မကြာမီ ကျင်းပတော့မည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ် လွှတ်တော် အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင် ရွေးကောက် တင်မြှောက်မှုများမှ တဆင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နယ်ပယ်တွင် အပြောင်းအလဲ များ ရှိလာတော့မည် ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြို့နယ်နှင့် လူဦးရေကို အခြေခံဖွဲ့စည်းသော ပြည်သူ့လွှတ်တော်၏ ကိုယ်စားလှယ် ဦးရေ ၄၄၀ တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့် အညီ အမည်စာရင်း တင်သွင်းသည့် ၁၁၀ ဦးထက် မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၁၀၉ (ခ) တွင် ပြဋ္ဌာန်းထားသည်။
အလားတူ ကိုယ်ပိုင်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တခုစီမှ ကိုယ်စားလှယ် တဦးစီ ပါဝင်စေပြီး သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေများ အပါအဝင် တိုင်းဒေသကြီး (သို့) ပြည်နယ်တခုစီ အတွက် ကိုယ်စားလှယ် ၁၂ ဦးကျ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော်၏ ကိုယ်စားလှယ် ၁၆၈ ဦးနှင့် အတူ တပ်ချုပ်က ဥပဒေနှင့် အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး ပါဝင်ရမည် ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၁၄၁ (ခ) တွင် ပြဋ္ဌာန်းထားသည်။
ထို့အတူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၆၁ (ဃ) တွင် တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော် ဖွဲ့စည်းရာ၌ ရွေးကောက် တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံ တပုံနှင့် ညီမျှသော တပ်ချုပ်က ဥပဒေနှင့် အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ကို ဖွဲ့စည်းရာတွင် အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦး ပါဝင်စေရမည် ဖြစ်ပြီး အဖွဲ့ဝင် စုစုပေါင်း၏ လေးပုံတပုံသည် ဦးစီးအဖွဲ့ဝင် ဦးရေကို တပ်ချုပ်က တပ်မတော်သားများဖြင့် လိုအပ်သလို ဖြည့်စွက် တာဝန်ပေးနိုင်သည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၂၇၆ (ဈ) တွင် ပြဋ္ဌာန်းထားသည်။
ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၂၇၆ (ဃ) (၂) တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့၏ လုံခြုံရေးရာ တာာဝန်နှင့် နယ်စပ်ရေးရာ တာဝန်ကို တပ်ချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသော တပ်မတော်သား ကိုယ်စားလှယ်ကသာ တာဝန်ယူရန် ပြဋ္ဌာန်းချက်ပါရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တပ်ချုပ်က လွှတ်တော်အသီးသီးတွင် အမည်စာရင်း တင်သွင်း ခန့်အပ်ခွင့် ရယူထား သော အရေအတွက်မှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံတပုံမျှသာ ဖြစ်သည်ဟု ယေဘုယျ သိထားကြသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အဆင့်တွင် သုံးပုံတပုံအထိ တပ်ချုပ်က အမည်စာရင်း တင်သွင်း ခန့်အပ်ခွင့် ရှိကြောင်း ဂဃနဏသိသူ နည်းမည်ဟု စာရေးသူ ယူဆပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်အဆင့်တွင် တပ်ချုပ်က အဘယ်ကြောင့် လွှတ်တော်ကိုယ်စားလှယ် သုံးပုံတပုံ ရယူထားပါသနည်း ဟူသော မေးခွန်းနှင့် အဖြေကို ပညာရှိ စာဖတ်သူများ စဉ်းစားအဖြေရှာရန် လိုပါသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တပ်ချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ စာပိုဒ်ကို သရုပ်ခွဲ၍ အဓိပ္ပာယ်ဖွင့်ဆိုမှုကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများအရ စာရေးသူ ဉာဏ်မီသမျှ တွေ့ရှိချက်အား အောက်ပါအတိုင်း တင်ပြလိုပါသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် “နိုင်ငံတော်သမ္မတ” ဟူသော အမည်နာမ ဝေါဟာရကို အကြိမ်ပေါင်း ၂၉၀ ထက်မနည်း အများဆုံး သုံးနှုန်းဖော်ပြထားသည်ကို တွေ့ရပါသည်။ နိုင်ငံတော်သမ္မတ ဝေါဟာရ အသုံးအနှုန်း နောက်တွင် ဒုတိယအများဆုံး ဖော်ပြခံရသည့် ဝေါဟာရမှာ “တပ်မတော် ကာကွယ်ရေးဦးစီးချုပ်” အမည်နာမ ဖြစ်၍ အကြိမ် ၅၀ ထက်မနည်း ဖော်ပြထားပါသည်။
အဆိုပါ အခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ အပါအဝင် နိုင်ငံအကြီးအမှူး စာရင်းဝင် လွှတ်တော်ဥက္ကဋ္ဌများ၊ ဝန်ထမ်းအဖွဲ့ အကြီးအမှူးများ၊ ပြည်ထောင်စုဝန်ကြီး၊ ဒု ဝန်ကြီးများ၊ ရှေ့နေချုပ်၊ ဒု ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ဒု စာရင်းစစ်ချုပ်၊ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တရားသူကြီးချုပ်နှင့် တရားသူကြီး အဖွဲ့ဝင်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၏ အရည်အချင်း သတ်မှတ်ချက်၊ တာဝန်ထမ်းဆောင်ရမည့် သက်တမ်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ နုတ်ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်း၊ စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ အတိအကျ ပြဋ္ဌာန်းပါရှိ ပါသည်။ တနည်းအားဖြင့် နိုင်ငံ့တာဝန် ထမ်းဆောင်နေသူတို့၏ ဖြစ်ပုံ၊ တည်ပုံ၊ ပျက်ပုံကို ဖွဲ့စည်းပုံဖြင့် သတ်မှတ်ထားပြီး ဖြစ်ပါသည်။
သို့သော် နိုင်ငံ့ဝန်ထမ်း အမျိုးအစားတွင် ပါဝင်သော တပ်မတော်သားနှင့် ပြည်သူ့ရဲတို့၏ ဝန်ထမ်းဆိုင်ရာ လုပ်ငန်း သဘာ၀ ထူးခြားမှု အရ ၎င်းတို့၏ ဝန်ထမ်းဆောင်ရွက်မှု ကိစ္စအ၀၀ကို သီးခြားဥပဒေ ပြဋ္ဌာန်း ဆောင်ရွက်ရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၂၉၁၊ ၂၉၂ တွင် လမ်းညွှန်ထားပါသည်။ တပ်ချုပ်၏ တာဝန်ထမ်းဆောင်ပုံ၊ ရပ်စဲပုံ သဘောသဘာဝကို သာမန် တပ်မတော်သား လုပ်ငန်းတာဝန်နှင့် သဘောသဘာ၀ တန်းတူထား၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တိတိကျကျ မဖော်ပြဘဲ ချန်လှပ်ထားဟန်ရှိပါသည်။
