နိုင်ငံတကာက စောင့်ကြည့်နေသော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည် ဖြစ်ရာ ရက်သတ္တပတ်ပေါင်း၂ ပတ် ကျော်သာ လိုတော့သည်။ အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင် ကြမည့် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများထဲတွင် ရန်ကုန် တိုင်း၊ မှော်ဘီမြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြု ဝင်ရောက် ရွေးကောက်ခံမည့် ဦးအောင်ဝင်းလည်း အပါအဝင် ဖြစ်သည်။
ဦးအောင်ဝင်းသည် တပ်မတော်တွင် ၈၈ အရေးအခင်း မတိုင်မီ ကာလအထိ နှစ်ပေါင်း ၂၀ ကျော် တာဝန် ထမ်း ဆောင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် NLD ပါတီ၏ မှော်ဘီမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်သည်။ ဦးအောင်ဝင်း ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် ကျေးရွာအုပ်စု ၄၃ ရွာ ရှိပြီး၊ မဲပေးခွင့် ရှိသူဦးရေ ၁ သိန်းခွဲခန့်ရှိသည့် နယ်မြေလည်း ဖြစ်သည်။ ဦးအောင်ဝင်းအား တပ်မတော်မှ NLD ပါတီဝင် အဖြစ်သို့ ရောက်ရှိလာပုံ၊ နိုင်ငံရေး ခံယူချက်၊ မဲဆွယ် စည်းရုံးမှုများနှင့် မျှော်မှန်းထားသည့် လွှတ်တော် နိုင်ငံရေးနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာနမှ သတင်းထောက် တင်ထက်ပိုင်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ မဲဆွယ်စည်းရုံးမှုအတွက် ဘယ်နှစ်ရွာလောက် သွားခဲ့ပြီးပြီလဲ။
ဖြေ။ ။ အကုန်လုံး သွားပြီးသွားပြီ။ ဒုတိယ တခေါက် ပြန်ပတ်နေတယ်။
မေး။ ။ အဲဒီရွာတွေမှာ မဲဆွယ်စည်းရုံးတဲ့အခါ ဘယ်လိုအခြေအနေမျိုးတွေ တွေ့ခဲ့ရလဲ။ သူတို့ရဲ့ နိုင်ငံရေး ရေချိန်ပေါ့။
ဖြေ။ ။ ရွာတွေရဲ့ အခြေအနေက ကောင်းပါတယ်။ သူတို့က တော်တော် တက်တက်ကြွကြွနဲ့ NLD ကိုပဲ စိတ်ဝင်စားကြတာ များပါတယ်။ တော်တော်လေး ကောင်းပါတယ်။
မေး။ ။ မှော်ဘီမှာက စစ်တပ်တပ်ရင်းတွေက အရမ်းများတယ်။ သူတို့မိသားစုဝင်တွေလည်း များမှာပဲ။ အဲဒီတော့ သူတို့ရဲ့တုံ့ပြန်မှုကရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ဟိုး..အရင်ကနဲ့ စာရင်တော့ တော်တော်ပြောင်းသွားပါပြီ။
မေး။ ။ ဘယ်လို ပြောင်းသွားတာမျိုးလဲ။
