NLD ဦးဆောင်မှုဖြင့် အပြောင်းအလဲ ရှေ့ဆက်ပါ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလကို ပြန်ကြည့်လျှင် မြန်မာပြည်သည် စစ်အုပ်ချုပ်ရေးစနစ်အောက်မှ ပြည်တွင်း စစ်ကို ရပ်စဲကာ ဒီမိုကရေစီစနစ်ကို ထူထောင်မည် ဆိုသည်မှာ မယုံကြည်နိုင် ဖြစ်နေခဲ့ရသည်။

အဓိက ငြင်းခုံမှုမှာ စစ်ယူနီဖောင်းများမှ အရပ်သားဝတ်စုံ ပြောင်းဝတ်လိုက်ကြသော လူဟောင်းများက အမျိုးသား ရင်ကြားစေ့ရေးနှင့် တိုင်းပြည်ပြန်လည်ထူထောင်ရေး ဦးဆောင်နိုင်မည်လော ဟူ၍ ဖြစ်သည်။ ၅ နှစ်အတွင်း သမ္မတ ဦးသိန်းစိန်အစိုးရက တပ်မတော်၏ ကျားကန်မှုဖြင့် နိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲ တစုံတရာကို ဖန်တီး တည်ထောင်ပေးခဲ့သည်ကို အသိအမှတ်ပြုရ ပေမည်။

သို့သော် ယခုတဖန် ကျင်းပမည့် ရွေးကောက်ပွဲတွင် တည်ရှိလာခဲ့သော မဲဆန္ဒရှင်လူထု၏ သဘောထားမှာ တမျိုး ဖြစ်သည်။ မြန်မာနိုင်ငံသားတို့သည် ဒီမိုကရေစီရေး တည်ဆောက်မှုတွင် တိုက်ရိုက် ရွေးကောက်လိုက်သော ကိုယ်စားလှယ် တို့ဖြင့် ဖွဲ့စည်းမည့် အစိုးရတရပ်ကို တည်ဆောက်ချင်ကြသည်။ အနာဂတ်နိုင်ငံကို ပုံဖော်ရာတွင် တရားမျှတမှုကို အခြေခံပြီး ငြိမ်းချမ်းစွာ ဘဝဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးနိုင်မည့် အုပ်ချုပ်ရေးအဖွဲ့နှင့် မူဝါဒများ ကို မြင်လိုကြသည်။ လက်ရှိ ဒေသတွင်းနှင့် နိုင်ငံတကာတွင် မျက်နှာငယ်ရသည့် အဖြစ်မှ ရုန်းထွက်လိုကြသည်။ အတိုချုပ် ဆိုလျှင် မပျော်ရွှင်ကြဘဲ စိုးတထိတ်ထိတ် ဖြစ်နေရသည်မှာ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားတိုင်းပင်။

ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ကာလများအတွင်း အင်အားကြီး ပါတီ ၂ ခု ဖြစ်သော လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တို့ အပြင် အခြား နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလိက ကိုယ် စားလှယ်များပါ တိုင်းပြည်အပြောင်းအလဲ ရှေ့ဆက်ရန် တင်ပြခဲ့ကြသည်။ မြန်မာမဲဆန္ဒရှင်များ အနေဖြင့် အပြောင်းအလဲ အတွက် မည်သူကို ဦးဆောင် ခွင့်ပေးမည်ကို ဆုံးဖြတ်ရန် အချိန်ကျပြီ။ ဧရာဝတီကမူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ရွေးချယ်လိုက် ပါသည်။ မြန်မာပြည် အပြောင်းအလဲ အတွက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရက အခြား ပါတီများထက် ပိုမိုလုပ်ဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ဤသို့ ပုံအော ထောက်ခံလိုက်ခြင်းမှာ အလျော်အစားကြီးသည် ကိုလည်း သတိပြုမိပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး တို့တွင် အတွေ့အကြုံ မရှိသေးသလို တပ်မတော်နှင့် အပေးအယူ နက်ရှိုင်းကျယ်ပြန့်စွာ လုပ်နိုင်မှ တည်ငြိမ်သော နိုင်ငံရေးဝန်းကျင်ကို ဖန်တီးနိုင်မည်ကို သိသော်လည်း ယင်း စွန့်စားမှုကို ရွေးချယ်မည့် မြန်မာနိုင်ငံသားတို့နှင့် အတူတကွ ဧရာဝတီမှ ရပ်တည်ချင်ပါသည်။

