ပြည်သူချစ်၍ ကမ္ပည်းတင်ရသူ (သို့မဟုတ်) လူထု ဒေါ်အမာ

သန်းနိုင်ဦး

This article has been converted from Zawgyi One to Unicode

ပြည်သူချစ်တဲ့ သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ ရာပြည့်ပွဲကို မန္တလေးမြို့မှာ ကျင်းပကြဖို့ ပြင်ဆင်နေကြပါပြီ။ အခုလာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့မှာ လူထုဒေါ်အမာ နှစ် ၁၀ဝ တင်းတင်း ပြည့်ပါမယ်။ လူထုမျိုးဆက် စာရေးဆရာ ညီပုလေး အပါအဝင် အမေမာရဲ့ တပည့်သားမြေးတွေက ရာပြည့်ပွဲကို ကျင်းပဖို့ လုံးပန်းနေကြတယ်။

ရာပြည့်ပွဲ အထိမ်းအမှတ် အဖြစ် အမှတ်တရ စာအုပ်တွေ၊ ရာပြည့် စာတမ်းဖတ်ပွဲ၊ လူထုဒေါ်အမာရဲ့ ပန်းချီ ဓာတ်ပုံပြပွဲ၊ ပြည်သူချစ်သော အနုပညာသည်များ အကြောင်း မြို့မတေးဂီတနဲ့ တွဲဖက်ပြီး စာရေး ဆရာဆူးငှက်က သရုပ်ဖော် တင်ဆက်မှု စတာတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသွားကြမှာ ဖြစ်တယ်။ လူတယောက် အနှစ် ၁၀ဝ တင်းတင်း ပြည့်ရုံနဲ့ ကျန်ခဲ့တဲ့သူတွေက ရာပြည့်ပွဲ ကျင်းပပေးရိုး ထုံးစံမရှိဘူး။ ရာပြည့်ပွဲ အကျင်းပခံ ပုဂ္ဂိုလ်က သူရှင်သန်ခဲ့စဉ်မှာ လူ့အဖွဲ့အစည်း အတွက် ဘယ်လောက် တာဝန်ကျေခဲ့သလဲ ဆိုတဲ့ ပေတံနဲ့ တိုင်းရလိမ့်မယ်။

လူတိုင်းကတော့ အချိန်တန်ရင် အနှစ်တရာ ပြည့်မယ့် သူချည်း ပါပဲ။ ဒါပေမယ့် အနှစ်တရာပြည့်တိုင်း ကျန်ရစ်သူတွေ က ဂုဏ်ပြုတာတော့ မဟုတ်ဘူး။ ဂုဏ်ပြုထိုက်သူကိုသာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြစမြဲ ဖြစ်တယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဂုဏ်ပြု ထိုက်သူကို ဂုဏ်ပြုတာဟာ မင်္ဂလာတရားတော်နဲ့ ညီပါတယ်။ ဒီနှစ်ထဲမှာပဲ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူတွေက ဂုဏ်ပြုခဲ့ကြသေးတယ် မဟုတ်လား။ ဗိုလ်ချုပ် ရာပြည့်ပွဲကိုလည်း တနိုင်ငံလုံး ဘယ်သူ့စေခိုင်းချက်မှ မပါဘဲ ဗိုလ်ချုပ်ကိုလေးစား ချစ်ခင်ကြသူတွေက အသိစိတ်ဓာတ်ရှိရှိ ဝိုင်းဝန်း လုပ်ဆောင်သွားကြတယ်။

လူထုဒေါ်အမာကိုလည်း နှစ် ၁၀ဝ ပြည့် ကျင်းပတယ် ဆိုတာ လူထုကြီးပွားရေး မိသားစု ကွက်ကွက်ကလေးက သိုသိုသိပ်သိပ်ကျင်းပမှာ မဟုတ်ဘဲ လူထုအမေကို ချစ်ခင်လေးစားကြသူတွေ စုပေါင်းပြီး ကျင်းပကြမှာ ဖြစ်တယ်။ အနယ်နယ်အရပ်ရပ်က စာပေမိတ်ဆွေတွေ နိုင်ငံရေးသမားတွေ သတင်းစာဆရာတွေ အရောက်လာကြမှာပါ။

