ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်လို့ ကျော်ကြားတဲ့ မန္တလေးမြို့ဟာ နိုင်ငံခြားသား ခရီးသည်များ လာရောက် လည်ပတ်ချင်စရာ ဒေသတခု ဖြစ်ပါတယ်။ မီးခိုးမထွက်တဲ့လုပ်ငန်းလို့ တင်စားထားတဲ့ ခရီးသွားလုပ်ငန်း တွင်ကျယ် လာတာနဲ့အမျှ နိုင်ငံ့ဝင်ငွေတိုးလာပြီး ဒေသလည်း ပိုမိုဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာစဉ်က ခရီးသွားလုပ်ငန်းဟာ ကောက်ရိုးမီးကဲ့သို့ တောက်ခဲ့သော်လည်း လက်ရှိတွင်မူ သွေးအေးသွားခဲ့ပါတယ်။ မန္တလေး ခရီးသွားလုပ်ငန်း အခြေအနေ၊ တံတားဦး ဟိုတယ်ဇုန် စီမံကိန်း ကိစ္စ၊ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး ခရီးသွားလုပ်ငန်းများ၏ အလားအလာတို့နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ၊ တံတားဦး ဟိုတယ်ဇုန် စီမံကိန်း ဒါရိုက်တာ ဦးမြင့်အောင်ကို ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေး မြန်းထားပါတယ်။
မေး ။ ။ မန္တလေးရဲ့ ခရီးသွားလုပ်ငန်းအခြေအနေလေး ပြောပြပေးပါ။
ဖြေ ။ ။ အစိုးရသစ်လက်ထက် တက်ကာစတုန်းကတော့ ခရီးသွားလုပ်ငန်းကြီးက နေ့ချင်းညချင်းပေါက်မယ့် ပဒေသာပင်ကြီးလို ဟိုတယ်ကြီးတွေ ဆောက်ကြ၊ လုပ်ကြပေါ့၊ ဒါပေမယ့် ဧည့်သည်က ထင်သလို မလာဘူးဖြစ်နေတယ်၊ မနှစ်ကနဲ့ ယှဉ်ရင် နည်းသွားတယ်၊ ဧည့်သည်က ထင်သလို မလာသလို ဒီကြားထဲမှာ ကျွမ်းကျင်ဝန်ထမ်း အခက်အခဲ ရှိလာတယ်။ ဟိုတယ်တွေသာ တိုးလာပေမယ့် ဝန်ထမ်းလူသားရင်းမြစ်က ထင်သလောက် တက်မလာတော့ အဲဒီမှာ အခက်အခဲ ဖြစ်လာတယ်။
မေး ။ ။ မန္တလေးဇုန်မှာ ဘယ်ဒေသတွေ ပါဝင်ပါသလဲ။
ဖြေ ။ ။ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ဒေသတွေနဲ့ ဖွဲ့စည်းထားတာပါ။
မေး ။ ။ အစိုးရသစ်လက်ထက် မန္တလေးမှာ ဟိုတယ်လုပ်ငန်း ဘယ်လောက်ထိ တိုးတက်လာသလဲ။
ဖြေ ။ ။ အမြင်အားဖြင့် ပြောမယ်ဆိုရင် မန္တလေးမြို့မှာ ၂၀၁၁ အစိုးရသစ် စတက်စဉ်က ဟိုတယ်အလုံးရေ ၆၆ လုံး၊ အခန်းပေါင်း ၂၂၀၀ ပဲ ရှိခဲ့တယ်၊ အခု ၂၀၁၅ မှာ ဟိုတယ်အလုံးပေါင်း ၁၆၂ လုံး၊ အခန်းအရေအတွက် ၆၀၀၀ ကျော်သွားပြီ၊ အခန်းရေ အများကြီးတိုးလာပါတယ်။ ဒါတောင် ဟိုတယ်ခရီးမှာ လိုင်စင်လုပ်ထားတဲ့ ဟိုတယ် အရေအတွက်ပဲ ရှိပါသေးတယ်၊ လိုင်စင်မရှိဘဲ တရားမဝင်ဖွင့်ထားတဲ့ အရေအတွက်တွေလည်း ရှိနေပါသေးတယ်။
