ရွေးကောာက်ပွဲ ကျင်းပဖို့ တပတ်ကျော်လောက်သာ လိုပါတော့တယ်။ စာဖတ်သူ မဲဆန္ဒရှင် မိတ်ဆွေအနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးဖို့ အသင့်ဖြစ်ပါပြီလား။ မဲပေးရင်လိုအပ်တာတွေ၊ မဲရုံဖွင့်ချိန် ပိတ်ချိန်တွေ၊ မဲပေးပုံပေးနည်းတွေ၊ ခိုင်လုံမဲ ပယ်မဲ စတာတွေကို မှန်ကန်စွာ သိရှိနားလည်နေပြီလား။ အားလုံးအသင့်ဖြစ်နေပြီဆိုရင် နိုဝင်ဘာလ ၈ ရက်နေ့မှာ အသည်းကြားက မဲတပြားကို မှန်ကန်စွာ သွားပေးကြရအောင်ပါ။
အရင်ဆောင်းပါးတွေမှာ မဲပေးဖို့ တိုက်တွန်းရင် ဘယ်သူ့ကို မဲပေးပါလို့ အမည်တပ်ပြီး မတိုက်တွန်းခဲ့ပါဘူး။ အရိပ်အမြွက်လောက်နဲ့တင် နမိတ်ပုံတွေ သုံးပြီး တိုက်တွန်းရေးသားခဲ့ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးမှာတော့ ဘယ်သူကို မဲပေးပါလို့ အမည်တပ်ပြီး ဖော်ပြ တိုက်တွန်းပါတယ်။ ဟုတ်ပါတယ်။ အပြောင်းအလဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါလို့ တိုက်တွန်းပါတယ်။ တိုင်းရင်းသားဒေသတွေမှာတော့ ဒေသခံ တိုင်းရင်းသားပါတီတွေကို မဲပေးဖို့တိုက်တွန်းပါတယ်။
စာရေးသူတို့ စာနယ်ဇင်းသမားတွေအနေနဲ့ ဆောင်းပါးတွေရေးတဲ့အခါ ဘယ်သူကို မဲပေးပါ၊ ဘယ်သူကိုတော့ မဲမပေးပါနဲ့လို့ သတ်မှတ်ထားတဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေအရ ဘက်မလိုက်ရပါဘူး။ မျှတရပါမယ်။ သို့ပေသိ ဒီဆောင်းပါးမှာတော့ စာရေးသူအနေနဲ့ လိုက်နာရမယ့် ဘက်မလိုက်ရဘူးဆိုတဲ့ ကျင့်ဝတ်ကို ပထမဦးဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် ချိုးဖောက်ခွင့်ပြုပါ။ ဘက်မလိုက်ချင်ပဲ လိုက်လိုက်ရတာဖြစ်ပါတယ်။ ဒီအတွက် စာရေးသူဟာ ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို ကျေနပ်စွာခံယူမှာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ရွေးကောက်ပွဲဟာ သန့်ရှင်းမျှတတဲ့ အခင်းအကျင်းဖြစ်မနေပါဘူး။ ရွေးကောက်ပွဲကို ကြီးကြပ်ပေးမယ့် ဒိုင်လူကြီးတွေ၊ ပြုစုထားတဲ့ မဲဆန္ဒရှင်စာရင်း အခြေအနေတွေအပြင် ပါတီအချို့ မဲဆွယ်စည်းရုံနေတဲ့အခြေအနေတွေဟာ သန့်ရှင်းမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလားဆိုတာ သံသယဖြစ်စရာ အခြေနေတွေရှိနေပါတယ်။ အစိုးရဌာနအချို့ရဲ့ အာဏာရပါတီဘက်ကို ဘက်လိုက်တဲ့ အရိပ်အယောင်တွေ မြင်နေရပါတယ်။
အမှန်တကယ်ပြောင်းလဲဖို့ အရေးတကြီးလိုနေတဲ့ မြန်မာနိုင်ငံမှာ စာရေးသူအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးဖို့ တိုက်တွန်းတာဟာ မျှတတယ်လို့ယုံကြည်မိပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ လိုအပ်နေတာ Change လို့ခေါ်တဲ့ အပြောင်းအလဲပါ။ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရ၊ ပြည်သူအသံ၊ ပြည်သူဆန္ဒကို အမှန်တကယ် လေးစား အကောင်အထည်ဖော်ပေးမယ့် လွှတ်တော်တွေရှိလာဖို့ပဲ ဖြစ်ပါတယ်။
လက်ရှိအစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ ဖြစ်လာတဲ့ အစိုးရဖြစ်ပေမယ့် အများစုဟာ စစ်ဗိုလ်ချုပ် အငြိမ်းစားတွေဖြစ်နေတာကြောင့် ပြည်သူအများစုက နှစ်သက်ယုံကြည်မှု နည်းနေပါတယ်။ ဒီလိုပါပဲ လွှတ်တော်တွင်းမှာလည်း ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်၊ အခြားအဆင့်အငြိမ်းစားတွေက အဓိကနေရာယူထားပါတယ်။ သုံးပုံတစ်ပုံကလည်း တပ်မတော်သားတွေဖြစ်နေပါတယ်။ ဒါကြောင့်လည်း ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ စစ်စစ်မထင်ဟပ်သေးဘူးလို့ ပြောရမယ့် အခြေနေဖြစ်နေပါတယ်။ ဒါကြောင့် ပြည်သူ့ကိုယ်စားပြုအစိုးရ၊ ပြည်သူ့အသံ ပြည်သူ့ဆန္ဒထင်ဟပ်စေမယ့် လွှတ်တော်တွေ ရှိလာဖို့ ဆောင်ရွက်မယ့် အပြောင်းအလဲကို ဖော်ဆောင်မယ့် ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်ကို