မြန်မာပြည်မှာ ရှိနေကြတဲ့ ကျနော့်မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကတော့ မကြာခင်မှာ ဆန္ဒမဲတွေ ပေးကြပါတော့မယ်။ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် လာမယ့် နိုဝင်ဘာ ၈ ရက် တနင်္ဂနွေနေ့ရောက်ရင် မြန်မာပြည်သူပြည်သား အများစုဟာ ပြိုင်ဆိုင်မှုရှိတဲ့ (အနာအဆာလည်း မကင်းတဲ့) ဒီမိုကရက်တစ် ရွေးကောက်ပွဲတခုမှာ ပါဝင်မဲပေးခွင့်ကို ပထမဦးဆုံးအကြိမ်နဲ့ အခွင့်အရေးရလာကြမှာပါ။
မြန်မာတနိုင်ငံလုံးမှာတော့ အပြောင်းအလဲကို လိုလားနေတဲ့ စိတ်ဓါတ်တွေ တက်ကြွပျံ့နှံ့နေပါတယ်။ ဒီတက်ကြွနေတဲ့စိတ်ဓါတ်တွေကို ကမ္ဘာကျော် အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အောင်အောင်မြင်မြင်ကို သိမ်းသွင်းဖမ်းစားနိုင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဟာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာတွေအကြား လုံးလုံးလျားလျား စိတ်ဝမ်းကွဲနေပြီး၊ ဗုဒ္ဓဘာသာဝင် အမျိုးသားရေးဝါဒီတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန်ကို ဝေဖန်နေကြတဲ့ နေရာပါ။ အမျိုးသားရေးဝါဒီတွေအဖို့ ဒေါ်စုဟာ မွတ်ဆလင်တွေကို ထောက်ခံတာ များလွန်းတယ်လို့ စွပ်စွဲနေတဲ့အတွက် ဒီလိုနေရာမျိုးတွေမှာ ဒေါ်စုအဖို့ ထောက်ခံမှုအနည်းငယ်ပဲ ရနိုင်လိမ့်မယ်လို့ တချို့လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ ဒါပေမယ့် တကယ်တမ်းကြတော့ တခြားဒေသတွေမှာလိုပဲ ထောင်နဲ့ချီတဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ဒေါ်စုရဲ့ယာဉ်တန်းအလာကို စောင့်ဆိုင်နေကြပြီး လူထုခေါင်းဆောင်ကို အကြီးအကျယ် ထောက်ခံကြိုဆိုခဲ့ကြပါတယ်။
မြန်မာပြည်က မဲဆန္ဒရှင်တွေအဖို့ အကြမ်းဖက်တိုက်ခိုက်မှုတွေကတောင် အတားအဆီး မဖြစ်စေပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဓါးကိုင်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်သူတချို့က တိုက်ခိုက်တာကြောင့် အတိုက်အခံကိုယ်စားလှယ်လောင်းတယောက် အကြီးအကျယ်ကို ဒဏ်ရာရသွားခဲ့ပါတယ်။ နောက်ထပ်သွေးထွက်သံယို ဖြစ်နိုင်ချေတွေလည်း ပိုတိုးလို့လာနေပါတယ်။ ဒါပေမယ့် သာမန်မြန်မာပြည်သူတွေကတော့ ဒီလိုထိတ်လန့်စရာတွေကို စိုးရိမ်နေကြရမယ့်အစား ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို အကြီးအကျယ် ထောက်ခံကြောင်းကို ဆက်လက်ပြသနေကြပါတယ်။
ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ကျနော်လည်း ကိုယ်ချင်းစာမိပါတယ်။ နိုင်ငံရေးသိပ္ပံပညာရပ်မှာ ကျနော့်ရဲ့ သင်ကြားခဲ့ရချက်တွေက ကျနော့်ကို ဖြစ်တန်ချေဖြစ်ရပ်တွေနဲ့ မိုဒယ်တွေတည်ဆောက်ပြီး ယုတ္တိရှိရှိ စဉ်းစားတတ်တဲ့ သုတေသနသမားတယောက်ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုဖြစ်စဉ်ကြီးကနေစလို့ မြန်မာ့ဒီမိုကရေစီရေးမှာ နက်နက်နဲနဲကို ပါဝင်လှုပ်ရှားခဲ့တဲ့ တက်ကြွလှုပ်ရှားသူဟောင်းတယောက်ဖြစ်တဲ့ ကျနော့်အဖို့ ဒီရွေးကောက်ပွဲကို စိတ်ခံစားမှုတွေ အများကြီးမရှိပဲနဲ့ ယုတ္တိသပ်သပ်ချည်း မြင်ကြည့်ဖို့ ဘယ်လိုမှ မတတ်နိုင်ဖြစ်ရပါတယ်။ သောင်းနဲ့ သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ လမ်းပေါ်က ဆန္ဒပြပွဲတွေပေါ်မှာ ကျနော့် အနီးကပ်ဆုံး လုပ်ဖော်ကိုင်ဖက်တွေ ကျဆုံးခဲ့ရတယ်၊ နှစ်ပေါင်းကြာရှည်စွာ ထောင်ထဲမှာ ပြစ်ဒဏ်ကျခံခဲ့ရတယ်၊ လူသားတယောက်ရဲ့ ခံစားခွင့်တွေ ပြန်ရဖို့ နိုင်ငံရပ်ခြားကို ထွက်ပြေးပုန်းရှောင်ခဲ့ရတယ်။ ဒါတွေဟာ အပြောင်းအလဲရဲ့ ဖြစ်တန်ချေတွေကို လက်တွေ့ဖြစ်လာအောင် လုပ်နိုင်ဖို့ ကြိုးပမ်းကြရင်း ကြုံခဲ့ရတာတွေပါ။ အခြေအနေက ရှင်ရွှေထီး သေမြေကြီးဆိုတာလို ဒီအချိန် ဖြစ်အောင ်လုပ်နိုင်ရင်လုပ် မလုပ်နိုင်လိုက်ရင် ပိုဆိုးသွားမယ်ဆိုတာမျိုး ဖြစ်နေပါတယ်။
ဒါပေမယ့် ကျနော် စိတ်ပူတာက ရွေးကောက်ပွဲဟာ ကျနော်တို့အားလုံး လိုချင်နေကြတဲ့ ထိရောက်မှုရှိတဲ့ အုပ်ချုပ်မှုနဲ့ စစ်မှန်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့ ခြေလှမ်းတခုဆိုတဲ့ ပျော်ရွှင်စရာ အဆုံးသတ်ဆီကို ဦးတည်မသွားမှာကိုပါပဲ။ မြန်မာရဲ့ နိုင်ငံရေးစနစ်ဟာ စစ်တပ်က နိုင်ငံရေးအာဏာကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်ဖို့ တပ်မတော်ကိုယ်တိုင်က စိတ်တိုင်းကျရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံထားတာဖြစ်ပြီး ဖြေလျော့မှုကို အတိုင်းအတာတခုအထိ မိတ်ဆက်ပေးတဲ့ ပုံစံပါ။ ဥပမာ လွှတ်တော်ရဲ့ ၂၅ % ကို တပ်မတော်က ခန့်အပ်သူတွေက ရထားတာ၊ နောက်တက်လာမယ့် သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်တာမဟုတ်ပဲ၊ လွှတ်တော်ကသာ ရွေးချယ်ခွင့်ရှိတာ စတဲ့အချက်တွေ ပါဝင်ပါတယ်။ အဲဒီတော့ အတိုက်အခံ NLD က လွှတ်တော်ထဲမှာ နေရာအများစုရတယ်ဆိုဦးတော့ အစိုးရဖွဲ့ဖို့နဲ့ သမ္မတကို တင်မြှောက်ဖို့ကိစ္စတွေမှာ ဖွဲ့စည်းပုံအရ အတားအဆီးတွေ ကြီးကြီးမားမား ကြုံလာရနိုင်တယ်လို့ အချို့က ခန့်မှန်းချက် ထုတ်ကြပါတယ်။