သို့သော် တပ်ချုပ်သည် သာမန်တပ်မတော်သား တာဝန်သာမက ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်သော ထူးခြား၍ အတိုင်းအဆမရှိ ကြီးမားသော တာဝန်ကြီးကို လွှဲအပ်ခံရသည့် မြန်မာ့လူ့အဖွဲ့အစည်း၏ မဟာလူသားတဦး ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံသား အားလုံးက သတိပြု အကဲခတ်နေရသည့် ထူးခြားပုဂ္ဂိုလ် ဖြစ်ပါသည်။
ယေဘုယျအားဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံး၏ လေးပုံတပုံ အရည်အတွက်ကို တပ်ချုပ် တာဝန်ရှိသူ တဦးတည်း က ထူးထူးခြားခြား ရယူပိုင်ဆိုင်ထားသည် ဖြစ်ရာ လက်ရှိ နိုင်ငံတော်သမ္မတနှင့် သြဇာတန်ခိုး ယှဉ်နိုင်စွမ်းရှိသူ ဖြစ်ပါ သည်။
အဆိုပါ တန်ခိုးသြဇာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရပင် မည်သည့်အခြေအနေ အချိန်အခါတွင် ယင်း တန်းခိုးသြဇာ တည်မြဲ၍ မည်သည့် အခြေအနေ အချိန်အခါတွင် ယင်းပုဂ္ဂိုလ် လက်ဝယ်ရှိ တန်းခိုးသြဇာများ ချုပ်ငြိမ်းရမည်ကို အတိအကျ ပြဋ္ဌာန်းထားရန် လိုအပ်ပါသည်။ ယင်းအချက်ကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအား ပွင့်လင်းမြင်သာအောင် အသိပေးပြဋ္ဌာန်း ဖော်ပြပေးရန် လိုအပ်ပါသည်။
၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ်က ထာဝရတည်မြဲသော ဆိုရှယ်လစ် နိုင်ငံတော်ကြီးဟု ယူဆရေးဆွဲခဲ့ဖြင့် နိုင်ငံတော်တည်ငြိမ်မှု ပျက်ယွင်းသော အခါ ဥပဒေနှင့်အညီ အဆင့်ဆင့် အာဏာလွှဲပြောင်းရန် ပြဋ္ဌာန်းချက် မရှိသည် ကို အကြောင်းပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲသောအခါ တပ်ချုပ်နှင့် ပတ်သက်ပြီး ဦးစားပေး အလေးထားလွန်းရာ ရောက်သည့်၊ မမျှတရာရောက်သည့် သဘာဝလွန် ပြဋ္ဌာန်းချက်များ ယခုဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပါရှိနေသည်ကို တပ်မတော်သားများ အပါအဝင် မြန်မာနိုင်ငံသားများ သတိပြုသင့်ပါသည်။
၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခဲ့သူများ ကဲ့သို့ပင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသူများ သည်လည်း ကြံ့ခိုင်ရေးပါတီသာ ထာဝစဉ် အာဏာရယူထားမည့် အနေအထားဖြင့် ဤဥပဒေကို ရေးဆွဲထားခဲ့ပုံ ရပါသည်။ အကယ်၍သာ ကြံ့ခိုင်ရေးပါတီ အာဏာ မရခဲ့လျှင် အခြေခံဥပဒေဆိုင်ရာ ပြဿနာများစွာကို စာရေးသူတို့ ရင်ဆိုင်ရ တော့မည် ဖြစ်ပါသည်။
ယနေ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ တပ်ချုပ်က ဥပဒေနှင့်အညီ အချိန်မရွေး ဖြုတ်နိုင်၊ အချိန်မရွေး အမည်စာရင်း တင်သွင်း ခန့်အပ်နိုင်သော လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံတပုံ အရေအတွက်ရှိ ယနေ့ လွှတ်တော်အတွင်းမှ စစ်တပ်ကိုယ်စားလှယ် အမတ်များသည် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အမှန်တကယ် ကိုယ်စားပြုသည့် တပ်မတော် အဖွဲ့အစည်း၏ ကိုယ်စားလှယ်လား၊ သို့တည်းမဟုတ် ကာချုပ် တဦးတည်း၏ ကိုယ်စားလှယ်လား ဆိုသော အချက်ကို ယနေ့ ကွဲကွဲပြားပြား ခွဲခွဲခြားခြား မြင်တတ်ဖို့ လိုအပ်ပါသည်။