စာပေနယ်နဲ့ နိုင်ငံရေးနယ်မှာ နှစ် ၁၀ဝ ပြည့်ပေမယ့် လူမသိ သူမသိ ဘာသိဘာသာ ကျော်ဖြတ်သွားကြသူတွေ အများကြီး ရှိတယ်။ နှောင်းလူတွေက မအဘူး။ နှစ် ၁၀ဝ ပြည့်တယ် ဆိုတိုင်း အားအားယားယား လူတိုင်းကို ဂုဏ်ပြုနေတာတော့ မဟုတ်ဘူး။ အမှန်တကယ် ဂုဏ်ပြုဖို့ ထိုက်တန်သူကိုသာ ဂုဏ်ပြုတာပါ။

အမေ လူထုဒေါ်အမာရဲ့ စာပေဩဇာက ကြီးမားတယ်။ စာပေနယ်မှာ အရှိန်အဝါ ကြီးမားတယ်။ ဘာကြောင့် စာပေဩဇာ ကြီးမားပြီး အရှိန်အဝါကြီးမားရတာလဲ ဆိုတာ ဆန်းစစ်ကြည့်တဲ့ အခါ ရပ်တည်ချက်နဲ့ စေတနာ မှန်လို့ ဆိုတာ တွေ့ရတယ်။ အစိုးရလုပ်သမျှ မှန်တယ် ကောင်းတယ်လို့ မှေးရေးနေရင် အခွင့်အရေးတွေ တန်းစီရတဲ့ ခေတ်မှာ သူ ယုံကြည်ရာကို မထောက်မညှာရေးခဲ့တယ်။ အဖိနှိပ်ခံတွေဘက်က အမြဲ ရပ်တည်ခဲ့တယ်။ မန္တလေးသူပီပီ မြန်မာစကား ဝေါဟာရတွေကို ပြေပြေပြစ်ပြစ် ရေးသွားနိုင်တယ်။ ခေတ်နဲ့ မျက်ခြည်မပြတ်ခဲ့ဘူး။ သတင်းတွေကို အမြဲ နားစွင့်နေခဲ့တယ်။

စာပေစိစစ်ရေး ဖိနှိပ်မှု အပြင်းထန်ဆုံး ကာလမှာကို အမေ့ ရှေး စကားတွေကို လစဉ်မပြတ် ကလျာမဂ္ဂဇင်းမှာပါအောင် အားထုတ်နိုင်ခဲ့တယ်။ တကယ်တော့ အမေ့ရှေးစကားရဲ့ ရှေ့ပိုင်းကာလတွေမှာ သားတယောက် အဝေးရောက်၊ လက်ကျန်သားငယ်က နိုင်ငံတော် စရိတ်နဲ့ သရက်မြို့မှာ ဆယ်စုနှစ်နဲ့ ချီပြီး ခိုအောင်းနေချိန်။ လင်သေသားဆုံး ထားရတဲ့ မုဆိုးမ တယောက်။ အားငယ်လို့ လက်လျှော့မယ်ဆို ဘာ အလုပ်မှ မလုပ်ဘဲ နေ့စဉ်နဲ့အမျှ ထိုင်ငိုနေရုံသာ ရှိတော့မယ်။

ဒါပေမယ့် လူထုဒေါ်အမာက ဆရာမင်းသုဝဏ်ရဲ့ တပည့်ကောင်းပီသခဲ့သူ ဖြစ်တယ်။ ဘယ်တုန်းကမှ ဘာ အကြောင်းနဲ့မှ အမာကို အပျော့ မဖြစ်စေခဲ့ဘူး။ သူ လုပ်စရာရှိတာတွေကို စေတနာပါပါ ရည်ရွယ်ချက်ရှိရှိ အကောင်းဆုံးကိုသာ လုပ်သွားခဲ့တာချည်း ပါပဲ။ ထင်ရှားတဲ့ သာဓကက မြန်မာ နိုင်ငံရဲ့ ပထမဆုံး လူမှုကူညီရေး အသင်းဖြစ်တဲ့ ဗြဟ္မစိုရ်ကို အတားအဆီးတွေကြားက မဖြစ်ဖြစ်အောင် လုပ်သွားတာပါပဲ။

နိုင်ငံရေးနဲ့ ပတ်သက်ရင်လည်း လူထုဒေါ်အမာ မဖြစ်ခင် ရန်ကုန် တက္ကသိုလ်ကျောင်းသူ ဘဝကတည်းက သပိတ်မှောက် ကျောင်းသူအမာ ဆိုပြီး ရှေ့တန်းက ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့သူ ဖြစ်တယ်။ လူထုသတင်းစာ ထုတ်ဝေစဉ် ကာလမှာလည်း ပြည်သူ့ဘက်က အစဉ်ရပ်တည်ခဲ့တာပါပဲ။ အစိုးရဘက်က မရပ်တည်ခဲ့လို့ မိသားစု ၃ ယောက်စလုံး ထောင်ချခံ ခဲ့ရတဲ့ ကာလတွေ ရှိခဲ့တယ်။ သတင်းစာတိုက်ကို ဒိုင်းနမိုက်နဲ့ အခွဲခံခဲ့ရတာလည်း ရှိတာပါပဲ။