ပိုပြီး စိတ်ပူစရာကောင်းတာက ဒီလို အမယ်ဘုတ်သူ့ချည်ခင် ဖြစ်နေတဲ့ အခြေအနေကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာနဲ့ ပတ်သက်လို့ အတိုက်အခံနဲ့ တပ်မတော်အကြားမှာ အကြိုသဘောတူ ညှိနှိုင်းထားတာမျိုး လုံးဝမရှိတာပါပဲ။ ဖြစ်တန်ရာ အာဏာခွဲဝေမှုကို ဘယ်လိုလုပ်ကြမယ်၊ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားသူအတွက် သူ့ရဲ့လုံခြုံမှုကို ဘယ်လိုထိန်းသိမ်းပေးကြမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး အချင်းချင်း ဘုံနားလည်မှုတရပ် ရှိမထားတာမို့ တကယ်လို့သာ အတိုက်အခံဘက်က အနိုင်ရသွားပြီဆိုရင် အာဏာလွှဲပြောင်းမှုကို ငြိမ့်ငြိမ့်ညောင်းညောင်း ဖြစ်အောင်လုပ်ဖို့ တပ်မတော်ဘက်မှာ စွဲဆောင်မှုမက်လုံးက အရမ်းနည်းနေပါတယ်။ အတိုချုံးပြောရရင်တော့ တကယ်လို့ NLD အဖို့ ရွေးကောက်ပွဲမှာ အကြီးအကျယ် အနိုင်ရတယ်ဆိုရင်တောင်မှပဲ အပြောင်းအလဲဖြစ်လာဖို့ဆိုတာထက် ရလဒ်က တပ်မတော်ရဲ့ ကျောထောက်နောက်ခံမှုမပါရင် အုပ်ချုပ်ရေးကို နိုင်နိုင်နင်းနင်း မလုပ်နိုင်တဲ့ အစိုးရအသစ်တခုကိုပဲ ဖော်ဆောင်နိုင်တာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ်လည်း တကယ်လို့ တပ်မတော်အနေနဲ့ နိုင်ငံတော်ဟာ အန္တရာယ်ဇုန်ထဲရောက်နေပြီလို့ ယူဆလာပြီဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ အာဏာအရ တရားဝင် အာဏာသိမ်းလိုက်တာမျိုး လုပ်နိုင်ခြေရှိနေပါတယ်။
လက်ရှိမှာတော့ တပ်မတော်နဲ့ မဟာမိတ်ပြုထားတဲ့ အစိုးရဟာ လူထုရဲ့ ယုံကြည်မှုကို ရလာစေဖို့ ခြေလှမ်းတွေ လှမ်းနေပါတယ်။ အရင်က ကိုယ်တိုင်ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ပြီး စစ်အစိုးရရဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ နိုင်ငံကို ပွင့်လင်းလာအောင် အရေးပါတဲ့ ခြေလှမ်းတွေ လှမ်းခဲ့ရာမှာ မီဒီယာလွတ်လပ်ခွင့် အတိုင်းအတာတခုအထိ ဖွင့်ပေးတာ၊ နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လွှတ်ပေးတာနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ ကြိုးပမ်းတာမျိုးတွေကို လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူထုအများစုအဖို့ “လူဟောင်းတွေနဲ့ ပြန်အုပ်ချုပ်တဲ့ အစိုးရအသစ်”ဆိုတာကို လုံးဝလက်မခံနိုင် ဖြစ်နေကြပါတယ်။ လူထုအများစုက ပြီးခဲ့တဲ့ ငါးနှစ်တာကာလကို လူအခွင့်အရေးချိုးဖောက်မှု၊ ဆင်းရဲမွဲတေမှု၊ ပြည်တွင်းစစ်တွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ပြီးခဲ့တဲ့ အနှစ်ငါးဆယ်ကျော်ကြာ စစ်အာဏာရှင်စနစ်ရဲ့ နောက်ဆက်တွဲလို့ ယူဆနေကြတာပါ။