ဖြေ။ ။ တပ်တွေက ကျနော်တို့ဆီကို လာတယ်။ Pamphlet (လက်ကမ်းကြေငြာ) တွေ တောင်းတယ်။ တချို့ ဆို အရာရှိတွေ ပါလာတယ်။ ကျနော်တို့ တပ်တွေရှေ့ကနေ ကမ်ပိန်းကားတွေ ဖြတ်သွားတဲ့အခါ ထွက်လာပြီး တော့ Pamphlet တွေ တောင်းတယ်။ စာရွက်စာတမ်းတွေ တောင်းတယ်။ စိတ်ဝင်စားလာကြပြီ။ တချို့ဆို လွတ်လွတ် လပ်လပ်နဲ့ မဲထည့်မှာပါလို့ ပြောတဲ့သူတွေလည်း ရှိတယ်။ အရင်ခေတ်ပေါ့၊ ပြီးခဲ့တဲ့ကာလ တွေနဲ့ စာရင်တော့ တပ်ကတော့ တော်တော်ပြောင်းသွားပါပြီ။
မေး။ ။ ဦးအောင်ဝင်းအနေနဲ့ စစ်မှုလည်း ထမ်းခဲ့ဖူးတယ်။ သမ္မတ ဦးသိန်းစိန်တို့၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့နဲ့လည်း ဗိုလ်သင်တန်းကျောင်း အပတ်စဉ် တခုတည်းဆင်းတယ်လို့ သိရတာ ဟုတ်ပါလား။
ဖြေ။ ။ ကျနော်က DSA အပတ်စဉ် ၉ ကို တက်တော့ အတူတူပဲ။ သူငယ်ချင်းတွေပေါ့။ ဆင်းတော့လည်း အတူတူပဲ။ ၁၉၆၃ – ၁၉၆၇ ပေါ့။ အဲဒီမှာ ၄ နှစ်စလုံး အတူတူနေခဲ့ကြတဲ့ သူငယ်ချင်းတွေပါပဲ။
မေး။ ။ အဲဒီအချက်ကတော့ တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်။ ဘယ်အချိန်အထိ တပ်ထဲမှာ စစ်မှုထမ်းခဲ့ပါလဲ။ ဘယ်အချိန်မှာ ဒီနိုင်ငံရေး လှုပ်ရှားမှုတွေဘက် ရောက်ခဲ့တာပါလဲ။
ဖြေ။ ။ တပ်ထဲမှာ နေခဲ့တာကတော့ တပ်ရင်းတော်တော်များပါတယ်။ တပ်ရင်းတွေမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရတာ များပါတယ်။ စစ်ဆင်ရေးတပ်တွေမှာ နေတာများတယ်။ စစ်ဆင်ရေးတပ်ကလွဲလို့ နောက်တပ် တခု နေဖူးတာတော့ ဗိုလ်သင်တန်းကျောင်းပေါ့။ ဗိုလ်သင်တန်းကျောင်းမှာ ၃ နှစ်လောက်နေတယ်။ အဲဒီမှာ ဗိုလ်လောင်းတွေကို စာသင်တယ်။ အဲဒါကလွဲရင် စစ်ဆင်ရေးတပ်တွေမှာ နေတာများတယ်။ ၁၉၈၅ လောက်မှာ ဒုတိယအကြိမ် ဒဏ်ရာရတယ်။ ဆေးစစ်နိမ့်တယ်။ Category Down တယ်ပေါ့။ Category Down ရင် တပ်က နေလို့မရဘူး။
အဲဒီတော့ ပျားမွေးမြူရေးကို ပြောင်းရတယ်။ Civil ပေါ့။ ပျားမွေးမြူရေးမှာ တိုင်းဦးစီးမှူး တာဝန်တွေ ပြည်နယ် ဦးစီးမှူး တာဝန်တွေ ထမ်းဆောင်တယ်။ ထမ်းဆောင်နေရင်းနဲ့ပဲ ၈၈ ရောက်လာတယ်။ ၈၈ ဟာ တနိုင်ငံလုံးပဲ။ တနိုင်ငံလုံး အရေးတော်ပုံကြီးဖြစ်တယ်။ လူတွေက ကိုယ့်နေရတဲ့ ဘဝတွေကို မကျေနပ်ကြတော့ဘူး။ အဆင် မပြေမှုတွေ များလာတဲ့အခါမှာ နောက်ဆုံးမှာ ကျောင်းသားကိစ္စတွေနဲ့ ပတ်သက်ပြီး တနိုင်ငံလုံးမှာ အုံကြွမှုတွေ ဖြစ်တယ်။ ဖြစ်တဲ့အခါမှာလည်း စစ်တပ်က နှိမ်နင်းတဲ့အခါ ဆိုးတယ်။ ကျနော်ကတော့ စစ်တပ်ထဲမှာ နေစဉ် အခါကရော ဗီဇစိတ်ထဲမှာရော မဟုတ်တာမတရားတာတွေ မကြိုက်ဘူး။ ကိုယ်တိုင်လည်း ဘယ်တော့မှ မလုပ်ဘူး။ မလုပ်တဲ့ အပြင်မှာ မဟုတ်တာတွေကို ပြင်ချင်တယ်။ မတရားတာတွေ ပြင်ချင်တယ်။