၂၀၁၆ နှင့် ၂၀၂၀ ကို မျှော်ကြည့်ခြင်း

ချက်ချင်းဆိုသလို စတင်လုပ်ဆောင်ရမည်မှာ နိုင်ငံရေး တည်ငြိမ်မှု အတွက် ဘက်ပေါင်းစုံမှ ပါဝင်လာနိုင်စေရေး အစပျိုး ရမည်။ တပ်မတော်နှင့် မည်သို့ တိုင်းပြည်ဖွံ့ဖြိုးရေး အတူတကွ ပူးတွဲလုပ်ဆောင်နိုင်မည်ကို လမ်းကြောင်း ရှာရမည်။ တိုင်းရင်းသား ဒေသများရှိ ပဋိပက္ခများ ချုပ်ငြိမ်းရေး အပစ်ရပ်စဲရေးနှင့် နိုင်ငံရေးအရ အဖြေရှာရေး ဆက်လက် လုပ်ဆောင် သွားရမည်။ ပညာရေးနှင့် လူထုကျန်းမာရေး အတွက် ငွေကြေး ပိုသုံးရ မည်။ သောက်သုံးရေ၊ လျှပ်စစ်မီး၊ သန့်ရှင်းသော အိမ်သာနှင့် စည်ပင်စနစ်၊ လုံခြုံခိုင်ခံ့သော လမ်းတံတားနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတို့ အတွက် ရင်းနှီးမြှုပ်နှံရမည်။ အဂတိ လိုက်စားမှု လျှော့ချခြင်းဖြင့် ပွင့်လင်းမြင်သာပြီး တာဝန်ခံသော၊ စွမ်းဆောင်ရည်မြင့်ပြီး ထိရောက်သော စီမံခန့်ခွဲမှု အုပ်ချုပ်ရေး ယန္တရား ဖြစ်လာစေရေး လေ့ကျင့်တည်ဆောက်ရမည်။ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်နိုင်ရေး အလုပ် အကိုင်နှင့် လုပ်ပိုင်ခွင့်များ ဖန်တီးပေးရမည်။

ရေရှည် ဖြေရှင်းရမည့် စိန်ခေါ်ချက်များကလည်း ရှိသေးသည်။ စစ်အာဏာရှင်ခေတ် မတရား ပြဋ္ဌာန်းထားသော ဖိနှိပ်ရေး ဥပဒေများ ဖျက်သိမ်းရေး နှင့် စစ်တပ်ကြီးစိုးသော အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်သည်။ ယင်းအဆင့်တွင် ခေတ်မမီဘဲ ပြည်သူ လူထုနှင့် မရင်းနှီးတော့သည့် တပ်မတော်ကို ခေတ်မီ ကျစ်လျစ်ပြီး ပြည်သူလူထုနှင့် နွေးထွေး ရင်းနှီးကာ စွမ်းဆောင်ရည်မြင့်မားသော အဆင့်မီ လက်နက်ကိုင် တပ်ဖွဲ့အဖြစ် ပြန်လည်ထူထောင် ရေးသည် ၂၀၂၀ ခုနှစ်များ အတွင်း နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှ တပ်မတော် ပြန်လည်ဆုတ်ခွာရေး ဖြစ်ထွန်းစေမည့် ယုံကြည်မှု တည်ဆောက်ရေး ဖြစ်မည်။ ပို၍ ခက်ခဲ မည်မှာ တပ်ပိုင်ကုမ္ပဏီကြီးများနှင့် ခရိုနီများက လက်ဝါးကြီးအုပ်ထားသော တိုင်းပြည် စီးပွားကို ပိုမို ပွင့်လင်းပြီး ပိုမိုမျှတသော စီးပွားရေးစနစ် ကျင့်သုံး ရန် အကောင်အထည် ဖော်နိုင်ရေး ပင်။ ယင်းအတွက် သည်းခံမှု၊ ပေးဆပ်မှု၊ အစွန်း မရောက်ခြင်းနှင့် နည်း ဗျူဟာတို့ လိုမည်။

စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ အကူးအပြောင်းသည် လက်ရှိ အာဏာရပါတီမှ အစပျိုးခဲ့သည် ဟူသော ငြင်းခုံချက်တို့ ရှိပါသည်။ သို့ရာတွင် မီးလင်းစေမည်၊ လမ်းခင်းပေးမည်ဟု မဲဆွယ်နေသော USDP ပါတီ၏ ၅ နှစ်တာ အုပ်ချုပ်မှု ကာလအတွင်း မီးပျက်မြဲ၊ လမ်းများ ဖာထေးမြဲ ဖြစ်သည်။ ကွဲပြားခြားနားသော အယူအဆများကို သည်းညည်း ခံနိုင်သော နိုင်ငံရေးယဉ်ကျေးမှုကို တည်ထောင်ပြီဟု ဆိုသော်လည်း နောက်ပိုင်းတွင် နိုင်ငံရေး အရ ဖမ်းဆီးမှုများ ပြန်လုပ်လာသည်။ ပွင့်လင်းမြင်သာပြီး ကောင်းမွန်သော အုပ်ချုပ်ရေးကို ထူထောင်မည် ပြောသော်လည်း ပိုင်ဆိုင်မှု ကြေညာရန် တောင်းဆိုသော ဥပဒေကို ပယ်ချခဲ့သည်။ စစ်အစိုးရ လက်ထက် ဖိနှိပ်ချုပ်ချယ်သော မတရားသည့် ဥပဒေများကိုလည်း မဖျက်သိမ်းနိုင်ခဲ့ဘဲ လိုလျှင် လိုသလို ပြန်လည်ကျင့် သုံးလာခဲ့သည်။

လက်ရှိသမ္မတ ဦးသိန်းစိန်ကို ပြန်လည် တင်မြှောက်ခြင်းဖြင့် နောက်သက်တမ်း ၅ နှစ် USDP အစိုးရ၏ အပြောင်းအလဲ ဆက်လက် အကောင်အထည်ဖော်ရန်မှာ နေပြည်တော်၏ ရည်မှန်းချက် ဖြစ်သည်။ သို့သော် ဦးသိန်းစိန်၏ နိုင်ငံရေး ဦးဆောင်မှုကို ပြီးခဲ့သော သက်တမ်းအတွင်း သိမြင်ကြုံတွေ့ခဲ့ ပြီးပြီဖြစ်သည်။ အစပိုင်းတွင် သဘောထား ပျော့ပျောင်းသူ အဖြစ် ပုံဖော်ခဲ့သော်လည်း နောက်ပိုင်းတွင် တပ်ထွက် ဗျူရိုကရက်များကို နိုင်နင်းစွာ မကိုင် တွယ်နိုင်သော အပြောများပြီး အလုပ်နည်းသူသာ ဖြစ်လာခဲ့သည်။

လူကြိုက်အနည်းဆုံး ဖြစ်ရပ်မှာ အမျိုးသား ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး ငြိမ်းချမ်းစွာ ဆန္ဒပြသော ကျောင်းသား လူငယ်များကို အင်အားသုံး နှိမ်နင်းပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စစ်အုပ်ချုပ်ရေး အစဉ်အလာ တရပ်ဖြစ်သော တပ်ထွက်များကို အရပ်ဘက် အုပ်ချုပ်ရေးဌာနများတွင် ရာထူးကြီးများ ဆက်လက်ခန့်အပ် နေခြင်း ကလည်း အပြောင်းအလဲ ဆက်လုပ်မည် ဆိုသည်ကို သံသယကြီးစေခဲ့ သည်။

