ မပြောချင်တော့လို့ ရေးထားတဲ့ သီချင်းပဲလား။
ဖြေ။ ။ ပြောရမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးက ပြောလို့လည်း မကောင်းပါဘူး။ ရှေ့လျှောက် ဘာတွေ ဖြစ်မလဲလည်း ဘယ်သူမှ ခန့်မှန်းလို့ မရဘူး။ လက်ရှိ ဖြစ်နေတဲ့ အခြေအနေအရ ကောင်းတဲ့ အလားအလာမှ မရှိတာ။ ဒါကြောင့် သတိပေးတာလည်း ဖြစ်အောင်၊ နောက်ပြီးလူတွေရဲ့ တကယ့် အနေအထားကို ရင်ဖွင့်လိုက်ရင် ပွင့်ထွက်လာတာ ပေါ့။ အဲဒီသဘောပါပဲ။
မေး။ ။ အဆိုတော်မေခလာနဲ့ ဒါရိုက်တာတွေ ပြန်လည် ရိုက်ကူးထားတာကရော သီချင်းနဲ့ အံဝင်ခွင်ကျ ဖြစ်တယ် လို့ ခံစားမိပါလား။ ဒီသီချင်းပေါက်တဲ့ အပေါ်ရော ခံစားချက်ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ဖြစ်ပါတယ်။ နောက်ပြီး ပိတီဖြစ်တာပေါ့။ သီချင်းတပုဒ် ဆိုတာကလည်း ကိုယ်မွေးဖွားလိုက်တဲ့ သားသမီး ပဲလေ။ ကိုယ့်ကို အခု အကုန်လုံးက ချစ်ချစ်ခင်ခင်နဲ့ ကြိုဆိုတယ်၊ လှိုက်လှိုက်လဲှလှဲနဲ့ အသိအမှတ်ပြုကြတယ်၊ ခေါ်ချင် ပြောချင်တဲ့သူက များတယ်။ မျက်နှာပွင့်တဲ့ ကလေးမျိုးပေါ့။ သီချင်းတပုဒ်ကလည်း အဲဒီသဘောမျိုးပါပဲ။ စိတ်ထဲမှာ ကျေနပ်မိပါတယ်။
မေး။ ။ နိုင်မြန်မာနဲ့ မေခလာပေါင်းတဲ့အတွက် ပရိသတ်ကြိုက်ကြတာလား။ ဒီနှစ်ယောက်ပေါင်းလို့ သီချင်း ပေါက်တာ လို့ ပြောလို့ရမလား။ သီချင်း အိုင်ဒီယာက ဘယ်သူ့အိုင်ဒီယာလဲ။
ဖြေ။ ။ ဒါကတော့ လူ့သဘောပေါ့။ အနုပညာသမား ဆိုတာ ပြည်သူလူထုရဲ့ မေတ္တာတွေ၊ အချစ်တွေ အဲဒါတွေနဲ့ ကျနော်တို့က ရပ်တည်ရတာလေ။ နှစ်ယောက်ပေါင်းလို့ ပေါက်တယ် ဆိုတာက ကျနော်တို့ကို လိုတဲ့ သူတွေ၊ ချစ်တဲ့ သူတွေက သာသာထိုးထိုး ပြောတဲ့စကားပေါ့။ သီချင်းကတော့ မငယ်က ကိုယ့်ရဲ့ ညီမလေးလိုပါပဲ။ သူက ပူဆာတာ ပေါ့။ သီချင်းတပုဒ် ရေးပေးပါပေါ့။ ရိုးရိုးသီချင်းမဟုတ်ဘဲ အခုချက်ချင်း ဟစ် ဖြစ်မယ့် ပုံစံမျိုးသီချင်း ပေါ့။ အဲဒါကို ကိုယ်က ခံစားပြီးတော့ ရေးပေးရတာပေါ့။
မေး။ ။ သီချင်းတပုဒ် ပေါက်ဖို့ဆိုတာက တေးရေးဆရာတယောက် အပေါ်မှာ ဘယ်လောက်မူတည်နေပါလဲ။
