NLD ပါတီ အောင်နိုင်ရေး အတွက် မဲဆွယ် စည်းရုံးရေးဆင်းနေတဲ့ အနုပညာရှင် အနဂ္ဂ၊ ဒါရိုက်တာ ကြည်ဖြူသျှင် ဦးဆောင်တဲ့ အနုပညာရှင်များစွာ ပါဝင်တဲ့ အဖွဲ့ဟာ ပြည်တွင်း ဒေသများစွာကို ရောက်ရှိပြီး အောင်နိုင်ရေး အတွက် လှုပ်ရှားနေကြ သလို မဲပေးတဲ့အခါ အမှားအယွင်း မရှိစေဖို့ အတွက် Voter education ကိုလည်း ထိထိရောက်ရောက် ပြုလုပ်နေတယ် လို့ သိရပါတယ်။ အောင်နိုင်ရေး အတွက် ဆောင်ရွက် နေတဲ့ အနုပညာရှင်နှစ်ဦး ဖြစ်တဲ့ အနဂ္ဂနဲ့ ကြည်ဖြူသျှင် တို့ကို ဆောင်ရွက်နေတဲ့ အပိုင်းနဲ့ ရောက်ရှိတဲ့ နေရာ ဒေသအတွေ့အကြုံများနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။
အနဂ္ဂ
မေး။ ။ အခု ကိုအနဂ္ဂတို့ NLD အောင်နိုင်ရေး အတွက် ပါဝင်လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ အကြောင်းက စပြီး သိချင်ပါတယ်။ ဘယ်လိုခံယူချက်ကြောင့် ပါဝင်လှုပ်ရှားဖြစ်တယ် ဆိုတာလည်း သိချင်ပါတယ်။
ဖြေ။ ။ အဓိက ခံယူချက်ကတော့ ဒီမိုကရေစီ တိုက်ပွဲ တလျှောက်လုံးမှာ အမှန်တရား ပျောက်ဆုံးခဲ့တဲ့ အတွက် ကြောင့် အမှန်တရား ပေါ်ထွက်စေချင်တဲ့ အတွက် တိုက်ပွဲဝင်နေတဲ့ သူတွေ အတွက် ကိုယ်က ဘေးကနေ ဝန်းရံပေး တာပါ။
မေး။ ။ ဒီလိုအခြေအနေမှာ တခုခုများ ချွတ်ချော်ခဲ့သည်ရှိသော် ကိုယ့်အတွက် စိုးရိမ်စရာ အနေအထားဖြစ်မှာ မစိုးရိမ် မိဘူးလား။
ဖြေ။ ။ ကျနော်တို့က ကြိုးတန်းပေါ်မှာ လျှောက်နေကြရ တာပါ။ ကြိုးတန်းပေါ်မှာတောင်မှ ရိုးရိုးကြိုးတန်း မဟုတ်ပါဘူး မီးပတ်လည်ဝိုင်းနေတဲ့ ကြိုးတန်းပေါ်မှာ လျှောက်နေရတာ ပါ။ ကျနော်တို့ကို ဖုန်းနဲ့ ပြောတာတို့၊ ကျနော်တို့ အကောင့်တွေကို တနေ့တနေ့ ဝင်နှောင့်ယှက်နေတာတို့ တွေ့ပါတယ်။ ဒါပေမယ့် ရေဆန်လို့လည်း ကျနော် မပြောလိုဘူး၊ ရေစုန်လို့လည်း ကျနော် မပြောလိုဘူး။ အာဏာရှင်စနစ် ကနေ ဒီမိုကရေစီ စနစ်ကို ပြောင်းချင်လို့ ကျနော်တို့ ဝင်လုပ်နေတာပါ။
မေး။ ။ ကိုအနဂ္ဂတို့ အခု သွားနေတာ ၁၃ မြို့ရှိပြီလို့ သိရပါတယ်။ အခုသွားခဲ့တဲ့ မြို့ ၁၃ မြို့ရဲ့ အတွေ့အကြုံ ကရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ကျနော်တို့ ပထမဆုံးရောက်တာက မော်လမြိုင်မြို့ပေါ့။ နောက်ပြီး ကျနော်တို့ အဓိက ရောက်တာက ကျေးလက်ဆန်တဲ့ ဒေသမျိုးကို ရောက်တာပေါ့ နော်။ တချို့နေရာဆိုရင် လူနေနည်းနည်း ဝေးတယ်။ တော နည်းနည်း