နိုင်ငံတွင်းရှိ ဘာသာကွဲ လူမျိုးပေါင်းစုံ နိုင်ငံသားတိုင်းက တစုတစည်းတည်း စိတ်ချယုံကြည် အားကိုးနိုင်မည့် နိုင်ငံ့ခေါင်းဆောင် ဖြစ်မလာဘဲ ခွဲခြားကန့်သတ်မှုများဖြင့် စိတ်ဝမ်းကွဲပြားစေသော အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်မျှ ဖြစ်လာသည်မှာ ဝမ်းနည်းဖွယ် ကံကြမ္မာပင်။

သူရဦးရွှေမန်းကို ၂၀ဝ၈ အခြေခံဥပဒေနှင့် ဒီမိုကရေစီကျင့်ထုံးများနှင့် မကိုက်ညီဘဲ သန်းခေါင်ယံ အာဏာသိမ်းမှုက အာဏာရ ပါတီတွင်း မညီညွတ်မှုများ ဖြစ်ပွားစေကာ နိုင်ငံရေးခေါင်းဆောင်မှု အရည်အသွေး အားနည်းကြောင်း ပြသသည့် နောက်ထပ် အချက်တချက် ဖြစ်သည်။ ဦးသိန်းစိန်က လွှတ်တော် ကိုယ်စားလှယ် အဖြစ်ပင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိသည့်အတွက် သူ့အပေါ် လူထုထောက်ခံမှု မည်မျှ ရှိသည်ကိုလည်း တိုင်းတာ၍ မရနိုင်ဘဲ ရှိနေသည်။ ရွေးကောက်ပွဲမှ တင်မြှောက်ခြင်း မခံယူဘဲ လွှတ်တော်မှ ပင့်ဖိတ်ခန့်အပ်ခြင်းကို ခံယူရန် ရွေးချယ်ခဲ့သည့် အတွက် လည်း ရွေးကောက်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ရန်လိုသည့် ပါတီတရပ်၏ ခေါင်းဆောင်မှုမှာ ချည့်နဲ့လွန်း နေသည်။

ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်သူဟု အမွှန်းတင်နေ သော်ငြား ဦးသိန်းစိန်က ဦးဆောင်သူ မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် သူက ခေါင်းဆောင် တယောက် မဟုတ်၍ ဖြစ်သည်။ ဆုံးဖြတ်ချက်ပေးသူ တယောက် လည်း မဟုတ်ပါ။ သူက စစ်တပ်နှင့် ထိပ်တန်း စစ်ဘက် အရာရှိဟောင်းများ၏ ကွန်ရက်မှ အစိတ်အပိုင်း တခုသာ ဖြစ်သည်။ အကောင်အထည် ဖော်နေသည်ကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မဟုတ်ပါ။ စစ်တပ်က ဦးဆောင်သည့် စနစ်နှင့် အာဏာရှင်တပိုင်း အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းရေးသာ ဖြစ်သည်။ အဆိုပါစနစ်တွင် စစ်တပ်က နောက်ဆုံး အဆုံးအဖြတ်ပေးသူ အဖြစ် ဆက်လက် ရှိနေမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုက ပိုကောင်းမည်လော

