၁၉ ရာစုအတွင်း ပထဝီအရ အချက်အချာ ပိုင်ဆိုင်မှုကို ဟန်ချက်ညီအောင် အသည်းအသန် အားထုတ်ယှဉ်ပြိုင်ခြင်းကို မဟာကစားပွဲ (Great Game) ဟု ခေါ်ခဲ့ကြသည်။ အာရှအလယ်ပိုင်းရှိ အာဖဂန်နစ္စတန်၊ ပါရှား၊ တိဗက်နှင့် အခြားဒေသများကို လွှမ်းမိုးနိုင်ရန် ရုရှားနှင့် အင်္ဂလန်နိုင်ငံတို့ ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။ ရုဒ်ယာ့ဒ်ကစ်ပလင်း (Rudyard Kipling) ၏ နာမည်ကျော် “Kim” ဝထ္တုတွင် ထိုအကြောင်းကို အဓိကထား ထည့်သွင်းရေးသားခဲ့သလို လက်တွေ့တွင်လည်း ဗျူဟာမြောက် လွှမ်းမိုးနိုင်ရေးအတွက် အမှန်တကယ် ယှဉ်ပြိုင်ခဲ့ကြသည်။ ရုရှားက ပါရှန်း ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို အသုံးပြုလိုသည့်အချိန်တွင် အင်္ဂလန်ကလည်း ၎င်းသိမ်းပိုက်ထားသည့် အိန္ဒိယနိုင်ငံအား ကာကွယ်ရန် လိုအပ်လာသည်။ ထိုအားပြိုင်မှု၏ အလယ်တွင် အာဖဂန်နစ္စတန်နိုင်ငံက ရောက်ရှိနေသည်။ အာဖဂန်နစ္စတန်နိုင်ငံကို ထိန်းချုပ်ရန် အင်္ဂလန်၏ ကြိုးစားမှု မထိရောက်ခြင်းက ပြဿနာကို ပို၍ ရှုပ်ထွေးစေခဲ့သည်။
၂၀ ရာစုသို့ ရောက်သောအခါ အင်္ဂလန်နေရာ၌ အမေရိကန်က ဝင်လာခဲ့ပြီး ရုရားနေရာတွင် ဆိုဗီယက်ယူနီယံက နေရာယူခဲ့ကာ ဆက်လက် အားပြိုင်ခဲ့ကြပါသည်။ ၁၉၅၄ ခုနှစ်တွင် အမေရိကန်က အီရန်နိုင်ငံတွင် လက်ဝဲယိမ်းသည့်ဝါဒ လွှမ်းမိုးလာမှုကို ပယ်ဖျက်နိုင်ရန် ကြိုးစားခဲ့သည်။ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ခဲ့သည့် ၁၉၇၉ ခုနှစ် မတိုင်မီကထဲက ဆိုဗီယက်ယူနီယံက အာဖဂန်နစ္စတန် မြောက်ပိုင်းသို့ စီးပွားရေး အကူအညီများ ထောက်ပံ့ပေးရန် စီစဉ်ခဲ့သည်။ ထိုအချိန်တွင် အမေရိကန်က အာဖဂန်နစ္စတန် တောင်ပိုင်းတွင် ကန်ဒါဟာလေဆိပ်၊ ဟယ်လ်မန်းဒ်ခရိုင်တွင် ဆည်တခုနှင့် ဟယ်လ်မန်းဒ်တောင်ကြားတွင် စိုက်ပျိုးရေးလုပ်ငန်း အများအပြား တည်ထောင်ပေးခဲ့သည်။
ဆိုဗီယက် ယူနီယံက အာဖဂန်နစ္စတန်သို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် မဟာကစားပွဲက ဆက်လက် ရှိနေ ခဲ့သော်လည်း အလေးပေးမှုက ဗြိတိသျှတို့ အိန္ဒိယကို ကာကွယ်စဉ်ကထက် ပိုမိုကျယ်ပြန့်လာခဲ့ကာ အမေရိကန်က အာဖဂန်နစ္စတန် အတွင်းရှိ ဆိုဗီယက်ဆန့်ကျင်ရေး တပ်ဖွဲ့များကို ပါကစ္စတန်နိုင်ငံမှနေ၍ ထောက်ပံံ့မှုများ ပြုလုပ်နေ ခဲ့ပါသည်။
ယခုအခါ မဟာကစားပွဲ နောက်အသစ်တခုကို မြန်မာနိုင်ငံတွင် ကျနော်တို့ တွေ့မြင်ရတော့မည်လောဟု မေးစရာ အခြေအနေများ ဖြစ်ပေါ်လာသည်ကို တွေ့နေရပါသည်။ မြန်မာနိုင်ငံက စစ်အေးတိုက်ပွဲကာလကဲ့သို့ ကြားနေဝါဒကို ပြန်လည်စွဲကိုင်ရန် ကြိုးစားမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ အင်အားကြီးမှုကို ကြောက်ရွံမှုများ ရှိနေခြင်းနှင့် တဘက်တွင် တရုတ်နိုင်ငံကို ထိန်းချုပ်ရေး မူဝါဒ (Containment Policy) တခု ရှိနေသယောင် အခြေအနေများကြောင့် အကြပ်အတည်းကလည်း ရှိနေသည်။ ထိုအချက်များက နိမိတ်ကောင်းသော အရိပ်အယောင်များ မဟုတ်ပါ။
၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သော သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးများနှင့် အနောက်နိုင်ငံများ၏ စီးပွားရေး အကူအညီများ ဝင်ရောက်မှုကြောင့် အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သော ပတ်ဝန်းကျင်တွင် အနောက်တိုင်း၏ လွှမ်းမိုးမှု မြင့်တက်လာခဲ့သည်။ သို့သော် မြန်မာနိုင်ငံ မြောက်ပိုင်းတွင်မူ စီးပွားရေးတွင်ရော တိုင်းရင်းသားအရေးတွင်ပါ တရုတ်၏ သြဇာက အမြင့်ဆုံး ဖြစ်နေသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ရှိ တိုင်းရင်းသားဒေသများတွင် နေထိုင်သူများမှာ ၂ ဘက်လုံးသို့ ကူးလူးဆက်ဆံ နေထိုင်ခဲ့သည်မှာ ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ “ဝ” အထူးဒေသက ယူနန်ပြည်နယ် တောင်ပိုင်းသဖွယ် ဖြစ်နေသည်။ “ဝ” အထူးဒေသသည် မြန်မာပိုင်နက်တွင်းတွင် ရှိသော်လည်း စီးပွားရေး၊ အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည်။ ကိုးကန့်ဒေသတွင် နေထိုင်ကြသူများမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြသော်လည်း တရုတ်လူမျိုးများဖြစ်ပြီး ပြီးခဲ့သည့် ၅ နှစ် အတွင်း တိုက်ပွဲများ ၂ ကြိမ်ပေါ်ပေါက်ခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာအစိုးရကြားမှ အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးကို တရုတ်၏ သဘောတူညီချက်မပါဘဲ ဗဟိုအစိုးရက ရေရှည်ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါ။ နယ်စပ်သို့ အမေရိကန် ရောက်လာခြင်း သို့မဟုတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမေရိကန်နိုင်ငံ ပါဝင်လာခြင်းကို တရုတ်နိုင်ငံက လုံး၀ မလိုလားပါ။
၂ ဘက်လုံးနှင့် သက်ဆိုင်သည့် တောင်တရုတ်ပင်လယ်ပြင်ကိစ္စတွင် သိသာသော တင်းမာမှုများ မရှိသော်လည်း အမေရိကန်က တရုတ်၏ တိုးတက်မှုအပေါ် ထိန်းချုပ်ရေးမူဝါဒကို ကိုင်စွဲထားလိမ့်မည်ဟု တရုတ်က ယုံကြည်သည်။ သမ္မတ အိုဘားမား၏ အစိုးရက မြန်မာနိုင်ငံသို့ တံခါးဖွင့်ခြင်းသည် တရုတ်ကို ထိန်းချုပ်ရေးဗျူဟာနှင့် အရှေ့အာရှမှ အမေရိကန်၏ အကျိုးစီးပွားကို ခိုင်မာအောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံသား အများအပြားက ယူဆထားသော်လည်း မြန်မာနှင့် အမေရိကန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုက အမေရိကန်-မြန်မာ ၂ နိုင်ငံ အကျိုးစီးပွား ပေါ်တွင် အခြေခံထားပြီး သင့်တင့်သော အရှိန်ဖြင့် သွားနေသောကြောင့် ထိုအယူအဆက လက်ခံရန် ခက်ခဲမည့်အသွင် ရှိနေသည်။