မေး ။ ။ ၂၀၁၄ စက်တင်ဘာက မန္တလေးတိုင်း ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက လိုင်စင်မဲ့ဖွင့်ထားတဲ့ ဟိုတယ်တွေကို စစ်ဆေးမယ်ဆိုပြီး လုပ်ခဲ့ပါတယ်၊ အဲဒီနောက်ပိုင်း တနှစ်ကျော်ကာလမှာလည်း လိုင်စင်မဲ့ ဟိုတယ်တွေ မန္တလေးမှာ ရှိ နေတုန်းပဲလား။
ဖြေ ။ ။ ရှိတုန်းလားဆိုရင် နဂိုအတိုင်းပါပဲ၊ အရေးယူ စစ်ဆေးမှုအပိုင်းတွေ မရှိသေးပါဘူး၊ အဲဒါတွေကို စည်းကမ်းပိုင်း၊ ဥပဒေနဲ့အညီ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဝင်စိစစ်ပေးမယ်ဆိုရင် အဆင်ပြေမှာပါ၊ ဟိုတယ်၊ တည်းခိုခန်းဆိုတာ သာမန် အရင်းအနှီးနဲ့ မရပါဘူး၊ ဒါကြောင့် လိုင်စင်မရှိတဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် ပိတ်တာ၊ တားတာတွေ ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် တရားဝင်လိုင်စင်ယူပြီးမှ ဖွင့်သင့်တယ်လို့ မြင်ပါတယ်။
မေး ။ ။ လိုင်စင်မဲ့ဟိုတယ်၊ တည်းခိုခန်းတွေက ခုထိရှိနေသေးတယ်ဆိုတော့ လိုင်စင်လုပ်တဲ့နေရာမှာ အခက်အခဲရှိလို့လား။
ဖြေ ။ ။ အဲဒီလို မခက်ခဲပါဘူး၊ ဟိုတယ်ခရီးမှာ အချက်အလက်ပြည့်စုံရင် လပိုင်းတောင် မကြာဘဲ ရပါတယ်၊ အဲဒီလိုမဟုတ်ဘဲ စည်းကမ်းချက်နဲ့ မညီရင်တော့ နည်းနည်းကြာတာပေါ့လေ၊ အခုဆို ကားပါကင်တို့၊ စည်ပင်ဆောက်မိန့် စသဖြင့်ပေါ့။
မေး ။ ။ လိုင်စင်မဲ့ဟိုတယ်တွေ ရှိနေဆဲဖြစ်တာကြောင့် တရားဝင်လိုင်စင်ရှိ ဟိုတယ်တွေအတွက် ဘာတွေ နစ်နာစေသလဲ။
ဖြေ ။ ။ လိုင်စင်မဲ့ဖြစ်တဲ့အတွက် အခွန်အခမရှိဘူး၊ အမြတ်ခွန်၊ ကုန်သွယ်ခွန်၊ စည်ပင်ခွန်စသဖြင့်ပေါ့၊ အဲဒီလို မရှိတဲ့အတွက် သူတို့က ဈေးလျော့ချပြီး လက်ခံနိုင်တယ်၊ အဲဒါကြောင့် ဈေးကွက်မှာ အနှောင့်အယှက် ဖြစ်ပါတယ်၊ တချို့ဆို နိုင်ငံခြား ဧည့်သည်တယောက်ကို ဒေါ်လာ ၁၀ လောက်နဲ့ လက်ခံတယ်လို့တောင် ကြားပါတယ်၊ တရားဝင် ဟိုတယ်တွေက အဲဒီဈေး ဘယ်လိုလက်ခံနိုင်မလဲ၊ တရားဝင်ဆိုရင် အနည်းဆုံး ၂၅ ဒေါ်လာလောက်တော့ ရှိတယ်လေ။
မေး ။ ။ တံတားဦးဟိုတယ် ဇုန်စီမံကိန်း ဆောင်ရွက်နေတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီမှာ ဒါရိုက်တာ တယောက်အဖြစ် တာဝန်ယူထားတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေလေး ပြောပြပေးပါဦး။