ဖြေ။ ။ အဓိက သီချင်းတပုဒ် ပေါက်ဖို့ ၅၀ ရာခိုင်နှုန်းက တေးရေးအပေါ် မူတည်နေတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းက ဝိုင်းဝန်းပြီး ဖန်တီးကြတဲ့ အနုပညာရှင်တွေအပေါ် မူတည်တာ ပေါ့။ အဆိုတော်၊ ဂီတာသမား၊ ဂီတမှူးတွေ ပေါ့။ သီချင်းဆရာဘက်က ပြောမယ် ဆိုရင်တော့ ၅၀၊ ၅၀ ပေါ့နော်။ လွန်ရောကျွံရော ၆၀ ရာခိုင်နှုန်းပေါ့။ အဲဒီသီချင်းက သူ့ဆီက ထွက်လာတဲ့ သီချင်းကောင်းမှ အရောင်ထွက်တာလေ။ သူ့ဆီက စထွက်လာကတည်းက မကောင်းဘူး ဆိုရင် ဘယ်လိုပဲ ဝိုင်းအရောင်တင်တင် အရောင်ထွက်မှာ မဟုတ်ဘူး။ သီချင်းရေးဆရာဆီမှာတော့ အများဆုံးပေါ့။
မေး။ ။ အခုနောက်ပိုင်း သီချင်းတွေ ဖန်တီးမှုအပိုင်းကိုလည်း ဘယ်လိုအချိန်၊ အခြေအနေမျိုးမှ ဖန်တီးဖြစ်တာ များပါလဲ။
ဖြေ။ ။ သီချင်းတွေကတော့ ဟိုခေတ်တုန်းကတော့ တောက်လျှောက် အများကြီးရေးခဲ့တာ ပေါ့။ အခုနောက်ပိုင်း အများကြီး မရေးဖြစ်ဘူး ဆိုတာက ကိုယ့်ကို နောက်ပိုင်းအပ်တဲ့ သူကလည်း အများကြီး သိပ် မရှိဘူးလေ။ ကျနော်တို့ သီချင်းဈေးကွက်လည်း ပျက်နေတာကိုး။ ခိုးကူးတွေ ကလည်း ရှိတော့၊ လုပ်နေတဲ့ သူတွေကလည်း ကျနော်တို့ လောကထဲက ထွက်သွားကြတယ်။ အခုဟာက တတ်နိုင်တဲ့ သူတွေနဲ့ လုပ်ချင်တဲ့ သူတွေပဲ ဒီလောကမှာ ကျင်လည် နေကြတာ။ တကယ့်ပရော်ဖက်ရှင်နယ် အနေနဲ့ ရပ်တည်ဖို့ အသက်မွေး ဝမ်းကြောင်း ပြုဖို့ အတွက် ကျတော့ နည်းနည်း အခက်အခဲရှိတယ်။ ကျနော်တို့ကျတော့ အရင်တုန်းက အရှိန်ရှိနေတော့ အရှိန်နဲ့ ဆက်သွားနေတဲ့ သဘောပါပဲ။
မေး။ ။ လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး ကိုရော ဆရာ့အနေနဲ့ ဘယ်လိုများ မြင်ပါလဲ။