မတရားတာတွေ ပြင်ချင်တဲ့စိတ်ကရှိတော့ ပြည်သူတွေဘက်က မှန်တယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် ၈၈ မှော်ဘီသပိတ်မှာ ပါလိုက်တာပဲ။ ယူနီဖောင်းဝတ်လျက်နဲ့ပဲ။ ၈၈ ကတော့ ရုတ်ချည်းပဲ အင်မတန်ကြီးမားတဲ့ အရှိန်အဟုန်နဲ့ ဖြစ်တာ။ ပထမတော့ နှစ်ပေါင်းများစွာ လူတွေရဲ့ မကျေနပ်မှုတွေ၊ ဒုက္ခရောက်မှုတွေနဲ့ အစပျိုး လာတယ်။ ဒါပေမယ့် ၈၈ ဖြစ်ပြီဆိုတဲ့အခါကျတော့ တအားမြန်တယ်။ ဒီအရေးအခင်းကြီးရဲ့ အရှိန်အဟုန်ကလေ။ ကျနော်တို့ကတော့ မှော်ဘီမြို့နယ်မှာ လုပ်တယ်။ မှော်ဘီမြို့နယ်မှာ ၂ ပိုင်း ရှိတယ်။ ကျောင်းသားတွေက အဓိက သပိတ်ကိုလုပ်တယ်။ ကျနော်တို့ လူကြီးတွေက ကြီးကြပ်ထိန်းသိမ်းရေးဆိုတဲ့ အဖွဲ့ကို ဖွဲ့ပြီးတော့ ဒီသပိတ်ကိုရော မြို့နယ်ကိုရော သက်ဆိုင်ရာ အာဏာပိုင်တွေက အကုန်လုံး စွန့်လွှတ်သွားတာ။
ရဲကလည်း လုံခြုံရေး မလုပ်တော့ဘူး။ အုပ်ချုပ်ရေးဌာနကလည်း မအုပ်ချုပ်တော့ဘူး။ အဲဒီလို ထားခဲ့တဲ့အချိန်မှာ ကျနော်တို့က သူတို့ကိုယ်စား ကြီးကြပ်ထိန်းသိမ်းရေးဆိုတဲ့ အဖွဲ့လေးဖွဲ့ပြီးတော့ တဖက်ကလည်း သပိတ်ကို လုပ်တယ်။ သပိတ်က ကျောင်းသားတွေ လုပ်နိုင်ကိုင်နိုင်အောင် ကူညီပေးတယ်။ တဖက်ကလည်း ကျနော်တို့ မြို့တွေရွာတွေ ကစဉ့်ကလျား မဖြစ်အောင် လုံခြုံရေးတွေ အုပ်ချုပ်ရေးတွေကို လုပ်ပေးတယ်။ အဲဒီမှာ ကျနော် စပြီး ပါခဲ့တာပါပဲ။ ကျနော်ကလည်း ယုံကြည်မှုနဲ့ ပါလာတာပါ။ မှော်ဘီရဲ့သပိတ်ဟာ ဝန်ထမ်းသပိတ်လို့တောင် ပြောလို့ရပါတယ်။ အားလုံးဝန်ထမ်းတွေ ပါလာတယ်။ ဝန်ထမ်းတွေအားလုံးဟာ စနစ်တကျ လုပ်ကြတဲ့အတွက် မှော်ဘီသပိတ်ဟာ တော်တော်ကောင်းပါတယ်။ အတော် စည်းကမ်းရှိတယ်။
မေး။ ။ ၈၈ အရေးအခင်းမှာ ပါဝင်လိုက်တဲ့အတွက် ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားလဲ။
ဖြေ။ ။ အရေးအခင်းလည်းပြီးရော စစ်တပ်က အာဏာသိမ်းလိုက်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ အဖမ်းခံရတာပဲ။ ထောင်ထဲမှာ ၁ နှစ်ခွဲလောက် နေခဲ့ရတယ်။ ကျနော့်ကို ဖမ်းတဲ့ ပုဒ်မကတော့ ၁၀/က နဲ့ ဖမ်းတယ်။ အင်းစိန်ထောင်မှာပါ။ ဖမ်းတဲ့ ပုဒ်မက ထိန်းသိမ်းတဲ့ ပုဒ်မ။
