မန္တလေးမြို့မှာ လက်ချိုးရေနိုင်ရုံ အရေအတွက်သာရှိတော့တဲ့ သကြားစက်တွေဟာ တဖြည်းဖြည်းနဲ့ လုပ်ငန်းနေဝင်ချိန်ကို ရောက်လာပါတယ်။ အဲလိုရောက်လာတာနဲ့အတူ မိမိလုပ်ငန်းကို စွန့်ခွာပြီး တခြားလုပ်ငန်းများတွေ ပြောင်းလဲလုပ်ကြတဲ့ အထဲမှာ သကြားလုပ်ငန်းရှင်များလည်း ပါဝင်လာပါတယ်။ လုပ်ငန်းလည်ပတ်မှု အားမကောင်းတော့တဲ့အချိန် ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တခု ထုတ်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ရေဘေးကြောင့် လာမည့်ဘဏ္ဍာနှစ်မှာ လယ်ယာထွက် သီးနှံကဏ္ဍအတွက် ပြည်ပကုန်သွယ်မှု ပမာ ဏ မလျော့ကျစေရန် ရည်ရွယ်ပြီး သန့်စင်ပြီး သကြား (Refine Sugar) အား Re- Export တင်သွင်းတင်ပို့ ခွင့်ပြုခဲ့ခြင်း ဖြစ် ပါတယ်။ အဲလိုတင်သွင်းခွင့်ပြုလိုက်တာဟာ နိုဝင်ဘာမှာ ရောက်ရှိတော့မယ့် ကြံရာသီအသစ်မှာ သကြားလုပ်ငန်းရှင်နဲ့ ကြံ စိုက်တောင်သူတွေအပေါ် ဘာတွေ သက်ရောက်မှု ရှိလာနိုင်မယ်ဆိုတာ မြန်မာနိုင်ငံသကြားနှင့် သကာရည်လုပ်ငန်းရှင် များ ကထိန်တော်အသင်း (မန္တလေး) နာယက ဦးဝင်းဌေးနှင့် ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်း ထားပါတယ်။
မေး ။ ။ မန္တလေးမှာရှိတဲ့ သကြားစက် တော်တော်များများ မကိုက်လို့ စက်တွေ နားလိုက်ကြပြီ၊ ဒီလိုပြည်တွင်း အသေးစား အလတ်စား သကြားစက်ရုံတွေ ရပ်ဆိုင်းလာရတာ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ အဓိကကတော့ လုပ်သားရှားတယ်၊ ကြံခုတ်တဲ့နေရာ၊ ကြိတ်တဲ့နေရာ၊ နောက်ဆုံး ပွက်ရည် ချက်တဲ့နေရာမှာပါ လုပ်သားရှားပါးမှုကို အများစု ရင်ဆိုင်နေရတယ်၊ ကြံစိုက်တောင်သူက ပွက်ရည်ချက်မယ့်အလုပ်ကို စိတ်ဝင်စားမှု နည်းလာ တယ်၊ မနှစ်ကဆို ပေါင်းသကြားစက် ၁၀ လုံးတောင် ပြည့်အောင် မလည်နိုင်ကြဘူး၊ ပြီးတော့ ကုန်ကြမ်းရှားလာတယ်၊ ရှားလာတာနဲ့အညီ ဈေးကြီးလာတဲ့အတွက် တွက်ခြေကိုက်မှုမရှိတော့ဘူး၊ လက်ရှိအခြေအနေအရဆို မန္တလေးမှာ သကြား စက် ၂ စက်ပဲ လည်ပတ်နိုင်တော့တဲ့ အနေအထားဖြစ်သွားပြီ။ နောက်ပိုင်းမှာ သကြားစက်ရုံတွေက ပျောက်သွားမယ့် သဘောရှိပါတယ်။
မေး ။ ။ ပြည်တွင်းမှာ သကြားထုတ်လုပ်မှု ဘယ်နှတန်လောက် ရှိပါသလဲ။
ဖြေ ။ ။ ပြည်တွင်းမှာ သကြားစက်ရုံကြီးနှစ်ရုံ၊ ဂရိတ်ဝေါဝေမာနဲ့ ငွေရည်ပုလဲ စက်ရုံကြီး နှစ်ရုံရှိတယ်။ ပြီးတော့ တခြား သကြားစက်ရုံငယ်တွေ ပေါင်းရင် ၁၀ ရုံလောက်ရှိတယ်၊ အဲဒါတွေက ထုတ်လုပ်တဲ့ပမာဏ ပေါင်းလိုက်ရင် ပြည်တွင်းထုတ် လုပ်နိုင်တဲ့ တန်ချိန်က တနှစ်ကို ၄ သိန်းခွဲ ပတ်ချာလည်မှာ ရှိတယ်။