ပဋိညာဉ်ဥပဒေ၊ အခန်း (၁၀) ပုဒ်မ-၁၈၂ ကိုယ်စားလှယ်နှင့် အကြီးအကဲ စကားရပ်များ အနက် အဓိပ္ပာယ်ပိုင်းခြား ဖော်ပြချက် (ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေချုပ်ရုံး၊ ၁၉၉၂ ခုနှစ်ထုတ် စာ-၁၃၅) တွင် “ကိုယ်စားလှယ်” နှင့် “အကြီးအကဲ” စကားရပ်များအနက် အဓိပ္ပာယ်ပိုင်းခြား ဖော်ပြချက် – ၁၈၂။ “ကိုယ်စားလှယ်” ဆိုသည်မှာ သူတစ်ထူး အတွက်နှင့် မည်သည့် အမှုကို မဆို ဆောင်ရွက်စေရန် ခိုင်းစေခြင်းခံရသူကို လည်းကောင်း၊ အခြားသူတို့နှင့် အမှုကိစ္စ ဆောင်ရွက်ရာတွင် သူတစ်ထူး အတွက် ကိုယ်စားပြု လုပ်သူကို လည်းကောင်း “ကိုယ်စားလှယ်” ဟု ဆိုလိုသည်။ သည်ကဲ့သို့ အမှုကိစ္စ ဆောင်ရွက်စေရန် ခိုင်းစေသူကိုလည်းကောင်း၊ ကိုယ်စားလှယ် ပြုလုပ်စေသူကို လည်းကောင်း၊ “အကြီးအကဲ” ဟု ခေါ်သည်ဟု ပြဋ္ဌာန်း ဖော်ပြထားပါသည်။
အထက်ဖော်ပြပါ “ကိုယ်စားလှယ်” နှင့် “အကြီးအကဲ” အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ယနေ့ လွှတ်တော်သို့ စစ်တပ် လွှတ်တော် ကိုယ်စားလှယ် အမည်ခံ၍ တက်ရောက်စေရန်၊ လွှတ်တော် ကိုယ်စားလှယ်တာဝန် ထမ်းဆောင်နေရာမှ ရပ်စဲ၍ တပ်မတော်သို့ ပြန်လာ အမှုထမ်းစေရန် မည်သူက အမိန့်အာဏာဖြင့် စေခိုင်းနေသလဲ ဆိုသော အချက်ကို ဆန်းစစ်လျှင် တပ်ချုပ်သည် အကြီးအကဲ ဖြစ်၍ ၎င်း၏ အမိန့်ဖြင့် လွှတ်တော် တက်နေသူများမှာ တပ်ချုပ်၏ ကိုယ်စားလှယ်များသာ ဖြစ်ပါသည်။
သို့ဖြစ်၍လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်စားပြု ရွေးကောက်ပွဲတိုင်းတွင် တပ်ချုပ်တဦးတည်းက လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၂၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ် အရေအတွက်ကို ရယူရုံမက၊ မိမိ တပ်မတော်သားနှင့် မိသားစုဝင်များကိုလည်း သီးခြား မဲထည့် ရွေးချယ်သည့် အခွင့်အရေးကိုလည်း ရယူစေသည်။ တပ်မတော်နယ်မြေများ အတွင်း အခြားပါတီများ မဲဆွယ်စည်းရုံးခွင့်ကို ပိတ်ပင်စေသည်။ လက်ရှိ စစ်တပ်တာဝန် ထမ်းဆောင်နေသော အငြိမ်းစား ယူခါနီး ဗိုလ်ချုပ်များကိုလည်း အငြိမ်းစားယူစေပြီး တပ်သြဇာ မကင်းသော နယ်မြေတွင် အရပ်သားအမတ် အဖြစ် အရွေးခံစေသည့် လုပ်ရပ်များသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်း စာသားဖြစ်သော “တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို့ပြည် … တို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ အခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်၊ တို့ပြည် …တို့မြေ …” ဆိုသော ဆောင်ပုဒ်နှင့် ညီ မညီ တပ်မတော်သား ပြည်သူများ အနေဖြင့် ဆင်ခြင်စဉ်းစားသင့်ပြီ ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက အာဏာများစွာကို ရယူထားသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဖြည် တည် ပျက် (သို့မဟုတ်) ဥပါဒ်၊ ဌီ၊ ဘင်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းရန် လစ်ဟာနေခြင်း ပင်လျှင် ၂၀၀၈ အခြေခံဥပဒေ ပျက်ယွင်းရန် လမ်းပေါက်ဖြစ်စေသည်ကို ယင်းဖွဲ့စည်းပုံကို ရေးဆွဲခဲ့သူများ သိရှိပုံ မရပါ။
တပ်ချုပ် နာမပညတ်ပိုင်ရှင် ရုပ်နာမ်အစုသည် ဥပါဒ်၊ ဌီ၊ ဘင် သဘောအရ ထိုပညတ်ပိုင်ရှင်၏ ရုပ်သည် မျက်တောင် တခတ်၊ လျှပ်တပြက်ခန့် အတွင်း ကုဋေ ၅၈၀၀ ကျော်၊ စိတ်သည် ကုဋေ တသိန်းကျော် ဖြစ် တည် ပျက် နေကြောင်း ဗုဒ္ဓဘုရားရှင်၏ အဆိုအမိန့်ကို ဗုဒ္ဓဘာသာဝင်များအနေဖြင့် လက်ခံဆင်ခြင်တတ်ရန် လိုပါသည်။
အဆိုပါ ပညတ်ပိုင်ရှင် အကြီးအကဲသည် တရားသဘောအရ ရုတ်တရက် ခန္ဓာချုပ်ငြိမ်း ကင်းပျောက်သွားခဲ့လျှင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော ပထမဆုံး ဗိုလ်ချုပ်မှူးကြီးကဲ့သို့ တာဝန်ထမ်းဆောင်ရင်း ရုတ်တရက် အသိအာရုံချို့ယွင်း ပြောင်းလွဲသွားခဲ့လျှင် မျက်မှောက်ဥပဒေ သဘောတရားအရ အကြီးအကဲ ခန့်အပ်ခဲ့သည့် ကိုယ်စားလှယ်များသည် လည်း တရားဝင် ဆက်လက် ရပ်တည်ခွင့် မရှိ၊ လွှဲအပ်ထားသော တာဝန်မှ ရပ်စဲရမည် ဖြစ်ပါသည်။ ပဋိညာဉ်ဥပဒေ အခန်း ၁၀၊ ပုဒ်မ-၂၀၁၊ အကြီးအကဲနှင့် ကိုယ်စားလှယ်ကို ရည်ညွှန်းပါသည်။
ယင်းသို့ လွှတ်တော် အဆင့်ဆင့်တွင် တပ်ချုပ်အမည်စာရင်းပေး ခန့်အပ်ထားသော တပ်ချုပ်၏ ကိုယ်စားလှယ် လေးပုံတပုံသည် လွှတ်တော် အတွင်းမှ ရုတ်တရက် ချုပ်ငြိမ်းပျောက်ကွယ်သွားမည် ဆိုလျှင် မူလလွှတ်တော်၏ တည်ငြိမ်မှုကိုပါ ထိပါးသွားမည် ဖြစ်ပါသည်။
တည်ငြိမ်မှုကို လိုလားသော နိုင်ငံတော် ဖွဲ့စည်းပုံများတွင် ပွင့်လင်းမြင်သာစွာဖြင့် အရေးပေါ် အခြေအနေတွင် ဥပဒေနှင့် အညီ အာဏာလွှဲအပ်သည့် အစီအစဉ်များ အသင့်ရေးဆွဲထားပြီး ဖြစ်ကြပါသည်။ မြန်မာတို့၏ ၁၅ နှစ်ကြာ အချိန်ယူ ရေးဆွဲခဲ့သည် ဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ယင်းသို့ မရှိပါ။
သို့ပါ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အများပြည်သူဆန္ဒနှင့် အညီ အမြန်ဆုံး ပြင်ဆင်ရန် သု့ိမဟုတ် အသစ် ရေးဆွဲရန် တပ်မတော်နှင့် ပြည်သူတရပ်လုံး အာရုံပြုနှလုံးသွင်း ဆင်ခြင်နေကြပါဟု တိုက်တွန်းအပ်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲခြင်း မပြုပါက အနာဂတ်ကာလ မြန်မာနိုင်ငံရေး အကြပ်အတည်း ပေါ်ပေါက်လာနိုင်စရာ အကြောင်းရင်းမြစ်များတွင် ယခုတင်ပြခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှ အကြိမ် ၅၀ ထက်မနည်း ရည်ညွှန်းဖော်ပြခံရသော ဖွင့်ဆိုချက်သည် အဓိကအကြောင်းတရပ် ဖြစ်လာနိုင်ပါကြောင်း မေတ္တာ ရှေ့ထား တင်ပြအပ်ပါသည်။ ။