ရုရှားက ပါရှားပင်လယ်ကွေ့ကို လိုချင်နေသည့် ၁၉ ရာစု လောက်ကတည်းက တရုတ်ကလည်း မြန်မာနိုင်ငံမှတဆင့် ဘင်္ဂလား ပင်ဘယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာကို အသုံးပြုရန် ဆန္ဒရှိခဲ့သည်။ အမေရိကန် လွှမ်းမိုးထားသည့် ဒေသအတွင်း အချို့က တရုတ် ရေတပ်တတပ်ရှိမည်ကို စိုးရိမ်ခဲ့ကြသည်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲမှ အဖွဲ့ ၈ ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်က လိုအပ်သော်လည်း လုံလောက်မှု မရှိသေးပါ။ စစ်မှန်သော ငြိမ်းချမ်းရေးရှိရေး လုပ်ငန်းစဉ်များက ရှည်လျားပြီး ခက်ခဲနေဦးမည် ဖြစ်သည်။ တိုင်းရင်းသား လူနည်းစု ပြဿနာက မြန်မာနိုင်ငံအတွက် ခေတ်သစ်နိုင်ငံ တခုအဖြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အခက်ခဲဆုံး ကဏ္ဍအဖြစ် ရှိနေခဲ့သည်။ အဆိုပါ တိုင်းရင်းသားပြဿနာများကို တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှု အသင့်အတင့် မရှိဘဲ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါ။
တရုတ်နိုင်ငံက ၎င်း၏ တောင်ပိုင်းအစွန်နယ်စပ်တွင် အမေရိကန်၏ သြဇာလွှမ်းမိုးလာမည်ကို မလိုလားသည်မှာ အလွန် ရှင်းပါသည်။ သို့သော် အမေရိကန်ကလည်း မြန်မာနိုင်ငံအနေဖြင့် ၎င်းတို့နှင့် ပုံမှန် ဆက်ဆံရေး ပြန်လည်ရယူနိုင်ရန် တိုင်းရင်းသားများနှင့် ပတ်သတ်သည့် အရေးကိစ္စများအတွက် ကျိုးကြောင်းဆီလျှော်သော ဖြေရှင်းမှုအချို့ လိုအပ်ကြောင်း ထောက်ပြခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားရေးပြဿနာတွင် တရုတ်နှင့် အမေရိကန်တို့ အားပြိုင်လာမှုက ၎င်း ၂ နိုင်ငံ အပြန်အလှန်ဆက်ဆံရေးအတွက် သင့်လျော်ခြင်း မရှိသလို မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားအတွက်လည်း မကောင်းပါ။
လက်ရှိခေတ်၏ မဟာကစားပွဲက ယခင်ကစားပွဲများနှင့် မတူညီသည်မှာ တင်းမာမှုများမှနေ၍ စစ်ရေးအရ ရင်ဆိုင်ဖြေရှင်းမှုများ ပေါ်ပေါက်မလာခြင်း ဖြစ်သည်။ ၁၉ ရာစုတွင် အင်္ဂလိပ်၏ အာဖဂန်နစ္စတန်အား သိမ်းပိုက်ရန် မိုက်မဲစွာ ကြိုးစားခဲ့ခြင်းက အကောင်းဆုံး သင်ခန်းစာဖြစ်ခဲ့သည်။ အကယ်၍ မြန်မာနိုင်ငံပါဝင်နေသည့် မဟာကစားပွဲတခုနှင့် ပတ်သက်၍ အရိပ်အမြွတ် ပြောရမည်ဆိုလျှင် မည့်သည့် မြန်မာအစိုးရဖြစ်စေ ဒေသတွင်းတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေ၊ ဆက်လက် ဖြစ်ပေါ်လာမည့် အခြေအနေနှင့် ခက်ခဲသော အခြေအနေများအောက်တွင် ၎င်းတို့၏ အစဉ်အလာ ဖြစ်သလို ပညာသားပါသော မူဝါဒ ဖြစ်သည့် ဘက်မလိုက်ဘဲ ဟန်ချက်ညီညီ ရပ်တည်နိုင်ရေးကို ဆက်လက် ထိန်းသိမ်းသွားနိုင်စွမ်း ရှိရတော့မည်ဖြစ်သည်။ တရုတ်နှင့် အမေရိကန် အနေဖြင့်လည်း မပီပြင်သေးသော ရှေ့တန်း မျက်နှာစာတခု၏ သိမ်မွေ့မှုကို နားလည်သဘောပေါက်ရမည် ဖြစ်ပြီး ပညာသတိဖြင့် ယှဉ်လျှက် ဆောင်ရွက်ရမည် ဖြစ်သည်။
(Nikkei Asian Review ပါ David I. Steinberg ၏ Replaying the ‘Great Game’ in Myanmar? ကို ဆုမွန်ဖြိုး ဘာသာပြန်သည်)