မေး။ ။ ထောင်ကထွက်လာပြီး နောက်ရော။
ဖြေ။ ။ ကျနော်တို့ အရေးအခင်းအပြီး အထဲမဝင်ခင် ရက်လေးမှာပဲ NLD ဖွဲ့ဖို့ လုပ်ကြတယ်။ အဲဒီလို ဖွဲ့တုန်း တန်းလန်းမှာပဲ ကျနော်တို့ ထောင်ထဲဝင်သွားရတယ်။ ၈၈ ပြီးတာနဲ့ တန်းဖွဲ့လိုက်တာကိုး။ ကျနော်တို့က အထဲဝင်သွားရတော့ ကျနော်တို့နဲ့ အဖွဲ့ဖွဲ့စည်းမှုနဲ့ ကင်းကွာသွားတယ်။
ကျနော် ၁၉၈၉ ခုနှစ် ဒီဇင်ဘာမှာ ပြန်လွတ်လာတယ်။ ၁ နှစ်ခွဲ နီးပါးလောက်တော့ ကြာပါတယ်။ နိုင်ငံရေး အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတော့ NLD ဖွဲ့ပြီးပြီ။ NLD က ၉၀ ခုနှစ် ရွေးကောက်ပွဲကို ဝင်ဖို့ပြင်နေပြီ။ ပြင်နေတော့ မှော်ဘီမြို့နယ် အောင်နိုင်ရေး ဥက္ကဌအဖြစ် လုပ်ပေးခဲ့တယ် ၉၀ ရွေးကောက်ပွဲမှာပါ။
မေး။ ။ ၉၀ ရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့အခြေအနေတွေ အပြောင်းအလဲတွေကရော နိုင်ငံရေး လှုပ်ရှားမှုတွေအပေါ် ဘယ်လိုသက်ရောက်မှုမျိုးတွေ ဖြစ်ခဲ့ပါလဲ။
ဖြေ။ ။ အဲဒီအချိန်မှာ ကိုယ်ကပါတီဝင် ဖြစ်နေတယ်ဆိုတော့ ပါတီရဲ့ခေါင်းဆောင်မှုအတိုင်း သွားခဲ့တယ်။ ပါတီဝင် တော်တော်များများက အဖမ်းခံရတယ်။ ပါတီဝင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေ ပါပါတယ်။ အဲဒီလိုတွေဖြစ်တော့ NLD ဟာ တော်တော်အင်အားနည်းသွားတယ်။ သူတို့ကတော့ဆက်ပြီး အာဏာ ထိန်းသိမ်းပြီးတော့ နဝတတို့ဘာတို့ ဖွဲ့ပြီးတော့ တခါတည်း အုပ်ချုပ်တော့တာပါပဲ။ ကျနော်တို့ကတော့ ဒီမှာ ပါတီဝင် ဖြစ်နေပြီ။ မြို့နယ်မှာ ပါတီရှိနေပြီ။ သို့သော် ဘာမှလုပ်လို့မရဘူး။
ဒါပေမယ့် ကျနော်က ဗဟိုနဲ့ အဆက်မပြတ်ဘူး။ နိုင်ငံရေး အဆက်မပြတ်အောင်တော့ လုပ်နေတာပေါ့။ သို့သော် စစ်တပ်က ဒီလိုအုပ်ချုပ်လိုက်ပြီ ဆိုတဲ့အတွက် ထိထိရောက်ရောက် ဆန့်ကျင်မှုတော့ မလုပ်နိုင်ပါဘူး။ ထိထိရောက်ရောက် ဆန့်ကျင်မှုလုပ်ရင်လည်း အဖမ်းခံရမှာပဲ။ ကျနော်တို့က အင်အားပြုန်းတီးတာပဲ ဖြစ်မယ်လေ။ ဗဟိုကတော့ နိုင်ငံရေးအရ လုပ်သင့်လုပ်ထိုက်တာတွေ အကုန်လုပ်ပါတယ်။ ဗဟိုရဲ့ လမ်းညွှန် ချက်အောက်မှာပဲ လုပ်တယ်။ တကယ်တမ်းကတော့ ဘာမှထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပါဘူး။
မေး။ ။ ကိုယ်ရွေးချယ်ခဲ့တဲ့ ရွေးချယ်မှုအတွက် နောင်တရတဲ့ အချိန်မျိုး ရှိဘူးပါလား။
ဖြေ။ ။ နိုင်ငံရေး လမ်းကြောင်းကို ကိုယ်တိုင် ရွေးချယ်ခဲ့တာ။ ဒီ့ပြင် ရွေးချယ်စရာတွေ အများကြီးရှိတယ်။ အလိုက်တသင့်နေခဲ့ရင် ဗိုလ်မှူးကြီးတွေ ဖြစ်မယ်။ ဗိုလ်မှူးချုပ်တွေ ဖြစ်မယ်။ အများကြီးပါ။ ရတာပေါ့။ အဲဒါတွေကို စွန့်လွှတ်ပြီးတော့ ကိုယ်တိုင်ရွေးချယ်ခဲ့တာ။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းအတွက် ကိုယ့်ဆုံးဖြတ်ချက်ကို သဘောကျတယ်။ အခုထိ ဒါနဲ့ပတ်သက်ပြီး နောင်တမရဘူး။
မေး။ ။ မှော်ဘီမှာ အစိုးရဝန်ထမ်းလည်း များတယ်။ စစ်မှုထမ်းလည်း များတယ်။ ဒီလိုနေရာကနေ NLD ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်တော့ အနိုင်ရဖို့ အခြေအနေ ဘယ်လိုရှိပါလဲ။
ဖြေ။ ။ တဖြည်းဖြည်းနဲ့ နိုင်ငံရေး အခြေအနေ ပြောင်းလဲလာပါပြီ။ ပါတီရဲ့ဆုံးဖြတ်ချက်အရ ၂၀၁၀ တုန်း ကတော့ ကန့်သတ်ချက်တွေ သိပ်များတယ်။ ကျနော်တို့ ခေါင်းဆောင်ကလည်း အကျယ်ချုပ်က မလွတ်သေး ဘူး။ တရားမျှတဖို့က မဖြစ်နိုင်သေးဘူးဆိုတော့ ရွေးကောက်ပွဲ မဝင်ဘူး။ ဒါပေမယ့် အဲဒီအချိန်မှာ Alert တော့ ဖြစ်နေပြီ။ ၂၀၁၂ မှာ ဒေါ်စုကစပြီး ခေါင်းဆောင်အချို့ ရွေးကောက်ပွဲ ဝင်ကြတယ်။ ဝင်တဲ့အခါမှာလည်း နိုင်တယ်။ ၄၄ နေရာမှာ ၄၃ နေရာ နိုင်တယ်။ အခုတော့ ရွေးကောက်ပွဲတခု ကြုံပြီ။ နိုင်အောင်လုပ်ရမယ်။ နိုင်တဲ့အခါမှာ အစိုးရဖွဲ့မယ်။ အစိုးရ ဖွဲ့နိုင်ပေမယ့် ဥပဒေတွေ ပြင်လို့မရသေးဘူး။ ဘာဖြစ်လို့လဲ။ ၇၅% ကျော်မှ။ ၇၅% ကျော်အောင် ဘယ်လိုလုပ်ရမလဲ။
လွှတ်တော်ထဲမှာ ဘလိုင်းကြီး လုပ်လို့မရဘူး။ အခြေခံဥပဒေဆိုတာ ချက်ချင်းဖျက် ဆိုပြီး လုပ်လို့မရဘူး။ စစ်တပ်ဟာ ပြောင်းလဲတတ်ပါတယ်။ စစ်တပ်ဟာ ကျနော်တို့ပါတီ တက်တဲ့အခါ အကောင်းဘက်ကို မပြောင်းလဲဘူးလို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ကတော့ အကောင်းဘက်ကို ပြောင်းအောင်၊ သူတို့သဘောပေါက်လာအောင် လုပ်ပေးရမယ်။ သူတို့ကိုယ်တိုင် သဘောပေါက်လာအောင်၊ သူတို့ကိုယ်တိုင် စဉ်းစားလာအောင်၊ အခုဆို သိသာပါတယ်။ အောက်ကလူတွေ စဉ်းစားနေပြီ။ ခေါင်းဆောင်ပိုင်းတော့ မပြောတတ်ဘူး။ အောက်ကလူတွေက အများကြီး စဉ်းစားနေပြီ။
မေး။ ။ ရွေးကောက်ပွဲက တရားမျှတနိုင်မယ်လို့ရော ယုံကြည်မှုရှိလား။