ဖြေ ။ ။ တံတားဦး ဟိုတယ်ဇုန်ကို ၂၀၁၅ ဇန်နဝါရီမှာ စီမံကိန်းဖွင့်ပွဲ လုပ်ခဲ့ပါတယ်၊ စီမံကိန်း ဧရိယာက ဧက ၄ ထောင် ကျော်ပါတယ်။ အခု လောလောဆယ်မှာတော့ စီမံကိန်းမှာ ပါဝင်တဲ့ လယ်ဧကတွေထဲက ဧက ၂၂၀၀ ကျော်ကို နစ်နာကြေး ပေးပြီးပါပြီ။ နစ်နာကြေး မယူသေးတဲ့ လယ်သမားတွေ၊ မြေပိုင်ရှင်တွေကိုလည်း နစ်နာကြေး ပုံစံ ၄ မျိုးနဲ့ ပေးဖို့ အခုစာရင်း ကောက်နေပါတယ်။ ဒီလထဲကို အပြီးလုပ်ဖို့ စီစဉ်ထားပါတယ်၊
မေး ။ ။ နစ်နာကြေး ပုံစံ ၄ မျိုး ကိုလည်း ရှင်းပြပေးပါ။
ဖြေ ။ ။ အန်ကယ်တို့က မြေတဧကကို သိန်း ၁၀၀ နဲ့ နစ်နာကြေး သတ်မှတ်ထားပါတယ်၊ ဒါကိုမှ မယူချင်ဘူးဆိုရင် ၃ ဧက သွင်းတိုင်း ပေ ၄၀x၆၀ မြေတကွက်၊ တဧက သိန်း ၁၀၀ ကို ငွေမယူချင်ရင် သိန်း ၁၀၀ နဲ့ ညီမျှတဲ့ ကုမ္ပဏီမှာ ရှယ်ယာအဖြစ် ထည့်ပေးမယ်၊ သိန်း ၁၀၀ လည်း မယူဘူးဆိုရင် ပေ ၆၀ ပတ်လည် မြေတကွက် ပေးပါတယ်၊ အဲဒါကိုမှ လက်မခံဘူး၊ ကိုယ့်မြေမှာပဲ ကိုယ်လုပ်ချင်တယ်ဆိုရင် သူ့မြေကို ဇုန်ထဲမှာ လယ်စိုက်ပျိုးဖို့ ဧရိယာသတ်မှတ်ပြီး လုပ်ပေးသွားဖို့ စီစဉ်ထားပါတယ်။
မေး ။ ။ ရှယ်ယာ ထည့်ပေးမယ်ဆိုတော့ ကုမဏီရှယ်ယာက တစုကို ဘယ်လောက်ပါလဲ။ ငွေမယူတဲ့သူကို မြေပြန်ပေးမယ် ဆိုတော့ ဘယ်လိုနေရာတွေမှာ ပြန်ပေးဖို့ စီစဉ်ထားပါသလဲ။
ဖြေ ။ ။ ရှယ်ယာ တစုကို တသောင်းပါ၊ လူတဦးကို သိန်း ၂ သောင်းဖိုးအထိ ဝယ်ခွင့်ပေးထားပါတယ်။ မြို့မြေ လူနေထိုင်တဲ့ အပိုင်းမှာ ပေးသွားမှာပါ၊ တောင်သူလုပ်ချင်တဲ့သူ ဆိုရင်လည်း တောင်သူကွင်းတခု ဖော်ထုတ်ပြီး အဲဒီမှာပဲ စိုက်ပျိုးရမှာပါ။
မေး ။ ။ နစ်နာကြေးနဲ့ ပတ်သက်လို့ တချို့ဒေသခံ မြေပိုင်ရှင်တွေကလည်း သူတို့မြေတန်ဖိုးကို ဒီထက်မက တန်ကြေး ရှိတယ်လို့ ပြောပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က နစ်နာကြေးတိုးပေးဖို့ အစီအစဉ်ရှိပါသလား။
ဖြေ ။ ။ ဇုန်က လှုပ်ရှားလိုက်မှ မြေဈေး အတက်အကျ ဖြစ်တာပါ၊ ပြီးတော့ တကွင်းလုံး တဆက်တည်း မရသေးဘူးလေ၊ အဲဒါကြောင့် သတ်မှတ်နစ်နာကြေး သိန်း ၁၀၀ ထက် ပိုမဝယ်ပါဘူး။
မေး ။ ။ စီမံကိန်းကို ဘယ်လိုပုံစံ အကောင်အထည် ဖော်သွားမလဲ၊ ပြီးတော့ ရင်းနှီးမြှပ်နံှမှု ပမာဏကိုလည်း သိပါရစေ။