ဖြေ။ ။ လက်ရှိနိုင်ငံရေး အခြေအနေကိုတော့ ကျနော် မနှစ်မြို့ပါဘူး။ မကြိုက်ဘူး။ ကျနော်တို့ မြန်မာလူမျိုးလောက် ရိုးရိုးအေးအေးနဲ့ နေတတ်တာ မြန်မာလူမျိုးပါပဲ။ သဘောလည်း အရမ်းကောင်းတယ်။ ကျနော်တို့ လူမျိုးနဲ့ စရိုက်သဘာဝနဲ့ မကိုက်ညီတာကိုဘဲ ကျနော်တို့ လူမျိုးတွေက အမြဲရင်ဆိုင်နေရတယ်။ အမှန်ဖြစ်သင့်တာက ကျနော်တို့ လူမျိုးတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိရှိ၊ မရှိရှိ၊ ကိုယ်နှစ်သက်တဲ့ နိုင်ငံရေးမျိုးနဲ့ သွားသင့်တယ်။ ဆင်းရဲတာ၊ ချမ်းသာတာ အဓိက မဟုတ်ပါဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ လွတ်လွတ်လပ်လပ် နေရဖို့က အဓိကပါပဲ။ နောက်ပြီး ဝဝလင်လင် စားရဖို့ပေါ့။
မေး။ ။ ဆရာရေးတဲ့ ပုံစံထဲကလို အဲဒီလို အခြေခံ လူတန်းစားတွေကို မသိကြတဲ့ သူတွေ အတွက်ကိုရော ဘယ်လိုများ ပြောချင်ပါလဲ။
ဖြေ။ ။ ဒါက တိုင်းပြည်တိုင်းမှာ ရှိပါတယ်။ လူတန်းစား အလွှာတွေ ပေါ့။ သိပ်ပြည့်စုံ ချမ်းသာနေတဲ့ သူတွေက ဒါတွေ ဘယ်သိ မလဲ။ လူဆိုတာကလည်း ကိုယ်ချင်းစာတတ်မှ၊ သီချင်းတပုဒ်ကို နားလည်တယ် ဆိုတာကလည်း ကိုယ်ချင်းစာတတ်မှ ကြိုက်မှာ လေ။ မဆင်းရဲဘူးရင်၊ သူက ဆန်ဈေးကြီးတာ မသိရင်၊ ကလေးတွေ ကျောင်းထားဖို့က အစ စရိတ်မရှိတာကို မသိရင် ဒီလိုဒုက္ခတွေကို ရင်မဆိုင်ဘူးတဲ့ အဲဒီအလွှာ အထက်တန်းစား ပေါ့။ ဒါမှမဟုတ်ရင်လည်း အလယ်တန်းစားပေါ့။ အဲလိုလူတွေကတော့ သိပ်ခံစားချင်မှ ခံစားရမယ်။
ဒါပေမယ့် မြန်မာပြည်မှာ အများဆုံးရှိတာ လူဦးရေ သန်းခြောက်ဆယ်လောက်မှာ တကယ်တမ်း အများဆုံး ရှိတဲ့ သူတွေက အခြေခံလူတန်းစားတွေပဲ။ သူတို့တွေက အဆင် မပြေလောက်ဘူး။ တောတွေမှာ နေတာ ရှိတယ်။ မြို့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာနေတာ ရှိတယ်။ မြို့လယ်ခေါင်တွေမှာ သူတို့ မနေနိုင်ပါဘူး။ တချို့ဆို ကျူးကျော်ရပ်ကွက် ကလေးတွေ၊ တချို့ဆို အစွန်အဖျားမှာ။ ဒါပေမယ့် အဲဒီလူတန်းစားက အရမ်းများတယ်။ အလုပ်သမား လူတန်းစား တွေ၊ ခေါင်းရွက်ဗြပ်ထိုးတွေ၊ တောင်သူ လယ်သမားတွေ စက်ရုံတွေမှာ လုပ်နေတဲ့ အလုပ်သမားတွေ နောက် ရန်ကုန်မြို့တွင်းက ကုမ္ပဏီမှာ အလုပ်ဆင်းမယ်။ မားကတ်ကြီးတွေ၊ Showroom ကြီးတွေမှာ အလုပ်လုပ်ကြမယ်။ ဒါပေမယ့် အကုန်လုံးက အခြေခံလူတန်းစားတွေပဲ၊ သူတို့က မြန်မာပြည်မှာ အများဆုံးပဲ။ အဲဒီလိုလူတွေကို သွားဖွင့်ပြ ရင်တော့ ဒီသီချင်းကိုကြိုက်မှာပါ။
