သီတင်းကျွတ်လဆန်းပါပြီ ဆိုကတည်းက ဘုရားပွဲရာသီအတွက် မန္တလေး မြို့လယ်၊ ၈၂ လမ်းမှာ ဘုရားပွဲ ဈေးသည်တွေ တည်ခင်း ရောင်းချလာကြတယ်။ အထူးသဖြင့် မြေအိုးနဲ့ လုပ်ထားတဲ့ ရောင်စုံစုဗူးသည်တွေ၊ ခဲလံချောင်း (ပေါင်းတင်း)သည်တွေ၊ မုန့်လင်မယားသည်တွေ၊ မုန့်ပေါင်းသည်တွေ တွေ့ရတယ်။ ရဟတ်တွေ၊ချားတွေ အပျော်တမ်းမြားပစ်တွေလည်း ပွဲဈေးတန်းထုံးစံအတိုင်း ရှိတာပါပဲ။
မန္တလေးမှာ “ဘုရားပွဲအစ လမ်းလယ်က ဘုရားပွဲအဆုံးဝါခင်းကုန်း” လို့ ဆိုရိုး ရှိထားတော့ လမ်းလယ်ဘုရားပွဲက အရင် စတယ်။ လမ်းလယ်ဘုရားက မန္တလေးမြို့လယ် လမ်း၃၀ မှာ ရှိပြီး ဝါခင်းကုန်းဘုရားက ၃၅လမ်း အရှေ့ထိပ်မှာ တည်ရှိတယ်။ အခုခေတ် ဘုရားပွဲတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကနဲ့ မတူတာ အမှန်ပါပဲ။ အထူးသဖြင့် လူငယ်တွေ ရဲ့ ဘုရားပွဲပေါ်မှာ ထားတဲ့ အာရုံခံစားမှုက အရင်ကျနော်တို့ ခေတ်လို မဟုတ်တော့ဘူး။ သိသိသာသာ ပြောင်းသွား တယ်။
ကျနော်တို့ ခပ်ငယ်ငယ် လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ကျော်က ကိုယ့်ဘုရားပွဲရှိရင် သူငယ်ချင်းတွေကို အိမ်မှာ ဖိတ်ကျွေးကြတယ်။ သူငယ်ချင်းတွေရဲ့ ရပ်ကွက်မှာ ဘုရားပွဲ ရှိရင်လည်း သွားစားကြတယ်။ ဗုဒ္ဒဘာသာတို့ရဲ့ ဗုဒ္ဒပူဇနိယပွဲတော် ဆိုပေမယ့် ဘာသာခြား သူငယ်ချင်းတွေလည်း လွတ်လပ်ပေါ့ပါးစွာပဲ ပျော်ပျော်ပါးပါး လည်ပတ် စားသောက်ခဲ့ ကြတယ်။ ဘုရားပွဲမှာ ဧည့်ခံကျွေးမွေးတာက များသောအားဖြင့် ကြာဇံဟင်း၊ မုန့်ဟင်းခါး၊ စမူဆာ၊ ကောက်ညှင်းပေါင်း၊ အကြော် စတဲ့ ရိုးရာမုန့်တွေသာများတယ်။
ကျနော်တို့ မူလတန်း အရွယ်လောက်ကဆို ဘေးအိမ်မှာ လာလည်တဲ့ ဧည့်သည် ကိုယ့်အိမ်ခေါ် ကျွေးတာပဲ။ ကျနော်တို့ အိမ်လာတဲ့ ဧည့်သည်လည်း ဘေးအိမ်က ခေါ်ပြီး ကျွေးမွေး ဧည့်ခံတာပါပဲ။ သူ့ဧည့်သည် ကိုယ့်ဧည့်သည် ရယ်လို့ တသီးတခြား ခွဲမနေကြပါဘူး။
အခုတော့ ဘုရားပွဲရှိတဲ့ ရပ်ကွက်တွေက အိမ်တွေသည်ပင် ဘုရားပွဲနေ့မှာ အိမ်တံခါးပိတ် မီးမှိတ် အိပ်ကြပြီ။ အိမ်မှာ ဧည့်ခံတယ် ဆိုတဲ့ အိမ်က ရပ်ကွက်တွေမှာ လက်နှစ်ဖက် ပြည့်အောင် မရှိချင်တော့ဘူး။ အဲဒီလို ဧည့်ခံတဲ့ ဓလေ့ ပျောက်ကွယ် သွားရတာ ကုန်ဈေးနှုန်းတွေ အစစအရာရာ ဈေးကြီးလာတာ တခုတည်းကြောင့်တော့ မဟုတ်ဘူး။ စေတနာနည်းသွားလို့ ဆိုပြီး ကောက်ချက်ချလို့လည်း မရဘူး။ ကိုယ့်အိမ်မှာ ကျွေးမွေးဧည့်ခံတာ မရှိတော့ပေမယ့် အရပ်ထဲက လဘက်ရည်ဆိုင်မှာ ဧည့်ခံတဲ့ ထုံးစံရှိ နေကြဆဲ ဖြစ်တယ်။ တချို့မိသားစုတွေက ကိုယ့်ဆီလာတဲ့ ဧည့်သည်ကို စားသောက်ဆိုင်မှာ လိုက်ဧည့်ခံကြတာလည်း ရှိနေဆဲ ဖြစ်တယ်။