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မြင်ချင်ကြသူ မြန်မာနိုင်ငံသား အများအပြား ရှိသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ စစ်အစိုးရဟောင်းလက်ထက် တဖက်သတ် အတည်ပြုခဲ့သော ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုပြီး၊ သား ၂ ယောက်သည်လည်း နိုင်ငံခြားသားများ ဖြစ်နေသောကြောင့် သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရသည်။ သမ္မတ မဖြစ် နိုင်မှန်းသိလျက် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် နိုင်ငံရေး အရ စွန့်လွှတ်နိုင်မှုကို ပြနေသည်။ နိုင်ငံရေးရည်မှန်းချက်ကို ဖြည့်ဆည်းရန် ပုဂ္ဂလိက ဆိုင်ရာ မိသားစုရေးနှင့် ပတ်သက်ပြီး ၁၉၈၈ ခုနှစ် နိုင်ငံရေး လောကထဲ ခြေစချကတည်းက ယခုအချိန်တိုင် စွန့်လွှတ် အနစ်နာခံခဲ့သည်များကလည်း အလေးအနက် အသိအမှတ်ပြုစရာ ဖြစ်သည်။

နိုင်ငံရေး ဦးဆောင်မှုအရ ကြည့်လျှင် ဒေါ် အောင်ဆန်းစုကြည်၏ အကဲဆတ်ပြီး ဝေဖန်မှုကို သည်းမခံနိုင်သော ပင်ကိုယ်စရိုက် ရှိသော်ငြား သူသည်သာ မြန်မာနိုင်ငံ၏ မဲဆန္ဒရှင် အများစုကို အဆွဲ ဆောင်နိုင်ဆုံး တဦးတည်းသော နိုင်ငံရေးသမား ဖြစ်ကြောင်း ပြီးခဲ့သည့် နိုင်ငံတဝန်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေက သက်သေပြခဲ့ပြီး ဖြစ်သည်။ သူ့ဖခင် တိုင်းပြည် လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုကို သူမှ တပါး မည်သည့် နိုင်ငံရေးသမားမျှ မရရှိခဲ့ဖူးသေးချေ။

ထောက်ခံသူတွေကလည်း လူတန်းစား အလွှာအသီးသီးမှာ ရှိလို့ နေသည်။ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း ဆိုက်ကားဆရာ၊ ကားဒရိုင်ဘာ၊ လမ်းဘေးဈေးသည်၊ အလုပ်သမား၊ လယ်သမား၊ အစိုးရဝန်ထမ်း၊ စစ်သားဟောင်းများ နှင့် တာဝန် ထမ်းဆောင်ဆဲ တပ်မတော်သားများ အထိ ပါဝင်သည်။ မဲဆန္ဒရှင်လူထုနှင့် ဆက်ဆံထိတွေ့ရာ တွင်လည်း ၎င်းတို့၏ ဘဝအခြေအနေနှင့် စိုးရိမ်မှုများကို ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းနားလည် နိုင်စွမ်းရှိသည်။

၂၅ နှစ်ကျော် ရက်စက်ကြမ်းတမ်းသော စစ်အုပ်ချုပ်ရေးအောက် အလဲလဲအကွဲကွဲ ဖြစ်ခဲ့ရသော ပါတီကို ဝေဖန်မှုများနှင့် အခက်အခဲများကြား ဒီမိုကရေစီနည်းလမ်း တကျ ပြန်လည်ထူမတ် နိုင်ခဲ့သည်။ ရပ်ကျေး အဆင့်မှ ဗဟိုအဆင့်ထိ ဦးဆောင်ပါတီ တရပ်၏ အသွင်သဏ္ဌာန် ပြည့်ဝစွာ စည်းရုံးတည်ဆောက်နိုင်ခဲ့သည်။ NLD ပါတီ ထုတ်ပြန်ချက်အရ ၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများတွင် အသက် ၃၅ နှစ်အောက် လူငယ် ၁၂ ရာခိုင်နှုန်း၊ အသက် ၃၅ နှစ်နှင့် ၅၀ ကြား လူလတ်ပိုင်း ၄၀ ရာခိုင်နှုန်း၊ အသက် ၅၀ နှင့်အထက် ၄၈ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ပညာအရည်အချင်းအရ ကြည့်လျှင်လည်း ဘွဲ့ရနှင့် ဘွဲ့လွန် ပညာတတ် ၇၅ ရာခိုင်နှုန်း ရှိပြီး ၁၀ တန်းနှင့် အထက် ဘွဲ့မရသူ ၂၂ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ သို့သော် အမျိုး သား ၈၅ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၁၅ ရာခိုင်နှုန်း ဖြစ်သဖြင့် အမျိုးသမီးများ နိုင်ငံရေးပါဝင်ခွင့် နည်းပါးနေသေးသည်။

ဧရာဝတီ၏ အဓိက စိုးရိမ်ချက်မှာ တပ်မတော်ပိုင် ကုမ္ပဏီကြီးများနှင့် ခရိုနီပိုင် စီးပွားရေး လုပ်ငန်း ကြီးများက လက်ဝါးကြီး အုပ်ထားသော တိုင်းပြည်စီးပွားရေးကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က မည်သို့မည်ပုံ ပြောင်းလဲ ထူထောင်ပြီး မည်ကဲ့သို့ စီမံကွပ်ကဲမည်ကို ရေရေရာရာနှင့် ကျယ်ကျယ်လောင်လောင် ဆွေးနွေး တင်ပြသည်ကို မကြားရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ ကတိဖြစ်သော အဂတိ လိုက်စားမှု တိုက်ဖျက်ရေးသည် ခြစားမှုနှင့် မျက်နှာကြီးရာ ဟင်းဖတ်ပါနေခြင်းက ကင်ဆာကဲ့သို့ အမြစ်တွယ် နေပြီဖြစ်သော မြန်မာ့လူ့အဖွဲ့အစည်းတွင် မည်မျှ အလုပ်ဖြစ်မည်ကိုလည်း စောင့်ကြည့်ကြရဦးမည်။ အရေးအကြီးဆုံးမှာ တပ်မတော်၏ ထောက်ခံချက် မရဘဲ စည်းလုံးတည်ငြိမ်သည့် အစိုးရတရပ်ကို ဖွဲ့စည်းနိုင်မည် မဟုတ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် မည်သို့ကမ်း လှမ်းမည် ဆိုသည်က စိတ်ဝင်စားစရာကောင်းသည်။

အချိန်ကျပြီ

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ထောက်ခံလိုက်ခြင်းမှာ အလျော်အစား ကြီးပါသည်။ လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် အာဏာရ ပါတီကို ထောက်ခံခြင်းကလည်း ပေးဆပ်ရမှုကြီးမား ပါလိမ့်မည်။ သို့သော် ၂၀၁၁ ခုနှစ်က စခဲ့သော မြန်မာ့အပြောင်းအလဲကို နောက်တဆင့် ထပ်တက်ရမည်ကို သဘောတူသူတိုင်း ၁၉၉၀ ရွေးကောက်ပွဲ တွင် အခွင့် မရခဲ့သော NLD ပါတီအား နိုင်ငံရေး ဦးဆောင်ခွင့် ပေးရန် အချိန်ကျပြီဟု ဆိုချင်သည်။

မဲဆန္ဒရှင်တို့ အတွက် အကြောက်တရား ကြီးစိုးသည့် အနာဂတ် ဖန်တီးမည့် ရွေးကောက်တင် မြှောက်မှု မဖြစ်သင့် တော့ပြီ။ မြန်မာပြည်နှင့် နိုင်ငံသားတို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ဖို့ရာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော NLD က ပိုပြီး မျှော်လင့်ချက်ပေးနိုင်ပြီး မူဝါဒနှင့် လုပ်နည်း လုပ်ဟန်များက ပိုကောင်းမွန်ပါ သည်။ နောက် ၅ နှစ် အစိုးရသက်တမ်း အတွင်း မည်မျှထမ်းဆောင်နိုင် မည်နည်းဆိုသည်ကို စောင့် ကြည့်ကြရ ဦးမည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် မြန်မာ့ အပြောင်းအလဲကို ဦးဆောင်ရန် ထိုက်တန်ပါသည်။

Loading