မေး။ ။ ဒီလိုလူမျိုးတွေ ဘက်ကနေပဲ ရပ်တည်ပြီး ရေးသားဖြစ်မှာလား။ နောက်ပြီး တေးရေးနိုင်မြန်မာက ပြည်သူ ဘက်က ရပ်တည်တဲ့ တေးရေးဆရာ တယောက်လို့ ပြောတဲ့အပေါ်မှာရော ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ဒီလိုတော့လည်း မဟုတ်ပါဘူး။ ချမ်းသာတာကိုတော့ လူတိုင်းကြိုက်တာပေါ့။ လူချမ်းသာတွေ အပေါ် မှာလည်း ကျနော်က ဟိုလို ဒီလို အမြင်တွေ မရှိပါဘူး။ ကောင်းကောင်းမွန်မွန်နဲ့ ရိုးရိုးသားသားနဲ့ ကိုယ့်ခွန် ကိုယ့်အားနဲ့ ကိုယ့်ရဲ့ ကံ၊ ဉာဏ်၊ ဝီရိယနဲ့ ချမ်းသာသင့်လို့ ချမ်းသာလာတဲ့ သူတွေအပေါ်မှာ ကျနော် အားရဝမ်းသာ ဖြစ်မိပါတယ်။ ဒါပေမယ့် အခုခေတ် ကျနော်တို့ တိုင်းပြည်က လူတွေ ချမ်းသာတယ် ဆိုတာက သိတဲ့ အတိုင်းပဲ အုတ်ရောရော ကျောက်ရောရောပဲ လေ။ ဘယ်လိုတွေ ချမ်းသာလာမှန်း မသိတဲ့သူတွေက အများကြီးပဲလေ။ အဲဒါကြောင့်ပါ။ ပြည်သူတွေ ဘက်က ရပ်တည်တယ် ဆိုရင် ကျနော်က အပြင်လူ တယောက် ဖြစ်နေဦးမယ်။ ဒါကြောင့် ပြည်သူ့ဘက်က ရပ်တည်တယ် လို့ ပြောမယ့်အစား ကျနော်ကိုယ်တိုင်က ပြည်သူတယောက်ပဲလေ။ ဒါကြောင့် တမင်ရပ်တည်နေစရာ မလိုတော့ဘူး လေ။
မေး။ ။ နိုင်ငံရေးတွေ မပြောချင်တဲ့ တေးရေးနိုင်မြန်မာအနေနဲ့လာမယ့် ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုများ မဲပေးဖြစ်ပါမလဲ။
ဖြေ။ ။ အဲဒါအမှန်အတိုင်း ပြောရရင် ဘယ်ပါတီကို မဲပေးမလဲလို့ ဆိုတော့၊ တကယ် မဲသွားပေးရင် မဲပေးတဲ့ မဲရုံထဲမှာ ကျနော်တို့ လိုက်ကာလေး ချထားတယ်။ အဲဒါကျနော်တို့ လူတဦးချင်းရဲ့ အခွင့်အရေးပဲ။ ကျနော်ဘယ်သူ့ကို မဲပေးတယ်ဆိုတာ ဘယ်သူမှသိစရာ မလိုဘူးလေ။ ဒါက လူတဦးချင်းစီရဲ့ Human right ပဲ။ ဒါကျနော့် အခွင့်အရေးပဲ၊ အခု ကျနော်တို့ တိုင်းပြည်မှာ အဲဒီလို မဟုတ်ဘူး။ လူတွေက ဘယ်သူ့ကို မဲပေးမယ်၊ ဘယ်သူ့ကို မဲပေးမယ် ဆိုတာကို လျှောက်ပြော နေကြတယ်ဆိုတော့ ကိုယ့်ရဲ့ အခွင့်အရေးကို မကာကွယ်နိုင်ကြ သေးဘူး။ ဒါက ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းတွေက လွတ်အောင် လိုက်ကာ ချပေးထားတာ လေ။