ကျတဲ့ နေရာမျိုးပေါ့။ အဲဒီလိုမျိုး နေရာမျိုးတွေ သွားတဲ့အခါမှာ ကျနော်တို့ တေ့ွရတာက သူတို့ အရမ်း ဆင်းရဲကြတယ်၊ အရမ်း စုတ်ပြတ်ကြတယ်။ ဒါပေမယ့် သူတို့ အားပေးတဲ့ ပုံစံက သူတို့နေတဲ့ အိမ်တွေသာ စုတ်ပြတ်သတ်နေမယ်၊ နေရတာတွေသာ စုတ်ပြတ်သတ်နေမယ်။ သူတို့ရဲ့စိတ်ဓာတ်တွေကတော့ အဆင့်အတန်းကတော့ လုံးဝ စုတ်ပြတ်သတ် မနေဘူး။
ဒီမှာ သူတို့ကို ဦးဆောင်မယ့်သူ တယောက်ပေါ်ပေါက် တော့မှာ ဖြစ်တဲ့ အတွက် မုန့်ထုတ်တွေ ထွက်ပေးကြတယ်။ တချို့ဈေးသည်တွေ ဆိုရင်သူတို့ရဲ့ မုန့်ဗန်းတွေကို တင်ပေးတာတွေ ရှိတယ်။ တချို့ နေရာတွေမှာ ရေတွေ ကမ်းတာတွေ ရှိတယ် ဆိုတော့ အဲဒီမှာ ကျနော်တို့ စတွေ့လိုက်ရတာက ကျနော်တို့ မြန်မာ လူမျိုးတွေရဲ့ မျှော်မှန်းချက်က ဒေါ်အောင်ဆန်းစုကြည်ပဲ။ ကျန်တာ ဘာမှ မရှိဘူး။ အဲဒီတော့ အားပေးတဲ့ပုံက ဘယ်လိုလဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်တခုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ကျနော်တို့ တွေကို အကုန်လုံးက ဝန်းရံသွားကြတာပါ။
မေး။ ။ အနုပညာရှင်တွေရဲ့ အားကရော ပါတီအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိနေပါသလဲ။
ဖြေ။ ။ အနုပညာရှင်တွေရဲ့ အားကတော့ အခုကျနော်တို့ မြင်နေရတာ အားမနာတမ်း ပြောရမယ် ဆိုရင် လူရွှင်တော်တွေ မြင်ရတယ်၊ ကာတွန်းဆရာတွေ မြင်ရတယ်၊ တေးသံရှင်တွေ မြင်ရတယ်။ ရုပ်ရှင်ကတော့ နည်းနည်းပဲ မြင်ရတယ်။ ဂီတကတော့ ဝန်းရံတဲ့အထဲမှာ အများဆုံးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ဂီတထဲမှာလည်း မဝန်းရံတဲ့ သူတွေ အများကြီးရှိပါတယ်။ ဒါကိုလည်း ကျနော်တို့က ဝန်းရံခြင်း မဝန်းရံခြင်း အပေါ် ဘာမှ အပြစ်ပြောဖို့ အကြောင်း မရှိပါဘူး။ သူတို့ဘာသာ သူတို့စိတ်နဲ့ သူတို့ ခံယူချက်ပါပဲ။
မေး။ ။ မဲပေးတဲ့ အခါ ဖြစ်နိုင်တဲ့ အမှားအယွင်း၊ နောက်ပြီး ပယ်မဲ မဖြစ်ဖို့ စတဲ့ အချက်အလက်တွေကိုရော ထိထိ ရောက်ရောက် ပြောပြနိုင်ခဲ့လား။
ဖြေ။ ။ ကျနော်တို့ ရောက်တဲ့အခါ အဓိက မဲသွားပေးတဲ့ အခါ မှတ်ပုံတင်ယူသွားဖို့၊ နောက်ပြီး ဆောင်ရန် ရှောင်ရန်တွေ ပေါ့။ အခု ကျနော်တို့ မြို့တွေထဲကို ဝင်သွားလိုက်ရင် ကားလမ်းတွေက မပိတ်ဘူး ဆိုရင် အနည်းဆုံး တနာရီခွဲလောက် အနည်းဆုံးပိတ်တယ်။ အဲဒီလောက်ပိတ်နေတဲ့ အချိန်မှာ လူတွေကလည်း NLD တီရှပ်၊ ဒါမှမဟုတ် NLD ဦးထုပ် တခုမဟုတ် တခု ဝတ်ထားကြတယ်။ ဒါတနိုင်ငံလုံးပဲ၊ ဘယ်သူမှ မလိမ်ဘူး၊ ပြီးတော့ ဟိုတလောက NLD အကျႌတွေ သိန်း ၆၀၀၀ ဖိုးလောက် ပျောက်သွားတယ်ဆိုတော့ ကျနော်တို့ စိတ်တောင် ပူသွားတယ်။