တကယ်တော့ ဘုရားပွဲမှာ ဧည့်ခံတယ် ဆိုတာ အိမ်မှာ ဧည့်ခံတာ အကောင်းဆုံး ပါပဲ။ ဒါပေမယ့် ခေတ်ကာလ အလျောက် အိမ်ရှိလူကုန် အလုပ် လုပ်ကြရတဲ့ အခါ အိမ်မှာ ချက်ကြပြုတ်ကြ လုပ်ဖို့ အဆင် မပြေတော့ဘူး။ ဧည့်သည် ရောက်လာရင်လည်း နီးစပ်ရာဆိုင်မှာသာ ဧည့်ခံဖြစ်လိုက်ကြ တော့တယ်။ အများ အားဖြင့် ဘုရားပွဲနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ ဘီယာဆိုင်တွေဆီ ရောက်သွားကြတာပါပဲ။ ဘီယာဆိုင်တွေ ကလည်း လမ်းတိုင်း ရပ်ကွက်တိုင်း နီးပါး ရှိနေအောင် တာဝန်ရှိသူတွေက လိုင်စင်တွေ ချထားပေးထားတယ် လေ။
ဘုရားပွဲတွေက ခေတ်လူငယ်တွေရဲ့ အာရုံခံစားမှုကို မနှိုးဆော်စေနိုင်တာ သေချာတယ်။ ဘုရားပွဲမှာ ရောင်းတဲ့ ကြံပန်းခိုင်ကို သူတို့ ခံတွင်း မတွေ့တော့ဘူး။ ပွဲဈေးတန်းမှာ ရောင်းတဲ့ မြီးရှည် သူတို့ မကြိုက်တော့ဘူး။ အငြိမ့်ခုံပေါ်က ကရောင်းရိုက်သံ နတ်ပင့်သံ အစား ဒီဂျေကိုသာ သူတို့ ရင်ခုန်ကြပြီ။ ကျနော်တို့တုန်းကတော့ အငြိမ့်စင်နား ကြံပန်းခိုင်သည် ရောက်လို့ စင်ပေါ်က လူရွှင်တော်က ကြံပန်းခိုင်ကို ဈေးသည်အလစ် နှိုက်ယူလိုက်ရင် သဘောကျလို့ မဆုံးဘူး။ ပွဲခင်းထဲ သံနန်းခွေမှာ ချိန်ရောင်းတဲ့ ဇီးချဉ်ပေါင်းသည်ပင် နတ်သုဒ္ဓါတမျှ သဘောထား စားနေကြရတာကိုး။
ကျနော်တို့ ခပ်ငယ်ငယ် (၁၉၈၅-၈၆) က သဘင့်တက္ကသိုလ်လို့ တင်စားရတဲ့ မန္တလေးမှာ အငြိမ့် အရေအတွက် ၃၀-၄၀ လောက်ထိ ရှိခဲ့တယ်။ အဲဒီအရင်က အငြိမ့်ဖွဲ့ ၅၀ လောက်အထိ ရှိခဲ့တယ်။ အခု အငြိမ့်က လက်တဖက် မပြည့်တော့ ဘူး။ ရှိတဲ့ အငြိမ့်သုံးလေးဖွဲ့ ကလည်း ရပ်တည်နိုင်ဖို့ မနည်းကျားကန် နေရတယ်။ ဇာတ်အဖွဲ့တွေ ကတော့ အခြေအနေ ကောင်းပုံ ရတယ်။ တာရဲတန်း သဘင်ရပ်ဝန်းမှာ ဇာတ်ပွဲ ကြော်ငြာကြီးတွေက လေပြည်ထဲတွင် ငယ်ရုပ်ဆင်နေတယ်။
ဘုရားပွဲမှာ ဆွမ်းတော်ကြီးပွဲ လှည့်ရင် အရပ်ထဲက အမျိုးသမီးတွေက တူညီဝတ်စုံတွေ ချုပ်ကြ ရသေးတာ ကလား။ အထူးသဖြင့် အများလက်လှမ်းမီတဲ့ တောင်မြို့ထုတ်ကုန် ချည်ထည် ဝမ်းဆက်တွေသာ များတယ်။ အပျိုခေါင်းတွေက အရောင်နဲ့ ဒီဇိုင်းကို ဘုရားပွဲ အစည်းအဝေးမှာ အတည်ပြုရွေးချယ်ပြီး ဆုံးဖြတ်ချက် ချပေးကြတယ်။ တနှစ်နဲ့ တနှစ် အရောင်နဲ့ ဒီဇိုင်းမတူအောင် လူကြီးပိုင်းက ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးကြရတယ်။ အပျိုတွေက ဆွမ်းတော်ကြီးပွဲ အတွက် အစွမ်းကုန်ချယ်သ အလှပြင်ကြစမြဲ။ ရပ်ကွက်ထဲက ကာလသားတွေလည်း အဲဒီနေ့မှာ အလှပြင်ထားတဲ့ အပျိုတွေကို မျက်စိစားပွဲထိုင်ပြီး ရှုစားကြစမြဲ။
