ဝန်ကြီး ဦးအောင်မင်းကို အနိုင်ရခဲ့တဲ့ NLD အမတ်လောင်းနဲ့ တွေ့ဆုံခြင်း

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ကယားပြည်နယ် ရှားတောမြို့နယ် ကိုယ်စားပြု တသီးပုဂ္ဂလ အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို လူထုဆန္ဒမဲ အပြတ်အသတ်နဲ့ အနိုင်ရရှိလိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ် ဦးအောင်ကျော်စိုးဟာ တချိန်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ရဲ့ ရဲဘော်ဟောင်း တဦးဖြစ်သလို နိုင်ငံရေးလှုပ်ရှားမှု ပြစ်မှုတွဲများအဖြစ် အင်းစိန်ထောင်မှာ သေဒဏ်အပြင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်း ခံထားရာမှ လွတ်ငြိမ်း ချမ်းသာခွင့် နဲ့ ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။

ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့နဲ့ မိုင် ၄၀ အကွာမှာရှိတဲ့ ရှားတောမြို့နယ်မှာ ဝန်ကြီးဦးအောင်မင်း၊ ဦးဌေးရယ် တို့လို သြဇာ ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ NLD ကိုယ်စားလှယ် ဦးအောင်ကျော်စိုး (ခ) ဖိုးခွား ရှုံးနိမ့်လိမ့်မယ်လို့ ပြိုင်ဘက်ပါတီတွေက ခန့်မှန်းခဲ့ပေမယ့် ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်မှာတော့ အနီးကပ်ပြိုင်ဘက်ဖြစ်တဲ့ ဝန်ကြီးဦးအောင်မင်းကို ဆန္ဒမဲ ၁၄၃၁ မဲ၊ ၇၇၀ မဲနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

ရှားတောမြို့ NLD ပါတီရုံးမှာ ရုံးထိုင်နေတဲ့ ဦးအောင်ကျော်စိုး (ခ) ဖိုးခွားကို ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက် ဆောင်ရွက်မယ့် နိုင်ငံရေး ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေနဲ့ ရွေးကောက်ပွဲ မတိုင်ခင် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေများ၊ သူဖြတ်သန်းခဲ့ရတဲ့ အခြေအနေ တွေကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် ကျော်ခက ရှားတောမြို့မှာ သီးသန့်တွေ့ဆုံ မေးမြန်းထားမှုများကို ဖော်ပြ လိုက်ပါတယ်။

မေး။ ။ မဲရလဒ်တွေ ထွက်လာတဲ့အချိန်မှာ လူတွေက စိတ်ဝင်စားနေကြတာပေါ့။ ဝန်ကြီးဦးအောင်မင်း တို့၊ ဒီဒေသမှာ နဂိုကတည်း က အားကောင်းပြီးသားဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ဦးဌေးရယ် တို့လို သြဇာရှိတဲ့ လူနှစ်ယောက်ကို ကျော်ဖြတ်ပြီး အနိုင်ရရှိသွားတဲ့ NLD က ဦးအောင်ကျော်စိုး ဘယ်သူလဲဆိုတာကို စိတ်ဝင်စားနေတာကြောင့် မိတ်ဆက်ပေးပါဦး။

ဖြေ။ ။ ကျနော့်ရဲ့ ဇာတိကလွိုင်ကော်ပါ။ ၈၈ ပြည်သူ့အရေးတော်ပုံမှာလည်း ကျနော်ပါဝင်ခဲ့တယ်။ အာဏာသိမ်းစဉ်ကာလမှာ ကျနော် တောခိုခဲ့တယ်။ ထိုင်းနယ်စပ်ပေါ့လေ။ မယ်ဟောင်ဆောင်နယ်စပ် အဲဒီတုန်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး(ABSDF) တပ်ရင်း ၃၀၃ မှာ ကျနော် တာဝန်ထမ်းဆောင်ခဲ့တယ်။ ထမ်းဆောင်ရင်းနဲ့ ၁၉၉၀၊ ၉ လပိုင်း ၄ ရက် နေ့ ညမှာ ကျနော်အဖမ်းခံရတယ်။ ၁၀ လပိုင်း ၁၀ ရက်နေ့မှာ ကျနော် သေဒဏ်ကျတယ်။ နောက် ၁၅ ရက်နေ့မှာ ၅ နှစ် ထပ်ကျတယ်။ သေဒဏ်နဲ့ ၅ နှစ် အင်းစိန်ထောင်မှာ ၂၁ နှစ်နဲ့ ၂ ရက်နေခဲ့တယ်။