ကိုယ်ဘယ်သူ့ကို မဲပေးတယ် ဆိုတာကို ဘယ်သူမှ မသိရဘူး။ အဲဒီတော့ မျက်နှာပျက်စရာလည်း မလိုဘူး၊ ငြိုငြင်စရာ လည်း မလိုဘူးလေ။ ဘယ်သူမှလည်း ကြောက်စရာ မလိုဘူး။ အဲဒီ အတွက် ကျနော်တို့က လိုက်ကာလေး ချထားပြီးတော့ ကိုယ့်စိတ်တိုင်းကျ မဲပေးလို့ ရအောင် လျှို့ဝှက် မဲပေးစနစ် လုပ်ထားပေးတာပါ။ ဘယ်သူ့ကိုမှ မကြောက်ရအောင် လုပ်ပေးထားတာ။ အဲဒါလေးက တန်ဖိုး တော်တော်ရှိတယ်။ ကျနော်အခု ဖွင့်ပြောလိုက်ရင် အဲဒီတန်ဖိုးတွေ ပျက်စီးသွားမှာလည်း စိုးရပါတယ်။
မေး။ ။ အခုချိန်ထိ အောင်မြင်စွာ ရပ်တည်နေနိုင်တဲ့ တေးရေးနိုင်မြန်မာက လူထုကို ပြောချင်တဲ့ စကားရှိရင် ကြားချင်ပါတယ်။
ဖြေ။ ။ ကျနော့်အတွက် အဓိက လူထုပရိသတ်ပါပဲ၊ သူ့မျက်နှာပဲ ကြည့်မယ်။ ကျနော်က အယူဝါဒအရ ဘယ်နိုင်ငံရေး ပါတီကမှ မဟုတ်ပါဘူး၊ ဘယ်ပါတီမှလည်း မဝင်ဘူး။ ဘယ်ပါတီကို ကြိုက်တယ်၊ မကြိုက်ဘူး ဆိုတာလည်း ကျနော့်ရဲ့ Personal အရ ရှိပါတယ်။ ကျနော့် သီချင်းတွေကို နားထောင်လိုက်ရင် သိနိုင်ပါတယ်။ အထူး ထုတ်ပြောစရာ မလိုပါဘူး။
နိုင်ငံရေးတွေ ပြောတော့မယ့် အဆိုတော်မေခလာ
မေး။ ။ နိုင်ငံရေးတွေ မပြောချင်ဘူး ဆိုပြီးတော့ မမေခလာရဲ့အခွေက အရမ်းကို ပေါက်သွားတဲ့ အတွက် အဲဒီအပေါ် ခံစားချက်က ဘယ်လို ရှိနေပါသလဲ။
ဖြေ။ ။ အရမ်းဝမ်းသာတာပေါ့။ ဘာလဲ ဆိုတော့ ကိုယ်လုပ်ထားတဲ့ အရာလေးတခုက အောင်မြင်သွားတယ် ဆိုတော့ အတိုင်း မသိဘူး ပေါ့၊ နောက်ပြီး လူတွေ အားလုံးကလည်း ကျမ ထင်တယ်လေ၊ ခံစားချက်ခြင်း ငြိသွားတာ ပါ။ ဆိုလိုတာက Heart To Heart ဖြစ်သွားတာပါ။
မေး။ ။ အခု ထွက်မယ့် နိုင်ငံရေးတွေ မပြောချင်ဘူး အခွေထဲမှာ သီချင်းဟောင်းတွေရော ပြန်ပါတာလား။
ဖြေ။ ။ သီချင်းဟောင်းက မောင့်မျက်ရည်ဝိုင်း ပြန်ပါတယ်။ ကျန်တဲ့ သီချင်းတွေကတော့ အကုန်အသစ်တွေပါပဲ။