အစိုးရအနေနဲ့ လက်နက်ကိုင်အုပ်စု ၂၀ ရှိတဲ့အထဲမှာ ၈ ခုနဲ့ အပစ်အခတ်ရပ်ဆဲရေး စာချုပ်ကို ပြီးခဲ့တဲ့လက ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲတွေထည့်ချင်လာအောင် ပြည်သူတွေကို ဆွဲဆောင်ဖို့ လုံလောက်ပုံ မရသေးပါဘူး။ တောနယ်တွေက လူတွေကို ဆွဲဆောင်နိုင်ဖို့ အစိုးရဟာ ဒေါ်လာတွေ သန်းရာချီပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို ဖော်ဆောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် မဲဆန္ဒရှင်အများစုကတော့ ဆင်းရဲမွဲတေမှု၊ မတရားမြေယာသိမ်းမှု၊ ငွေဖောင်းပွမှုနဲ့ ဆိုးရွားတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်ပြီး အစိုးရကို အပြစ်တင်နေတုန်းပါပဲ။ ဒါကြောင့် ဒီရွေးကောက်ပွဲတွေဟာ အထက်ကနေအောက်ကို ဆင်းလာတယ်ဆိုတဲ့ အရင်အစိုးရ အဖွဲ့အစည်း အာဏာပိုင်တွေက ဆက်လက်အုပ်ချုပ်တဲ့ “လူမပြောင်းပေမယ့် မူပြောင်းတယ်”ဆိုတဲ့ ပုံစံမျိုးကို လက်ခံနိုင်ဖို့ ပြင်ဆင်ထားတယ်၊ မထားဘူးဆိုတာကို စမ်းသပ်သွားမယ့် စမ်းသပ်ချက်တရပ်အဖြစ် ပုံပေါ်လာနေပါတယ်။
မြန်မာ့နိုင်ငံရေးရဲ့ အခြေခံအကျဆုံး စရိုက်လက္ခဏာဖြစ်တဲ့ ဘာသာရေးနဲ့ နိုင်ငံရေး မရောထွေးတဲ့ ပုံစံကို ဘာသာရေးအစွန်းရောက်မှု ပုံစံသစ်တွေ ပေါ်ပေါက်လာပြီး စိန်ခေါ်မှုတွေ ပြုလာနေတာက အခြေအနေကို အလွန်အမင်း ရှုပ်ထွေးသွားစေပါတယ်။ အခြေခံဥပဒေကို ချိုးဖောက်ရာကြပြီး၊ ရွေးကောက်ပွဲဥပဒေကိုလည်း ချိုးဖောက်ရာကြနေပေမယ့် မဘသလို့ လူသိများတဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဟာ မဲပေးသူတွေကို မကြာသေးခင်က လွှတ်တော်ကို တင်သွင်းထားတဲ့ မျိုးစောင့်ဥပဒေတွေကို ဆန့်ကျင်တဲ့ ပါတီ၊ သို့မဟုတ် ကိုယ်စားလှယ်လောင်းတွေကို မဲမပေးကြဖို့ ဆော်သြထားပါတယ်။ ဒီမျိုးစောင့်ဥပဒေတွေဟာ ဘာသာခြားလူနည်းစုတွေနဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံထားတယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ကို ဝေဖန်ခံထားရတဲ့ ဥပဒေတွေပါ။
