ရွေးကောက်ပွဲ မတိုင်မီတွင် တည်ငြိမ်သော အခြေအနေကို ပျက်ပြားစေမည့် ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားမည်ကို အားလုံးက စိုးရိမ်နေခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မဲဆွယ်ပွဲ တချို့၌ တားမြစ်ခံရခြင်း၊ နှောက်ယှက်ခြိမ်းခြောက် ခံရခြင်း၊ လေးခွ၊ ခဲတို့ဖြင့် ခြောင်းမြောင်းပစ်ပေါက်ခံရခြင်းများ ကြုံရကြောင်း သတင်းများ ဖော်ပြခဲ့ကြပြီး ဖြစ်သည်။
သာကေတမြို့နယ်တွင် NLD က မဲဆွယ်စည်းရုံးရေး လှည့်လည်စဉ် လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမတ်လောင်းလည်း ဖြစ်သူ ဦးနိုင်ငံလင်း ဓားဖြင့် အခုတ်ခံရခြင်းသည် ယခု ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ပထမဆုံးနှင့် သွေးမြေကျသော အကြမ်းဖက်ခံရမှု ဖြစ်သည်။ ကချင်ပြည်နယ်တွင် NLD ပါတီဝင်တချို့ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရမှုများလည်း ရှိခဲ့သည်။
မိမိအားမပေးလိုသော ပါတီနှင့် ပတ်သက်၍ ခြိမ်းခြောက်စာများ ကပ်ခြင်း၊ ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် သွေးထိုးလှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဟောပြောပွဲ၊ တရားပွဲများကျင်းပပြီး ဥပဒေနှင့် ဆန့်ကျင်ကာ လူသိရှင်ကြား ပြောဆိုခြင်းများနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများက တစုံတရာ တားဆီးခြင်း၊ အရေးယူခြင်း မပြုလုပ်ခဲ့မှုများအပေါ် စောင့်ကြည့်လေ့လာနေသူများက မေးခွန်းထုတ်နေကြပြီ ဖြစ်သည်။
ယင်းသို့ အရေးယူ၊ တားဆီးမှုများ မပြုလုပ်ခြင်းကလည်း အာဏာရပါတီမှ တချို့ကိုယ်တိုင်က အားပေးအားမြှောက် ပြုနေသလော၊ ပါဝင် ပတ်သက်နေသလောဟု သံသယကို ဖြစ်စေသည်။ တာဝန်ရှိသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကိုင်တွယ်မှုများက ထိရောက်ခြင်း မရှိသလောဟူသော သံသယကိုလည်း ဖြစ်စေသည်။
နမူနာအားဖြင့် အာဏာရ ကြံ့ခိုင်ရေးပါတီက ဥပဒေချိုးဖောက် မဲဆွယ်စည်းရုံးမှုများနှင့်ပတ်သက်၍ NLD က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိုင်ကြားမှုများ ရှိနေသော်လည်း ထိရောက်သော အရေးယူမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုဖူးသည်။
၂၀၀၃ ဒီပဲယင်း အကြမ်းဖက်မှု အစဉ်အလာရှိထားသော မြန်မာ့နိုင်ငံရေးတွင် စိုးရိမ်မှုများ၊ သံသယရှိမှုများ ဖြစ်ပေါ်သည်မှာ မဆန်းပါ။ လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီကာလတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ဦးတည်သော သွေးထိုးလှုံ့ဆော်မှုများ၊ အတိုက်အခံ ပါတီကို ပုတ်ခတ်တိုက်ခိုက် ဟောပြောမှုများ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့သည်။
ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ပေါ်ပေါက်ရန် တွန်းအားပေးနေသည့် အခြေအနေတွင် ထိရောက်စွာ ကိုင်တွယ် အရေးယူရပါမည်။ ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာမှ ဆင်ခြေဆင်လက် အမျိုးမျိုးပေးကာ ခေါင်းရှောင်သည့် အပြုအမူမျိုး မလုပ်သင့်ပါ။
ရွေးကောက်ပွဲ နီးကပ်လာချိန်နှင့် ရွေးကောက်ပွဲ ကာလများတွင် အခြေအရပ်ရပ် တည်ငြိမ်စေရန် ထိန်းသိမ်းရန်မှာ အစိုးရတွင်ရော ရွေးကောက်ပွဲ ကော်မရှင်တွင်ပါ တာဝန်ရှိပါသည်။ ကြိုတင်တားဆီးသင့်သည့် ကိစ္စများ၊ လူမှုကွန်ရက်တွင် တာဝန်သိပြည်သူများက တင်ပြပေးနေသည့် ဖြစ်ရပ်များတွင် အစိုးရနှင့် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများက မျက်စိကျယ်ကျယ်ဖွင့်၍ ထိရောက်စွာ အရေးယူရမည်။
အလိုရှိလျှင် ဖေ့စ်ဘုတ်တွင် Like တခု လုပ်သူကိုပင် ဖမ်းဆီးနိုင်စွမ်းရှိနေသော အစိုးရအနေဖြင့် ပဋိပက္ခနှင့် အကြမ်းမှုသို့ ဦးတည်နေသည့် ထင်သာမြင်သာ ရှိနေသော လုပ်ရပ်များကို ထိရောက်စွာ ကြိုတင်တားဆီး အရေးယူရန် တိုက်တွန်းလိုပါသည်။