ရွေးကောက်ပွဲလွန်ကာလ ထိုးရမယ့် တံတားတစင်း (သို့မဟုတ်) အမျိုးသားပြန်လည်သင့်မြတ်ရေး

ကျော်စွာမိုး

This article has been converted from Zawgyi One to Unicode

နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီမှာ မဲရုံတွေ ပိတ်ချိန်ကစပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ နူးညံ့သိမ်မွေ့ပြီး အကဲဆတ်တဲ့ကာလကို ဝင်ရောက်သွားလိမ့်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေ မထွက်လာခင်အချိန်အထိ မဲဆန္ဒရှင်တွေဟာ ရင်တမမ ဖြစ်နေကြပါလိမ့်မယ်။

ရွေးကောက်ပွဲရလဒ်တွေ ပုံပေါ်လာပြီးတဲ့နောက် နောက်နှစ် ဖေဖော်ဝါရီလမှာ လွှတ်တော်အသစ်ကို ခေါ်ယူပြီး သမ္မတအမည်စာရင်း တင်သွင်းတဲ့အချိန် မတိုင်မီကြားကာလမှာ အနိုင်ရ နိုင်ငံရေးပါတီတွေဟာ သူ့ဘက်ကိုယ့်ဘက် အသာစီးရနိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေကြမှာ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရတဲ့အချိန်ကစလို့ မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ငါးစုနီးပါးကြာ စစ်အုပ်ချုပ်အောက်ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု၊ ပြည်တွင်းစစ်နဲ့ အကျင့်ပျက်ခြစားမှုတို့အောက်မှာ နလန်မထူနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ဒီ နိုဝင်ဘာ ရွေးကောက်ပွဲအပြီးမှာ ထွက်ပေါ်လာမယ့် အစိုးရအသစ်ကတော့ ဒီဒဏ်ရာဒဏ်ချက်တွေကို ကုစားနိုင်ဖို့ အတော်ရုန်းကန်ရပါလိမ့်မယ်။

အစိုးရအသစ်အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးစားပေးအနေနဲ့ လုပ်ဆောင်သင့်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မတည်ဆောက်နိုင်ရင်တော့ နိုင်ငံရဲ့ အဓိကပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ နိုင်ငံဟာလည်း ရှေ့ကိုရောက်နိုင်မှာမဟုတ်ပါဘူး။ အနိုင်ရပါတီအနေနဲ့ကတော့ သူတို့အနေနဲ့ နိုင်ငံကို တဦးတည်း အုပ်ချုပ်စီမံဖို့ဆိုတာ မဖြစ်နိုင်ဘဲ အခြားတိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကိုတော့ ခေါင်းထဲထည့်ထားရမှာဖြစ်ပါတယ်။

ဒီနေရာမှာ မေးခွန်းတခု ပေါ်ထွက်လာတာကတော့ ဒီအစိုးရသစ်ဟာ နိုင်ငံရေး အဓိကဇာတ်ကောင်တွေ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိပ့ါမလားနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပ့ါမလား ဆိုတာပါပဲ။

အဓိကဇာတ်ကောင်တွေဟာ လက်ရှိအာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရလိမ့်မယ်လို့ အကြီးအကျယ် ရေပန်းစားနေတဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ကနေ ပေါ်ထွက်လာလိမ့်မယ် ဆိုတာကတော့ သေချာနေပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တကယ်လို့သာ NLD အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ်ဆိုရင် “လက်တုံ့ပြန်” တာမျိုးလုပ်မှာ မဟုတ်ဘဲ အတူတကွ ပူးပေါင်းဆောင်ရွက်ရေးကိုသာ ဦးတည်လုပ်ဆောင်သွားမယ်လို့ မကြာခဏပြောခဲ့ပါတယ်။