မေး။ ။ ဒါပေမယ့် ရွေးကောက်ပွဲအပြီးမှ ကိုယ်ထင်ထားတဲ့ ရလဒ် မဟုတ်ခဲ့ရင်ရော ကိုအနဂ္ဂတို့ ဘယ်လိုများ ပြင်ဆင် ထားမိမလဲ။
ဖြေ။ ။ ပြောရရင် ကျနော်တို့က အနိုင်မှန်းသိလို့ ဝင်လုပ်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ တကယ် လိုချင်တဲ့ အရာ အမှန်တရားကို ပေါ်ဖို့ အတွက်ကို ဝင်ပြီးလုပ်နေတာပါ။ ဒီတခေါက် မနိုင်ဘူး ဆိုရင် နိုင်ငံရေးအသိ စိတ်ဓာတ် မရှိတဲ့ သူတွေက နိုင်ငံရေး စိတ်ဓာတ် နိုးကြားလာတဲ့ အတွေက်ကြောင့် တရားမျှတမှု ရှိ မရှိ ဆိုတာကို သူတို့ သိလာတဲ့ အခါကျရင် ကျနော်တို့ ဒီမိုကရေစီအစိုးရ ဖော်ဆောင်မှုမှာ အရေးအကြီးဆုံး အချက်ဖြစ်တဲ့ လူထုရဲ့ အင်အားက အဲဒီအခါကျမှ တက်လာပါလိမ့်မယ်။ အခုချိန်က ကျနော်တို့ ကြိုလုပ်လို့ မရပါဘူး။ အဲဒီ အချိန်ကျမှ လူထုရဲ့ အင်အားကို လိုချင်တာတို့၊ လူထုရဲ့ အင်အားက သူတို့ လိုချင်တဲ့ အစိုးရကို မရတော့ဘူး ဆိုတဲ့ အခါကျရင် ဘာဆက်ဖြစ်မယ် ဆိုတာ ကျနော်မမှန်းတတ်ဘူး။
ကျနော်တို့ လူထုအင်အားက ထွက်ပြီ ဆိုတာနဲ့ နောက်ပြန်လှည့်တတ်တဲ့ အင်အား မဟုတ်ဘူးလေ။ အဲဒီလူထု အင်အားကိုတော့ ကျနော်ထင်တယ် အတိုက်အခံလုပ်ပြီးတော့ ဆွဲမထုတ်ပါနဲ့လို့တော့ တောင်းဆိုချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူထုက တော်ရုံတန်ရုံ အားပေးတာ မဟုတ်ပါဘူး။ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ပါ။ ကျနော် Personal account မှာ ကျနော် တောက်လျှောက်တင်နေတာ အလကား ကျနော် တင်နေတဲ့ဟာမဟုတ်ဘူး။ ကျနော်တို့ တိုင်းပြည်က ဘယ်လောက်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အားပေးထောက်ခံ နေတယ်ဆိုတာ ကျနော်ရဲ့ ဗီဒီယိုကလစ်တွေကို ကြည့်ပြီး အကုန်လုံးသိနိုင်ပါတယ်။
ဘာဖြစ်လို့ အဲဒီလို တင်လည်းဆိုတော့ Adobe ကတောင်မှ ကျနော်တို့ မြန်မာနိုင်ငံက ဓာတ်ပုံကို Copyright တောင်းတယ် ဆိုတော့ နောက်ထပ် ကမ္ဘာနှစ်ခုလောက် တည်ဆောက်လို့ ရနေပြီ။ Photoshop ကျနော် တင်နေတာတွေက Photoshop မဟုတ်ဘူး။ ဗီဒီယိုကလစ်လေ။ တကယ့်အစစ်၊ တကယ့်အဖြစ်အပျက် တွေကို ကျနော်တို့က တင်ပြနေတာ။
