မြန်မာ့စီးပွားရေးလောကအတွင်းက မိရိုးဖလာစီးပွားရေးလုပ်ငန်းတွေ ရေရှည်တည်တံ့ဖွံ့ဖြိုးဖို့ ဝိုင်းဝန်း လုပ်ဆောင်ကြရတော့မယ့် အချိန်ရောက်လာပါပြီ။
မိရိုးဖလာလုပ်ငန်းတွေထဲမှာ စားသောက်ကုန်လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ပါဝင်တယ်။ လက်ရှိအခြေအနေမှာ လုပ်ငန်းအများစုက တိုးချဲ့နိုင်ဖို့ အသာထား လုပ်ငန်းမပြိုလဲအောင် ကျားကန်နေကြရတယ်။
မန္တလေးမြို့မှာ အထင်ကရရှိတဲ့ မလိုင်ပေါက်စီဆိုင်ဟာ တမြို့လုံးပေါင်းလို့ လက်တဖက် (၅ဆိုင်) မပြည့်တော့ဘူး။ ကား ပစ္စည်း၊ ဆိုင်ကယ်ပစ္စည်း ပြုလုပ်ပေးတဲ့ တွင်ခုံဆရာအချို့ ဈေးထည်ပစ္စည်း ပြောင်းလုပ်နေကြရတယ်။ အိမ်တော်ရာ ထီးလုပ်ငန်း ပျောက်ကွယ်သွားတာ ကာလအတော်ကြာပြီ။ မြို့မျက်နှာဖုံးအဖြစ် ဂုဏ်သိက္ခာရှိရှိ တလျှောက်လုံး ရပ်တည်ခဲ့တဲ့ ကုန်စည်ဒိုင်က ပွဲစားကြီးအချို့ ခေတ်ကာလအလိုက် ရောင်းရေးဝယ်တာ ပုံစံပြောင်းသွားလို့ လုပ်ငန်းနားထားရတယ်။
နည်းပညာလှိုင်းလုံးတွေ တဝုန်းဝုန်းအောက်မှာ အချို့လုပ်ငန်းတွေ ဝါးမျိုခံလိုက်ကြရတယ်။ နည်းပညာက ကမ္ဘာကြီးကို
ရွာကြီးတရွာ ဖြစ်စေခဲ့တယ်။ မြန်မာနိုင်ငံလို တတိယကမ္ဘာက နိုင်ငံ မဆိုထားနဲ့။ စက်မှုထိပ်သီးနိုင်ငံတွေသည်ပင် နည်း ပညာစက်ကွင်းက မလွတ်ခဲ့ဘူး။ ကက်ဆက်တွေ ဗီဒီယိုပြစက်တွေ အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချလို့ ကောင်းနေဆဲမှာ ပဲ စီဒီဖွင့်စက်တွေ ဒီဗီဒီဖွင့်စက်တွေ ပေါ်လာတော့ ဂျပန်နိုင်ငံက ဧရာမ အီလက်ထရောနစ်ကုမ္မဏီတွေလည်း ခွက်ခွက်လန် အရှုံးပေါ်ကုန်တယ်။ စီအီးအိုတွေ နုတ်ထွက်ပေးလိုက်ရတဲ့ သာဓက တွေရှိခဲ့တယ်။
မနေ့တနေ့ကအထိ အမ်ပီသရီး အမ်ပီဖိုး ပလေယာတွေကို ကျနော်တို့ဆီမှာ တောရောမြို့ပါ အသုံးတည့်ခဲ့ကြတယ် မဟုတ် လား။ အခု အဲဒါတွေ ဘယ်သူမှ မကိုင်ကြတော့ဘူး။ စမတ်ဖုန်းတွေက ဘက်စုံသုံး ပစ္စည်းဖြစ်လာနေကြပြီ။
တကယ်တော့ လက်တွေ့လုပ်နေရတဲ့ ပြည်တွင်းက မိရိုးဖလာ လုပ်ငန်းရှင်တွေမှာ အခက်အခဲများစွာ ရှိနေတယ်။ အထူး သဖြင့် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေကြသူတွေမှာ နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက် စတဲ့ အကန့်အသတ်တွေ