ဖြေ။ ။ မှတ်ပုံတင်ရော သန်းခေါင်စာရင်းရော ရှိထားတဲ့သူက မဲစာရင်းမှာ မပါဘူး။ ဒါကာယကံရှင်ကြောင့် မဟုတ်ဘူး။ စီမံခန့်ခွဲတဲ့ ကော်မရှင်ကြောင့်ဖြစ်တာ။ အဲဒီဟာမျိုးက မဲပေးခွင့်ရှိရမှာပေါ့။ အဲဒီလို ညှိနှိုင်း ဆွေးနွေးမှုနဲ့ ဆောင်ရွက်ရင်တော့ ဖြစ်နိုင်တယ်။ ထိုက်သင့်သလောက်တော့ ရမယ်။ အလုံးစုံတော့ မရနိုင်ဘူး။ မှားထားတာကိုး။ အထိုက်အလျောက်တော့ ရနိုင်ပါတယ်။ ညှိနှိုင်းဆွေးနွေးတာကို သူတို့က လက်ခံရမယ်။ အခြေခံဥပဒေက ဆိုထားတယ်လေ။ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိတယ်။
မေး။ ။ ဘာများ ဖြည့်စွက်ပြီး ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျနော်တို့ လုပ်ရင်းလုပ်ရင်းနဲ့ တော်တော်ခက်မှာတွေ ရှိပါတယ်။ တော်တော်ခက်မယ်ဆိုတာ တဖက် ကကြောင့် ရှိတယ်။ ကျနော်တို့ဖက်ကကြောင့် ရှိတယ်။ ကျနော်တို့ဖက်မှာလည်း စိတ်ထားတွေ ထားနိုင်ဖို့ အတွက်၊ ခံယူဖို့အတွက် အများကြီး ထိန်းရမယ်။ ဒေါ်စုကလည်း ပြောတယ်။ ဘာပဲဖြစ်ဖြစ် သည်းညည်း ခံလိုက်ပါ။ တရားဥပဒေအရ တုံ့ပြန်တာကလွဲလို့ ကိုယ်ထိလက်ရောက် ဘာကိုမှ မတုံ့ပြန်ပါနဲ့လို့ သူမှာထားတယ်။ ကျနော်တို့ အဲဒီအတိုင်း လိုက်နာတယ်။ ကျနော်တို့ပါတီ အာဏာရသွားရင်လည်း ငါတို့အာဏာရပြီဆိုပြီးတော့ တဖက်ကို လုပ်ချင်ကိုင်ချင်တဲ့သူတွေ ရှိလာမှာပဲ။ အဲဒါကို စိုးရိမ်တယ်။ အဲဒါကို ထိန်းရမယ်။
နောက်ပြီးတော့ ဒေါက်တာအောင်သူတို့လို ပညာရှင်တွေ။ သူတို့မှာ နိုင်ငံရေးအတွေ့အကြုံတွေ ဘာမှမရှိရင် နေပါစေ။ နိုင်ငံထူထောင်တဲ့ အခါမှာ သူတို့ဟာ အရေးကြီးတယ်။ သူတို့ကို ကျနော်တို့က လေးစားရမယ်။ ဒါပေမယ့် တချို့ကကျတော့ သူတို့က နိုင်ငံရေး ဘာမှလုပ်ဖူးတာ မဟုတ်ပါဘူးကွာဆိုပြီး ရှိတယ်။ အဲဒါတွေလည်း ထိန်းရမယ်။ အဲဒါမျိုးတွေ အဖွဲ့ထဲမှာ မရင့်ကျက်တဲ့သူတွေ တော်တော်များများ ရှိပါတယ်။ တကယ်လုပ်မယ့် ကိုင်မယ့်သူတွေ အပေါ်မှာ ဝေဖန်တာတို့ ဘာတို့မဖြစ်အောင် ထိန်းရမယ်။ ဒီပညာရှင်တွေ အဓိက လိုတယ်။ ဒီပညာရှင်တွေရှိမှ တိုးတက်မှာ။ ဖွံ့ဖြိုးမှုဖြစ်အောင် ဒီလူတွေပဲ လုပ်ရမှာ။ ဒါကို နားလည်ဖို့ လိုတယ်။ လုပ်ကြတဲ့ အခါမှာ ပညာရှင်တွေ အပိုင်းက နိုင်ငံရေး လှုပ်ရှားတဲ့သူတွေ၊ စီမံခန့်ခွဲတဲ့သူတွေ စည်းချက်ညီညီရှိမှ အောင်မြင် မှာ။ တယောက်နဲ့တယောက်လည်း အပြန်အလှန် လေးစားရမယ်။ တယောက်နဲ့တယောက် နားလည်မှုရှိရင် အောင်မြင်မှာပါ။