၂၀၁၁၊ ၁၀ လပိုင်း ၁၂ ရက်နေ့ သီတင်းကျွတ် လပြည့်နေ့မှာ ကျနော် ပြန်လည်လွတ်မြောက်လာတယ်။ လွတ်မြောက်လာပြီးတော့ ကယားပြည်နယ်ထဲမှာလည်း ကျနော့်ရဲ့ စိတ်ပါဝင်စားမှုပေါ့လေ။ နိုင်ငံရေးလှုပ်ရှားမှု ကယားပြည်နယ်မှာ အဲဒီအချိန်ကာလကလည်း ပါတီလှုပ်ရှားမှုတွေ မရှိဘူး။ ကျနော်သွားချိတ်ဆက်မိတာ လူငယ်အသင်းတွေနဲ့ ချိတ်ဆက်ရင်းနဲ့ပေါ့လေ။ လူငယ်အသင်းအဖွဲ့တွေနဲ့ အတူတူတွဲလုပ်ရင်းနဲ့ နောက်ဒီနိုင်ငံရေးပါတီထဲကို ရောက်လာတာပါ။

မေး။ ။ လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ NLD ပါတီကနေ ဝင်အရွေးချယ်ခံဖြစ်ဖို့ ဘယ်လိုဖြစ်လာတာပါလဲ။

ဖြေ။ ။ ကျနော့်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုက ဒီလွိုင်ကော်မှာ အတိုင်းအတာတခုအထိ ရှိတာကိုး။ အတိုင်းအတာ တခုအထိရှိတော့ ကျနော့်ကို သူတို့က ဖိတ်ခေါ်ပါတယ်။ ပထမတကြိမ် ဖိတ်ခေါ်တယ်။ ကျနော် ငြင်းပါတယ်။ ဒုတိယတကြိမ် ဖိတ်ခေါ်တယ်။ ကျနော်ငြင်းခဲ့ သေးတယ်။ နောက်ဆုံးအကြိမ်က သူတို့လာရောက်ပြီးတော့ ကျနော်နဲ့ ဆွေးနွေးပါတယ်။ အဲဒီမှာ ကျနော်က သူတို့ကို ပွင့်ပွင့် လင်း လင်း ပြောထားတာရှိပါတယ်။ တကယ်လို့ ကျနော်တို့ရဲ့ ပြည်နယ်အရေးကိစ္စနဲ့ ပါတီမူဝါဒနဲ့ ထိပ်တိုက်တွေ့လာတဲ့အခါမျိုးမှာ ကျနော် ကတော့ ပြည်နယ်အရေးဘက်ကနေ ရပ်တည်ဖို့များတယ်။ အဲဒါမျိုး လက်ခံတယ်ဆိုလို့ ရှိရင်တော့ ကျနော်ရွေးကောက်ပွဲ ဝင် မယ် လို့ဆိုပြီးတော့မှ ကတိပေါ့လေ။

ကျနော်နဲ့ ဆွေးနွေးညှိနှိုင်းခဲ့တဲ့ သူတွေဆီက ကတိရလို့ ကျနော်လည်း ဝင်ဖြစ်တာ။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ပြည်နယ်ရဲ့အကြောင်းကို ကျနော်တို့ပဲသိတာ။ အပြင်လူတွေကျတော့ သိတာက အပေါ်ယံလောက်ပဲ သိမယ်။ ကျနော်တို့ ပြည်နယ်အတွင်းမှာ ဖြစ်ပျက် နေတဲ့ ပြဿနာက ကျနော်တို့ပဲသိတာကိုး။ အဲဒါကြောင့်မို့ ခုနစကားကို သုံးလိုက်တာပါ။ ပြည်နယ်အရေးကိစ္စဆိုတာက ကျနော် တို့ပြည်နယ်မှာ အရမ်းအရေးကြီးတဲ့ ကိစ္စရပ်တွေ ရှိတယ်။ အဲဒီကိစ္စနဲ့ မူဝါဒမျိုးနဲ့ ထိပ်တိုက်တွေ့လာတဲ့ အခါမျိုးမှာကြတော့ စကားပြော စရာတွေ ဖြစ်လာမှာစိုးလို့ ကျနော်ကြိုတင် ပြောထားတာလေးတွေ ရှိတာပေါ့။

မေး။ ။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာပေါ့လေ။ ဒီဒေသမှာ NLD အနေနဲ့ နိုင်ခြေမရှိဘူး။ ဘာကြောင့်လဲဆိုရင် ဝန်ကြီး ဦးအောင်မင်း ရဲ့ သြဇာကလည်း အရမ်းကြီးတယ်။ ဦးဌေးရယ် ဆိုတာကလည်း ဒီဒေသမှာ လူကြိုက်များတဲ့လူ ဖြစ်တယ်လို့ ဆိုကြ တယ်။ လက်တွေ့မှာတော့ NLD က မဲအပြတ်အသတ်နဲ့ နိုင်သွားတော့ အဓိကအကြောင်းအရင်းက ဘာဖြစ်နိုင်မလဲ။