အတိတ်ကာလ ဘုရားပွဲရက်တွေက ကျနော်တို့ မျိုးဆက်ကို အသေအချာဖမ်းစား နိုင်ခဲ့တာ သေချာတယ်။ ပထမအစမ်း စာမေးပွဲ နောက်ဆုံးနေ့က သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့ အမြဲဖြစ်နေကျ။ စာမေးပွဲဖြေပြီးလို့ သူငယ်ချင်းတွေနဲ့ ကျောင်းက ပြန်လာရင် ငွေပဒေသာပင် သီတဲ့ ဥပုသ်ဇရပ်ကို ဝင်ကြတာ ထုံးစံ။ ငွေပဒေသာပင် သီးတဲ့ အလုပ်ကို ဦးလေးကြီးအရွယ် အမျိုးသားတွေ ဦးစီးလုပ်တာ မှတ်မိတယ်။ ငွေစက္ကူ အသစ်တွေ ဘဏ်က လဲလှယ်ပြီး ပုံစံမျိုးစုံ ချိုးပြီး ကော်နဲ့ ကပ်ကြတယ်။
တခါတလေ ငွေစက္ကူအသစ် တွေကို အပ်ချည်ကြိုးနဲ့ ဖောက်ပြီး သီကြတာလည်း ရှိတယ်။ တချို့ရပ်ကွက်တွေက သရုပ်ဖော် ပုံပန်းချီထဲမှာ ငွေကို ဖွက်ထားကြတယ်။ မျက်စိလျင်လျင် ရှာနိုင်သူက တွေ့ပေမယ့် ရုတ်တရက် သာမန်ကာ လျှံကာ ကြည့်ရင် ချက်ချင်း မမြင်နိုင်ဘူး။ ဘုရားပွဲ သွားသူအချင်းချင်း ငွေပဒေသာပင် သီးထားတဲ့ နေရာရောက်ရင် အလှူငွေကို သူ့ထက်ငါ အရင်ဦးအောင် ရှာကြရတယ်။ ပိုက်ဆံတွေနဲ့ စာလုံးပုံစံ ဖော်ပြီး လှူဖွယ် စောင်ပေါ်မှာကော်နဲ့ ကပ်လိုက်တာလည်း ရှိတာပေါ့။
အိမ်ကို စာမေးပွဲ ပြီးပြီးချင်း မပြန်နိုင်ဘူး။ စာမေးပွဲ ဖြေနိုင်တာ မဖြေနိုင်တာ အပထားလို့ ဘုရားပွဲရောက်ပြီ ဆိုတဲ့ အသိနဲ့ ရင်ထဲမှာ ပေါ့ပါးနေတယ်။ ဥပုသ်ဇရပ်မှာ ခဏနားပြီးတာနဲ့ အိမ်ကို သုတ်ခြေတင် ပြေးကြရတယ်။ ရေမိုးချိုး အဝတ်အစား လဲပြီးတာနဲ့ ဘုရားပွဲဈေးက မုန့်ဆိုင်တွေမှာ အားရပါးရ စားကြတယ်။ ကျနော်တို့ ငယ်ဘဝရဲ့ ဘုရားပွဲ ဖေးဘရိတ် အစားအစာက မြီးရှည်ပါပဲ။ မြီးရှည်တပွဲကို ငရုတ်ဆီရွှဲရွှဲ မုန်ညှင်းချဉ်နဲ့ နယ်ဖတ်စားရတာလည်း အရသာ ထူးပဲ။ ဘုရားပွဲ အတွက် စက်ချုပ်ဆိုင်က ရွေးထားတဲ့ ကော်မခြောက်သေးတဲ့ အင်္ကျီရယ် မြီးရှည်စပ်စပ်ရယ် အငြိမ့် ပြက်လုံး တွေရယ်က ကျနော်တို့ရဲ့ ငယ်ဘ၀ ဘုရားပွဲတော် ညတွေမှာ အသေအချာအရေးပါခဲ့တယ်။
ခေတ်လူငယ်တွေ ကတော့ ဘုရားပွဲတော် ဆိုပေမယ့် ဖာသိဖာသာ။ ဆွေဘုရား မျိုးဘုရားရယ်လို့လည်း မရှိကြတော့။ ဘုရားပွဲက သူတို့နဲ့ မဆိုင်ဟုဆိုလျင် သူတို့နဲ့ ဆိုင်တာကရော ဘာပါလိမ့်။ သူတို့နဲ့ အသေအချာဆိုင်တာကိုရော ဂဃနဏ သူတို့သိမှ သိကြပါလေစ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)