မြန်မာပြည်က ဗုဒ္ဓဘာသာဝင် မဲဆန္ဒရှင်တွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ စိုးရိမ်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေအပေါ် အခွင့်ကောင်းယူနိုင်ဖို့အတွက် အတိုက်အခံတွေဘက်က တားမြစ်နေသည့်တိုင်အောင် ကြံ့ခိုင်ရေးက လွှမ်းမိုးထားတဲ့ လွှတ်တော်ဟာ မျိုးစောင့်ဥပဒေတွေကို အတည်ပြုပေးခဲ့ပါတယ်။ မဘသအဖွဲ့အတွင်းက အလွန်အမင်းအစွန်းရောက်တဲ့ ပုဂ္ဂိုလ်တွေဟာဆိုရင် သူတို့ကို ဆန့်ကျင်သူတွေကို မဲမပေးဖို့တင် မဟုတ်တော့ပဲ၊ ဘယ်ကိုယ်စားလှယ်လောင်းကိုပဲ မဲပေးဆိုပြီး အတင်းအကျပ်တိုက်တွန်းတာတွေ ရှိလာပါတယ်။ ဗုဒ္ဓဘာသာကို ရှိနိုးနိုး ဟုတ်နိုးနိုး ရန်သူတွေလက်ထဲကနေ ကာကွယ်ပေးရန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့ရဲ့ သြဇာအာဏာကို ချဲ့ထွင်နေတဲ့ သင်္ကန်းဝတ်ထားတဲ့သူတွေကို လက်သင့်ခံလိုစိတ် ရှိ မရှိဆိုတာကို ဒီရွေးကောက်ပွဲက သက်သေပြသွားမှာပါ။
လူထုသဘောထားစစ်တမ်း ကောာက်ယူတယ်ဆိုတာ မြန်မာပြည်မှာ ရှားပါးပြီး တခုနဲ့တခုကလည်း အလှမ်းဝေးပါတယ်။ အခုကြားနေရသလောက်တော့ လူထုဟာ လက်ရှိရှိထားတဲ့ အာဏာပိုင်အဖွဲ့အစည်းကြီး နှစ်ခုဖြစ်တဲ့ တပ်မတော်နဲ့ ဘာသာရေးအစွန်းရောက်အုပ်စုဆိုတဲ့ အဖွဲအစည်းကြီးတွေကို ဆန့်ကျင်တွန်းလှန်ပြီး သူတို့ရဲ့မဲတွေကို ပေးသွားကြဖို့ ဆုံးဖြတ်ထားတာတွေ တိုးမြင့်လာနေပါတယ်။ ဒီအတိုင်းသာဖြစ်ခဲ့မယ်ဆိုရင်တော့ ရွေးကောက်ပွဲဟာ လူထုနဲ့ ယူနီဖောင်းဝတ်ပုဂ္ဂိုလ်တွေ (ယူနီဖောင်းဆိုရာမှာ သံလွင်စိမ်းရောင်စစ်ဝတ်စုံတွေပဲဖြစ်ဖြစ်၊ နီညိုရောင်ဝတ်ထားတဲ့ အစွန်းရောက် ဘုန်းကြီးတွေကိုပဲဖြစ်ဖြစ်) အကြား အားစမ်းကြတဲ့ပွဲပဲလို့ မြင်ကြည့်လို့ ရပါတယ်။
ဒီအကြောင်းအရင်းတွေကြောင့် တနင်္ဂနွေနေ့ကြရင် ကျွန်တော့်ဆွေမျိုးတွေ၊ မိတ်ဆွေတွေ ပေးကြမယ့် မဲတွေဟာ အရေးပါလာရပါတယ်။ ဒီရွေးကောက်ပွဲဟာ မြန်မာပြည်ကပြည်သူတွေအနေနဲ့ ယူနီဖောင်းဝတ်ပုဂ္ဂိုလ်တွေဆီကို “ခင်ဗျားတို့အာဏာကို ဆက်ပြီးကိုင်ထားနိုင်အောင် စနစ်ကြီးကို ဖျက်လိုဖျက်ဆီး လုပ်ထားပြီး ဒီနိုင်ငံကို ဆက်အုပ်ချုပ်လို့ (အနည်းဆုံးတော့ ခဏပဲဖြစ်ဖြစ်) ရရင်ရမယ်။ ဒါပေမယ့် လူထုရဲ့ဆန္ဒအရ အာဏာကို ရယူထားရတာပါလို့ ခင်ဗျားတို့ ရှေ့ဆက်ပြီး ပြောလို့တော့ မရတော့ဘူး”လို့ ရှင်းလင်းတဲ့ အကြောင်းပြန်ချက်တခုကို ပေးလိုက်နိုင်ဖို့ အခွင့်အရေးတခု ဖြစ်လာနိုင်ပါတယ်။ ဒါကလည်း လူထုကြီးရဲ့ အာဏာရှင်တွေအပေါ် လုပ်ပိုင်ခွင့်ရှိတဲ့ ရပိုင်ခွင့်တခုပါပဲ။
(Foreign Policy မဂ္ဂဇင်းအတွက် ဦးမင်းဇင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် In a Flawed Election, Burma’s People Will Have Their Say At Last ဆောင်းပါးကို Giacomo မြန်မာဘာသာသို့ ပြန်ဆိုပါသည်။)