ဖြေ။ ။ ဘာဖြစ်နိုင်မလဲဆိုတော့ လူထုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ်မှာ ယုံကြည်မှု တချက်ရယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ယုံကြည်မှုတချက်ကြောင့် ကျနော်တို့ အပြတ်အသတ် နိုင်တယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ မဲဆွယ်ကာလတွေ၊ ဒီမတိုင်ခင်ကာလတွေမှာ ဦးအောင်ကျော်စိုးအနေနဲ့ ဒီဒေသမှာကြုံတွေ့ခဲ့ရတဲ့ အဓိကအခက်အခဲတွေက ဘာတွေလဲ။

ဖြေ။ ။ အခက်အခဲဆုံးက ဘာသာစကားပါ။ ကျနော့်အမေက ကယားဖြစ်ပေမယ့် ကျနော်လည်း ကယားစကား မတတ်ဘူး။ ဘာသာ စကား အခက်အခဲရှိတယ်။ အဲဒါတော့ ကျနော့်အတွက် အခက်အခဲဆုံးပဲ။ နောက်တချက် ဒီဒေသက ဘာသာစကား အခက် အခဲအပြင် နိုင်ငံရေးစကားကို များများလည်း ပြောလို့မရဘူး။ ဒီဒေသမှာရှိတဲ့ လူထုရင်ထဲကိုရောက်အောင် Message ပေးနိုင် တာမျိုး ကျနော်တို့ မလုပ်နိုင်ဘူး။

အဲဒါကို ကျနော်တို့ကို ဝိုင်းကူညီပေးတဲ့ ဒီဒေသမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တဲ့ဒေသခံ လူထု ရှိတယ်လေ။ သူတို့တွေကမှတဆင့် လူထုချင်း၊ လူထုချင်း ပြန်ပြီးတော့ စည်းရုံးတယ်။ သူတို့လူထုရဲ့ အကြောင်းကို သူတို့ပဲသိတာကိုး။ ကျနော်တို့ကြ တော့ ပြောဆိုစည်းရုံးတာ ရှိပါတယ်။ ကျနော်တို့ ပြောဆိုစည်းရုံးတဲ့အပေါ်မှာ သူတို့လည်း စကားပြန်ပုံစံမျိုးနဲ့ ပြန်ပြီးတော့ ပြောတယ်။ ပြောရင်းကနေပြီးတော့မှ သူတို့ကလူထုရဲ့ ရင်ထဲကိုထိနိုင်တဲ့ စကားလေးတွေပေါ့။

ဥပမာ ဟိုတလောကတောင် တယောက်ပြောပါသေးတယ်။ ကျနော်တို့ ဒီမှာရှိတဲ့ တူမီးလေ။ ယမ်းပဲထောင်းပြီးတော့မှ ခဲသီး ထည့် မပစ်ဘူးဆိုလို့ရှိရင် လိုချင်တဲ့ Target (ပစ်မှတ်) ကို မရောက်ဘူး။ ယမ်းပဲထောင်းပြီး ပစ်မယ်ဆိုလို့ရှိရင် အသံပဲမြည်မယ်။ ဘာမှမရနိုင်ဘူး။ အဲဒါကြောင့် Target မှန်အောင် ခဲသီးလည်းထည့် ပစ်ရတယ်ဆိုတဲ့ဟာ အဲဒီလိုမျိုးလေးတွေ ကျနော်တို့ မတွေးမိတဲ့ဟာလေးတွေ။ ဒီဒေသမှာ ရိုးရိုးသားသားလေးနဲ့ ရင်ထဲထိနိုင်မယ့် စကားလေးတွေ ပြောနိုင်တယ်။ ကျနော်တို့တောင် မပြောနိုင်ဘူး။ အဲဒါမျိုးလေးတွေ ရှိတာပေါ့။

မေး။ ။ ဦးအောင်ကျော်စိုး ဒီမှာရှိနေတော့ ဒေသအခြေအနေတွေ တွေ့ရသိရမှာဆိုတော့ ဒီဒေသမှာ ဖြေရှင်းဖို့ လိုအပ်နေတဲ့ အခက် အခဲကရော ဘာတွေလဲ။

ဖြေ။ ။ အခုလက်ရှိကတော့ ဒီဒေသမှာရှိတဲ့ လူထု အဓိကလိုချင်တာက ငြိမ်းချမ်းရေးဗျ။ သူတို့ ငြိမ်းချမ်းရေးရမှပဲ ငြိမ်းချမ်းရေးရှိမှပဲ သူတို့လည်း ဘဝလုံခြုံမယ်လို့ သူတို့ကိုယ်နှိုက်ကလည်း ယုံကြည်တယ်။ သူတို့နောက်ကျောလုံလုံနဲ့ စီးပွားရေးရှာစားချင်တဲ့ လူတွေက များများရှိပါတယ်။

