ရွေးကောက်ပွဲ မတရားမှုများသည် ဒီမိုကရေစီကို အရုပ်ဆိုးစေသည်

မောင်ဉာဏ

This article has been converted from Zawgyi One to Unicode

သမိုင်းတင်ရမယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးကတော့ အများက စိတ်တထင့်ထင့်ရှိခဲ့ကြပေမယ့် ချောချောမောမော ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ အပြောင်းအလဲကို ဘယ်လောက်လိုချင်ကြောင်းကိုလည်း ပြည်သူတွေရဲ့ ဆန္ဒအမှန်ကိုလည်း တခဲနက်ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ နောက်ဆုံးရလာဒ်ကတော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူအများစုရဲ့ အားပေးထောက်ခံမှုနဲ့ သမ္မတင်မြောက်နိုင်ခြင်း အစိုးရဖွဲ့နိုင်ခြင်းတွေလည်း ရရှိခဲ့ပြီးဖြစ်ပါတယ်။

ရွေးကောက်ပွဲအပြီးမှာ ပြည်သူ့ဆန္ဒနဲ့ထပ်တူကျခဲ့တဲ့ ရလာဒ်တွေ ထွက်ပေါ်လာခဲ့ပေမယ် ရွေးကောက်ပွဲနေ့အတွင်း မတရားမှုတွေ၊ ဥပဒေညွှန်ကြားချက်နဲ့ သွေဖီခဲ့တာတွေ၊ နေရာအချို့မှာ ဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်။ ထင်ရှားတဲ့ဖြစ်စဉ်တွေကတော့ ရှမ်းပြည်နယ် လားရှိုးမြို့နယ်မှာ ဖြစ်ပွားခဲ့ကြိုတင်မဲကိစ္စနဲ့ မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကားခြောက်စီးနဲ့ အုပ်စုလိုက်မဲလာပေးတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။

ရွေးကောက်ပွဲ့နေ့ လားရှိုးဖြစ်စဉ်မှာ တပ်မတော်ဟာ ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့ ဥပဒေတွေ ညွှန်ကြားချက်တွေ၊ စည်းကမ်းတွေနဲ့ တိကျစွာ ပူးပေါင်းပါဝင်ခဲ့ခြင်းရှိ မရှိဆိုတာတွေကိုလည်း မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ မဟာအောင်မြေမြို့နယ်မှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကရော ဘယ်သူက ညွှန်ကြားတာလဲ၊ အမှန်တရားကဘာလဲ။ ရလာဒ်အဖြေနဲ့ တရားမျှတမှု မမျှတမှုတွေက သီးခြားစီဖြစ်ပါတယ်။ တရားမမျှတမှုတွေ ဥပဒေတွေအတိုင်း မလိုက်နာမှုတွေကတော့ ဆက်လက်ဖော်ထုတ်ရဦးမှာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒီချုပ်ပါတီက ဦးထွန်းရွှေတို့ အဓိကယှဉ်ပြိုင်ရတဲ့ လာရှိုးမဲဆန္ဒနယ်မှာ ကြိုတင်မဲကိစ္စ တရားဝင် မဝင် အငြင်းပွားမှုဖြစ်ပါတယ်။ အငြင်းပွားမှုနဲ့ပတ်သတ်ပြီး ယခုလ ၁၂ ရက်နေ့လာရှိုးမှာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင်က သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ ကြိုတင်မဲတွေဟာ မဲပုံအတွင်းစနစ်တကျ ထပ်ပြီးစီစဉ်ထားတာ၊ မဲပုံးကို တခြားနေရာယူသွားပြီး ဖွင့်ဖောက်တာတွေရှိခဲ့တာကို မီဒီယာတွေက ကောက်မရှင်ကို မေးမြန်းပါတယ်။ အဲ့ဒီကြိုတင်မဲတွေဟာ လာရှိုးမြို့နယ်အတွင်းရှိ တပ်တွေက ပေးတဲ့ကြိုတင်မဲတွေဖြစ်ပါတယ်။ ကော်မရှင်ကတော့ ဒီဖြစ်စဉ်တွေဟာ ဥပဒေနဲ့မညီပေမယ့် အရေးယူလို့မရကြောင်းနဲ့ မဲပုံးကို ဖောက်တာမဟုတ်ကြောင်း လှပ်တာဖြစ်ကြောင်း၊ ရိုးသားစွာ လုပ်တဲ့အတွက် ဥပဒေဖောက်ဖျက်တာမဟုတ်ကြောင်း ပြန်လည်တုန့်ပြန်ဖြေဆိုပါတယ်။