မေး။ ။ အခု ကိုအနဂ္ဂတို့ သွားနေတဲ့ နေရာတွေက ဒေါ်အောင်ဆန်းစုကြည် မရောက်ဖြစ်တဲ့ နေရာတွေကို အဓိက သွားဖြစ်ကြတာပါလား။
ဖြေ။ ။ အမှန်အတိုင်း ပြောမယ် ဆိုရင်တော့ အန်တီက ကျနော်တို့ကို လွှတ်တာပါ။ အခု ကျနော်တို့က သူလွှတ်တဲ့ မြို့တွေ အပြင်ကို ကျနော်တို့က ဝိုင်းပြီးတော့ ထပ်ပြီးတော့ လုပ်ပေးသင့်တယ် လို့ ထင်တဲ့ မြို့တွေကို ထပ်လုပ် ပေးကြတာ။ ကျနော်တို့ အဖွဲ့ကတော့ အနုပညာရှင် အများဆုံးနဲ့ မြို့တွေ အများကြီး သွားနေတဲ့ အဖွဲ့ပါ။ တခြားအဖွဲ့ တွေလည်း ရှိတယ်။ မြို့နည်းနည်းနဲ့ သွားနေကြတဲ့ အဖွဲ့တွေလည်း အများကြီး ရှိပါတယ်။ အခု ကျနော်တို့ သွားတဲ့ မြို့တွေက ၂၈ နဲ့ ၃၀ ကြားမှာ ရှိနေပြီ ဆိုတော့ နောက်ထပ်အဖွဲ့တွေနဲ့ ဆိုရင် ကျနော်ထင်တယ် နောက်ထပ် မြို့တွေ နှစ်ဆ ထပ်ရှိမယ်။ အနည်းဆုံးမြို့ ငါးဆယ်နဲ့ ခြောက်ဆယ်ကြားမှာ ရှိလိမ့်မယ်။ အနုပညာရှင်တွေ အကုန်လုံးကလည်း ဒေါ်စု ဒီအချိန် အသက် ၇၀ ရောက်နေပြီ၊ သူတောင် ဒီလောက် လုပ်နေတယ် ကျနော်တို့က ဘာမှ မလုပ်ပေး နိုင်တာထက် စာရင် ဒီလောက်လောက်လေးပဲ ဝင်ပံ့ပိုးပေးရတာ တွေအတွက် ဝမ်းသာလှပါပြီ။
ဒါရိုက်တာ ကြည်ဖြူသျှင်
မေး။ ။ မကြည်ဖြူသျှင်တို့ အခု အောင်နိုင်ရေး အတွက် သွားနေတဲ့ ဒေသတွေက ဘယ်လိုဒေသတွေကို အဓိက ထားပြီး သွားနေတာပါလဲ။ မကြည်ဖြူသျှင်က ဘယ်လိုတာဝန် ယူထားတာပါလဲ။
ဖြေ။ ။ ခရီးစဉ်က သုံးခု ရှိပါတယ်။ တခုက အမေစုကနေ မဖြစ်မနေ သွားဆိုတဲ့မြို့တွေ ပါ။ အဲဒါက ၈ မြို့ပေါ့ ကျမတို့ တွေကို ချပေးတယ်။ ကျမက အခု ဗဟိုအောင်နိုင်ရေးမှာ ဘဘဦးတင်ဦး အတွင်းရေးမှူး အဖြစ်လည်း တာဝန်ယူ ထားတယ်။ ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူး နေရာကိုလည်း တွဲပြီးတော့ တာဝန်ယူထား ပါတယ်။ လက်ရှိ ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူးက လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သွားတဲ့ အခါကျတော့ အဲဒီနေရာကို ကျမ တွဲပြီး လုပ်ပေးနေပါတယ်။ တဆက်တည်းမှာလည်း အနုပညာသမားတွေကို ချိတ်ဆက်ပြီး အောင်နိုင်ရေးနဲ့ ပတ်သတ်တဲ့ ခရီးစဉ်တွေ ကြည်ဖြူသျှင် အစီအစဉ် ဆွဲရမယ် ဆိုတာလည်း ပါတယ်လေ။
ပထမဆုံး ကျမကို ဇေယျာသော်က မဖြစ်မနေသွားရမယ့် မြို့ ၈ မြို့ကို ချပေးမယ် တဲ့၊ ပြီးမှ မကြည်ဖြူသျှင်တို့ အဆင်ပြေတဲ့ သူတွေ သွားဖို့ ဆိုပြီး ချပေးတယ်။ ချပေးလို့ သွားပြီးတဲ့အခါမှာ ကျန်တဲ့ ရက်တွေက လစ်လပ်နေ တယ် ပေါ့နော်။ အဲဒီအချိန်မှာပဲ ကျမတို့ ထပ်စဉ်းစားတယ်။ သွားသင့်တဲ့ မြို့တွေကို ဗဟိုအောင်နိုင်ရေးက ထပ်ချပေးတာ ရှိတယ်။ ဒါက အမေစုက ချပေးတာ မဟုတ်ဘူး။ ဒါက ဒုတိယအဆင့်ပေါ့။ အဲဒီကနေမှ တခြားလပ်နေတဲ့ မြို့တွေ ရှိသေးတယ်။ လူကြီးတွေ ထပ်ချပေးတာက နှစ်မြို့၊ သုံးမြို့ပဲရှိတယ်။
အဲဒီမှာ ကျမတို့က ထပ်တိုင်ပင်ပြီး သွားသင့်တယ် လို့ ကိုယ့်ဘာသာ ရွေးချယ်ပြီး သွားကြတယ်။ ဥပမာ – ဘားအံ မြဝတီ ဆိုရင်လည်း ကျမတို့ အနုပညာသမားတွေ ရွေးချယ်တာ။ ဘားအံဆိုရင် ကရင်ပြည်နယ်ရဲ့ မြို့တော်၊ ကျမတို့ တိုင်းရင်းသား ဒေသတွေကို သွားသင့်တယ်၊ မြဝတီဆိုရင်လည်း နယ်စပ်မြို့ပေါ့ အဲဒီတွေ အထိကို ကျမတို့ NLD ပါတီဝင်တွေရဲ့ လှုပ်ရှားမှုအား ဘယ်လောက်ကောင်းလဲ ဆိုတာ ပြချင်တယ်။ အနုပညာသမားတွေ နယ်စပ်မြို့တွေ အထိ သွားတယ်ဆိုတာ ခရီးစဉ် တခုကိုလည်း ကျမတို့ပြချင်တယ်။
ဒါကြောင့် ကျမတို့က ပြောရမယ် ဆိုရင် အမေလွှတ်တဲ့ နေရာ၊ ဗဟိုက လွှတ်တဲ့ နေရာနဲ့ ကိုယ့်ဘာသာ သွားသင့်တယ် လို့ ရွေးချယ် ထားတဲ့ နေရာတွေကို သွားတယ်။ နောက်ပြီး ကိုယ်အားပေးစေချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတဲ့ နေရာပေါ့။ တချို့နေရာတွေ ကျတော့ရှိတယ်၊ ကျမတို့က လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို အရမ်း အားပေးချင်တယ်။ အရမ်းဝေးတဲ့ နေရာတွေ ရှိတယ်။ အဲဒီလိုမျိုးကျတော့ ကျမတို့ အဆင်မပြေဘူးပေါ့။ ကျမတို့ သွားဖြစ်တဲ့ နေရာတွေကလည်း အန်တီ မသွားဖြစ်တဲ့ နေရာတွေပေါ့။ ပြောရမယ် ဆိုရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် အန်တီ မသွားဖြစ်တဲ့ နေရာတွေကလည်း များ ပါတယ်။
မေး။ ။ အဲဒီလို သွားဖို့အတွက် ၈ မြို့ကို ချပေးတဲ့ အခါ၊ သွားတဲ့အခါ အန်တီက မကြည်ဖြူသျှင်တို့ကို ဘယ်လို Message ပေးဖို့ ချပေးထားပါလဲ။
ဖြေ။ ။ အမေနဲ့ တွေ့ခဲ့တာက အမေက ကျမတို့ အနုပညာသမားတွေကို အာဇာနည်နေ့မှာ ခေါ်တွေ့တယ်။ ဒီ Campaign အတွက်ကို အနုပညာရှင်တွေနဲ့ ပူးပေါင်းမယ် ဆိုတာကို ပြောတယ်။ အဲဒီအတွက် ကျမတို့က အန်တီ မပြောလည်း ဒါလုပ်မယ် ဆိုတဲ့ စိတ်က အပြည့်ရှိပြီးသားပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ရဲ့ခေါင်းဆောင်ကို ဒီရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရစေချင်တယ်။ ဖြစ်နိုင်ရင်တော့ ဒီခေါင်းဆောင်ကို သမ္မတနေရာအထိကို ရစေချင်တယ် ပေါ့။ ဘာပဲပြောပြော NLD အပြည့်အဝ အနိုင်ရရှိရေး အတွက် ကိုယ်နိုင်သလောက် သွားမယ် ဆိုပြီးတော့ ခရီးစဉ်တွေ ဆွဲပြီးတော့ သွားကြတယ်။ နောက်ပြီး ကျမတို့ သွားမယ့် ခရီးစဉ်တွေ ကိုလည်း ဗဟို အောင်နိုင်ရေးကို တင်ပြထားတယ်။ ကျမတို့ လုပ်တဲ့ အလုပ်တွေကိုလည်း ဗဟိုအောင်နိုင်ရေးက သိနေတယ် ပေါ့။
မေး။ ။ ဗဟိုအောင်နိုင်ရေးမှာ ပါဝင်တဲ့ အနုပညာရှင်တွေ အရေအတွက်ကရော စုစုပေါင်း ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ပြောရမယ် ဆိုရင် ပျမ်းမျှက ၁၅ ယောက်နဲ့ ၂၀ အကြားမှာ ပါပါတယ်။ တခါတလေကျရင် ၁၀ ယောက် ပါတယ်။ ၁၀ ယောက် ကတော့ အနည်းဆုံးပါပဲ။
မေး။ ။ အခုလိုက်ဆိုပေးကြတဲ့ အနုပညာရှင် တွေကရော NLD က ခေါ်လို့လား၊ သူတို့ဘာသာ လိုက်ဆိုပေးကြ တာလား။
ဖြေ။ ။ တချို့ကျတော့ ကိုယ်တိုင်ကကို ပြောထားကြတာ ရှိတယ်၊ သွားရင်ခေါ်ပါ ဆိုပြီး။ တချို့ကျတော့ ဆိုပေးနိုင်မလားလို့ ကိုယ်က သွားပြီး ကမ်းလှမ်းလိုက်ရင် သူတို့က ငြင်းရင်လည်း ငြင်းရခက်တယ် လေ။ ဒါကြောင့် ကိုယ်က တိုက်ရိုက် မပြောဘူး၊ အနုပညာသမား အချင်းချင်းပဲ ပြောခိုင်းတယ်၊ မေးလိုက်တယ်၊ မအားလည်း ကိစ္စမရှိဘူး။ လူတိုင်းမှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ တချို့ကိစ္စတွေမှာ စရံယူထားတာ ရှိမယ်၊ ရက်တွေ တိုက်နေမယ်၊ အဲဒီလိုမျိုးတွေ ဖြစ်တာရှိမယ်။
အခုသွားတဲ့ သူတွေကတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် တကယ် တက်ကြွစွာ သွားကြတယ်။ နောက်ပြီးကျမတို့ ခရီးစဉ်က အရမ်းကို ပင်ပန်းတယ်။ ဘာကြောင့်လဲ ဆိုတော့ စတိတ်ရှိုး ဆိုသလို ကိုယ့်အလှည့် ကျမှ တက်ဆိုသလိုမျိုး မဟုတ်ဘူး။ ရောက်ပြီ ဆိုတာနဲ့ အားလုံးက တက်ဆိုကြတယ်။ ဘယ်သူဆိုဆို နောက်က အကုန်အားပေးကြတယ်။ ပြီးတော့မှ အားလုံး တူတူဆင်းကြတယ်။ ဒါက ပွဲတိုင်းပွဲတိုင်းပဲ ဘာကြောင့်လဲ ဆိုတော့ အားလုံးရဲ့ ညီညွှတ်မှုကိုလည်း ပြတယ်။ နောက်ပြီး ဒီလူတွေ အားလုံးက တသွေးထဲ တသားထဲ တစိတ်ထဲ NLD အောင်နိုင်ရေး အတွက် လုပ်နေကြတယ် ဆိုတဲ့ တခုကိုလည်း ပြတယ်ပေါ့။
မေး။ ။ အနုပညာရှင်မှာ အခုက ဂီတက လူတွေ ပိုများတယ်နော်။