မေး။ ။ အခု လွှတ်တော် ကိုယ်စားလှယ်တယောက် ဖြစ်သွားပြီဆိုတော့ ဒီဒေသရဲ့ လိုအပ်ချက်တွေကို ဘယ်လိုဆောင်ရွက်မယ်။ ဘယ်လိုလုပ်မယ်ဆိုတဲ့ စိတ်ကူးမျိုး ချထားတာရော ရှိပြီလား။

ဖြေ။ ။ ခင်ဗျားပြောမှပဲ လွှတ်တော် အမတ်တယောက် ဖြစ်ပြီဆိုတာ။ ကိုယ့်ကိုယ်ကိုယ်တော့ မယုံကြည်နိုင်သေးဘူး။ ဘာကြောင့် လဲဆိုရင် ကျနော်တို့ ဘယ်လိုနည်းစနစ်နဲ့ ဘာတွေဖြစ်ဦးမလဲဆိုတာ ကျနော်တို့ မသိသေးဘူးလေ။ ဒီလကုန်ပြီး တကယ့် သေချာတော့ လောက်မှပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချနိုင်မယ်လို့ ထင်တယ်။ ဒါပေမယ့် လက်ရှိ အနေအထားအရတော့ ဒီဒေသမှာ အလို အပ်ဆုံး ကျနော်ပထမဆုံး လုပ်ချင်တာကတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး ကိစ္စပဲ။ တကယ်လို့ လွှတ်တော်ထဲကို ရောက်ခဲ့လို့ရှိရင် ဒါကို ပထမဆုံးလုပ်မယ်။ အဆိုတင်ချင်တာပေါ့လေ။

မေး။ ။ ဒီဒေသမှာ ငြိမ်းချမ်းရေးကိစ္စအပြင် အခြားဘယ်လို အခက်အခဲတွေ ရှိနေသေးတယ်လို့ သိထားပါလဲ။

ဖြေ။ ။ ဒီဒေသမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်တွေ ရှိပါတယ်။ နောက် တခုက ဒီဘက်မှာ တချိန်တုန်းကတော့ ၁၉၉၆ ခုနှစ်က ရှိခဲ့တဲ့ ရွာတွေမှာ ၉၆-၉၇ မှာ ရွာတွေအကုန်လုံး တောင်အောက်ဆင်းလာပြီး တော့မှ စုစည်းရွာတွေ လုပ်လိုက်တယ်။ မြို့ပေါ်မှာ အခုတော့ အခြေအနေ နည်းနည်းလေး ငြိမ်းချမ်းတဲ့ အခြေအနေမျိုး ရောက်လာ တဲ့အခါမှာ အဲဒီလူဟောင်းတွေက သူတို့နဂိုနေရာ ရွာတွေကို ပြန်နေတာတွေ ရှိတယ်လေ။ အဲဒီရွာတွေမှာ ပညာရေးကျောင်းတွေ မရှိတာကို တွေ့တယ်။ ဆေးပေးခန်းတွေ မရှိတာရှိတယ်။ နောက်ဆုံးက ဘာလဲဆိုရင် ပြည်ထဲရေး နာမည်မပေါက်တဲ့ရွာတွေ အဲဒါကြောင့်မို့လို့ အစိုးရ အစီအစဉ်နဲ့ပေးတဲ့ ဖွံ့ဖြိုးရေး ကိစ္စရပ်တွေမှာ အမည်မပေါက်တဲ့အတွက်ကြောင့် သူတို့ခမျာ ဒုက္ခရောက်တာတွေ ရှိတယ်လေ။ အဲဒီလို ကိစ္စလေးတွေကို ကျနော်တို့ လုပ်ပေးချင်တယ်။

မေး။ ။ ကျနော်မေးတဲ့အထဲမှာ ကျန်ခဲ့ပြီး ဖြည့်ပြောချင်တာရှိရင်လည်း ပြောပေးပါ။

ဖြေ။ ။ ကျနော့်အနေနဲ့ ထပ်ဖြည့်ပြောချင်တာကတော့ ကျနော်တို့ ဒီရှားတောမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားလူထုကနေ ကျနော်တို့ ပခုံးပေါ်တင်ပေးလိုက်တဲ့ တာဝန်တခုကို ကျနော်တို့ ဉာဏ်စွမ်းရှိသလောက် လုပ်နိုင်သလောက် အတတ်နိုင်ဆုံး တာဝန်ကျေပွန် အောင် ထမ်းဆောင်ပေးမယ်လို့ ကျနော် ကတိပေးပါတယ်။ ။

Loading