ဖြေ ။ ။ စီမံကိန်းကို အပိုင်း (Pharse) ၃ ခုခွဲပြီး ဆောင်ရွက်သွားမယ်၊ တပိုင်းကို ၃ နှစ်လောက်တော့ မှန်းထားပါတယ်၊ အခုတော့ မြေယာနစ်နာကြေးရယ်၊ မြေရှင်းလင်း ပေါင်းသင်တာတွေ လုပ်နေတယ်၊ တချို့နေရာတွေက မိုးတွင်းကာလ ရေတက်ချိန်မို့ ရေစောင့်နေရတဲ့ နေရာလေးတွေလည်း ရှိပါတယ်။ မတည်ရင်းနှီးငွေကတော့ ကျပ် ဘီလျံ ၅၀ ဖြစ်ပါတယ်၊ အဲဒီကနေစပြီး ရင်းနှီး မ တည်သွားမှာပါ။ ပြီးတော့ စီမံကိန်းအတွက် Master Plan ဆွဲနေတာလည်း မပြီးသေးဘူးလေ။
မေး ။ ။ ဟိုတယ်ဇုန် စီမံကိန်းမှာရော နိုင်ငံခြားကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းလာတာ ရှိပါသလား။
ဖြေ ။ ။ အခုက မြေနဲ့နေရာကို အတိအကျ မဆွဲရသေးတော့ ရင်းနှီးမြှပ်နှံမှုကို မခေါ်နိုင်သေးပါဘူး၊ ပြီးတော့ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC) ကို သြဂုတ်လကမှ စီမံကိန်း တင်ထားတာပါ၊ ဒါပေမယ့် ကမ်းလှမ်းထားတဲ့ နိုင်ငံခြား ကုမ္ပဏီတွေတော့ ရှိပါတယ်။ ဂျပန်၊ စင်ကာပူနိုင်ငံ ကုမ္ပဏီတွေပါပဲ။ တချို့ကတော့ လေ့လာနေဆဲပါပဲ။
မေး ။ ။ ဟိုတယ်ဇုန်စီမံကိန်းဟာ ရှေးဟောင်းနယ်မြေ တခုဖြစ်တဲ့ တံတားဦးနဲ့ ဆက်စပ်နေတယ်ဆိုတော့ စီမံကိန်းကြောင့် ရှေးဟောင်းယဉ်ကျေးမှုတွေ မထိခိုက်အောင် ဘယ်လို အာမခံချက် ပေးနိုင်ပါသလဲ။
ဖြေ ။ ။ ဇုန်က ရှေးဟောင်းနယ်မြေနဲ့ ဆက်စပ်မှုတော့ ရှိပါတယ်၊ ဒါပေမယ့် အကွက်တကွက် လွတ်နေပါတယ်၊ ရှေးဟောင်း ဇုန် ပေ ၁၀၀၀ ကျော်ကွာ လွတ်အောင် ရေးဆွဲထားပါတယ်။ အဲဒီအတွက် ရှေးဟောင်းယဉ်ကျေးမှုတွေကို စီမံကိန်းကြောင့် ဘာမှထိခိုက်စေမှာ မဟုတ်ပါဘူး။
မေး ။ ။ လာမယ့်လမှာ ရွေးကောက်ပွဲလည်း ကျင်းပတော့မယ်၊ ရွေးကောက်ပွဲပြီးရင်ရော ခရီးသွားလုပ်ငန်းတွေရဲ့ အလားအလာ ဘယ်လိုရှိမယ်လို့ ခန့်မှန်းပါသလဲ။
ဖြေ ။ ။ နိုင်ငံရဲ့ နိုင်ငံရေးအပေါ် မူတည်ပြီး နိုင်ငံရေးကောင်းရင် ဧည့်သည်လာမှာပဲ၊ အိမ်တအိမ်လိုပေါ့၊ အမြဲ လင်မယားချင်း ရန်ဖြစ်နေရင် ဘယ်သူက လာလည်ချင်မှာလဲ၊ အဲဒီလိုပါပဲ၊ အခုလာမယ့် ပွင့်လင်းရာသီကို တချက်စောင့်ကြည့်ရမှာပဲ၊ ဟိုတယ်ခရီးက မှန်းထားတာကတော့ ၂၀၁၅-၁၆ မှာ နိုင်ငံခြားသား ဝင်ရောက်မှု ၃ သန်းလို့ မှန်းတယ်၊ ၂၀၂၀ ခုနှစ်မှာ ၅ သန်းလောက် မှန်းထားတယ်၊ အန်ကယ်တို့ကတော့ ရွေးကောက်ပွဲပြီးရင် ကောင်းဖို့ပဲ မျှော်လင့်ပါတယ်။ ။