မေး ။ ။ ဒီနှစ်ကြံရာသီ အထွက်နှုန်း ဘယ်လိုရှိမလဲ။
ဖြေ ။ ။ ဒီနှစ်ကြံရာသီ အထွက်နှုန်းလျော့မယ်၊ မနှစ်ကထက် ၂၀ ရာခိုင်နှုန်းလောက် လျော့နိုင်တယ်၊ ဘာလို့လဲဆိုရင် ရာသီ ဥတုကြောင့်၊ စက်ရုံကြီးတွေနဲ့ တောင်သူတွေကြားက ဆက်ဆံရေး မပြေလည်တာလေးတွေကြောင့်လည်း ပါတယ်၊ မနှစ် က ကြံဈေးကောင်းမရတော့ တောင်သူဘက်က တိုးချဲ့စိုက်ပျိုးမှု နည်းတယ်။
မေး ။ ။ လက်ရှိဈေးကွက်မှာ သကြားဈေး ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ ။ ပေါင်းသကြား တပိသာကို ၁၂၇၀ ကနေ ၁၃၀၀ ကျပ်၊ ပွက်ရည် တပိသာကို ၈၅၀ ကျပ် ရှိပါတယ်။
မေး ။ ။ စက်တင်ဘာလဆန်းက စီးပွားကူးသန်းဝန်ကြီးဌာနက ခွင့်ပြုလိုက်တဲ့ ပြည်ပက Refine Sugar တင်သွင်းခွင့် ကြောင့် ပြည်တွင်းသကြားဈေးကွက်မှာ ဘာတွေသက်ရောက်မှု ဖြစ်လာနိုင်မလဲ။
ဖြေ ။ ။ သကြားဈေးက ပြည်တွင်းဈေးမြင့်တယ်၊ ပြည်ပက တင်သွင်းလာတဲ့သကြားက ရန်ကုန်ဆိပ်ကမ်းရောက် တတန်ကို ဒေါ်လာ ၄၅၀ ဝန်းကျင်ရှိတယ်၊ အဲဒီအတွက် ပြည်တွင်းကို ဖောဖောသီသီဝင်နေတယ်၊ ပြည်တွင်းမှာ သကြား ထုတ်လုပ်မှု က စားသုံးမှုနဲ့ ဖူလုံနေတယ်၊ ပြီးတော့ တရုတ်က ဒီနှစ်မြန်မာသကြားကို စံချိန်တင် ဝယ်တယ်၊ အခုချိန်ထိဆိုရင် တန် ၃ သိန်းဝန်းကျင်လောက်ရှိပြီ၊ ဒါပေမယ့် သူတို့ဝယ်တာက ဆန်လိုပဲ၊ တရားဝင်သွားတာမဟုတ်ဘူး၊ အဲအတွက်ကြောင့် သူတို့ ဝယ်လိုအားရှိတဲ့အချိန်ဆိုရင် ကိစ္စမရှိပေမယ့် သူတို့အဝယ်ရပ်လိုက်ရင် ပြည်တွင်းကို ဝင်ဆောင့်မှာ၊ ပြည်တွင်းမှာ သကြား တွေ ပုံသွားမယ်၊ နောက်လ ကြံရာသီအသစ်ပေါ်ချိန်မှာသာ အဲလိုဖြစ်ရင် ဈေးက အောက်ဆင်းသွားနိုင်တယ်၊ အဲလိုဖြစ်လာ မယ်ဆိုရင် သကြားလုပ်ငန်းရှင်အတွက် နစ်နာစရာရှိတယ်။ ဟိုဘက်ဝယ်လက်က Legal မဖြစ်တော့ ခက်တယ်။
မေး ။ ။ တရုတ်ရဲ့ ဝယ်လိုအားက ဘယ်တုန်းကစကောင်းလာတာလဲ။
ဖြေ ။ ။ ဒီနှစ်လယ်ပိုင်း ဇွန်လောက်က စတယ်လို့ ပြောရတယ်၊ နိုင်ငံတကာမှာ ဈေးကျပေမယ့် ပြည်တွင်းဈေးက မြင့်နေ တော့ ဟိုဘက်ကို ပို့ရင် ကိုက်တယ်လေ၊ ဒါကြောင့် သကြားကုန်သည်တွေတင် မဟုတ်ဘဲ ဒီရက်ပိုင်း ဆန်ကုန်သည်တွေပါ သကြားဝင်ပို့နေကြတယ်။ ဟိုရက်ပိုင်းက သကြားတတန်ကို တသောင်းလောက် ကားခတွေ ဈေးတက်သွားတယ်။
မေး ။ ။ တရုတ်ကို တရားမဝင်သွားနေတဲ့ သကြားကုန်သွယ်မှုမှာ ကုန်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေဆောင်ရွက် ပေးဖို့ လိုအပ်ပါသလဲ။