ရှိနေကြတယ်။ အိမ်တွင်းမှု လုပ်ငန်းတွေမှာ ပိုပြီး အခက်အခဲကြုံကြရတယ်။ အိမ်တွင်းမှုလုပ်ငန်းဖြစ်လို့ ထွက်ကုန်များများ ရအောင်မလုပ်နိုင်ဘူး။ ကျွမ်းကျင်လုပ်သား ရှားပါးတယ်။ နည်းပညာနဲ့ အလှမ်းဝေးလို့ လူအားနဲ့ အားစိုက် လုပ်နေကြရ တယ်။ ထွက်ကုန်အရေအတွက် နည်းလွန်းတာကြောင့် ဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် မထိုးဖောက်နိုင်ဘူး။ အရင်း အနှီးအများကြီး မစိုက်ထုတ်နိုင်ဘူး။
အခုလို သီတင်းကျွတ်ကာလမှာ ပိုသိသာတယ်။ မိရိုးဖလာ မီးပုံးလုပ်သူတွေ တဖြည်းဖြည်း နည်းလာနေတယ်။ တရုတ်နိုင်ငံ လုပ် ရောင်စုံမီးပုံးတွေကိုသာ ဈေးကွက်မှာ အတွေ့ရများလာတယ်။ ပြည်တွင်းဖြစ် ရောင်စုံမီးပုံးတွေက လက်နဲ့လုပ်ရတာ ဖြစ်လို့ အမြောက်အမြားလည်း မထုတ်နိုင်ဘူး။ တရုတ်ပြည်လုပ် ရောင်စုံမီးပုံးတွေက လိုသလောက်ရတယ်။စက်နဲ့လုပ်တာ ဖြစ်လို့ သပ်ရပ်မှု ပိုတယ်။ ဈေးကွက်ဝယ်လိုအား ရှိသလောက် ထုတ်ပေးနိုင်တယ်။ ဖိနပ်လုပ်ငန်းတွေလည်း ဒီအတိုင်းပဲ။ ပြည်တွင်းဖြစ် ဖိနပ်တွေက ခိုင်ခံ့မှုမှာ သာပေမယ့် ဈေးကွက်မှာ ပြည်ပက ဖိနပ်တွေသာ များတယ်။
သုံးစွဲသူတွေရဲ့ ခံယူချက်ကလည်း ပြောင်းလာတယ်။ ခိုင်ခံ့တဲ့ ဖိနပ်တရံကို အကြာကြီး စီးတာထက် ဈေးသင့်ပြီး ဒီဇိုင်း ဆန်းတဲ့ ဖိနပ်တွေကိုပဲ သုံးလေးရံ ပြောင်းပြီး ထည်လဲထည်ချွတ်စီးတဲ့ သူတွေ ပိုများလာတယ်။ ဖိနပ်တရံကို မပျက်မချင်း စီးမယ်ဆိုတဲ့သူက ဒီနေ့ခေတ်မှာ မရှိသလောက် နည်းသွားပြီ။ (အရင်ကတော့ ဖိနပ်သဲကြိုးပြတ်ခဲ့ရင်တောင် သဲကြိုး လဲ လှယ်ပြီး စီးခဲ့ကြရတာပါ။)
မိရိုးဖလာလုပ်ငန်းတွေ ရေရှည်မရပ်တည်နိုင်တာ စာရင်းဇယား မနိုင်နင်းတာလည်း အဓိကကျတဲ့ အချက်ထဲမှာ ပါတယ်။ မိရိုးဖလာ လုပ်ကိုင်နေကြတဲ့လုပ်ငန်းအချို့ အခုချိန်ထိ စာရင်းမရှိ အင်းမရှိ လည်ပတ်နေကြဆဲဖြစ်တယ်။ ရရန်ပေးရန် စာ ရင်းသွင်းထားတဲ့ လုပ်ငန်းရှင်က နည်းပါးတယ်။ ဘဏ်နဲ့ ချိတ်ဆက် လုပ်ကိုင်တဲ့သူ အရေအတွက် နည်းပါးနေသေးတယ်။ ရောင်းရတဲ့ ပိုက်ဆံ သေတ္တာထဲထည်၊ ကုန်ဖိုးရှင်းတော့ သေတ္တာထဲက ထုတ်ရှင်း။ ပိုတဲ့ပိုက်ဆံ ငါ့ပိုက်ဆံလို့သဘောထား နေတဲ့လုပ်ငန်းရှင်တွေ အခုထိရှိနေသေးတယ်။
