ဝေဖန်သူတွေကို အသံတိတ်စေခဲ့တဲ့ ဦးတင်အေး

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

၂၀၁၁ ခုနှစ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ် ဦးတင်အေး စတင်တာဝန်ယူချိန် မှာ အများစုက သူ့အပေါ် အယုံအကြည် မရှိခဲ့ကြပါဘူး။ တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သလို အာဏာရပါတီရဲ့ အမတ်တဦးလည်း ဖြစ်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တာမို့ ဦးတင်အေးဟာ သူရဲ့ တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ဘက်လိုက်မှုတွေ မလွဲမသွေရှိလိမ့်မယ်လို့ မြန်မာပြည်သူ အများစုက တထစ်ချ ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပြီး နေရာတချို့မှာပဲ မသန့်ရှင်းမှုတွေရှိခဲ့ပြီး မဲရေတွက်မှုအရလည်း နိုင်ငံရဲ့ အဓိက အတိုက်အခံပါတီက အပြတ်အသတ် အနိုင်ရတာကို တရားဝင်အတည်ပြုပေးနိုင်တာမို့ ဒီအသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ဟောင်းကြီးဟာ သူ့အပေါ်ဝေဖန်မှုတွေက မှားယွင်း ကြောင်း သက်သေပြနိုင်ခဲ့ပြီလို့ ဆိုရပါမယ်။

၂၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှာ အများယုံကြည်လက်ခံနိုင်တဲ့ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာမှာ ချို့ယွင်းချက်တော့ အနည်းငယ်ရှိခဲ့ပါတယ်။ မဲစာရင်း အမှားအယွင်းတွေ၊ လူတွေထောင်ပေါင်း များစွာ မဲစာရင်းထဲမှာ မပါဝင်ခဲ့မှုတွေ၊ တပ်နယ်အတွင်း မဲရုံတွေကို ဝင်ရောက်ခွင့်မပြုခဲ့တာတွေနဲ့ ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ ကြိုတင်မဲပေးမှုဖြစ်စဉ်တွေအပေါ် နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ မီဒီယာတွေက ထောက်ပြခဲ့ကြပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ ဆိုးဆိုးရွားရွား မဲမသမာမှုတွေ၊ အတင်းအကြပ် ခြိမ်းခြောက်မှုတွေ မရှိခဲ့ဘဲ မဲရလဒ်တွေအရလည်း လက်ရှိအာဏာရပါတီဟာ လွှတ်တော်အမတ်နေရာ အများစုကို လက်လွှတ်ခဲ့ရတာကို ကြေညာနိုင်တာမို့ ဒါဟာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘက်မလိုက်ပဲ တော်တော်လေး လွတ်လပ်မှုရှိရှိ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းကိုလည်း သက်သေပြလိုက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ မီဒီယာတွေက ဦးတင်အေးအနေနဲ့ ရွေးကောက်ပွဲမှာ တရားမျှတတဲ့ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပါ့မလားလို့ သံသယရှိခဲ့ကြတာပါ။ ဒါဟာလည်း ဦးတင်အေးက သူနဲ့ တပ်မတော်အကြား၊ သူနဲ့ သူ့ရဲ့ပါတီဟောင်းတို့အကြား ခိုင်မာတဲ့ ဆက်ဆံရေးရှိကြောင်းကို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖူးခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလာဒ်တွေ ထင်ထင်ရှားရှား ထွက်ပေါ်လာချိန်မှာတော့ အကုန်လုံး အံ့သြကုန်ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ အခုအချိန်မှာတော့ နောက်သမ္မတ သစ် ရွေးကောက်တင်မြှောက်ဖို့အတွက် လုံလောက်တဲ့အမတ်နေရာ အရေအတွက်ကို အနိုင်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က NLD ရဲ့ အောင်မြင် မှုကို အသိအမှတ်ပြုခဲ့ပြီး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုစကားပြောခဲ့ကြပါတယ်။

တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေအကြား အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အဓိကဖြစ်လာပါလိမ့်မယ်။ လက်ရှိသမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ဟာ ဒီဖြစ်စဉ်မှာ အရေးအပါဆုံးသူတွေ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့မှာ အပြောင်းအလဲအတွက် မဲပေးခဲ့တဲ့ သန်းပေါင်းများစွာသော ပြည်သူတွေ မျှော်လင့် နေတာကလည်း ဒါပဲဖြစ်ပါတယ်။ လက်ရှိအာဏာ ဆုပ်ကိုင်ထားသူတွေရဲ့ အာဏာရှင်ပုံစံ ကျင့်သုံးမှု တွေ နောက်ထပ်ထွက်ပေါ်မလာစေဖို့ သူတို့တွေ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ဆန္ဒတွေကို ထင်ဟပ်မှုရှိခဲ့တဲ့ ရွေးကောက်ပွဲကို ဘက်မလိုက်ပဲ ကျင်းပပေးခဲ့တဲ့ ဦးတင်အေးကို ဒီနေရာမှာ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ အဓိကနိုင်ငံရေးခေါင်းဆောင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေ ပိုမိုတိုးတက်ကောင်းမွန်တဲ့ အနာဂတ်နိုင်ငံတော်ဆီကို အတူတကွ လျှောက်လှမ်းသွားနိုင်ဖို့ တံတားတစင်းကို သူ ထိုးပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Loading