“ကျမတို့အနေနဲ့ (ရွေးကောက်ပွဲမှာ) ၁၀၀ ရာခိုင်နှုန်းအနိုင်ရခဲ့ရင်တောင်မှ နိုင်ငံအတွက် ကောင်းမွန်တဲ့ အစဉ်အလာတရပ်ကို ချမှတ်နိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းလိုပါတယ်။ နိုင်တဲ့သူက အကုန်ယူပြီး ရှုံးတဲ့သူက အကုန်ရှုံးတာမျိုး မဖြစ်သင့်ပါဘူး”လို့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန်မှာ ကျင်းပတဲ့ NLD ရဲ့ နောက်ဆုံး သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်လိုတဲ့အကြောင်း ပြီးခဲ့တဲ့နှစ်တွေကတည်းက ပြောနေခဲ့တာပါ။ ဒါကြောင့်လည်း သူ့အနေနဲ့ သမ္မတ၊ တပ်မတော်၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လွှတ်တော်နာယကတွေ အပါအဝင် အဓိကခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လိုခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိတ်ကဖြစ်ရပ်တွေကို သင်ပုန်းချေလိုတဲ့အကြောင်းကို လူူသိရှင်ကြား ပြောဆိုခဲ့တာဖြစ်ပြီး ဒါကို အာဏာရပါတီအနေနဲ့ သတိမပြုမိဘဲနေမှာတော့ မဟုတ်ပါဘူး။ အားလုံးသိကြတဲ့အတိုင်း အာဏာရပါတီကတော့ ယခင်စစ်အစိုးရရဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေ လွှမ်းမိုးထားပြီး ယခင်စစ်အစိုးရဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့သလို တက်ကြွလှုပ်ရှားသူတွေရဲ့ အတိုက်အခံပါတီ ထောက်ခံသူတွေအပေါ် အများကြီးဖိနှိပ်ခဲ့တာလည်း ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ အတိတ်က ဖြစ်ရပ်တွေအပေါ် တာဝန်ယူခိုင်းတာခံရလိမ့်မလားဆိုတဲ့ အချက်အပေါ် စိုးရိမ်ပူပန်မှုရှိနေတာကတော့ အသေအချာပါပဲ။ ဒါကြောင့်မို့လည်း ယခင်စစ်အစိုးရနဲ့ ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ အောက်ပါအချက်ကို ထည့်သွင်းထားခဲ့တာပဲ ဖြစ်ပါတယ်။

“နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သို့မဟုတ် အဖွဲ့ဝင်/ကောင်စီဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ”

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့အစိုးရတရပ်ကို ဘယ်လိုမျိုး ဖွဲ့စည်းမှာလဲနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောဖူးပေမယ့် သူ့ကြည့်ရတာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပျော့ပျော့ပြောင်းပြောင်း ဆောင်ရွက်မယ့်ပုံ ရှိပါတယ်။

သူ့အနေနဲ့ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ခက်ခက်ခဲခဲ အပေးအယူ လုပ်ကောင်းလုပ်နိုင်ပါတယ်။ တကယ်လို့ တဖက်က လုံး၀ တံခါးပိတ်လိုက်မယ်ဆိုရင်တော့ မတည်ငြိမ်မှု တင်းမာမှုတွေနဲ့ ကာလတရပ်ကို တွေ့ကြုံရဖွယ် ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ အာဏာရပါတီအနေနဲ့ ရွေးကောက်ပွဲပြီးကာလမှာ ဒီလိုအပေးအယူမျိုးတွေလုပ်ဖို့ ဆန္ဒရှိတယ် ဆိုတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုဖူးတာကတော့ မရှိသလောက်ပါပဲ။

ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က သမ္မတ ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်းကို နားထောင်ကြည့်ရင်တော့ သမ္မတအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဆန္ဒရှိပုံ ပေါ်ပါတယ်။ သူက “ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ကျနော်တို့အနေနဲ့ နိုင်ငံရေးခေါင်းဆောင် အားလုံးနဲ့ ဆွေးနွေးပြီး နိုင်ငံရေးအင်အားစုတွေ အားလုံးက လက်ခံနိုင်မယ့် နိုင်ငံရေး ပတ်ဝန်းကျင်တခုကို အတူတကွ တည်ဆောက်ရမှာ ဖြစ်ပါတယ်” လို့ သူကပြောခဲ့ပါတယ်။

တကယ်လို့ ဒါကို ၂၀၁၆ ခုနှစ်မှာ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်မယ်လို့ ရည်ညွှန်းတဲ့ စကားအဖြစ် မှတ်ယူလို့ရမယ်ဆိုရင်တော့ နိုင်ငံရဲ့အနာဂတ်ဟာ မျှော်လင့်ချက် ရှိပါလိမ့်မယ်။ ဒါပေမယ့် အတိတ်က အတွေ့အကြုံတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ ဒီလို အပြုသဘောဆောင် ပြောဆိုမှုတိုင်းမှာ ဗဟိုအစိုးရဲ့ သဘောထား အစစ်အမှန်လို့ ယူဆလို့မရနိုင်တာကိုလည်း တွေ့ရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလာမယ့် ရွေးကောက်ပွဲဟာ နိုင်သူ အကုန်စားစတမ်းဆိုတဲ့ သာမန်ပြိုင်ဆိုင်မှုတခု မဖြစ်သင့်ဘဲ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပေါင်းကူးပေးမယ့် တံတားတစင်းသာ ဖြစ်သင့်ပါတယ်။

Loading