အထီးကျန် စာတိုက်ပုံးကလေးများ

သွေး (စစ်ကိုင်း)

This article has been converted from Zawgyi One to Unicode

ကျမဆီမှာ ဒီနေ့ထက်ထိ တန်ဖိုးထားပြီး သိမ်းဆည်းထားတဲ့ အရာတွေထဲမှာ တံဆိပ်ခေါင်း ကပ်ထားတဲ့ စာအိတ်တွေနဲ့ ပေးစာတွေ ပါဝင်ပါတယ်။ အချိန်ရတဲ့အခါ၊ တစုံတယောက်ကို သတိရတဲ့အခါ၊ အတိတ်က အကြောင်းအရာ တခုကို အမှတ်ရတဲ့ အခါမျိုးမှာ စာတွေကို ပြန်ဖတ်ရတာက ဘာနဲ့မှ မတူပါဘူး။ ဒါပေမယ့် ကျမဆီကို ရောက်လာတတ်တဲ့ စာတွေနေရာမှာ ဖုန်းသံတွေက အစားထိုးခဲ့သလို ကျမကိုယ်တိုင် ကလည်း စာတိုက်ပုံးကနေ စာထည့်တဲ့ အလေ့အကျင့် နည်းလာပြီဆိုတာ သတိပြုမိပါရဲ့။

လွန်ခဲ့တဲ့နှစ် ၂၀ ကျော် ကာလက ဝေးကွာနေသူ တယောက်နဲ့ တယောက်အကြား ဆက်ဆံရေးမှာ စာထည့်တာ၊ စာရေးတာတွေက အရေးပါခဲ့ပါတယ်။ ကျမတို့ သူငယ်ချင်းတွေ တနယ်နဲ့ တနယ် ဝေးနေရင် စာတွေ အပြန်အလှန် ရေးပြီး ပို့စကတ်လေးတွေ ပို့ပေးကြပါတယ်။ စာရေးတာ ဝါသနာပါတဲ့ ကလောင်သစ် တယောက်အတွက် ရန်ကုန်မှာ ရှိတဲ့ မဂ္ဂဇင်းတိုက်တွေဆီ စာမူပို့ဖို့ စာတိုက်ကိုပဲ အားကိုးခဲ့ရတာပါ။ ဒါတင် မကသေးပါဘူး၊ Pen Friend လို့ခေါ်တဲ့ မိတ်ဆွေ တွေလည်း ကျမမှာ အများကြီး ရှိခဲ့ဖူးပါတယ်။

အဲဒီအထဲက ရေနံချောင်းက စန္ဒီစိုးထက်ရတနာ၊ ကြည့်မြင်တိုင်က မေသက်နိုင်ဝင်း၊ ရွှေညောင်က မုန်းမုန်းချစ်၊ မရမ်းကုန်းက မေခနဲ့ မေလိခဆိုတဲ့ Pen Friend တွေကို နာမည်လေးတွေ လှလို့ အမှတ်ရနေတုန်း ပါပဲ။ အပြန်အလှန် မိတ်ဆွေဖွဲ့ကြ၊ ဝါသနာပါတာလေးတွေ စာထဲထည့်ရေး၊ ပြီးရင် ဓာတ်ပုံလေးတွေ လဲကြပါတယ်။ တချို့တွေဆို တဖွဲ့တနွဲ့ စာရေးကောင်းလွန်းလို့ သူတို့တွေဆီက လာတဲ့စာတွေကို ဖတ်ရတာ ဗဟုသုတလည်းရ၊ ကဗျာဖတ်ရသလို၊ ဝတ္ထု ဖတ်ရသလိုလည်း ခံစားရပါရဲ့။

ကျမတို့ ဖွင့်ထားတဲ့ စာအုပ်ဆိုင်လေး လိပ်စာနဲ့ ရောက်လာတတ်တဲ့ စာတွေဟာ တပတ်ကို ၅ စောင်ကနေ ၁၀ စောင် အထိ ရှိပါတယ်။ စာပို့သမားရဲ့ စက်ဘီးကနေ တီးလိုက်တဲ့ ဘဲလ်သံကြားရင် စာလာပြီ ဆိုပြီး အလိုလို စိတ်လှုပ်ရှား လာပါတယ်။ စာတွေကို တဝကြီးဖတ်၊ သူတို့ဆီကို စာပြန်လာတဲ့ စာတွေကို အထပ်လိုက် သိမ်းထားရင်း ပျော်ရွှင်ခဲ့တာ ပါ။

ကျမ အမေ ဆီမှာတော့ အဖေ ရန်ကုန်မှာ ရှိနေတုန်း ရေးပို့တဲ့ စာတွေရှိသလို “ရှုမဝ” လို မဂ္ဂဇင်းတွေဆီကနေ ပို့လိုက်တဲ့ အဖေ့အတွက် မဂ္ဂဇင်း လက်ဆောင်ထည့်ထားတဲ့ စာအိတ်တွေပါ ရှိပါတယ်။ အဖေက စာရေးဆရာ တယောက်မို့ ရန်ကုန်မှာနေလိုက်၊ နယ်မှာနေလိုက်ပါ (၁၉၈၇ မှာ အဖေ ကွယ်လွန်သွားခဲ့ပါတယ်)။

