၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်သည် သမိုင်းတွင်ခဲ့ပြီ။ ယင်းနေ့ရက် အချိန်အခါသည် ၂၅ နှစ်အတွင်း မြန်မာပြည်သူလူထု တရပ်လုံး၏ နိုင်ငံရေး စိတ်ဓာတ်ကို ပထမဆုံးအကြိမ် အသည်းကြားမှ မဲတပြားဖြင့် အကြောက်အရွံ့ ကင်းကင်း လွတ်လပ်စွာ ထုတ်ဖော်ခဲ့ကြသည်။ ယခုအချိန်သည် မဲဆန္ဒရှင်ပြည်သူလူထု၏ အဆုံးအဖြတ်ကို ခံယူရင်း ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရန် နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်အကောင်အထည် ဖော်ရမည့် အခါသမယ ကောင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေ ရွေးကောက်ပွဲ မတိုင်မီအထိ စိုးရိမ်မှုများ ထူထပ်ခဲ့သည်။ ရွေးကောက်ပွဲ အကြမ်းဖက်မှုများ၊ ဘာသာရေး အဓိကရုဏ်းများ ဖြစ်လာပြီး ရွေးကောက်ပွဲ ပျက်ဆီး သွားမည်လောဟု စိုးတထိတ်ထိတ် ဖြစ်ရမှုများသည် နေရောင်ခြည် အောက်တွင် ပျောက်ကွယ် သွားသော မြူနှင်းများကဲ့သို့ ဖြစ်ခဲ့သည်။ မနက် ၆ နာရီမှ စတင်၍ မြန်မာပြည်တဝန်း မဲရုံများ စတင်ဖွင့်လှစ်လိုက်ချိန်မှ မဲဆန္ဒရှင်များသည် အားတက်သရော သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးရှိ မဲရုံများတွင် တန်းစီစောင့်ဆိုင်းကာ မဲထည့်ခဲ့ကြသည်။ စိတ်ဓာတ်တက်ကြွနေသော မဲဆန္ဒရှင်များသည် မဲရုံမဖွင့်မီကပင် လာရောက်စောင့်ဆိုင်းခဲ့ကြသည်။ စည်းစနစ်တကျ သည်းခံစောင့်ဆိုင်းပြီး မဲပေးခဲ့ကြသည်။ မဲမသမာမှု ပြဿနာ အနည်းငယ်မှလွဲ မဲရုံတာဝန်ရှိသူ အများစုကလည်း တာဝန်ကို တည်ငြိမ်အေးဆေးစွာ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် ပညာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မဲရုံလုပ်သားများ၏ မနားမနေ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်ကို အလေးအနက် အသိအမှတ်ပြုအပ်သည်။
ရွေးကောက်ပွဲနေ့ မြင်ကွင်းများအရ မဲပေးနိုင်သူ သန်း ၃၀ ရှိရာ အများစုထွက်၍ မဲပေးခဲ့ကြသည်ဟု ခန့်မှန်းရသည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်က ၂၅ ရာခိုင်နှုန်း အလိုအလျောက် သိမ်းပိုက်ထားသော အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ၂ ရပ်၊ တိုင်းနှင့်ပြည်နယ်ဆိုင်ရာ လွှတ်တော်များ၏ ၇၅ ရာခိုင်နှုန်းတွင် နေရာအများစုကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အပြတ်အသတ် အနိုင်ရသည်ဟု ကနဦးမဲရေတွက် ပြီးစီးမှုများအရ ပြောဆိုနိုင်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင်ထုတ်ပြန် အတည်ပြုပြီးလျှင် ၂၀၁၁ လွှတ်တော် နောက်ဆုံးညီလာခံကို ကျင်းပပြီး ၂၀၁၅ လွှတ်တော်သစ်အတွက် လမ်းဖွင့်ပေးရမည်။ လွှတ်တော်သစ်တွင် အနိုင်ရပါတီ NLD က ဦးဆောင်၍ သမ္မတလောင်းကိုယ်စားလှယ် ၂ ဦး ရွေးချယ်တင်သွင်းမည်ဟု မျှော်လင့်နိုင်သည်။
လွှတ်တော်သစ်တွင် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ အထူးသဖြင့် ရှမ်းနှင့် ရခိုင်နိုင်ငံရေးသမားများလည်း နေရာအတော်များများ အနိုင်ရပါဝင်လာမည်ဖြစ်သောကြောင့် NLD အနေဖြင့် အမျိုးသားသင့်မြတ်ရေး အစိုးရတရပ် ဖွဲ့စည်းရန် ရည်ရွယ်၍ နိုင်ငံရေးမဟာမိတ်ဖွဲ့ရမည်။ အစိုးရကို ဦးဆောင်ဖွဲ့စည်းရန် အင်အားမရှိတော့သည့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရကိုယ်စားလှယ်များကိုလည်း NLD အနေဖြင့် လက်တွဲခေါ်သင့်သည်။ ဥပမာ ဦးခင်အောင်မြင့်၊ ဒေါက်တာမောင်သင်းတို့သည် အုပ်ချုပ်ရေးအတွေ့အကြုံ မြင့်မားသူများဖြစ်ပြီး ဒီမိုကရေစီနည်းလမ်းအရ အနိုင်ရသူများဖြစ်သည်။ တိုင်းပြည်ကောင်းကျိုး ပူးပေါင်းလက်တွဲလုပ်ဆောင်မည့် ပုဂ္ဂလိက ကိုယ်စားလှယ်များအပါအဝင် မည်သည့် လူနည်းစုအဖွဲ့ဝင်များကိုမဆို နိုင်ငံရေးလုပ်ပိုင်ခွင့်များဖြင့် NLD က အာမခံသင့်သည်။ နိုင်ငံတော်အဆင့်တွင်သာမက တိုင်းနှင့်ပြည်နယ်အဆင့်၊ မြို့နယ်နှင့် ရပ်ကျေးအဆင့်များထိ ဘက်ပေါင်းစုံမှ ပါဝင်ခွင့်ပေးခြင်းဖြင့် နိုင်ငံရေးတည်ငြိမ်မှုနှင့် တိုင်းပြည်ဖွံ့ဖြိုးရေးကို ဦးစွာ တည်ဆောက်သင့်သည်။
သို့ရာတွင် နိုင်ငံရေးဦးဆောင်မှုကို အခြေခံဥပဒေပြဌာန်းပြီး ရယူထားသော တပ်မတော်၏ ပူးပေါင်းပါဝင်မှု မရှိဘဲ တည်ငြိမ်သော နိုင်ငံရေးအခင်းအကျင်းနှင့် အောင်မြင်သော အုပ်ချုပ်ရေးအစိုးရကို ထူထောင်နိုင်မည် မဟုတ်ပါ။ တပ်မတော်က ဗိုလ်ချုပ်ဟောင်းများအား မဲပေးခဲ့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု လက်ရှိ အခြေအနေအထိ ကတိပေးထားပြီး လက်ရှိ သမ္မတ ဦးသိန်းစိန်ကလည်း အကူးအပြောင်းကာလ တည်ငြိမ်ရေး နိုင်ငံရေးအင်အားစု အားလုံးနှင့် လက်တွဲသွားမည်ဟု လမ်းဖွင့်ထားပေးသောကြောင့် နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်တွေ့မှုများကို ရှောင်လွှဲနိုင်မည်ဟု မျှော်လင့်နိုင်သည်။ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးကလည်း အရှုံးကို ဝန်ခံထားခြင်းကလည်း လူကြီးလူကောင်းဆန်ပြီး နိုင်ငံရေးအရ ရင့်ကျက်တည်ငြိမ်မှုကိုလည်း ပြသနေသောကြောင့် လေးစားမှုနှင့် ထိုက်တန်ပါသည်။
ဤနေရာတွင် နိုင်ငံရေးအရ အောင်မြင်ပြီး ချောမွေ့ပြေပြစ်မည့် အပြောင်းအလဲအတွက် အနိုင်ရပါတီခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များကြား ကောင်းမွန်သန်စွမ်းသော ဆက်ဆံရေး တည်ထောင်နိုင်ရေးသည် သော့ချက်ဖြစ်သည်။ နှစ်ဘက် ပိုပြီး အလှမ်းကွာဝေးစေမည့် အပြန်အလှန်ဆန့်ကျင်မှုအစား အပြန်အလှန် နားလည်ယုံကြည်မှုကို ဖြစ်စေပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မည့် ဗျူဟာနှင့် အစီအစဉ်ကို ရှာဖွေနိုင်မည်လောဟူသည် NLD ရော တပ်မတော်အတွက်ပါ အကြီးမားဆုံး စိန်ခေါ်ချက်ဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှုကို အာမခံနိုင်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အသည်းအသန် လိုအပ်နေသော နိုင်ငံရပ်ခြား အကူအညီများနှင့် ရင်းနှီးမြှုပ်နှံမှုကို ဆက်ပြီး စွဲဆောင်နိုင်ရေး ယင်းအချက်က အရေးကြီးသည်။
အထူးသဖြင့် ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သော မြန်မာ့အပြောင်းအလဲကို ပုံအောထောက်ခံခဲ့သော ဂျပန်နိုင်ငံက မြန်မာ့ရွေးကောက်ပွဲရလဒ်မှ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်မည်ကို စိုးရိမ်ကြောင်း သတင်းများထွက်လာနေသည်။ ရန်ကုန်အခြေစိုက် စီးပွားရေးရာ အကြံပေးအဖွဲ့ Myanmar Economic Research and Consulting Co. ၏ ဥက္ကဋ္ဌ မာဆာဟီကို အိဘာရှိက NLD က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး အလျင်စလို လုပ်လျှင် နိုင်ငံရေး မတည်မငြိမ်ဖြစ်မည်ဟု The Japan Times သတင်းဌာနကို ပြောဆိုထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအရလည်း အုပ်ချုပ်ရေးအာဏာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သမ္မတနည်းတူ အရေးပါသည်။ သမ္မတက အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့နိုင်သော်လည်း ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ၃ ဦးကို တပ်ချုပ်က ခန့်ထားနိုင်သည်။ ထို့အပြင် သမ္မတ၊ ဒု-သမ္မတ ၂ ဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ တပ်ချုပ်၊ ဒု-တပ်ချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ဖြင့် လူ ၁၁ ဦး ပါဝင်ဖွဲ့စည်းထားသည့် အာဏာအရှိဆုံး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) တွင် သမ္မတ၊ ဒု-သမ္မတတဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကိုသာ NLD အနေဖြင့် အဆုံးစွန်ခန့်ထားနိုင်ပြီး တပ်ချုပ်မှ ကျန် ၆ ဦးကို ခန့်ထားနိုင်သည် ဖြစ်၍ နိုင်ငံရေးအရ စိုးရိမ်နေသည်မှာလည်း မမှားပေ။
သို့သော် ၂၀၁၂ နောက်ပိုင်း အကြံအစည်ရှိရှိ ဖန်တီးခဲ့သော လူမျိုးရေး၊ ဘာသာရေး အမုန်းလှိုင်းလုံးတွေကို NLD က ကျော်လွှားနိုင်ခဲ့ပြီး ရှေ့အပြောင်းအလဲများကို သည်းခံညှိနှိုင်းရယူနိုင်မည်ဟု အကောင်းမြင်သူများလည်း ရှိသည်။ “When you have nothing patience is a key but when you have everything attitude is a key to success (ခင်ဗျားမှာ ဘာမှမရှိချိန်မှာ သည်းခံမှုက သော့ချက်ပဲ။ ခင်ဗျားမှာ အရာအားလုံး ရှိသွားတဲ့အခါမှာတော့ သဘောထားက အောင်မြင်ခြင်းအတွက် သော့ချက်ပဲ)”ဟု ရန်ကုန်အခြေစိုက် Myanmar Development Resource Institute (MDRI) အဖွဲ့မှ ဦးတင်မောင်သန်းက သူ၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသည်။ NLD အနေဖြင့် တပ်မတော်ကို လက်စားချေမည့် သဘောထား မရှိဘဲ အရပ်ဘက်အုပ်ချုပ်ရေးအောက်တွင် ပိုပြီး ခေတ်မီသည့် လက်နက်ကိုင်တပ်ဖွဲ့ တည်ဆောက်ရေး အာမခံမည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များက ဆိုနေကြသောကြောင့် အကောင်းဖက်သို့ ဦးတည်နေကြောင်း ပြောနိုင်သည်။
နောက်ဆုံးအခြေအနေအရ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း တို့နှင့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး တပ်မတော်အနေဖြင့် ရွေးကောက်ပွဲအလွန်ကာလ အစိုးရသစ်နှင့် လက်တွဲ၍ အကောင်းဆုံးဖြစ်အောင် လုပ် ဆောင်ကြမည်ဟု ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီအစည်းအဝေးတွင် ပြောကြားလိုက်သည့်အတွက် အနာဂတ်တွင် နိုင်ငံရေးတည်ငြိမ်မှုကို မျှော်လင့်နိုင်မည်။
၂၀၁၅ အလွန် နိုင်ငံရေးတွင် မဟာမျှော်လင့်ချက်များက ရှေ့တွင်စောင့်ဆိုင်းနေသလို မဟာစိန်ခေါ်ချက်ကြီးများကလည်း စောင့်ကြိုနေသည်။ အမှန်တကယ်လည်း ခါးသီးသော အတွေ့အကြုံများဖြင့် ကွဲကြေခဲ့ရသော လူ့အဖွဲ့အစည်းကို ပြန်လည် ထူထောင်ရေး အတွက် အမျိုးသားရင်ကြားစေ့ရေး လမ်းကြောင်းသည်သာ အကောင်းဆုံးဟု အာဏာပိုင်ဝါဒမှ ဒီမိုကရေစီသို့ ပြောင်းလဲယူခဲ့သော နိုင်ငံများက သင်ခန်းစာပေးခဲ့ပြီး ဖြစ်သည်။ အတိတ်သင်ခန်းစာများနှင့် အရှိကို ရင်ဆိုင်လက်ခံရင်း အနာဂတ်ကို ဖန်တီးရန် နည်းလမ်းရှာဖွေကြရမည်။ မဟာလူသား၏ ကြီးမြတ်သော စိတ်ထားဖြစ်သည့် သည်းခံမှု၊ ခွင့်လွှတ်နိုင်စွမ်းနှင့် ပေးဆပ်စွန့်လွှတ်နိုင်မှုတို့ကို ၁၉၈၈ ဒီမိုကရေစီ လူထုလှုပ်ရှားမှုမှသည် ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့ထိတိုင် မြန်မာပြည်သူပြည်သားများက လက်တွေ့ပြခဲ့ပြီးပြီ။ ယင်းသည်ပင် ဒီမိုကရေစီနိုင်ငံတော်သစ်တရပ်ကို ဖန်တီးတည်ဆောက်နိုင်မည်ဟူသော ခွန်အားကို မျိုးဆက်သစ်များအား လက်ဆင့်ကမ်းပေးနိုင်ခဲ့ပြီဟု သုံးသပ် တင်ပြအပ်ပါသည်။