ဖြေ။ ။ ပြောရမယ် ဆိုရင် ရှေ့မှာက ရုပ်ရှင်က လူတွေက ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ကားမှာ သရုပ်ဆောင် တော်တော် များများ ပါကြတယ် လေ။ နောက်တခုက ကျမတို့ ရုပ်ရှင်သမားတွေက သီချင်းဆိုတာ သူတို့နဲ့ မဆိုင်ဘူးလို့ ထင်ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သီချင်းဆိုတတ်တဲ့ သူကလည်း နည်းတာကိုး။ ဒါကြောင့် သူတို့ တတ်ကျွမ်းတဲ့ ရိုက်ကူးရေး သရုပ်ဆောင်နဲ့ ပါဝင်ပြီးသွားပြီပေါ့ နော်။
သီချင်းဆိုတဲ့ ဖျော်ဖြေရေး ကျတော့ ဂီတဘက်က လူတွေ ပေါ့။ ပြောရမယ် ဆိုရင် ကျမထင်တယ် ဂီတက လူငယ်တွေ အများကြီး ရှိနေတာကြောင့်လည်း ဖြစ်မယ်။ လူငယ်တွေ ပါတဲ့ အတွက်ကြောင့် တခုခုဆိုရင် သတ္တိရှိတယ်။ ဒါကြောင့် ကိုယ်နိုင်ရာကို အားကြိုးမာန်တက် ပါဝင်ကြတယ် ပေါ့။ အခုက ကျမတို့ ဖျော်ဖြေရေး ခရီးစဉ်ကလည်း အဆို ဆိုတော့ တချို့ သရုပ်ဆောင်တွေ မပါဘူး ဖြစ်နေတာပေါ့။ ဒါပေမယ့် လိုက်တဲ့ သူတွေလည်း ရှိတော့ ရှိပါတယ်။
မေး။ ။ မကြည်ဖြူသျှင် ပြောသလို မြို့လုံးကျွတ် အားပေးကြတယ်ပေါ့။ ဒါပေမယ့် အွန်လိုင်းမှာ ဒါက Photoshop ဆိုပြီး ပြောလာကြတဲ့ အပေါ်ကိုရော ဘယ်လိုများ ပြောချင်ပါလဲ။
ဖြေ။ ။ အဲဒီလို ပြောတဲ့သူတွေကို ကျမ ရယ်ချင်တယ်။ Photoshop လို့ ပြောတာက သူတို့ မယုံနိုင်လို့ ပြောတာပေါ့ နော်။ သူတို့ မယုံနိုင်အောင် ဖြစ်တယ် ဆိုတော့ ကိုယ့်ရဲ့ အောင်နိုင်ရေးက အရမ်းကြီးတယ် လို့ပဲ ပြောချင်ပါတယ်။ နောက်ပြီး ကျမတို့ ရောက်တဲ့ မြို့တိုင်းက ဒါက Photoshop လား၊ တကယ်လား ဆိုတာ မြို့ခံ လူတွေ အကုန်လုံးသိတယ်။ Photoshop လို့် ပြောတဲ့သူတွေကို ကျမ ပြောချင်တာကတော့ ကျေးဇူးအရမ်းတင်ပါတယ်။ ကျမတို့ရဲ့ အောင်မြင်မှုကို Photoshop လို့ ပြောရလောက်အောင် အောင်မြင်တဲ့ အတွက်ကြောင့်မို့၊ အရမ်းကျေးဇူး တင်ပါတယ် လို့် ပြောချင်ပါတယ်။
မေး။ ။ ရွေးကောက်ပွဲမှာ ရလဒ်က ကိုယ်ထင်သလို ဖြစ်မလာခဲ့ရင်တော့ ဘယ်လိုများ ဖြစ်လာမယ်လို့ မြင်မိပါလဲ။
ဖြေ။ ။ ကျမတို့ စသွားတဲ့ မြို့ သုံးမြို့မြောက် ပုသိမ်ကို ရောက်တယ် ဆိုရင် သျှီရော၊ ကျမတို့ရော ငိုကို ငိုချင်တာ။ မကော်နီတို့ရော မျက်ရည်ပါ ကျတာ။ ပျော်လည်း ပျော်တယ် ငိုလည်း ငိုချင်တယ်။ မျက်ရည်ကို မနည်းကို ထိန်းရတယ်။ ပိတီဖြစ်တာပေါ့။ နောက်တခုက သူတို့ကို သနားတာ၊ သူတို့ရဲ့ မျှော်လင့်ချက်ကြီးပေါ့၊ ဒီမျှော်လင့်ချက် ကြီးကို ဖြစ်စေချင်တယ်။ ကိုယ်တွေ မျှော်လင့်တာထက် သူတို့က ပိုပြီး မျှော်လင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ အနုပညာသမားတွေ ဆိုတာက နိုင်ငံရေးကို ပြောင်းလည်းချင်တဲ့ စိတ်နဲ့ ဝင်လုပ်တယ် ဆိုပေမယ့် ကျမတို့တတွေ ဒုက္ခမရောက်သေးဘူး။ ပြောရမယ် ဆိုရင် အားလုံးက အခြေအနေ တခုမှာ ရှိကြတဲ့ သူတွေချည်းပဲ။