ကလေးဘဝ ကတည်းက ရင်းနှီးနေခဲ့တာကတော့ အဖေ့ဆီကို စာဖတ် ပရိသတ်တွေ ကနေ ပို့ကြတဲ့ စာတွေပါ။ အဲဒီ အချိန်တုန်းက လုံးချင်း စာအုပ်တအုပ် ထုတ်ဝေရင် အနည်းဆုံး အုပ်ရေ ၅၀၀၀ လောက်အထိ ထုတ်ဝေတာပါ။ ဒါ့အပြင် စာပေတိုက်က ထုတ်ဝေသူတွေ ကနေ အဖေ့ဆီရေးတဲ့ ပေးစာတွေလည်း ရှိပါတယ်။ အသိမ်းအဆည်း ကောင်းတဲ့ အမေက အဖေ ကွယ်လွန်သွားခဲ့ပြီးနောက်မှာ အဲဒီပေးစာတွေကို ဆက်သိမ်းထားခဲ့ပါတယ်။

ဘဝရဲ့ အချိုးအကွေ့ တခုအရ နယ်ကနေ ရန်ကုန်လာနေဖြစ်ချိန် ကျမနဲ့ အတူတူ သယ်ဆောင်လာနိုင်တာက ခင်မင် ရင်းနှီးသူတွေရဲ့ ပေးစာတွေပါ။ နယ်မြို့လေးက အမေ့ဆီကို အလုပ်အကြောင်း၊ မာကြောင်း၊ သာကြောင်း စာမှန်မှန် ရေးပို့ဖြစ်ခဲ့သလို၊ အမေ့ဆီကလည်း စာတွေ ပုံမှန် ရောက်လာခဲ့ပါတယ်။ အမေ့စာတွေမှာ မိခင်တယောက်ရဲ့ ချစ်ခြင်း မေတ္တာကိုပါ အထင်းသား တွေ့ရပါတယ်။

တကယ်တော့ ပေးစာတွေဟာ ဝေးကွာနေသူတွေကြားက နှလုံးသားကို သတိရမှု၊ ဂရုစိုက်မှုတွေ တံတားထိုးပေး တာပဲလို့ ကျမ မြင်မိပါတယ်။

နည်းပညာ ထွန်းကားလာတာနဲ့ အတူ အီးမေးလ်နဲ့ ဆက်သွယ် လာနိုင်တဲ့အခါ၊ စာထည့်ဖို့ထက် အီးမေးလ် ပို့တဲ့သူ များလာ ပြန်ပါရော။ တမြို့နဲ့ တမြို့ဆီကို စာတိုက်ကနေ စာထည့်တာ တပတ်၊ ဆယ်ရက် ကြာနိုင်ပေမယ့် အီးမေးလ်က ချက်ချင်းဆိုသလို ရောက်တာက အားသာချက် ဖြစ်ပါတယ်။

အရင်တုန်းက အီးမေးလ်ပို့ဖို့၊ Facebook သုံးဖို့ အင်တာနက် ဆိုင်တွေကို သွားရပါတယ်။ ဖုန်းနဲ့ အင်တာနက် သုံးစွဲနိုင်ဖို့ ဆိုတာ မလွယ်လှပေမယ့် ၂၀၁၃ ခုနှစ် ဧပြီလစကပြီး ၁၅၀၀ တန် ဖုန်းတွေ ပေါ်လာခဲ့ပါတယ်။ ဖုန်းဆင်းကတ်တွေ ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်တာကြောင့် တမြို့နဲ့ တမြို့ ဆက်သွယ်ရေးမှာ လက်ကိုင်ဖုန်းတွေက အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်လာတာ အမှန်ပါပဲ။

တခါ Facebook လူမှုကွန်ယက်မှာ တယောက်နဲ့တယောက် အလွယ်တကူ ဆက်သွယ်နိုင်တာ၊ ဓာတ်ပုံတွေ တင်နိုင်တာ၊ ကိုယ့်ရဲ့ သဘောထားကို ရေးနိုင်တာတွေကြောင့် စာတိုက်ကနေ စာထည့်တာ ပိုပိုနည်းလာခဲ့ပါတယ်။ Sim ကတ်ဝယ်ရင် အင်တာနက် ပါပြီးသားမို့ ဖုန်းတလုံး ရှိနေရုံနဲ့ အင်တာနက်ဆိုင် သွားစရာမလိုဘဲ Facebook သုံးရင်း၊ ဖုန်းပြောရင်း အဆင်ပြေနေတဲ့ အနေအထားပါ။

ကျမဆီကို စာတွေရေးပို့နေတဲ့ အမေက စာမထည့်တော့ဘဲ ဖုန်းပဲ လှမ်းဆက်သလို၊ ကျမကလည်း စာမထည့်နိုင် တော့ဘဲ ဖုန်းနဲ့ပဲ စကားပြောဖြစ် လာပါတယ်။