မေး။ ။ တေးရေးနိုင်မြန်မာရဲ့သား လူငယ်ရက်ပါ အဆိုတော် ဗျူဟာနဲ့လည်း ရက်ပ် စာသားတွေကို လိုက်ပြီး ဆိုထားတာ တွေ့ရပါတယ်။ ဘာသီချင်းပဲ ဖြစ်ဖြစ် ဆိုနိုင်တဲ့ အဆိုတော် မေခလာလို့ ပြောရင် ဟုတ်ပါသလား။
ဖြေ။ ။ ဒါကတော့ အနုပညာသမား ဆိုတော့ နည်းနည်း ကြိုးစားတာပေါ့နော်။ ဘာလို့လဲဆိုတော့ ကလေးတွေ ခေတ်လေ၊ ကျမတို့က လူကြီးတွေ ဖြစ်ကုန်ကြပြီ။ နောက်ပြီး ဗျူဟာက ကျမကို ဘယ်လို ပြောလည်းဆိုတော့ ကျမက အရမ်း Update ဖြစ်တယ် တဲ့၊ သူတို့တောင် မနိုင်ဘူး တဲ့။ ဒါဆို အဲဒီ တချက်တော့ ရေးလိုက်ဟာ လို့။ ဒါနဲ့သူက ကျမ Update ဖြစ်တာကို ရေးလိုက်တဲ့သီချင်း၊ ကိုယ်က အဖွားကြီး စတိုင်မနေဘူးလေ။ ကိုယ်တိုင်က ပေါ့ပေါ့ပါးပါးနဲ့ Relax ဖြစ်တာကို ကြိုက်တာ။
မေး။ ။ နိုင်ငံရေးတွေ မပြောချင်ဘူး သီချင်းက ပထမ ဗီဒီယိုရိုက်ဖို့ အစီအစဉ်မရှိဘူးလို့ သိရတယ်။ Making ရိုက်ရင်း ဗီဒီယို ရိုက်ဖြစ်သွားတာလို့ သိရတယ်။
ဖြေ။ ။ အဲဒါက Making လေးနဲ့ ရိုက်လိုက်တာ၊ အဲဒီမှာလည်း ဟဲလေးနဲ့ Setting လေးလုပ်ပြီး ရိုက်တဲ့အခါ ဒါကလည်း ကျမရဲ့ အိုင်ဒီယာပါပဲ၊ ဘယ်လိုကြောင့်လဲ ဆိုတော့ ဒါက အခြေခံ လူတန်းစားကို ရည်ညွန်းတဲ့အတွက် ဒီလိုမျိုး ပုံစံရိုက်ဖြစ်ခဲ့တယ်။
မေး။ ။ ဗီဒီယိုမှာက သီချင်းထက်ရော၊ အဆိုတော် မေခလာရဲ့ သရုပ်ဆောင် ပုံဖော်မှုကြောင့်ရော ပရိသတ် ကြိုက်ကြတယ် ဆိုတော့ ကိုယ်ပုံဖော်တဲ့ လူတန်းစား အပြင် အကုန်နှစ်သက်ကြတာ ဘာကြောင့်လဲ။
ဖြေ။ ။ အကုန်ပါတာပေါ့။ အစကတည်းက ကျမရဲ့ ရည်ရွယ်ချက်က အဲဒီလိုပဲ နောက်ပြီး Heart to Heart ဖြစ်သွားတာ။ နှလုံးသားချင်း သိသွားကြတာပေါ့။ နောက်ပြီး နိုင်ငံရေးမှာလည်း အခုလက်ရှိ ဒီလို ဖြစ်နေတာ ဆိုတော့ အဲ့ဒါကြောင့် ပေါက်သွားတယ် လို့ ထင်ပါတယ်။
မေး။ ။ နောက်ပြီးတော့ လူမှုရေး ပရဟိတတွေလည်း ခဏခဏလုပ်တယ်ဆိုတော့ အခုရော ဘာတွေ လုပ်နေတယ် ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ဟုတ်ပါတယ်။ အခုလာမယ့် ၂၅ ရက်နေ့မှာလည်း လှည်းကူး မိဘမဲ့ဂေဟာကို သွားမှာပါ။ သွားပြီး လှူစရာ ရှိတာတွေ လှူကြမှာပါ။