မှန်ကန်စွာ ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။ ဒါတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ တိုင်းရင်းသားညီနောင်ပါတီတွေကပဲ တာဝန်ကျေကျေ ထမ်းဆောင်နိုင်မယ်လို့ ထင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲပေးဖို့ တိုက်တွန်းရတဲ့အကြောင်းအရင်းများစွာရှိပါတယ်။ ချရေးမယ်ဆိုရင် တထောင့်တညပုံပြင်တွေလို ပြီးဆုံးမယ်မထင်ပါဘူး။ နှစ်ပေါင်းသုံးဆယ်နီးပါး ပြည်သူနဲ့တဖက်တည်း တသားတည်း မားမားမတ်မတ်ရပ်တည်ပေးခဲ့မှုနဲ့ အစိုးရဖွဲ့နိုင်ခဲ့ပါကလည်း ပြည်သူက မကြည်ဖြူရင် အစိုးရနေရာကနေ ချက်ချင်းထွက်ပေးမယ်လို့ ပေးထားတဲ့ကတိ၊ ဒီမိုကရေစီကို ဖော်ဆောင်ဖို့မလွယ်ကူတဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားမယ်ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက် စတာတွေလောက်နဲ့တင် မဲပေးဖို့လုံလောက်နေပါပြီ။
ပါတီတခုခုဟာ ပြည်သူ့ကပေးအပ်တဲ့ ပြည်သူက ဆန္ဒရှိတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် လက်ထဲမှာ အချုပ်အခြာအာဏာ ရှိဖို့လိုပါတယ်။ အာဏာမရှိပဲ အစိုးရမဖြစ်ပဲ ဘာမှလုပ်လိုမရပါဘူး။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒီတာဝန်တွေ ထမ်းဆောင်စေချင်ရင် ပြည်သူ့ယုံကြည်စွာ အာဏာအပ်နှင်းဖို့လိုပါတယ်။ အစိုးရဖွဲ့နိုင်လောက်အောင်အထိ ယုံယုံကြည်ကြည် ထုနဲ့ထည်နဲ့ မဲပေးဖို့လိုပါတယ်။ ဒါ့မှသာ ပြည်သူကိုယ်စားပြုတဲ့ အစိုးရ လွှတ်တော်ရှိလာမှာဖြစ်ပြီး အပြောင်းအလဲကို စတင်နိုင်မှာဖြစ်ပါတယ်။
တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ အစိုးရနဲ့ လွှတ်တော်တွေရှိဖို့ အရေးကြီးပါတယ်။ မိမိတိုင်းရင်းသားဒေသတွေရဲ့ ကံကြမ္မာကို တိုင်းရင်းသားကိုယ်စားပြုအစိုးရနဲ့ လွှတ်တော်တွေက အဆုံးဖြတ်ပေးခွင့်ရမှသာ အနာဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် ဦးတည်နိုင်မှာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်လိုမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ တိုင်းရင်းသားပါတီတွေ အပေးအယူမျှတစွာ နားလည်မှုရှိရှိနဲ့ လက်တွဲနိုင်ခဲ့ရင် အစိုးရဖွဲ့နိုင်ခဲ့ရင် မြန်မာနိုင်ငံအပြောင်းအလဲကို စတင်နိုင်ပြီလို့ ပြောလို့ရပြီဖြစ်ပါတယ်။
စာရေးသူတို့ နိုင်ငံမှာ အရေးကြီးဆုံးလိုအပ်ချက်ဟာ ပြည်သူကိုယ်စားပြု အစိုးရ လွှတ်တော်တွေ ရှိလာဖို့ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေ ဘယ်လောက်လုပ်နေပါတယ်ပြောပြော၊ ဘယ်လိုပြောင်းလဲနေပါတယ် ဆိုဆို၊ ပြည်သူကမယုံကြည်ရင် မအောင်မြင်နိုင်ဘူးဆိုတာ လက်ရှိအစိုးရနဲ့ လွှတ်တော်ကို ဥပမာကြည့်ရင် မြင်နိုင်ပါတယ်။
စာရေးသူအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲပေးဖို့ တိုက်တွန်းနေတာဟာ အခြားပါတီတွေကို မုန်းလို့ မကြိုက်လို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေ၊ ဖြစ်စဉ်တွေအရ ပြည်သူကို ကိုယ်စားပြုပြီး အပြောင်းအလဲလုပ်ဖို့ အခွင့်သာနေတဲ့ပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပဲ ဖြစ်နေလို့ တိုက်တွန်းနေရတာဖြစ်ပါတယ်။ ၂၀၁၅ အလွန် ၊ ၂၀၂၀ ကာလကိုရောက်လာရင်တော့ ၂၀၁၅ အပြောင်းအလဲကို အခြေခံပြီး အခြားပါတီတွေကပါ ပိုမိုတိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲကို ဆက်လက် အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။
မဲဆန္ဒရှင် မိတ်ဆွေအနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးဖို့ အသင့်ဖြစ်ပါပြီလား။ နိုင်ငံအပြောင်းအလဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲပေးကြရအောင်ပါ။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်။)