မဝေးတော့တဲ့ ကာလမှာ AFTA (လွတ်လပ်သော အာဆီယံကုန်သွယ်ရေးနယ်မြေ) ကရောက်လာတော့မှာပါ။ ပြည်တွင်း က မိရိုးဖလာလုပ်ငန်းတွေ ဘယ်လိုရပ်တည်ကြမလဲ။ အခုထဲက ပြင်ဆင်ထားပါမှ တော်ကာကျပါလိမ့်မယ်။ ဒေသတွင်း နိုင်ငံတွေက ထုတ်ကုန်တွေ မပြောပလောက်တဲ့ အခွန်ပမာဏနဲ့ လှိမ့်ဝင်လာပါလိမ့်မယ်။ တချို့ထုတ်ကုန်တွေက အခွန် ကင်းလွတ်ခွင့်နဲ့ အလုံးအရင်း ဝင်လာဖို့ တာစူနေကြတယ်။ အခုချိန်မှာကတည်းက ကြိုတင်ပြင်ဆင်မထားရင်လှိမ့်နေ အောင် ခံကြရမှာပါ။
အဲဒီအချိန်ရောက်မှ သူများပစ္စည်း ယူရောင်းနေရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။ ကိုယ့်အမှတ်တံဆိပ်နဲ့ကိုယ် ဂုဏ်သိက္ခာရှိရှိ
ထုတ်လုပ်ရောင်းချနေသူသာ ရှင်သန်ကျန်ရစ်မှာဖြစ်တယ်။
ကျနော်တို့ဆီက မိရိုးဖလာ လုပ်ငန်းအချို့က အခုချိန်ထိ ဆိုင်ခွဲမရှိ (ပင်ရင်းဆိုင်) ဆိုတဲ့ ဆိုင်းဘုတ်ကို အမြတ်တနိုး ချိတ်ဆွဲ နေကြဆဲဖြစ်တယ်။ နိုင်ငံတကာမှာတော့ ကိုယ့်လုပ်ငန်းကို ကမ္ဘာဖြန့်ကြက် ချိတ်ဆက် နိုင်ဖို့ကြိုးစားနေကြပြီ။ ကမ္ဘာကျော် KFC ကြက်ကြော်ကို ရန်ကုန်မြို့မှာတင် စားသုံးလို့ ရနေပြီ။ ကျနော်တို့က အခုချိန်ထိ လက်ညှစ်ရခိုင် မုန့်တီဆိုပြီး ပုံမှန် ဖောက်သည်တွေကိုသာ ဦးတည်ရောင်းချနေဆဲဖြစ်တယ်။ အနုပညာမှာ လက်ဖြစ် (hand made) က ကောင်းပေမယ့် စီး ပွားရေး ကုန်ထုတ်လုပ်မှုမှာတော့ စံချိန်မတိမ်းစောင်းစေဘဲ အမြောက်အမြား ထုတ်နိုင်တာ ဈေးကွက် ပိုကျယ်ပြန့် စေတယ် မဟုတ်ပါလား။
အားကစားဝတ်စုံတွေချုပ်တဲ့ ကမ္ဘာကျော် adidas ကုမ္ပဏီကြီးက လုပ်အားခဈေးချိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လှည့်ပြီး ရင်းနှီးမြှုပ်နှံနေချိန်မှာ အရပ်ထဲက စက်ချုပ်ဆိုင်က ဦးလေးကြီးရဲ့ဆိုင်ရှေ့မှာ မူလ(လက်ဟောင်း) စက်ချုပ်ဆိုင် ဆိုင်ခွဲ မရှိပါဆိုတဲ့ ဆိုင်းဘုတ်က ဆိုင်ရှေ့မှာ အခန့်သား နေရာယူထားတယ်။ ကျနော်တို့ဆီက မိရိုးဖလာလုပ်ငန်းတွေ နည်း ပညာက ရှေ့ဆောင်နေတဲ့ ခေတ်သစ်ကမ္ဘာကြီးမှာ ဘယ်လို တိုးဝင်ကြမလဲ။ ဝိုင်းဝန်း စဉ်းစားကြစေလိုပါတယ်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)