မေး။ အခု လက်ရှိ တိုင်းပြည်မှာက ဘယ်လို နေရာတွေမှာ လိုအပ်မှုတွေ ရှိနေလဲ။ အဲဒီအပေါ်ရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ အဲဒါက အကုန်လုံးကို လိုအပ်နေတာ ပါပဲ။ ပညာရေးနဲ့ ကျန်းမာရေးကတော့ အထူးကို လိုအပ်ပါတယ်။
မေး။ ။ အနုပညာရှင် တယောက်အနေနဲ့ ကိုယ်တတ်တဲ့ အနုပညာနဲ့ လိုအပ်တဲ့နေရာတွေကို ဘယ်လိုများ ဖြည့်ဆည်း နေတယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ကျမက လူမှုရေးသမား ဖြစ်တဲ့ အတွက် တတ်နိုင်သလောက် လှူဖြစ်ပါတယ်။ အခု အောက်တိုဘာ ၂၅ ရက်မှာ မိဘမဲ့ဂေဟာမှာ သူတိုရဲ့ ပညာရေး ကျန်းမာရေး အတွက် သွားပြီး လှူမှာ ဖြစ်ပါတယ်။ အဲဒီမိဘမဲ့ကျောင်းက မှော်ဘီမှာပါ။ အဓိကကတော့ ကိုယ်လှူနိုင်တဲ့ အလှူလေးပေါ့။ ဒီဘက်က ပိုက်ဆံရ၊ ဒီဘက်ကနေ တတ်နိုင်သလောက် ပြန်လှူနဲ့ ဒီလိုနဲ့ ကျမတို့လည်း Recycle လည်နေကြတာပါပဲ။
မေး။ ။ အခု အခွေ ထွက်မယ်ဆိုတော့ သီချင်းပေါက်ဖို့ တေးရေးနိုင်မြန်မာကို အပ်ခဲ့တာ ဆိုတော့ သူ့ကို ရေးခိုင်းရင် ပေါက်မယ်ဆိုတာ သိနေတာပါလား။
ဖြေ။ ။ သိတယ်၊ သိတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့လိုင်းလေ၊ သူက ဒါမျိုးဆို တအားကို သိပ်စိတ်သန်တယ်။ ပြီးတော့ ကိုနိုင်ကြီး ဆိုတာကလည်း ဘဝသမားလေ။ သူက သိပ်ပြီး ချမ်းသာပြည့်စုံတဲ့သူ မဟုတ်ဘူး။ မိသားစုတွေ အများကြီးနဲ့ မနည်း ကြိုးစားနေရတဲ့ ဆရာပါ။ ဒါကြောင့် ကိုယ်က ဒီလို တေးရေးဆရာကြီးတွေ ကိုလည်း ကျန်းမာ စေချင်တယ်၊ အသက်ရှည်စေ ချင်တယ်၊ တိုးတက် စေချင်တယ်။ ကိုယ့်ဆရာတွေက ဆင်းရဲကြတယ်လေ။
မေး။ ။ ပေတရာမှာ မေခလာ ထွက်ပြီး သပိတ်မှောက်လိုက်ရ မလား ဆိုတဲ့စာသားကို ကြိုက်ကြတယ်၊ ကိုယ်တိုင်ရော ဘယ်လို အခြေအနေမျိုး ကြုံတွေ့ရင် သပိတ်မှောက်မှာလဲ။