ဒါပေမယ့် ကျမတို့ ရောက်တဲ့ဒေသက ပြည်သူတွေက အရမ်းကို ဒုက္ခရောက် ကြတယ်။ သူတို့က အရမ်းပြောင်းလဲမှုကို လိုအပ်တယ်။ ကျမ ကတော့ ပြောရမယ် ဆိုရင် Result ကြီးကို သိပ် မတွေးဘူး။ ကျမတို့ ပြည်သူတွေကို ပြောချင်တာ က အခုလာမယ့် ရွေးကောက်ပွဲ အောင်မြင်ပြီးစီးဖို့ လိုတယ်။ အဲဒီအခါမှာ ဒီရွေးကောက်ပွဲကို အနှောင့်အယှက် ဖြစ်စေသော အရာတွေ ဘာမှ မဖြစ်အောင် ရှောင်ကျဉ်ရမယ်။ ဆင်ခြင်ရမယ်၊ သည်းခံရမယ်။ ကျမတို့စိတ်ပူက တခုပဲ၊ အကြောင်း တခုခုကြောင့် ရွေးကောက်ပွဲကြီး ပျက်သွားတာတို့၊ ပြဿနာတွေ၊ ဖန်တီးမှုတွေ ဖြစ်လာမှာ စိုးတယ်။
ဒါကြောင့် ပြောချင်တာက ပြည်သူတွေ တသက်လုံး သည်းခံလာပြီးပြီ၊ နှစ်ပေါင်းများစွာ သည်းခံလာခဲ့ပြီးပြီ၊ သည်းခံ လက်စနဲ့ ဆက်ပြီး သည်းခံလိုက်ပါ ပေါ့။ သည်းခံပါ ဆိုတာ တခြား မဟုတ်ပါဘူး။ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်ဖို့ အတွက်ကို ဘယ်လို ပြဿနာပဲ လာလာ သည်းခံပြီးပဲ ဖြေရှင်းပါ။ သည်းခံဆိုတဲ့ နေရာမှာ ရေငုံနှုတ်ပိတ်နေဖို့ ပြောတာ မဟုတ်ဘူး။ လက်မပါပါနဲ့၊ ကိုယ့်ရဲ့ မကျေနပ်မှုတွေကို မီဒီယာကို ဖွင့်ချလို့ ရပါတယ်။ ဒေါသနဲ့ မဖြေရှင်းပါနဲ့၊ ဥပဒေဘောင် ထဲကနေ မီဒီယာမှာ မတရားခံရတယ် ဆိုတာကို လွတ်လပ်စွာ ရင်ဖွင့်ပါ။ ငြိမ်းချမ်းစွာနဲ့ ဖြတ်သန်းသွား စေချင်ပါတယ်။
ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံးသွားရင်တော့ နောက်တဆင့် အနေနဲ့က ၉၀ ခုနှစ်တုန်းက လိုတော့ မဖြစ်တော့ဘူး လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၉၀ ခုနှစ်တုန်းက တကမ္ဘာလုံး စောင့်ကြည်မှု ကလည်း အားနည်းတယ်။ အခုက တကမ္ဘာလုံးက စောင့်ကြည့် နေတယ် လို့ ထင်ပါတယ်။ ရွေးကောက်ပွဲကြီး အောင်မြင်စွာနဲ့ ပြီးဆုံးသွားရင်တော့ နောက်ဆက်လာမယ့် ရလဒ်ဟာ ပြည်သူတွေ စိုးရိမ်သလောက် မဆိုးဘူး လို့တော့ ထင်ပါတယ်။ ဒီရွေးကောက်ပွဲ ကာလကိုပဲ စိတ်ပူရတယ်။ ဒီကာလကို အားလုံး ကျော်ဖြတ်နိုင်ရင်တော့ နောင်လာမယ့် အနာဂတ်က ကောင်းမွန်မှာပါ။ ။