စာတစောင်က ပြောပြနေတဲ့ နွေးထွေးမှုတွေ၊ သတိရမှုတွေကို Facebook ပေါ်က ဖန်သားပြင်မှာ မရနိုင်ဘူး ဆိုတာ သိလာရ ပါတယ်။ စာတိုက်ကနေ ထည့်တဲ့ စာတွေက ထိန်းထိန်းသိမ်းသိမ်းနဲ့ ကာယကံရှင်တွေပဲ သိရပေမယ့် Facebook မှာ ရေးတာတွေက တခါတလေ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို တခြားသူတွေက သိနေတာ၊ ဒေါသဖြစ်ရင် ဖြစ်သလို အသုံးအနှုန်းတွေ ရင့်သီးလာတာ၊ အမုန်းတရားတွေ၊ လူတဖက်သားကို အပုပ်ချတာတွေ ပါလာတဲ့အခါ ကွဲပြားခြားနားမှုကို သွားတွေးမိပြီး စိတ်မသက်မသာ ဖြစ်ရပါရဲ့။

တနေ့တနေ့ Facebook ပေါ်မှာပဲ အချိန်ကုန်နေလို့ မိသားစုအတွင်းမှာကို နွေးနွေးထွေးထွေး စကားပြောချိန်မရှိလို့ စိတ်ညစ်ရတဲ့ အကြောင်း တချို့မိတ်ဆွေတွေက ပြောပြ ရင်ဖွင့်တာလည်း ရှိပါတယ်။ ဟုတ်ပါရဲ့ … အဖေလုပ်သူကို ချွဲမယ်လို့ စိတ်ကူးထားတဲ့ သမီးတယောက်ဟာ သူ့ထက် ဖုန်းကိုပဲ ဦးစားပေးပြီး Facebook ပေါ်မှာပဲ စကားပြောနေတဲ့ ဖခင်တယောက်ကို ဘယ်လိုလုပ်ပြီး နားလည်ပေးနိုင်ပါ့ မလဲ။ မိသားစု စကားဝိုင်းတွေနေရာမှာ အစားထိုး ဝင်ရောက် လာတဲ့ နည်းပညာက မိသားစု ချစ်ခြင်းမေတ္တာကို တခါတရံမှာ ဖဲ့ခြွေယူနေမှာပါပဲ။

တခါတုန်းက ကမ္ဘာကျော် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးကနေ သူ့ညီဖြစ်တဲ့ သီအိုဆီကိုရေးတဲ့ ပေးစာတွေဟာ ခုထက်ထိ ညီအစ်ကို နှစ်ယောက်ကြားက ခိုင်မြဲတဲ့ မေတ္တာကို သက်သေထူနေဆဲ ဖြစ်ပါတယ်။ လက်ရေးတွေက လှချင်လှမယ်၊ သော့ချင်သော့မယ်၊ ဝိုင်းချင်ဝိုင်းမယ်၊ စာရေးစက္ကူတွေရဲ့ အရောင်က အဖြူရောင် ဖြစ်ချင်ဖြစ်မယ်၊ အဝါရောင် ဖြစ်ချင်ဖြစ်မယ်၊ ပန်းရောင် ဖြစ်ချင်ဖြစ်မယ်၊ ကပ်ထားတဲ့ တံဆိပ်ခေါင်းက ငှက်ခါးလေး ဖြစ်ချင်ဖြစ်မယ်၊ တိုင်းရင်းသား တွေရဲ့ ရိုးရာပွဲတော် ဖော်ကျူးထားတာ ဖြစ်ချင်ဖြစ်မယ်၊ နေ့ထူးနေ့မြတ် တခုခုကို ဂုဏ်ပြုထားတာ ဖြစ်ချင်ဖြစ်မယ်၊ တူညီတဲ့ အချက်ကတော့ ကာလကြာရှည် တာနဲ့အမျှ ပေးစာတွေဟာ တန်ဖိုးတခု ရှိနေတာပါ။ အလားတူပဲ လက်ရေးမူလေးတွေလည်း ပျောက်ကွယ်ကုန်ပါပြီ။ တယောက်နဲ့ တယောက် မတူညီတဲ့ လက်ရေးတွေကို အဖြေရှာလို့ မရတော့ဘဲ၊ ဘယ်သူ့ဆီက စာပဲ ဖြစ်ဖြစ် ကွန်ပျူတာ စာလုံးဝိုင်းဝိုင်းတွေချည်း ဖြစ်နေတာလည်း စိတ်ကသိကအောင့် ဖြစ်စရာပါပဲ။

စားသုတ်သုတ်၊ သွားသုတ်သုတ် ဖြစ်နေတဲ့ အခုလိုကာလမှာ ချစ်စရာကောင်းတဲ့ ပေးစာ အပြန်အလှန်ရေးကြတဲ့ အလေ့အထ ပျောက်ကွယ်သွားပြီး ငှက်ခါးလေး လာမနားနိုင်မှာ၊ ကျေးတမာလေး မပျံသန်းနိုင်မှာတော့ စိတ်ပူ နေမိပါတော့တယ်။ ။

Loading