ဖြေ။ ။ ဒါကတော့ သီချင်းထဲက ခံစားချက်တွေ ပေါ့။ သူက သူ့ယောက်ျားက မတရားနှိပ်စက်တာ၊ အနိုင်ကျင့် တာလေ၊ ဘာမှလည်း မပေးဘူး၊ သူပဲ အနစ်နာခံရတယ်။ ဒီတော့ သူက ကြာတော့ စိတ်တွေက ပေါက်လာပြီးတော့ ငါထွက်လာပြီးတော့ သပိတ်မှောက်လိုက် ရမလား။ အဲဒီသဘောကို ဆိုလိုက်တာပါ။ ဒါပေမယ့် ကြာလာတော့ ကြည့်လိုက်တဲ့ သူတွေက Two ways ပေါ့။ တချို့ဘက်က လူတွေက ကျမကို Against လုပ်တယ် ထင်ရင် ထင်ကြမှာ ပေါ့။ ဒါပေမယ့် ဒါက ရိုးရိုးရှင်းရှင်းလေးပါ။ စိတ်ထားကြီးကြီးနဲ့ တွေးတတ်ရင် ဒါဟာ ဘာမှမဟုတ်ပါဘူး။ အိမ်တိုင်း အဆင်မပြေတဲ့ ဟာကို ရေးပေးတဲ့ အကြောင်းအရာ လေးပါ။ တဖက်က ဒါကို ကျမက Against လုပ်တယ်လို့ ထင်ရင် ဒါဟာ သူတို့စိတ်ထား နည်းနည်း ကလေးဆန်လို့ပဲ။ ကျမ အတွေးက ဒီလိုမျိုးဆိုရင် ကိုယ့်အနေနဲ့ လက်ဆွဲခေါ် လိုက်မှာ။ သူ ဒါဆို တတ်တာပဲ၊ ဆိုရဲတာပဲ မှန်တယ် ဆိုပြီး ဒီလိုလုပ်ရမှာ၊ လုပ်သင့်တယ်လေ။ ဒါပေမယ့် ကျမ ထင်ပါတယ်။ သူတို့လည်း နားလည်မှာ ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက ကျမက တော်လှန်ပုန်ကန်တာ မဟုတ်ဘူးလေ။ အခြေခံကျနေတဲ့ လူတန်းစားတွေကို လက်ညှိုးထိုး ပြတာလေ။ တကယ်ရော မရှိဘူးလား။ ရှိတာကို အမှန်အတိုင်း ပြပေးတာပါ။ အဲဒီ သဘောပါ။
မေး။ ။ ဒါဆို အဲဒီလူတန်းစား အိမ်ထောင်ရှင်မတွေ ကိုယ်စား မမေခလာကရော ဘာများပြောချင်တာ ရှိမလဲ။
ဖြေ။ ။ သူတို့တွေ ချမ်းသာမှ၊ ကျန်းမာမှ၊ သူတို့တတွေ အသက်ရှည်မှာပါ။ နေမကောင်းလို့ ဆေးရုံတက်ရရင် သိန်း ဘယ်လောက်လောက် ရှိရလဲ။ စားဖို့တောင် အနိုင်နိုင်ဆိုရင် သေပေါ့။ အဲဒီလို ဖြစ်ရင် အဲဒီလို အခြေအနေကို သူတို့က စောင့်နေရတာ လေ။ အဲဒီလို အခြေအနေကို မဖြစ်စေချင်ပါဘူး။ ပြည်သူ့ ဆေးရုံကြီး ဆိုရင်လည်း တကယ့်ကို တိုးတက်ပြီးတော့ လူတန်းစားမရွေး တတ်နိုင်တဲ့ ဆေးရုံမျိုး ဖြစ်စေချင်တာပါ။ ကျောင်းတွေဆိုရင်လည်း တကယ့်ကို အထက်တန်း ကျကျ ကျောင်းတွေ ဖြစ်စေချင်တာပါ။ အဓိက ကျန်းမာရေးနဲ့ ပညာရေးကို ကောင်းကောင်း ဖြစ်စေချင်ပါ တယ်။ ။