ဖြေ ။ ။ ဆန်လို တရုတ်က မြန်မာကို ကိုဒါ(ခွဲတမ်း) ပေးရင် ကောင်းတာပေါ့၊ အဲလိုမှမဟုတ်ရင် တရုတ်ရဲ့ဝယ်လိုအားကို သတင်းအချက်အလက် အဆက်မပြတ် သိနေဖို့ လိုအပ်ပါတယ်၊ ဒါမှ Stable ဖြစ်မယ့် အနေအထားတခုကို ရနိုင်မယ်၊ ဒါက ကုန်သွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်၊ ပို့တာနဲ့သွင်းတာကို ဘယ်လိုချိန်ညှိမလဲဆိုတာ Export Control လုပ်ရင် ဒီ က ကုန်သည်တွေလည်း ခံသာမှာပါ။
မေး ။ ။ ပြည်တွင်းသကြားဈေးမြင့်ပေမယ့် သကြားထုတ်လုပ်ရေးစက်ရုံတွေ ရပ်နားရတာဟာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ၂၀၁၂ လောက်ကနေစပြီး သကြားထုတ်လုပ်မှု လုပ်ငန်းဟာ တဖြည်းဖြည်းဆိုးလာတယ်၊ ကုန်ကြမ်းဈေးမြင့်တယ်၊ ကုန်ချောဈေး မရဘူး၊ ပြီးတော့ အဲဒီအချိန်က လျှပ်စစ်မီးမမှန်တာတွေ၊ လုပ်သားရှားတာတွေ၊ တခြားသော ကုန်သွယ်မှု စရိတ်စကတွေကြောင့်လို့ထင်ပါတယ်၊ အခုသာ သကြားဈေးကောင်းပေမယ့် အဲတုန်းက အဲလောက်ဈေးကောင်း မရခဲ့ဘူး လေ။
မေး ။ ။ အဲဒါဆိုရင် သကြားစက်ရုံတွေ ဘယ်လိုအသက်ဆက် နိုင်မလဲ။
ဖြေ ။ ။ သကြားဝယ်ရောင်းလုပ်တဲ့ ကုန်သည်အဖြစ် လုပ်ချင်လုပ်၊ ဒါမှမဟုတ် သကြားထုတ်လုပ်သူတွေ ဖွဲ့စည်းတဲ့ အများ ပိုင်လို အဖွဲ့အစည်းကုမ္ပဏီမျိုး ဖွဲ့စည်းပါ၊ အဲလိုအဖွဲ့အစည်းကနေ တဆင့် ရင်းနှီးမြှပ်နှံသူကို ရှာပြီး လုပ်ငန်းလုပ်ကိုင်နိုင်မယ်၊ ပြီးတော့ အခု ပြည်ပကနေ FDA ထောက်ခံချက်နဲ့တင်ပို့တဲ့ Refine Sugar ကို ပြည်တွင်းမှာ မထုတ်လုပ်နိုင်သေးဘူး၊ Refine Sugar ထုတ်လုပ်မှုရဲ့ ရင်းနှီးမြှပ်နှံမှုဟာ အရမ်းများတယ်၊ နည်းပညာလည်း လိုအပ်တယ်၊ ဒီမှာ သကြားအဖြူနဲ့ သကြားညို (Brown Sugar) လောက်ပဲ ထုတ်နိုင်တယ်၊ ဒါပေမယ့် မြန်မာတွေက သကြားဆို ဖြူမှ ကြိုက်ကြတာ၊ သကြား ဖြူအောင် ဆာလဖာ ကွန်တက်တွေနဲ့ ချွတ်လိုက်တာပါပဲ၊ ကျန်းမာရေးအရ ကြည့်ရင်တော့ ဆာလဖာများလေ လူကို ဒုက္ခ ပေးလေပါပဲ။
မေး ။ ။ အဲဒါဆိုရင် SME’s သကြားစက်ရုံတွေကို အစိုးရဘက်က ဘာတွေထောက်ပံ့ပေးဖို့ လိုအပ်ပါသလဲ။
ဖြေ ။ ။ SME’s တွေ အတွက်ဆိုပြီး အစိုးရရော၊ ပုဂ္ဂလိက ဘဏ်တွေကရော ပိုက်ဆံတော့ ချေးနေကြတာပဲ၊ ဒါပေမယ့် အပေါင်ပေးရတဲ့ပစ္စည်းနဲ့ ချေးရတာနဲ့ မကာမိလို့ သိပ်မချေးကြဘူး၊ ဒါကြောင့် အသေးစားအလတ်စား လုပ်ငန်းတွေအတွက် အပေါင်မလိုဘဲ ငွေချေးခွင့်ရအောင်၊ နှစ်တိုချေးငွေမဟုတ်ဘဲ နှစ်ရှည်ချေးငွေ ပေးသင့်ပါတယ်၊ ဒါမှ လုပ်ငန်း ပြန်ဦးမော့လာ တဲ့ အချိန်နဲ့ ပိုက်ဆံဆပ်နိုင်တဲ့အချိန် ကွက်တိဖြစ်မယ်။ SME’s နည်းဥပဒေလည်း နောက်လလောက်ဆို ထွက်မယ်လို့ကြား တယ်၊ အဲဥပဒေမှာကော အသေးစားအလတ်စားလုပ်ငန်းတွေအတွက် ဘာတွေလုပ်ပေးမယ်ဆိုတာတွေ လေ့လာကြည့်ရ ဦးမယ်။