လားရှိုးမှာ မဲရေတွက်ပြီးတဲ့အချိန် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အနိုင်ရပါတယ်။ ကြိုတင်မဲမပါပဲနဲ့ကို ပြိုင်ဖက် ဒီချုပ်ကိုယ်စားလှယ်လောင်းကို အနိုင်ရခဲ့တာပါ။ ကြိုတင်မဲအများစုကို ရေတွက်တဲ့အခါမှာလည်း ဒေါက်တာစိုင်းမောက်ခမ်း မဲက အားလုံးနီးပါးရခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီမဲတွေသာ ဒီချုပ်ကိုယ်စားလှယ်လောင်းရနိုင်တဲ့ မဲတွေဖြစ်ခဲ့ပါက ဒီချုပ်ကိုယ်စားလှယ်လောင်းက အနိုင်ရနိုင်တဲ့အခြေနေဖြစ်ပါတယ်။

သံသယယဖြစ်စရာ ကြိုတင်မဲ၊ ဥပဒေနဲ့အညီ ကြိုတင်မဲ လက်မခံနိုင်မှုကြောင့် ရလဒ်က ပြောင်းပြန်ဖြစ်ခဲ့ပါတယ်။ ဒါတွေကို တိကျသေချာစွာ ထပ်မံစိစစ်ဖို့လိုသလို နောင်ဒါမျိုးမဖြစ်အောင်လည်း ကာကွယ်တားဆီးဖို့လိုပါတယ်။ အထူးသဖြင့် တပ်မတော်သားတွေ၊ တပ်မတော်သားမိသားစုတွေ မဲပေးရတဲ့ပုံစံတွေ ဒီထက်စနစ်ကျဖို့လိုနေပါပြီ။ ပွင့်လင်းလွတ်လပ်ဖို့လိုနေပါပြီ။

လက်ရှိတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း “တပ်တွင်းရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်ရင်း/တပ်ဖွဲ့များအတွင်း မဲပေးရာ၌ တချို့မှားယွင်း လုပ်ဆောင် မှုများရှိနိုင်ရာ ရိုးသားစွာ မှားယွင်းလုပ်ဆောင်ခြင်းဖြစ်နိုင်သလို ကြိုတင်မဲနှင့်စပ်လျဉ်း၍ မှားယွင်းမှုများ စိစစ်ဖော်ထုတ်ရပါက တာဝန်ရှိသူများကိုလည်း စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားမည်” ဖြစ်ကြောင်းပြောကြားထားပါတယ်။ တကယ်စိစစ် ဖော်ထုတ်မထုတ်ကတော့ စောင့်ကြည့်ရမှာ ဖြစ်သလို အခြားလေ့လာစောင့်ကြည့်သူတွေ၊ ပါတီတွေကပါ အမှန်တရားအတွက် တရားမျှတရေးအတွက် ပူးပေါင်းဖော်ထုတ်ပေးဖို့လိုပါတယ်။

မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ် မဲရုံအမှတ် ၅ မှာလည်း ကားတွေနဲ့ အုပ်စုလိုက်မဲလာပေးမှုဖြစ်ပြီး အငြင်းပွားမှုတွေ ရွေးကောက်ပွဲနေ့က ဖြစ်ပွားခဲ့ပါတယ်။ ကားခြောက်စီးနဲ့ လူ၁၀၀ ခန့်လာပေးခဲ့တာပါ။ အဲ့ဒီမြို့နယ်ဟာ လက်ရှိ မန္တလေးမြို့တော်ဝန် ပါဝင်ယှဉ်ပြိုင်တဲ့နယ်မြေဖြစ်ပါတယ်။ ပါတီအသီးသီးနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ၊ ဒေသခံတချို့က သတိထားမိပြီး ဝိုင်းဝန်းတားဆီရာကနေ လူစုလူဝေးဖြစ်ခဲ့ကာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာလည်း ရွေးကောက်ပွဲပြီးဆုံးသွားပေမယ့် လိမ်လည်မဲပေးမှုလား၊ ဘယ်သူရဲ့ ညွှန်ကြားချက်နဲ့ လာမဲပေးကြတာလဲ၊ အမှန်တကယ်မဲပေးခွင့်ရှိတာလား စသဖြင့် ယခုအချိန်ထိ တိတိကျကျ မသိရှိရသေးပါဘူး။ ဒီဖြစ်စဉ်ကိုလည်း ပြည်သူတွေက စိတ်ဝင်စားနေတာကြောင့် နောက်ဆက်တွဲ ဖြစ်စဉ်အမှန်ကို မီဒီယာတွေ၊ ပါတီတွေက ဆက်လက်ဖော်ထုတ်ပေးဖို့တာဝန်ရှိပါတယ်။

ရွေးကောက်ပွဲဥပဒေတွေမှာ မဲပုံးကို အခွင့်အာဏာမရှိပဲ ဖွင့်လှစ်ခွင့်မရှိသလို၊ သူတပါးအယောင်ဆောင်၍ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို လာရောက်တောင်းဆိုခြင်း သို့မဟုတ် ပေးခြင်းကို ခွင့်ပြုမထားပါဘူး။ ကျူးလွန်ရင် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ ငွေဒဏ်ကျပ်တစ်သိန်းဖြစ်စေ ဒါမှမဟုတ် ဒဏ်နှစ်ရက်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ပြဌာန်းထားတာပါ။ ဥပဒေကအတိအလင်းပြဌာန်းထားပါလျှက် ဘယ်သူမို့ ဥပဒေနဲမဆိုင်ဘူး အကျုံးမဝင်ဘူးဆိုတာရော အနိုင်ရလာဒ်ထွက်ခဲ့တာကြောင့် မတရားမှုကို မဖော်ထုတ်တော့ပါဘူးဆိုတာလည်း လက်ခံစရာမရှိပါဘူး။ ဥပဒေက အားလုံးကို တပြေးညီဖြစ်ရမှာဖြစ်သလို အလားတူမျိုး နောင်ရွေးကောက်ပွဲတွေမှာ ထပ်မဖြစ်ရေး
ဟန့်တားရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲဟာ ယခုတကြိမ်နဲ့ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ နောက်ထပ်လည်း ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ ပြည်သူတွေထောက်ခံသူ အနိုင်ရရုံနဲ့ အောင်မြင်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောလို့မရပါဘူး။ ရွေးကောက်ပွဲနေ့မှာ ဥပဒေမဲ့ ပြုကျင်ခဲ့တာတွေကို ဖော်ထုတ်ရဦးမှာပါ။ ဒါမှသာ ရွေးကောက်ပွဲပုံရိပ်က ကောင်းမွန်မျှတမှာဖြစ်ပါတယ်။ အနိုင်ရပါတီကိုယ်စားလှယ်တွေအနေနဲ့လည်း ရလာဒ်ကောင်းရလို့ ငြိမ်နေတာမျိုးမဟုတ်ပဲ ရွေးကောက်ပွဲမှာ ဥပဒေမဲ့ ပြုကျင့်ခဲ့တာတွေကို ဆက်လက်ဖော်ထုတ်ပေးမှသာ တာဝန်ကျေမှာဖြစ်ပါတယ်။

မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)

Loading