လူအများစုက ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်လာရင် ကိုယ်ရှိန်သတ်လေ့ ရှိပေမယ့် လူထုဒေါ်အမာကတော့ လောကဓံကို မတုန်လှုပ်ခဲ့ဘူး။ ၁၉၈၈ ခုနှစ်အရေးတော်ပုံ ကာလမှာလည်း မြို့လူ ထုသိချင်တဲ့ သတင်းတွေကို ရှစ်လေးလုံးသတင်းစာ အယ်ဒီတာချုပ် လုပ်ပြီး အောင်အောင်မြင်မြင် ဂုဏ်သိက္ခာရှိရှိ ထုတ်ဝေနိုင်ခဲ့တယ်။

လူထုတိုက်က ထွက်ခဲ့တဲ့သူတွေ စာပေနယ်မှာ တူတူတန်တန် နေရာရခဲ့တယ်။ အထူးသဖြင့် ၁၉၅၅-၁၉၆၅ အတွင်း မန္တလေး တက္ကသိုလ်ထွက် လူငယ်စာရေးဆရာ အများစုကို လူထုသတင်းစာက ကောင်းကောင်း ပျိုးထောင်ပေး နိုင်ခဲ့တယ်။ တင်မိုး၊ မောင်စွမ်းရည်၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ကြည်အောင်၊ မောင်သာနိုး၊ မောင်သိန်းနိုင်၊ မောင်စောလွင်၊ မောင်ပေါက်စည်၊ မောင်မိုးသူ၊ မောင်ထွန်းဝေစတဲ့သူ တွေက လူထုတိုက်ထွက်တွေ ဖြစ်ကြတယ်။ လူထုသတင်းစာ ဒိုင်းနမိုက်နဲ့ ဖြိုခွဲခံရပြီးနောက်မှာ သတင်းစာထုတ်ဝေမှုကို ရပ်နားခဲ့တယ်။

လူထုကြီးပွားရေး ပုံနှိပ်တိုက်ခေတ်မှာလည်း ဂုဏ်သိက္ခာရှိတဲ့ စာအုပ်စာစောင်တွေကိုသာ တစိုက်မတ်မတ်ထုတ်ခဲ့တဲ့ မန္တလေးမြို့ရဲ့ အထင်ကရ ပုံနှိပ်တိုက် ဖြစ်ခဲ့တယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေက မဂ္ဂဇင်းတွေမှာ ဝတ္ထုတို ရွှေခေတ် ရောက်ချိန် ဖြစ်တယ်။ လူထုကြီးပွားရေး အရိပ်မှာ ခိုဝင်ခဲ့သူ စာရေးဆရာတွေရဲ့ ဝတ္ထုတိုတွေက မဂ္ဂဇင်းတွေမှာ ခပ်စိပ်စိပ် ဖော်ပြခံလာရတယ်။

လူထုဒေါ်အမာရဲ့ အငယ်ဆုံးသား စာရေး ဆရာ ညီပုလေးရဲ့ မိတ်ဆွေတွေ ဖြစ်တဲ့ စာရေးဆရာ ကျော်ရင်မြင့်၊ ဆူးငှက်၊ ညိုထွန်းလူ၊ ကိုရိုးကွန့်၊ သိုက်ထွန်းသက်၊ ဂျိုဇော်၊ ကျော်စွာထက်၊ ကြည်လင်အေး၊ သင့်နော်စတဲ့ သူတွေ ကလည်း လူထုနဲ့ ထပ်တူ လူထုရဲ့ လူတွေအဖြစ် စာပေနယ်မှာ မားမားမတ်မတ် ရပ်တည်ခဲ့ကြတယ်။

မြန်မာနိုင်ငံရဲ့ နာမည်ကြီးကာတွန်းဆရာ အော်ပီကျယ်သည်ပင် လူထုတိုက်ထွက်၊ နာမည်ကျော် ဒီဇိုင်နာစိုးဝင်းငြိမ်းနဲ့ ဇော်မောင်တို့ ကလည်း လူထုရဲ့ ရင်သွေးသဖွယ် လူထုဒေါ်အမာရဲ့ အရိပ်မှာ ခိုလှုံခဲ့ကြသူတွေ ဖြစ်တယ်။

မှတ်မှတ်ရရ ရတနာပုံဈေး အပေါ်ထပ်မှာ သားဖြစ်သူ ငြိမ်းချမ်းစိမ်းလန်းရဲ့ ဓာတ်ပုံပြပွဲလုပ်တော့ ဝှီးချဲကြီးပေါ်ထိုင်လို့ သားဓာတ်ပုံ ဆရာနဲ့ အတူ ဓာတ်ပုံပြပွဲကို အရောက်လာခဲ့တယ်။ အဲဒီအချိန်က အာဏာပိုင်တွေရဲ့ ဖိအားကြောင့် ဓာတ်ပုံပြပွဲကို သတ်မှတ်ထားတဲ့ အတိုင်း အပြည့် မပြသနိုင်ခဲ့ဘူး။

အမေမာရဲ့ မွေးနေ့တွေကို တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းမှာ နှစ်စဉ် နိုဝင်ဘာ ၂၉ ရက်နေ့ ရောက်တိုင်း ကျင်းပတယ်။ လူစုံတက်စုံ အတက်ရောက်ဆုံး မွေးနေ့ပွဲလို့ သတ်မှတ်နိုင်တယ်။ အညာအကြေ တောင်ပေါ်မြေပြန့် မင်းပေါင်းစုံတဲ့ ပွဲ။ အာဏာပိုင်တွေရဲ့ မျက်လုံးဒေါက်ထောက် အကြည့်ခံရဆုံး မွေးနေ့ပွဲလည်း ဖြစ်ခဲ့တယ်။

တော်ဘုရားလေး၊ လေထီး ဦးအုန်းမောင်၊ သခင်သိန်းမောင်၊ သခင်အောင်ဖေ၊ မောင်ဝံသ၊ ဒေါက်တာသန်းထွန်း၊ လူထုစိန်ဝင်း၊ လင်းယုန်မောင်မောင်၊ မြသန်းတင့်၊ ဒဂုန်တာရာ၊ တင်မိုး၊ ကြည် အောင်၊ မောင်ပေါက်စည်စတဲ့ ထင်ရှားတဲ့ စာရေးဆရာ၊ ပညာရှင်တွေ တက်ရောက်ခဲ့ကြတယ်။ တခုသော မွေးနေ့သဘင်မှာ ၈၈ မျိုးဆက်က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့ လူထုဒေါ်အမာ မွေးနေ့ကို တက်ရောက်ခဲ့ကြ သေးတယ်။

မှတ်မှတ်ရရ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းရဲ့ နောက်ဆုံးခရီးကိုပါ မရည်ရွယ်ဘဲ လိုက်ပါ ပို့ဆောင်ပေးခဲ့ရတဲ့ ၈၈ မျိုးဆက်တွေရဲ့ ထူးခြားတဲ့ မန္တလေးခရီးစဉ် ဖြစ်ခဲ့ရတယ်။ လမင်းတရာ ပန်တျာဒေါ်ဌေးဌေးမြင့်က မမြရင် သီချင်းတွေနဲ့ နှစ်စဉ် ဧည့်ခံကပြတာ အမှတ်ရစရာ ပါပဲ။

၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလမှာ လူထုဒေါ်အမာ အသက် ၉၀ ကျော် အရွယ် ရောက်နေပြီ။ သူတို့ အိမ်ရှေ့ ၈၄ လမ်းပေါ်မှာ ဆရာတော်တွေ မေတ္တာသုတ်ရွတ်တော့ တိုက်ဝရန် တာက ထွက်ပြီး လက်အုပ်ချီခဲ့တယ်။ လူထုဒေါ်အမာက တကယ့်အရေးတွေမှာ လူထုနဲ့ ထပ်တူ ရပ်တည်ခဲ့တာချည်း ဖြစ်တယ်။

အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပလဲနံပသင့်အောင်ပေါင်းရင် အကျိုးဖြစ်ထွန်းစရာတွေ ရှိခဲ့ပေမယ့် သူယုံကြည်ရာကို သေသည် အထိ မဆုတ်မနစ် ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့သူ ဖြစ်တယ်။ ပြည်သူလူထု ချစ်အောင်နေရင် ပြည်သူလူထုကလည်း ပြန်ချစ်မှာ ဖြစ်တယ်။ လူထုနဲ့ ထပ်တူ လူထုရဲ့လူ ဖြစ်ဖို့သာ လိုပါတယ်။     ။

Loading